ရေစင် (၄)
Vol. 2 Ch. 94
“ဆယ်ဗီ၊ ထတော့လေ... မနက်မိုးလင်းနေပြီ။”
တစ်ယောက်ယောက်က ကျွန်မမျက်နှာကို လက်ညိုးနဲ့ထိုးပြီး နှိုးနေတဲ့အတွက် မျက်လုံးဖွင့်ပြီး ကြည့်တော့ မယ်မင်းကြီးမ အိုလီရာနာ ဖြစ်နေတာကို မြင်လိုက်ရရော။
“အမယ်၊ အိပ်ပုပ်ကြီးမ။ ဒီနေ့ကျ နင်အစောကြီး နိုးနေပါလား။” ကျွန်မက နံပါတ်ခြောက်ဂဏန်းကို ညွန်ပြနေတဲ့ နာရီလက်တံကိုကြည့်ရင်း ပြောတော့ အိုလီရာနာက ပြုံးပြတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ အိုလီရာနာရဲ့မျက်ခွံတွေက မည်းမှောင်နေပြီး ညမအိပ်ရတဲ့ လူတစ်ယောက်နဲ့တူနေပါတယ်။
“စောစောထတာက ကောင်းတယ်ဆိုပေမဲ့ အိပ်ရေးဝဖို့လဲ အရေးကြီးသေးတယ်နော်။ မနေ့ညက ငါတို့နှစ်ယောက်လုံး အိပ်ရာဝင်နောက်ကျတယ် မဟုတ်လား။”
မနေ့က ဆဲလ်ဆာဘုတ်အဖွဲ့ကြောင့် အိပ်ရာဝင်နောက်ကျတဲ့ ကိစ္စကိုတွေးမိပြီး ကျွန်မပြောလိုက်တယ်။ နောက်တော့ အိပ်ရာထဲ ဆက်ပြီးလှဲနေချင်သေးပေမဲ့ နိုးလက်စနဲ့ ထားပါတော့လေဆိုပြီး အိပ်ရာထဲကနေ ခုန်ထွက်ကာ ကောင်မစုတ်လေးကို လက်ကနေဆွဲပြီး ရေချိုးခန်းထဲ အတူခေါ်လာခဲ့တယ်။
...
“အိုလီရာနာ၊ သွားတိုက်ဆေးကို တအားကြီး ညှစ်ထည့်စရာ မလိုဘူးလေ။”
မျက်နှာအတူသစ်ဖို့ လုပ်တယ်ရှိသေးတယ် တောသူမက သွားတိုက်ဆေးတွေကို အတောင့်လိုက်ညှစ်ချပြီးတော့ သွားတိုက်ဖို့လုပ်နေတဲ့အတွက် နောက်ကနေ ရိုက်ချင်စိတ် ပေါက်လာမိတယ်။
“ညှစ်ထုတ်ပြီးမှတော့ ထားလိုက်တော့...” သူကတော့ ဆင်ခြေဆင်လက်အပြည့်နဲ့ သုံးမလက်လုံးပတ်လောက် ရှိတဲ့သွားတိုက်ဆေးတွေကို ပါးစပ်ထဲထည့်ပြီး သွားစတိုက် ပါတော့တယ်။ ဒါပေမဲ့သွားတိုက်ဆေးက များနေတာမလို့ အမြုပ်တွေတအားထွက်ပြီး ပါးစပ်ထဲကနေ အရုပ်ဆိုးစွာ စီးကျလာရော။ သွားတိုက်ဆေးတချို့ဆို မြေပေါ်ကို အထွေးလိုက်ပြန်ပြုတ်ကျလာတယ်။
‘အောင်မလေး ဖြုန်းတီးလိုက်တာ၊ သွားတိုက်ဆေးတစ်ဘူး ဘယ်လောက်မှတ်လို့လဲ။'
ပြီးတော့ သွားတိုက်တဲ့နည်းကလည်း မှားနေသေးတယ်။ “ဟဲ့ကောင်မလေး၊ သွားတွေကို ဘေးတိုက်မတိုက်ရဘူး။ ကြွေလွှာတွေ ပြုန်းကုန်ပြီး အချောင်းလိုက်ကျွတ်ကျ လာလိမ့်မယ်။ အပေါ်အောက် ဟောဒီလိုဟောဒီလိုတိုက်။”
