← Chapters

နဝမတောင်ထွတ်ကိုမေးခွန်းထုတ်ခြင်း

Vol. 12 Ch. 165

နဝမတောင်ထွတ်ကိုမေးခွန်းထုတ်ခြင်း

Vol. 12 Ch. 165

အခန်း (၁၆၅) နဝမတောင်ထွတ်ကိုမေးခွန်းထုတ်ခြင်း

"ဘာများလဲ…"

မြောက်ချင်းဟယ်က အသံတိုးတိုးဖြင့် မေးလိုက်သည်။

မြောက်ရှင်းက တစ်စုံတစ်ခု မှားယွင်းနေပြီဆိုသည့် အမူအရာဖြင့် အလုံပိတ်သော့ခတ် မှော်ဝင်ပစ္စည်းလေးတစ်ခုကို ထုတ်ပြလိုက်သည်။

"ဒီပစ္စည်းလေးကို လွန်ခဲ့တဲ့ (၅)ရက်က ကျွန်မနေတဲ့တည်းခိုခန်းကို တုန်းကော်ယန် ပို့လိုက်တာ… ၊ တုန်းကော်ယန်မှာ အလုံပိတ်သော့ခတ်မှော်ဝင်ပစ္စည်းတွေရှိတယ်လေ… ၊ ပြီးတော့ သတင်းပို့တဲ့နေရာမှာသုံးတဲ့ မှော်ဝင်ဓားပျံလည်း ရှိတယ်…"

သူမက ခဏနားပြီးမှ စကားဆက်ပြောလိုက်သည်။

"ဒီအလုံပိတ်သော့ခတ်မှော်ဝင်ပစ္စည်းထဲမှာ စာတစ်စောင်ပါလာတယ်… ၊ စာထဲမှာရေးထားတာက ကျန်းလန် နဝမတောင်ထွတ်က ဆင်းလာပြီတဲ့… ၊ တုန်းကော်ယန်က အနီးပတ်ဝန်းကျင်က သူလျှိုတွေကို စုစည်းပြီး ကျန်းလန်ကို နောက်ယောင်ခံလိုက်သွားပြီး တိုက်ခိုက်မယ်လို့ သတင်းပို့တယ်… ၊ ဒီတော့ကာ သူတို့တွေရှိတဲ့နေရာကို ကျွန်မတို့ လိုက်သွားသင့်တယ် မဟုတ်လား…"

ခွန်လွန်တောင်ဆိုသည်က သူလျှိုများခိုးဝင်ရန် လွယ်ကူသည့်နေရာတစ်ခု ဖြစ်သည်။

သို့သော် သတိတစ်ချက်လွတ်သည်နှင့် ချက်ချင်းအသက်ပျောက်သွားနိုင်၏။

ထို့ကြောင့် ခွန်လွန်တောင်နှင့် ခွန်လွန်တောင်ပတ်ဝန်းကျင်တွင်ရှိနေသည့် သူလျှိုများအနေဖြင့် ဆက်သွယ်မှုပြုလုပ်ရာတွင် လျှို့ဝှက်ပြုလုပ်ကြရသည်။ ထို့ပြင် ဆက်သွယ်ရေးပြုလုပ်ရာတွင် အသုံးပြုသည့် မှော်ဝင်ပစ္စည်းများကိုလည်း မည်သူမှ ခွန်လွန်တောင်သို့ ယူဆောင်သွားရဲခြင်း မရှိကြပေ။

တိုတိုပြောရလျှင် ခွန်လွန်တောင်က ခိုးဝင်ရန်လွယ်ကူသည်ဆိုသောငြား မိမိနေထိုင်သည့် အိမ်နောက်ဖေးတော့ မဟုတ်ပေ။

ခွန်လွန်တောင်သို့ ခိုးဝင်ပြီးသူလျှိုပြုလုပ်မည်ဆိုလျှင် တစ်ယောက်နှင့်တစ်ယောက် လျှို့ဝှက်ဆက်သွယ်နိုင်ရန်မှာ အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်သည်။

