← Chapters

ပထမရာသီ၏ ဘုရင်

Vol. 47 Ch. 698

ပထမရာသီ၏ ဘုရင်

Vol. 47 Ch. 698

ကျန်းထောင် မှင်တက်သွားသည်။ ပင်းပင်းလည်း အံ့ဩသွားသည်။ ဟွမ်ရှင်း ကြက်သေ သေသွားရသည်။

ငပျော့ကောင်များသည် တိုက်ရိုက် ထုတ်လွှင့်မှုကို ငေးကြည့်ပြီး ငိုင်တွေသွားကြသည်။

စူပါမန်း။

စူပါမန်း။

စူပါမန်း။

စူပါမန်း ဟူသော စာလုံးပါသည့် မီးလင်းဆိုင်းဘုတ်များက ပရိသတ်များထဲ၌ အမြောက်အများ ပေါ်လာပြီး ကြယ်များကဲ့သို့ နောက်ခံကို အလင်းပံ့ပိုးပေးလျှက် ရှိသည်။

ရဲ့လင်းချန်လည်း မြင်ပေသည်။ မျက်နှာဖုံးအောက်မှ သူ ပြုံးမိသွားသည်။ ထို့နောက် သူ အားမာန်အပြည့်နှင့် သီဆိုလိုက်သည်။

“ငါ လုပ်နိုင်မှာပါ …”

“ဟုတ်တယ်၊ မင်းက သဘာဝပဲ”

“နှလုံးခုန်နေတဲ့ ကျောက်တုံးတစ်တုံးလို”

ပရိသတ်ထဲရှိ ငပျော့ကောင်၏ ပရိသတ်များအားလုံးသည် သူတို့ဘေးမှ လူအုပ်ကြီးက စူပါမန်း၏ နာမည်ကို ဆိုင်းဘုတ်ထောင်၍ ကိုင်ထားသည်ကို မြင်ပြီး အံ့ဩသွားကြသည်။

*ကောင်းရော*

*ဘာလို့ လူတွေက ဒီလောက် များရတာလဲ*

*ဘယ်လိုတောင်လဲ*

*ဒါက … တကယ်လား*

“မင်းဟာ သွေးအေးနေရလိမ့်မယ်”

“ဟုတ်တယ်၊ မင်းက သဘာဝပဲ”

“သဘာဝ”

“ဟုတ်တယ်၊ မင်းက သဘာဝပဲ”

ဆရာထန့် ပြုံးနေသည်။ ဆရာလောကလည်း ထိုနည်းတူပင်။

တုန်းချိုးနှင့် စူပါစတားလျှိုတို့သည် အချင်းချင်း အလန့်တကြား ကြည့်မိကြပြီးနောက် ရုတ်တရက် ရယ်မော ကြလေသည်။

ထိုမြင်ကွင်းကို သူတို့ အမှန်တကယ် မမျှော်လင့်ထားမိပါ။

ထိုသို့ ဖြစ်လိမ့်မည်ဟု ဘယ်သူမှ ထင်မထားမိပေ။

တိုက်ရိုက် ထုတ်လွှင့်မှုအတွင်းမှ လူအများသည် နားဝေတိမ်တောင် ဖြစ်နေပြီး ပရိသတ်များအား တအံ့တဩ ငေးကြည့်နေကြသည်။

အပြင်ဘက်တွင်သာမက တိုက်ရိုက် ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍတွင်လည်း အရူးအမူး ဖြစ်နေကြပြီး စူပါမန်းဟူသော မှတ်ချက်များက ဖန်သားပြင်အပြည့် ပေါ်နေ၏။

*စူပါမန်းမှာ ပရိသတ်တွေ အဲ့လောက် များတာလား၊ သူ ဘယ်တုန်းက အဲ့လောက် ပရိသတ်တွေ ရသွားတာလဲ၊ သူ့ဆွဲဆောင်နိုင်စွမ်းက ငပျော့ကောင်တွေထက်တောင် သာနေပြီ*

ဆုမိုသည် ပါးစပ်ကို လက်ဖြင့်အုပ်ကာ ပြုံးနေပြီး မျက်ရည်များက ပါးပေါ်သို့ စီးကျနေလေသည်။

“ဒီလူက အံ့ဩဖို့ကောင်းတာပဲ၊ သူက မယုံနိုင်စရာကောင်းလောက်အောင် အံ့ဩဖို့ ကောင်းနေတာပဲ၊ သူက သူ့ရဲ့ ကျော်ကြားမှုကို အရည်အချင်းသက်သက်နဲ့ပဲ တည်ဆောက်သွားတာ”