ကျွန်မလည်း ဒီဟာမလေးနဲ့အတူနေမှ ကလေးထိန်းဘဝ ရောက်လာပြီလို့ ခံစားရတယ်။ များသောအားဖြင့် နက်ဆန်က ကျန်းကျန်းမာမာရှိနေတတ်ပြီး အပြောရ အများဆုံးက အိုလီရာနာ ဖြစ်နေခဲ့တာလေ။
“ဟိုဟာမလေး၊ ရေချိုးဆပ်ပြာတိုက်တာ ကိုယ်အပေါ်ပိုင်းပဲ တိုက်ရလားဟဲ့။ သေချာနှံအောင်တိုက်။”
“နေဦးနေဦး၊ ကိုယ်တိုက်ဆပ်ပြာနဲ့ ခေါင်းလျှော်လို့မရဘူးလေ။ ဆံပင်တွေ ကျွတ်ကုန်တော့မှာပဲ။”
“ဟဲ့ဟဲ့... အနံမွှေးတယ်ဆိုတိုင်း ကွန်ဒီရှင်နာတွေကို အချိုရည်လို သောက်ချလိုက်လို့ မရဘူးလေ။”
...
ရေချိုးခန်းထဲက ထွက်လာတော့ ကျွန်မတော်တော် ပင်ပန်းနေပြီ။ အိုလီရာနာတစ်ယောက် ဓာတုပစ္စည်းတွေ မျိုချလိုက်မိပေမဲ့ အခုထိအဆင်ပြေနေသေးပုံထောက်ရင် သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက သာမန်လူသားတွေနဲ့မတူဘဲ ခံနိုင်ရည် နည်းနည်းပိုရှိတဲ့ပုံပဲ။ ဒါပေမဲ့
ဒီတိုင်းလွှတ်ထားလို့ရတယ်လို့ အဓိပ္ပါယ်သက်ရောက်တာမှ မဟုတ်တာ။
“အိုလီရာနာ၊ ရော့ ရေသောက်လိုက်။ လိမ္မာတယ်နော်။ ရေသောက်လိုက်ရင် အဆိပ်တွေပျော့သွားပြီး ဗိုက်နာ တော့မှာမဟုတ်ဘူး။ ရှုရှူးပါ၊ အီးအီးပေါက်လိုက်ရင် အရှင်းပျောက်သွားလိမ့်မယ်။”
ကျွန်မက အခန်းထဲက ရေအပြည့်ထည့်ထားတဲ့ ဖန်ခရားကြီးကို ယူချလာပြီး အိုလီရာနာကို ရေသောက်ဖို့အတွက် ဖိအားပေးတယ်။ အိုလီရာနာက တစ်ခွက်နှစ်ခွက်တော့ ငြိမ်ခံပြီးသောက်ပေမဲ့ လေးငါးခွက်ဖြစ်လာတော့ စပြီး ငိုတော့တာပဲ။
“အဲဒီလောက် ရေအများကြီး သောက်စရာလိုလို့လား ဆယ်ဗီမရဲ့။ ပန်းပင်တွေတောင် ရေအများကြီးလောင်းရင် ရေနစ်ပြီးတော့ သေနိုင်တယ်လေ။”
“တော်ကြာ နင်သောက်ထားတဲ့ ကွန်ဒီရှင်နာတွေကြောင့် အူတွေအသည်းတွေ ပြတ်ထွက်ကုန်ရင် ကုမရဖြစ်နေမယ်။ ရေသာများများသောက် အဆင်ပြေသွားလိမ့်မယ်။”
“ဟဲ့... ငါဘာမှမဖြစ်ဘူးလို့ ပြောနေတဲ့ဟာကို။”