နတ်လူသားမျိုးနွယ်များ စေလွှတ်ထားသည့် သူလျှိုများအနေဖြင့်လည်း အခြေအနေထူးခြားပါက သတ်မှတ်ထားသည့်အချိန်တစ်ခုတွင် သတင်းပို့နိုင်ရန် စီစဉ်ထားသည်။

သာမန်အခြေအနေတွင်တော့ သူလျှိုများက သတင်းပို့လေ့ မရှိကြပေ။

ယခု တုန်းကော်ယန်ပို့လိုက်သည့်စာက ထူးခြားသည့်အခြေအနေတစ်ခုကို သတင်းပို့လိုက်ခြင်း ဖြစ်သည်။

မြောက်ချင်းဟယ်က…

"ဒါဖြင့် မင်း အခု တုန်းကော်ယန်ရှိတဲ့နေရာကို ခြေရာခံလို့ရသေးလား…"

မြောက်ရှင်းက...

"ဒီသတင်းကိုရခါစက ခြေရာခံလို့ရသေးတယ်… ၊ ဒါပေမဲ့ အခု တုန်းကော်ယန်ကို ခြေရာခံလို့မရတော့ဘူး… ၊ သူ့တည်နေရာကို ကျွန်မ ခန့်မှန်းကြည့်ပြီး သူနဲ့ဆက်သွယ်ဖို့ ကြိုးစားကြည့်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်…"

သူမစကားဆုံးသွားသည်နှင့် စားပွဲတစ်ဖက်တွင်ထိုင်နေသည့် လူတစ်ယောက်က စကားဝင်ပြောလိုက်သည်။

"တုန်းကော်ယန် သေသွားပြီ..."

ထိုသူ၏စကားကြောင့် မြောက်ရှင်း အံ့သြတုန်လှုပ်သွား၏။

ချက်ချင်းပင် ကျောက်ဂူအတွင်းရှိ လေထုထဲတွင် ဆိုးရွားသည့် အငွေ့အသက်များနှင့် ပြည့်နက်သွားလေသည်။

သူတို့အားလုံး ကျန်းလန်ကို စောင့်ကြည့်နေကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခု ဖုန်းကျီ အသတ်ခံရပြီးနောက် နောက်ထပ်သူလျှိုတစ်ယောက် ထပ်မံ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

သူတို့စေလွှတ်ထားသည့် သူလျှိုများကို မည်သူက သတ်ဖြတ်လိုက်ပါသနည်း။

ခွန်လွန်တောင်မှ သတ်ဖြတ်ခြင်းလား သို့မဟုတ် နဝမတောင်ထွတ်မှ ကျန်းလန်က သတ်ဖြတ်လိုက်ခြင်းလား။

မြောက်ရှင်းက…

"ဘယ်သူ့လက်ချက်လဲ…"

မြောက်ချင်းဟယ်က မျက်ခုံးများကို တွန့်ချိုးထားသည်။

သူ၏ မျက်နှာအမူအရာက တင်းမာခက်ထန်လျှက် ရှိသည်။

"ကျုပ်တို့လည်း မသိဘူး… သူသေပြီဆိုတာလည်း ခန့်မှန်းကြည့်ရုံပဲ ရှိသေးတယ်…"

မြောက်ရှင်းက…

"တုန်းကော်ယန်က ကျန်းလန်နောက်ကို လိုက်နေတာ… ၊ သူ့ကို ကူညီမယ့်သူတွေလည်းရှိတယ်… ၊ သူ့ကို ကူညီမယ့်သူတွေကို စကားထဲထည့်မပြောပါနဲ့လေ… ၊ တုန်းကော်ယန်တစ်ယောက်တည်းဆိုရင်တောင်မှ ကျန်းလန်ကို ရင်ဆိုင်နိုုင်မှာပဲ… ၊ ကျန်းလန်က သူ့ထက် တန်ခိုးစွမ်းအားနည်းပါးတာ အမှန်ပဲ…"