မီဒီယာ ကုမ္ပဏီတစ်ခု၌ သတင်းထောက်များ အံ့ဩမှင်တက်နေကြသည်။

“ဒါက … ဘာတွေ ဖြစ်ကုန်တာလဲ”

“ဘယ်သူ သိမှာလဲ”

“သူ့ကျော်ကြားမှုက ငပျော့ကောင်တွေနဲ့ မယှဉ်နိုင်ဘူးလို့ ဘယ်သူက ပြောလိုက်တာလဲ”

“ဒါက ကြောက်ဖို့ကောင်းလိုက်တာ”

…

ဂီတလောကမှ လူများစွာက ထိုအကြောင်းနှင့် ပတ်သက်၍ ပြောနေကြသည်။

“ဒီစူပါမန်းက ဘယ်သူလဲ”

“ငါတို့လောကထဲက ဒီကြီးမြတ်တဲ့ နတ်ဘုရားက ဘယ်သူလဲ၊ သူက အင်အားကြီးလွန်းတယ်”

“ဒါ အံ့ဩဖို့ကောင်းတယ်ကွ၊ ဒီသီချင်းက အံ့ဩဖို့ကောင်းတယ်ကွာ”

…

စီးနင်းခြင်း။ ဤသီချင်းအား စီးနင်းနိုင်သည်ဟု ဆိုရပေမည်။

သီချင်းသည် လူ့စိတ်ဝိညာဉ်ထဲသို့ ထိုးဖောက် ဝင်ရောက်လုနီးပါး ဖြစ်ခဲ့ပြီး လူတိုင်းအား ကြက်သီး ထသွားအောင် လုပ်ခဲ့သည်။

အခက်အခဲ အားလုံးကို သိမ်းပိုက်ပြီး အသေအကြေ တိုက်ပွဲဝင်ကာ ဘာဖြစ်ဖြစ် အောင်မြင်အောင် လုပ်မည်။ ကမ္ဘာကြီးက ရက်စက်ကောင်း ရက်စက်နိုင်သော်လည်း သင်ကား သဘာဝပင်တည်း။

စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ လုံးဝကို ဟင်ခနဲ၊ ဟာခနဲ ဖြစ်သွားအောင် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

တိုက်ရိုက် ထုတ်လွှင့်မှုအတွင်း၌။

[လခွမ်း၊ ဒါ မိုက်တယ်ကွ၊ ဒီသီချင်းက အားပြင်းလွန်းတယ်]

[ငါ ကြက်သီးထလာပြီ၊ အား … ငါ အသံနဲ့တင် တက်ကြွလာပြီ]

[ဟူး … ငါ ငိုနေတာ ဒါနဲ့ဆို သုံးခါ ရှိပြီ၊ ဒီသီချင်းကို နားထောင်လိုက်တော့ တစ်ကမ္ဘာလုံးက ငါ့အပိုင် ဖြစ်လာသလို ခံစားရတယ်]

[အံ့ဩဖို့ကောင်းလွန်းပါတယ်၊ စူပါမန်းက သူမတူတဲ့ ပါရမီရှင်တစ်ယောက်ပဲ]

[သေစမ်း …. တစ်ယောက်ယောက်က ငါ့ကို ကျန်းထောင်ကို အားပေးဖို့ ပြောထားတာ၊ ဒါပေမဲ့ စူပါမန်းရဲ့ အင်အားက ငါ့ကို သူ့ပရိသတ်အဖြစ် ပြောင်းလဲလိုက်ပြီ]

[အတူတူပဲ အပေါ်ကလူရေ]

[ဒါ တစ်ကျော့ပြန်တာပဲကွ၊ စူပါမန်းက ချန်ပီယံ ဖြစ်လာတော့မှာ]

…

တိုက်ရိုက် ထုတ်လွှင့်မှုက ဆက်လက် ပြသလျက် ရှိသည်။

ကျန်းထောင် စင်ပေါ် တက်လိုက်သည်။

သူ စင်ပေါ်တက်လိုက်သည်နှင့် အရာအားလုံးက ပြောင်းလဲသွားသည်ကို ရုတ်တရက် သတိပြုမိသွားသဖြင့် ရင်တုန်သွားရသည်။ ပရိသတ်များက သူ့ကို လက်ခုပ်တီး၍ အားပေးကြသော်လည်း အခြေအနေက ယခင်နှင့် အနည်းငယ် ကွဲပြားသွားပြီး အရှိန်ပြင်းပြမှု ကင်းမဲ့နေသည်။ တကယ်တမ်းတွင် သူတို့က စူပါမန်းကို လက်ခုပ်တီး အားပေးသလောက် သူ့ကို အားမပေးဟု သူ တကယ် ခံစားနေရသည်။