အိုလီရာနာက အတင်းဆန့်ကျင့်နေတဲ့အတွက် ကျွန်မက သူ့နှာခေါင်းကို လက်နဲ့ညှစ်ပြီးပါးစပ်ကိုအတင်းဟခိုင်း ပါးစပ်ထဲ ရေတွေလောင်းထည့်လိုက်တယ်။ ကိုယ်တိုင် သောက်တာမဟုတ်လို့ ရေတချို့ကပါးစပ်ကနေ စီးကျ လာပြီးတော့ အိုလီရာနာရဲ့အဝတ်တွေ စိုရွဲကုန်ရော။
အဲဒီအချိန်မှာတင် အခန်းတံခါးက ပွင့်လာပြီး နာတာရှာက ဝင်လာတယ်။ ဒါပေမဲ့ ပြတင်းပေါက်ကနေ ကျဆင်းနေတဲ့ အလင်းရောင်နဲ့တိုက်ရိုက် ထိလောက်တဲ့အထိတော့ အထဲကို ဝင်မလာဘဲ မှောင်ရိပ်ရှိတဲ့ တံခါးနားမှာပဲ ရပ်နေတာပါ။
“အယ်... နင်တို့နှစ်ယောက် ဘာလုပ်နေကြတာလဲ။”
“အူးဝါး....” အိုလီရာနာကတော့ နာတာရှာကိုမြင်တာနဲ့ ခုံပေါ်ကနေ ပြေးဆင်းသွားပြီး နာတာရှာရဲ့ကိုယ်နောက် ဝင်ပုန်းပြီးတော့ ကျွန်မကို ကြောက်စရာကောင်းတဲ့ လူထူးလူဆန်းတစ်ယောက်ကို ကြည့်သလိုမျိုး ကြည့်နေတော့တာပဲ။
“ဆယ်ဗီမ ဒီနေ့ဘီလူးဝင်စီးနေတာလား မသိဘူး။ သမီးကို ရေတွေအတင်းတိုက်ပြီး ရေနှစ်သတ်ဖို့ကြံနေတယ်။”
“.....” ပြောစရာစကားမဲ့သွားတဲ့ ကျွန်မ။ ပြီးတော့ နေပါဦး။ အိုလီရာနာမက ဘယ်တုန်းက သူ့ကိုယ်သူ ‘သမီး'ဆိုတဲ့ နာမ်စားနဲ့ ချစ်စရာကောင်းအောင် ဟန်ဆောင် တတ်သွားတာလဲ။
“ဘာပဲဖြစ်ဖြစ် မနက်စာစားဖို့အတွက် အသင့်ဖြစ်နေပြီမလို့ ခန်းမထဲကို လာခဲ့ကြတော့နော်။”
...
ဒီလိုနဲ့ အဝတ်အစားလဲပြီးတဲ့ ကျွန်မတို့တွေက အခန်းထဲကနေထွက်ပြီးတော့ စင်္ကြံလမ်းပေါ် ထွက်လာခဲ့ကြတယ်။ အိမ်တော်တစ်ခုလုံးက ပြတင်းပေါက်တွေကို ခန်းစည်းလိုက်ကာတွေ အပြည့်ချထားတဲ့အတွက် အိမ်အတွင်းပိုင်းက အနည်းငယ်မှောင်မိုက်နေပါတယ်။
“နာတာရှာ၊ နင် နေ့ခင်းပိုင်း မအိပ်ဘူးလား။” ကျွန်မက မေးလိုက်တယ်။ မော်လီဆိုရင် နေ့ခင်းပိုင်း နက်ဆန်ရဲ့ အရိပ်ထဲမှာပဲ အနားယူနေတာမျိုး များတယ်မဟုတ်လား။
“နေ့ခင်းပိုင်း သွားလာရတာ အသားကျနေတယ်လို့ ပြောရမလား။ အဲဒါကြောင့်ပါ။ နေပူထဲတော့ ထွက်မရပေမဲ့ ပြတင်းပေါက်ခန်းစည်းတွေချထားရင်တော့ ပုံမှန်အတိုင်း သွားလာလို့ရတာ တော်သေးတယ်ပြောရမှာပဲ။”
ကျွန်မတို့ စကားစပြတ်သွားပြီးနောက်မှာတော့ မနက်စာ စားရမယ့်အကြောင်းကို ပြန်ပြီးတွေးမိတယ်။ အဲဒီနောက် နာတာရှာကို ကျွန်မအထိတ်တလန့် ကြည့်လိုက်မိပြီးတော့..