မြောက်ချင်းဟယ်က နေရာမှ မတ်တတ်ရပ်လိုက်ရင်း…

"အမှန်ပဲ… ဒီတော့ တုန်းကော်ယန်ကို သတ်တဲ့သူက ကျန်းလန်တော့ မဖြစ်နိုင်ဘူး… ၊ ဒါပေမဲ့ ကျန်းလန်မှာ ထူးဆန်းတဲ့ မှော်ဝင်ပစ္စည်းတွေရှိနေရင်တော့ မပြောတတ်ဘူးပေါ့… ၊ နောက်တစ်ချက်က… ကျန်းလန်ကို တိတ်တဆိတ်ကာကွယ်ပေးနေတဲ့သူတစ်ယောက် ရှိနိုင်တယ်… ၊ အဲဒီအချက်က ဖြစ်နိုင်ချေများတယ်…"

မြောက်ရှင်းက…

"ဒါဖြင့် အဲဒီအနီးအနားပတ်ဝန်းကျင်မှာ တစ်ချက်လောက်သွားစုံစမ်းကြည့်ရအောင်… ၊ အနည်းဆုံးတော့ ကျန်းလန် ဘယ်သွားတာလဲ… ဘယ်တော့ပြန်လာမှာလဲ သိရတာပေါ့…"

အခြားသူများကလည်း သူမစကားကို ငြင်းစရာအကြောင်းမရှိသဖြင့် သဘောတူလိုက်ကြသည်။

ထို့နောက် သူတို့အားလုံး ကျောက်ဂူအတွင်းမှ ထွက်ခွာလာခဲ့ကြလေသည်။

ကျန်းလန်ကိုသာ သတ်ဖြတ်နိုင်မည်ဆိုလျှင် သူတို့အားလုံးရရှိမည့် အကျိုးကျေးဇူးနှင့် ဆုလာဘ်များက ကြီးမားလွန်းလှသည် မဟုတ်ပါလား။

သို့သော် ကျန်းလန်ကိုတော့ အောင်မြင်စွာ လုပ်ကြံသတ်ဖြတ်နိုင်ရမည် ဖြစ်၏။

………………………

နဝမတောင်ထွတ်…

နဝမတောင်ထွတ်တွင် အခြားသောတောင်ထွတ်များမှ တောင်သခင်အချို့ ရောက်ရှိနေကြသည်။

"ဂိုဏ်းတူအစ်ကို… ရှင်က တကယ့်တဇွတ်ထိုးပဲနော်…"

ထိုစကားကို ပြောလိုက်သူက ပဉ္စမတေင်ထွတ်၏တောင်သခင်မ မြောင်ယွဲ့ဖြစ်၏။

စကားသံနှင့်အတူ သူမက မော့ကျန်းသုန့်ကို ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။

ပြီးမှ သူမက စကားဆက်ပြောပြန်၏။

"ကျန်းလန်ကို ပြင်ပလောကကို လွှတ်လိုက်လို့ ကျွန်မက အပြစ်တင်နေတာ မဟုတ်ဘူးနော်…၊ ဒါပေမဲ့ သူ့ကို ခုလို တစ်ယောက်တည်းလွှတ်လိုက်တာက အန္တရယ်များလွန်းတယ်… ၊ ပြီးတော့ အခုဆိုရင် သူ ဘယ်နေရာရောက်နေသလဲ.. အန္တရယ်ကင်းရဲ့လားဆိုတာ ကျွန်မတို့ လုံး၀ စုံစမ်းလို့ မရဘူး…"

မော့ကျန်းသုန့်က အေးဆေးစွာဖြင့်…

"ဒီခရီးက သူ့အတွက် အရမ်းအရေးကြီးတယ်… ၊ မလိုအပ်တဲ့ ပြင်ပအနှောက်အယှက်တွေဝင်လို့ မဖြစ်ဘူးလေ…"

ဒုတိယတောင်ထွတ်၏တောင်သခင် လျိုကျင်းက…

"ဒါပေမဲ့ ခုလိုထွက်သွားတာကတော့ အန္တရယ်များတယ်လေ…"