ဤသည်က ဘာကို ဆိုလိုသနည်း။ ကျန်းထောင် ၎င်းကို ကြာကြာ မတွေးရဲပါ။

ပွဲကြည့် ပရိသတ်များက စူပါမန်း၏ ပရိသတ်များ ဖြစ်နေပြီး သူ့ပရိသတ်များက မတက်တာများ ဖြစ်နိုင်လေမလား။

ကျန်းထောင် သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

သူ့အတွက် သက်တောင့်သက်သာ နေရမည့်အချိန် မဟုတ်ချေ။ သူ ကိုယ်စွမ်းရှိသမျှ အားလုံး အသုံးချရပေမည်။

တီးလုံးက စတင် တီးခတ်နေပြီ ဖြစ်သည်။

ကျန်းထောင် ပင့်သက်ရှိုက်လိုက်သည်။ သူ အကောင်းဆုံး ချပြလိုက်ခြင်းက ဤအခြေအနေ၌ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာပင်။

သူ ဆိုမည့် သီချင်းသည် သူ၏ အကောင်းဆုံး သီချင်း ဖြစ်သည်။ ၎င်းက စိတ်ခံစားချက်ကို လှုံ့ဆော်ပေးနိုင်ပြီး ပရိသတ်များ၏ အားပေးမှုကို အလွယ်တကူ အရယူနိုင်သည်။

သူ၏ အသံက တဖြည်းဖြည်း ထွက်ပေါ်လာပြီး တတ်နိုင်သမျှ ပြီးပြည့်စုံစွာ သီဆိုခဲ့သည်။

မိုးခြိမ်းသံကဲ့သို့ လက်ခုပ်သံများက သူ့နားထဲ ဝင်ရောက်လာပြီးနောက် ကျန်းထောင် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်မိသည်။ သူ ပြုံး၍ အနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်ပြီးမှ စင်ပေါ်မှ ဆင်းသွားလိုက်သည်။

….

စင်နောက်၌ လူတိုင်းသည် တင်းမာသော အခြေအနေကို ခံစားမိပြီး အချင်းချင်း လှမ်းကြည့်ကာ ရလဒ်ကို စောင့်နေကြသည်။

[လခွမ်း … စူပါမန်းက ကျန်းထောင်အပေါ်ကို တော်တော်လေး ဖိအားပေးလိုက်နိုင်တယ်နဲ့တူတယ်၊ သူ့ပုံစံတောင် လုံးဝ ပြောင်းလဲသွားတာ]

[ငပျော့ကောင် ဒီလောက် အလေးအနက် ဖြစ်နေတာကို ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ]

[ဟားဟားဟား … စူပါမန်းက အင်အားကြီးလွန်းတယ်လို့ပဲ ငါ ပြောနိုင်တော့တယ်]

[ထောင်ထောင် အလေးအနက် ဖြစ်နေတယ်၊ ငါတို့ထောင်ထောင်ကို ငါတို့ အားပေးကို ပေးမှ ရမယ်]

Masked Singer ၏ ဧည့်သည်တော်ဝိုင်း၌ ဒိုင်များနှင့် ဧည့်သည်တော်များ ပင့်သက်ရှိုက်နေကြသည်။

“ဘယ်သူဆိုတာ ပိုကောင်းတယ်လို့ ထင်လဲ”

“မင်း ဘာအရေးမပါတာတွေ ပြောနေတာလဲ၊ စူပါမန်းပဲပေါ့၊ ဘာမှကို နှိုင်းယှဉ်နေစရာ မရှိတာ”

“ဒါဆို ဘယ်သူ နိုင်မယ်ထင်လဲ”

“ပြောဖို့ခက်တယ်၊ အဲ့ငပျော့ကောင်မှ ပရိသတ်တွေ အရမ်းများလွန်းတယ်၊ ဒါပေမဲ့ စူပါမန်းကလည်း သူ့အင်အား တစ်ခုတည်းနဲ့ အားပေးမှုတွေ အများကြီး ရထားတယ်”

“ရလဒ်တွေ မကြာခင် ထွက်တော့မှာပါ၊ စောင့်ကြည့်ကြတာပေါ့”

“တကယ်တော့ … စူပါမန်းက ဘယ်သူလဲဆိုတာကို ငါ ရေးရေးလေး ခန့်မှန်းမိနေတယ်၊ ဒါပေမဲ့ ငါ သေချာမပြောနိုင်သေးဘူး”