“နာတာရှာ၊ မဟုတ်မှလွဲရော။ မနက်စာက ရှင့်လက်ရာလား။”
ဆီနိတ်တာမာရီယာမရှိတော့တဲ့နောက် ဒီအိမ်တော်ကြီးမှာ အစေခံတွေ မရှိတော့ပါဘူး။ ကျွန်မတို့တွေချည်းပဲ ရှိတော့တာပါ။ နက်ဆန်က အကြောင်းထူးမရှိရင် အပြင်က မှာစားတာမျိုး ကြိုက်တဲ့သူမဟုတ်ဘူးရယ်။
နာတာရှာက စိတ်ပျက်နေတဲ့ပုံစေနဲ့ သက်ပြင်းချလိုက်ပြီး “ငါလည်း သခင့်ကိုပြောပြီး ဟင်းချက်ပေးမယ်လို့ ပြောခဲ့ ပါသေးတယ်။ ဒါပေမဲ့ သခင်က ခေါင်းမာနေပြီးတော့ မနက်စာကို သူကိုယ်တိုင်ချက်ဖို့ ကြိုးစားနေတယ်လေ။”
နက်ဆန်က ကိုယ်တိုင််မနက်စာ ပြင်ဆင်နေတယ်ဆိုတာ ကြားလိုက်ရတဲ့အတွက် ကျွန်မရင်ထဲက အလုံးကြီး ကျသွားပါလေရော။ အိုလီရာနာကတော့ ရေတွေနဲ့ ပြည့်နေလို့ ပူဖောင်းနေတဲ့ဗိုက်ကို လက်နဲ့သုံးသပ်ရင်း ငိုတော့မယ့်ရုပ်နဲ့ ပြောလိုက်လေရဲ့။
“ဒီနေ့တော့ မနက်စာ စားနိုင်တော့မယ် မထင်ဘူး။”
...
မနက်စာစားဖို့အတွက် စားပွဲဝိုင်းကိုရောက်တော့ မြင်နေရတဲ့ မြင်ကွင်းကို ကျွန်မကိုယ်တိုင် မယုံနိုင်အောင် ဖြစ်သွားတယ်။ နက်ဆန်က စားဖိုမှူးတွေသုံးတဲ့ ခါးဖုံးစည်းကိုဝတ်ထားပြီး ခေါင်းပေါ်မှာတော့ မီးဖိုချောင်သုံး ဇကာခေါင်းစောင်းကို စောင်းထားပါတယ်။
လက်ထဲမှာတော့ မုန့်ဖုတ်တဲ့ဖိုထဲကနေ အခုမှထုတ်လာပုံရတဲ့ လေးထောင့်ပုံစံခွက်တစ်ခုကို လက်အိတ်အကူအညီနဲ့ ကိုင်ထားပြီးတော့ စားပွဲပေါ်ချလိုက်တယ်။ ကျွန်မက ဟင်းပွဲ ဘာလဲသိချင်လို့ ကြည့်လိုက်တော့ ဟင်းခတ်အမွှေးအကြိုင် နည်းနည်းထည့်ထားတဲ့ အာလူးနဲ့ချေ့စ်ကို ထည့်ဖုတ်တာ ဖြစ်နေပါတယ်။
“တဖြည်းဖြည်းနဲ့ ငါတို့သူဌေးတော့ ကြက်ဥအာလူး စာဖိုမှူး ဖြစ်တော့မယ်နဲ့တူတယ်။” ကျွန်မက ဟင်းပွဲအခြေအနေကို ကြည့်ရင်းနဲ့ ပြောလိုက်တယ်။ ယောက်ျားလေး တော်တော် များများက ချက်ရတာရိုးရှင်းတဲ့ အာလူးနဲ့ကြက်ဥလိုမျိုး ပါဝင်ပစ္စည်းတွေကိုပဲ သေချာအချိန်ပေးပြီးတော့ ဟင်းပွဲ အမျိုးမျိုးချက်ပြုတ်တတ်ကြတယ်။