တတိယတောင်ထွတ်၏ တောင်သခင်မ ကျူးချင်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ခုတော့ စောင့်ကြရုံပဲ ရှိတော့တာပေါ့…"

မော့ကျန်းသုန့်က ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရင်း…

"ဘယ်လောက်အန္တရယ်များများ… ဒီခရီးစဉ်က ကျန်းလန်အတွက်တော့ ကံဆိုးမှုတွေကို ကံကောင်းမှုတွေအဖြစ် ပြောင်းပြန်လှန်ပစ်မယ့် ခရီးစဉ်ပါပဲ… ၊ ပြီးတော့ ကျန်းလန်ကလည်း စိတ်လိုက်မာန်ပါလုပ်တတ်တဲ့သူ မဟုတ်ပါဘူး… ၊ ဒီကလေးက သူ့အကြောင်းသူ နားလည်တဲ့သူပါ… ၊ အန္တရယ်တ်ခုခု ရင်ဆိုင်ရတာနဲ့ ချက်ချင်း တောင်ပေါ်ကို ပြန်လာပါလိမ့်မယ်…"

မြောင်ယွဲ့က…

"ဂိုဏ်းတူအစ်ကိုက အတော်လေး ယုံကြည်မှုရှိနေတာပဲ… ၊ ရှင်က ရှင့်တပည့်ကို လောင်းကြေးထပ်နေတာတော့ မဟုတ်ပါဘူးနော်…"

ကျန်းလန်က နဝမတောင်ထွတ်၏ တစ်ဦးတည်းသော ဆက်ခံသူတပည့်ဖြစ်ရုံသာမက ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်သည့် နဂါးမင်းသမီးလေး လုန်ယွိကိုလည်း ထိန်းထားပေးသည့် တစ်ဦးတည်းသော လူသားဖြစ်သည်။

ထို့ကြောင့် ကျန်းလန် အန္တရယ်ကင်းရန်က သူတို့အားလုံးအတွက် အရေးကြီးလေသည်။

မော့ကျန်းသုန့်က တောင်သခင်များကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…

"ကျုပ်တို့အားလုံးလည်း ဒီလိုခရီးမျိုး ထွက်ခဲ့ဖူးကြတာပဲလေကွာ… ၊ ဒါမျိုး ဘယ်သူ မဖြတ်သန်းဘူးလို့လဲ…"

ခဏနားပြီးမှ မော့ကျန်းသုန့်က ဆက်ပြောလိုက်သည်။

"ကျုပ်က စွမ်းရည်မြင့်မားတဲ့ တပည့်တစ်ယောက်ကိုပဲ လိုချင်တာ… ၊ ခွန်လွန်တောင်နဲ့ နဂါးမျိုးနွယ်တွေရဲ့ ချစ်ကြည်ရေးမင်္ဂလာပွဲအတွက် အသုံးချခံထားရတဲ့ အရုပ်တစ်ရုပ်ကို မလိုချင်ဘူး… ၊ ကျုပ်တပည့်ကို လမ်းမှန်ရောက်အောင် ကျုပ်ကိုုယ်တိုင် သင်ပြပေးခဲ့တာပါ… ၊ ဒီကလေးက ဘယ်နေရာကိုသွားရမယ်… ၊ သူ့ကိုယ်သူ ဘယ်လိုတာဝန်ယူရမယ်ဆိုတာ နားလည်ပါတယ်…"