“အိုး”

“ငါတို့ သူ့လိုလူမျိုးကို ဂီတလောက တစ်ခုလုံးမှာ ရှာလို့မရခဲ့ဘူး၊ ဒိုင်လူကြီးနေရာက တစ်ယောက်ကို ကြည့်လိုက်”

သူ လက်ညှိုးထိုးပြသည့် နေရာသို့ ကြည့်လိုက်သောအခါ ချန်ရှောင်ယန်က သူမ၏ နီမြန်းနေသော လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ လှပသော မျက်ဝန်းများက စင်မြင့်ကို စူးစိုက် ကြည့်နေပြီး အလွန်အမင်း စိုးရိမ်ပူပန်နေပုံပေါက်ကာ မသိလျင် သူမ ရှုံးတော့မည့်အတိုင်းပင်။

…

သီဆိုဖျော်ဖြေမှု ပြီးသွားသည်နှင့် မဲပေးရမည့် အချိန်သို့ ရောက်လာပြီ ဖြစ်သည်။

ပြည်သူများနှင့် ပရိသတ်များသည် နှစ်ဖက်စလုံးမှနေ၍ အားပေးရန် အသည်းအသန် ပြောနေကြသည်။

[ထောင်ထောင်အတွက် မြန်မြန် မဲပေးကြပါ၊ မြန်မြန်]

[ကူညီပေးဖို့ တောင်းဆိုပါတယ်၊ ပရိသတ်အဖွဲ့တွေ မြန်မြန် နှိုးထကြ]

[စူပါမန်း ဆိုသွားတာက မယုံနိုင်စရာကောင်းလောက်အောင် ကောင်းလွန်းတယ်၊ ဆိုတော့ … အားလုံးပဲ သူ့ကို မဲပေးကြပါ]

[မင်း ယောက်ျားဆိုရင် အဲ့ငပျော့ကောင်တွေအတွက် မဲမပေးနဲ့]

[ချီးပဲ၊ အပေါ်ကလူတွေ]

ပရိသတ်များက အွန်လိုင်းပေါ်၌ ယောက်ယက်ခပ်နေကြသည်။

…

တစ်မိနစ်၊ နှစ်မိစန်၊ သုံးမိနစ်။

မဲပေးခြင်း ပြီးဆုံးသွားလေသည်။

ပရိသတ်များ နေမထိုင် ထိုင်မထိ ဖြစ်နေကြသည်။

တိုက်ရိုက် ထုတ်လွှင့်မှုကို ထိုင်ကြည့်နေကြသူများသည် အသက်ကို အောင့်ထားမိနေကြသည်။

အနုပညာ လောကမှ လူများသည်လည်း စိတ်အားထက်သန်စွာ ကြည့်နေကြသည်။

Masked Singer ဘုရင် … ဘယ်သူများ ဖြစ်လေမလဲ။

ကျန်းထောင်သည် အပေါ်ယံ၌ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် နှလုံးခုန်နှုန်း မြန်နေသည်။ သူသည် စင်ပေါ်မှ သူ၏ ဖျော်ဖြေမှုကို ပြန်စဉ်းစားပြီး ဘာအမှားမှ မရှိခဲ့ကြောင်း သတိရမိသည်။ သူ၏ သီဆိုမှုက မျှော်လင့်ထားသည်ထက် ကျော်လွန်ပြီး ရှုံးနိုင်စရာ အကြောင်းရင်းမရှိဟု သူ ပြောနိုင်ပေသည်။ သူ နိုင်ချင်ပါသည်။ သူ နိုင်ကိုနိုင်မှ ဖြစ်မည်။

တင်ဆက်သူ လော့စီစီက စင်ပေါ် တက်လာသည်။

“မဲပေးတာကို အခု ပိတ်လိုက်ပြီးပါပြီ၊ နောက်ဆုံးရလဒ်လဲ ထွက်လာပါပြီ၊ အခု ကျွန်မက Masked Singer အစီအစဉ်က ပထမရာသီရဲ့ အနိုင်ရရှိသူ နာမည်ကို ကြေညာပေးပါမယ်၊ အဲ့ဒီသူကတော့ …”

တစ်စက္ကန့်၊ နှစ်စက္ကန့်။

ထို့နောက် လော့စီစီက အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

“စူပါမန်း”

…

ဧည့်သည်တော်များခုံ၌ ဆရာထန့်၊ ဆရာလောနှင့် ယွီမောင်တို့ ပြိုင်တူ ထရပ်မိသည်။

“သူ နိုင်သွားပြီ”