စားပွဲပေါ်မှာ အာလူးနဲ့ချေ့စ်အပြင်ကို အာလူးချောင်းကြော်၊ ကြက်ဥဟက်ပွိုင့်နဲ့ နည်းနည်းတူးထားပုံရတဲ့ ငါးအသားကပ် ကြော် တချို့ရှိနေတယ်။ ခုမှလေ့ကျင့်ကာစ အိမ်ရှင်ထီး တစ်ယောက်အနေနဲ့တော့ မဆိုးဘူးပြောရမှာပဲ။
ကျွန်မ အမှတ်ပြည့်ပေးလိုက်မိပြီ။ ဒီငနှဲ ဟင်းချက်တတ်တဲ့ အကြောင်းကိုသာ လိုင်းပေါ်တယ်လိုက်ရင် ချက်ချင်း ဆယ်လီဖြစ်သွားမှာပဲ။ ဒါ့အပြင် ရုပ်ကလည်းချောသေး၊ ပိုက်ဆံကလည်းရှိ၊ ရေခဲတုံးလိုစရိုက်ကလည်း ဝတ္ထုထဲက ခုန်ထွက်လာတဲ့ အတိုင်းပဲဆိုတော့။
နောက်တော့ ကျွန်မလည်း ဘာမှတွေးမနေတော့ဘဲနဲ့ ခုံမှာဝင်ထိုင်ပြီး ငါးအသားကပ်ကြော်နဲ့ အာလူးချောင်းကို စစားကြည့်တယ်။ အသားကပ်ကြော်က နည်းနည်းတူးနံ ထွက်နေပြီးတော့ ဝယ်စားသလိုကြွပ်နေပေမဲ့ စားလို့ရတယ် ဆိုရုံတော့ရှိတယ်။ အာလူးချောင်းကတော့... အင်း... နည်းနည်း ငန်ပေမဲ့ တအားကြီးဆိုးတာမျိုးတော့မဟုတ်ဘူး။ နောက်ဆုံးဖြစ်တဲ့ အာလုံးဖုတ်ကတော့ ဒီနေ့အတွက် စပယ်ရှယ်ဟင်းလို့ပြောရလောက်အောင် စားလို့ကောင်းတာ တွေ့ရတယ်။
“နက်ဆန်၊ ပြောစမ်းပါဦး။ ရှင် ဒီပညာတွေကို ဘယ်ကနေ သင်လိုက်တာလဲ။”
ကျွန်မကိုယ်တိုင်လည်း အခြေခံလောက်ပဲ ချက်တတ် ပြုတ်တတ်တာဖြစ်ပြီး သူ့ကိုတစ်ခါမှ သင်မပေးဖူးဘူး။ နာတာရှာဆိုရင်တော့ သင်ပေးဖို့ဝေးလေစွ။ မီးဖိုချောင်နား မကပ်ဖို့တောင် အမိန့်ထုတ်တားမြစ်ရမယ့်လူမျိုး။ နက်ဆန် ကျွန်မစကားကြောင့် အခက်တွေ့သွားပုံပဲ။ ပြီးတဲ့နောက် သူက ခါးကြားထိုးထားတဲ့ စာအုပ်လေးတစ်အုပ်ကို ထောင်ပြတယ်။ “Cooking 101”တဲ့။
“တော်တော် ကြိုးစားထားတာပဲ။” ကျွန်မ အသိအမှတ် ပြုလုပ်တယ်။ သူကလည်း တခြားလုပ်စရာမရှိတော့တဲ့ အတွက်ကြောင့်မလို့ အတူဝင်ထိုင်ပြီးတော့ စားပါတယ်။ အိုလီရာနာကလည်း စားဖို့ကြိုးစားကြည့်ပေမဲ့ နည်းနည်း စားပြီးတာနဲ့ မျက်ရည်တွေ ပေါက်ပေါက်... ပေါက်ပေါက်နဲ့ ကျလာပါလေရော။
“အိုလီရာနာမ... နင်ရက်စက်တယ်ဟာ... ငါဗိုက်ပြည့်ပြီး ဘာမှစားမရ ဖြစ်နေပြီဟဲ့။”
နာတာရှာကတော့ အိုလီရာနာခံစားနေရတာကိုကြည့်ပြီး ဝမ်းသာပီတိ ဂွမ်းဆီထိနေတဲ့ပုံစံမျိုးနဲ့ ရယ်တော့တာပဲ။ စားလို့သောက်လို့ ပြီးသွားတဲ့နောက်မှာတော့ နက်ဆန်က ကျွန်မကို ပိုက်ဆံအထပ်လိုက် ကမ်းပေးလိုက်တယ်။
“ဒါက ဒီလအတွက် မင်းလစာ။”
အယ်... အချိန်တွေက အဲဒီလောက်တောင် ကုန်သွားပြီလား။ ကျွန်မ ဖုန်းက ရက်စွဲကိုကြည့်လိုက်တော့ တကယ်ပဲ လစာ ထုတ်ရက်ဖြစ်နေပြီ။ ဂရိနဲ့ဒီနေရာမှာ ကျွန်မတို့နေတဲ့အချိန်က တခြားဘယ်နေရာမှာထက်မဆို ကြာခဲ့တာကြောင့်လဲ ပါမယ်ထင်တယ်။
“ပြီးတော့ ဒီနေ့အတွက် မင်းအလုပ်လုပ်စရာမလိုဘူး။ ဒါကို အားလပ်ရက်လို့ ယူဆလို့ရတယ်။”
အားလပ်ရက်... သူ့ဆီမှာ အလုပ်လုပ်တာ ကြာပြီဖြစ်တဲ့နောက်မှာ ပထမဆုံး အားလပ်ရက်ကို ကျွန်မရဖူးတာပဲ။ ဒါပေမဲ့ များသောအားဖြင့် နက်ဆန်အတွက် အလုပ်လုပ်ပေးနေရတာက အားလပ်ရက်ရှည်ကြီး ထွက်နေရသလိုမျိုး ဖြစ်နေပြီးတော့ ဘာမှလုပ်စရာမရှိသလို ဖြစ်နေတာက လွဲလို့ပေါ့။
“ဒါပေမဲ့ အပြင်ထွက်မယ်ဆိုရင်တော့ အိုလီရာနာကို ခေါ်သွားမှဖြစ်မယ်နော်။” နက်ဆန်က သတိပေးတော့ ကျွန်မလည်း ခေါင်းညိတ်ပြလိုက်တယ်။
မနက်စာ စားပြီးတဲ့နောက်တော့ ရလာတဲ့လခကို ဘယ်လို သုံးရမလဲဆိုပြီး ကျွန်မစဥ်းစားမိနေပြီ။ လခထုတ်ရက် ဟိုဟိုဒီဒီလျှောက်ဝင်တာက အပန်းဖြေမှုတစ်မျိုးပဲလေ။ အဲဒီလိုအရသာမျိုးကို မကြုံဖူးတဲ့သူ ရှိမယ်မထင်ဘူးရယ်။ ကိုယ်လိုချင်တဲ့အရာမှန်သမျှကို ဝယ်ယူနိုင်စွမ်းရှိတယ်ဆိုတဲ့ ခံစားချက်မျိုးပေါ့။
ဒါပေမဲ့ ကျွန်မတစ်ယောက်တည်း အပြင်ထွက်ရတာကို ငြီးငွေ့နေပြီဖြစ်တာမလို့ နက်ဆန်ကိုခေါ်ဖို့ ကျွန်မဆုံးဖြတ် လိုက်တယ်။
“နက်ဆန်၊ ရှင်လည်း အချိန်ရှိတယ်ဆိုရင် ကျွန်မနဲ့အတူ အပြင်လျှောက်လည်ပါလား။ ဒီမြို့ကြီးက သိပ်ကို အံ့ဩစရာ ကောင်းတာနော်။”
ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ နာတာရှာနဲ့ နက်ဆန်က အကြည့်ချင်း ဖလှယ်လိုက်တယ်။ အဲဒီထဲမှာ အိုလီရာနာ ပါပါတယ်။ သူတို့ကိုကြည့်ရတာ ဒီနေ့ သိပ်ထူးဆန်းနေသလိုပဲ။
နာတာရှာကတော့ အခက်တွေ့နေတဲ့ပုံစံနဲ့ ကျွန်မကို ပြုံးပြပြီးတော့...