“ပထမရာသီရဲ့ ချန်ပီယံ”

“ဂီတလောကရဲ့ အဖွဲ့သားတွေဆီက အသိအမှတ်ပြုတာကို ရတယ်ဆိုတော့ သူ မဆိုးပါဘူး”

စင်နောက်၌ ဆုမိုက သံကုန်အော်ဟစ်နေ၏။

“အား … အား … အား … သူ တကယ် နိုင်သွားပြီ၊ သူ ချန်ပီယံပဲ၊ ငါ ချန်ပီယံတစ်ယောက်ကို တကယ် ကြိုဆိုခဲ့တာပဲ၊ ဒါ ငါ့တစ်ဘဝလုံးမှာ အကောင်းဆုံး အခိုက်အတန့်ပဲ”

အနုပညာသတင်း မီဒီယာ၌။

“ဒါက … ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“စူပါမန်းက ချန်ပီယံလား၊ အံ့ဩစရာပဲ”

“ဒီလူက အင်အားကောင်းလွန်းတာပဲ”

“ကျန်းထောင်က တကယ်ကြီး ရှုံးသွားတာလား”

တိုက်ရိုက် ထုတ်လွှင့်မှု၌

[ချန်ပီယံက စူပါမန်းလား]

[ဒါကြီးက သောက်ရမ်းကို မထင်ထားတာပဲ၊ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားမိဘူး၊ လုံးဝပဲ]

[လခွမ်း … ငပျော့ကောင် သုံးကောင်က ဒီရက်စက်တဲ့လူဆီမှာ တစ်ယောက်ပြီး တစ်ယောက် နင်းချေခံခဲ့ရတာလား]

[ဟုတ်တယ်၊ ဒါ မယုံနိုင်စရာပဲ၊ အောင်မြင်ဖို့အတွက် သူ့တာဝန်ထဲက အခက်အခဲအားလုံးကို သူ တိုက်ဖျက် သွားသလိုပဲ]

[အံ့ဩဖို့ကောင်းတာပဲ၊ ဒါပေမဲ့ စူပါမန်းက တကယ်ကို အဆိုကောင်းတာ]

[သူ သီချင်းဆိုတဲ့ သုံးခါလုံး ငါ ငိုခဲ့တယ်၊ သူ ချန်ပီယံ ဖြစ်လာတာ ကံကောင်းတာပဲ]

[အခွေကို မြန်မြန်လေး ထုတ်ပေးပါတော့၊ ဒီသုံးပုဒ်ကို ငါ ထပ်ခါတလဲလဲ နားထောင်မှာ]

[ဟားဟားဟား … ငါ စူပါမန်းကို အားပေးတယ်ကွ၊ အခု စူပါမန်းက ဘယ်သူလဲဆိုတာ မင်းတို့ သိပြီလား]

သူသည် “သဘာဝ” သီချင်းနဲ့ Masked Singer ရဲ့ ဘုရင် ဖြစ်လာလေပြီ။

သူ၏ သီချင်းသည် လူတိုင်းကို ရည်ညွှန်းထားသည်။ ၎င်းသည် ဆုံးဖြတ်ခြင်း၊ အဖြေရှာခြင်းနှင့် အဆုံးအစမဲ့သော အားအင်များ ပါဝင်သည့် စကားများ ပါဝင်သော သီချင်းတစ်ပုဒ် ဖြစ်သည်။ လူတိုင်း၏ နားထဲတွင် ထိုသီချင်း၏ ဟစ်ကြွေးသံက ယခုအထိ ပဲ့တင်ထပ်နေဆဲ ဖြစ်ပြီး သူတို့အားလုံး တက်ကြွနေကြသည်။

ရဲ့လင်းချန်သည် ယနေ့၌ တောက်ပလျက် ရှိသည်။ သီချင်း၊ ဂီတနှင့် ယှဉ်ပြိုင်မှု အားလုံး ပြီးသွားသော်လည်း လူတိုင်းက ထပ်လိုချင်နေဆဲဖြစ်ကာ မငြိမ်နိုင်ကြသေးချေ။

“စူပါမန်း”

“စူပါမန်း”

“စူပါမန်း”

တစ်ယောက်ယောက်က စကြွေးကြော်အော်ဟစ်လိုက်သည်နှင့် ကျန်ပရိသတ်မျာကလည်း ချက်ချင်း လိုက်ပါ၍ အော်ဟစ်လာသည်။

All Chapters