“ဒါက ဒီလိုရှိတယ် ဆယ်ဗီရဲ့။ အစ်မက ခုမှဆိနိတ်တာ ဖြစ်လာတာဆိုတော့ သိဖို့လိုအပ်တာတွေအများကြီး ရှိနေသေးတယ်။ ဒါကြောင့် နက်ဆန်က လိုအပ်တာတွေကို ဒီနေ့သင်ပေးဖို့ ဆုံးဖြတ်ထားတယ်။ ဒါကြောင့် အစ်မတို့ နှစ်ယောက်လုံး ညီမလေးနဲ့လိုက်နိုင်မှာ မဟုတ်ဘူး။”
သူတို့နှစ်ယောက်ပဲ အိမ်မှာကျန်နေခဲ့မယ်ဆိုတဲ့စကားကို စိတ်မချလို့ အပြင်မထွက်တော့ဘူးဆိုပြီး ပြောခဲ့သေးပေမဲ့ နက်ဆန်က ဘောနပ်စ်ပါအပိုပေးပြီး ကျွန်မကို ခြံအပြင် ရောက်တဲ့အထိ လိုက်ပို့ပေးတယ်။ ဒီနှစ်ယောက် ဘာတွေ ကြံစည်နေကြပြန်ပြီလဲမသိဘူး။
နာတာရှာကလည်း အခုလိုဘေးကနေ သွေးထိုးပေးတယ်။ “တစ်လမှတစ်ခါလောက် အားလပ်ရက်လေး ရှားရှားပါးပါး ရတဲ့ဥစ္စာ။ ရတဲ့အချိန်လေး အကျိုးရှိအောင် အသုံးချ။”
အဲဒီလိုနဲ့ မနက်ကိုးနာရီထိုးတဲ့အချိန်မှာတော့ ကျွန်မက မြို့လယ်ခေါင်မှာ ရောက်နေပြီဖြစ်ပြီး လမ်းတွေပေါ်က ဆိုင်တွေကို တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေမိပြီ။ သာမန်ထက်ဖောင်းကားနေတဲ့ ပိုက်ဆံအိတ်ကို စမ်းမိတဲ့ အချိန်မှာတော့ ကျွန်မရင်တွေ တလှပ်လှပ်ခုန်လာတယ်။ ဆိုင်တွေကို လိုက်ကြည့်နေရင်းနဲ့ တစ်နေရာကိုရောက်တော့ ကျွန်မ မျက်လုံးတွေက အဲဒီအရာဆီကနေ အကြည့်ကို မခွာနိုင်တော့ဘူး။
ခပ်ဝဝ မိန်းမကြီးတစ်ယောက်က ပြုတ်ပြီးသား အသားတွေကိုနုပ်နုပ် စင်းနေပြီးတော့ ပမာဏတစ်ခုရောက်တဲ့အခါမှာ ရပ်လိုက်ပါတယ်။ အဲဒီနောက် ပေါင်မုန့်ပြားတစ်ချက်ကိုထုတ်လိုက်ပြီး အဲဒီပေါ်မှာ ခရမ်းချဥ်သီးအချဥ်ရည်ကို ညီညာအောင် ဘရက်နဲ့သုတ်တယ်။ ပြီးတဲ့နောက် ဟင်းရွက်တချို့ကို ချိုးဖဲ့ထည့်လိုက်ပြီး အစောကအသားကိုဌာပနာကာ ကောပြန့်လိပ်လိုမျိုးလိပ်လိုက်တယ်။ ကြည့်ရုံနဲ့တင် ပူစပ်ပြီးတော့ အရသာရှိမယ့်စားစရာမျိုးပဲ။
အသားတင်မကဘဲ အသည်းအမြစ်တို့ဘာတို့နဲ့ပါ အဲဒီမုန့်လိပ်မျိုးကို လိပ်ပြီးရောင်းနေတဲ့ပုံပဲ။ ကျွန်မလည်း ပြန်လှုပ်ရှားလာတဲ့ဗိုက်ကို ထိကိုင်လိုက်ပြီး...
“စားထားတာ မကြာသေးပေမဲ့ ထပ်တော့စားလို့ ရလောက်ဦးမှာပါ... ရှလွှတ်...”