မော့ကျန်းသုန့်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"စေ့စပ်ပွဲမတိုင်ခင်က ကျန်းလန်က ပြင်ပလောကကို မထွက်ချင်ဘူး… ၊ ဒါကြောင့် သူမသွားချင်တဲ့ ခရီးတွေကို ကျုပ် မလွှတ်ခဲ့ဘူး… ၊ သူ့ဆန္ဒအတိုင်းပဲ ကျုပ် လုပ်ပေးခဲ့တယ်… ၊ အခု စေ့စပ်ပွဲပြီးသွားတဲ့အချိန်မှာ သူ့အတွက် အရေးကြီးကိစ္စတစ်ခုရှိလို့ ပြင်ပလောကကို သွားချင်တယ်လို့ ကျုပ်ဆီမှာ ခွင့်တောင်းလာတယ်… ၊ ဒီတော့လည်း ကျုပ်က သူ့သဘောအတိုင်းလုပ်ပေးလိုက်တာပါပဲ… ၊ စေ့စပ်ပွဲကို အကြောင်းပြပြီး ကျုပ်က ကျန်းလန်ကို ချုပ်ချယ်နေမှာ မဟုတ်ဘူး…"

"ဂိုဏ်းတူအစ်ကို… ရှင်က တကယ့် တဇွတ်ထိုးပဲ…"

မြောင်ယွဲ့ ထပ်ပြောလိုက်သည်။

"ရှင်က ကျွန်မတို့ကိုတောင် ဒီအကြောင်း သတင်းလေးဘာလေး မပေးနိုင်ဘူးလားရှင်…"

ကျိုးကျုန်းထျန်းက သေရည်တစ်ငုံသောက်လိုက်ရင်း…

"သူက ကျုပ်ကိုတောင် ဒီအကြောင်း ပြောပြတာမဟုတ်ဘူး… ၊ ခုမှတော့ ပြောမနေနဲ့တော့…"

မြောင်ယွဲ့က ကျိုးကျုန်းထျန်းကို လှမ်းကြည့်လိုက်ရင်း…

"ဂိုဏ်းတူအစ်ကိုလည်း တလွဲတွေလုပ်တာပဲလေ… ၊ နဝမတောင်ထွတ်မှာ သက်တံ့တိမ်တိုက်တွေ တွေ့ကတည်းက ကျွန်မတို့ကို သတင်းပို့ရမှာလေ… ၊ အခုကျ သေရည်ဆိုင်ကိုသွားပြီး သေရည်သောက်နေတော့ ဒီလိုတွေ ဖြစ်ကုန်တာပေါ့…"

ကျိုးကျုန်းထျန်းက သေရည်တစ်ငုံထပ်သောက်လိုက်ရင်း…

"အေးပါ… ကျုပ် နောက်တစ်ခါကျ ပြောပါ့မယ်…"

"…………………"

နောက်တစ်ခါ… တဲ့။

"နောက်တစ်ခါ" ဆိုသည်မှာ မရှိနိုင်တော့ပေ။

"မင်းတို့တွေကလည်းကွာ… ရှင်းရှင်းလေးကို ရှုတ်နေကြပြန်ပြီ…"

ထိုစကားကို လျိုကျင်းက ဝင်ပြောလိုက်ခြင်း ဖြစ်၏။

သူလည်း အနည်းငယ် ဒေါသထွက်နေသည်။ သို့သော် ဖြစ်ပြီးသွားမှတော့ ဘာတတ်နိုင်ပါမည်နည်း။

သူတို့ ကျန်းလန်ကို မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ။ မည်သို့ပင် စုံစမ်းပါစေ ကျန်းလန်၏ တည်နေရာကို စုံစမ်းရှာဖွေနိုင်ခြင်း မရှိခဲ့ကြပေ။

ကျန်းလန်က နှစ်တစ်ထောင်သက်တံ့တိမ်တိုက် တန်ခိုးစွမ်းအားကို ရရှိသွားလေရာ မည်သည့်နေရာတွင်ရှိသည်ကို စုံစမ်းနိုင်ရန် အချိန်အတော်လေးကြာမြင့်မည် ဖြစ်သည်။

ကျူးချင်က မည်သည့်စကားမှ ဝင်မပြောတော့ဘဲ ဘေးတွင်သာ ရပ်နေလေသည်။

ကျန်းလန် ခရီးထွက်သွားသည့်ကိစ္စကို ရှောင်ယွိကတော့ သိရှိမည်ဖြစ်ကြောင်း သူမ ယုံကြည်သည်။ ထို့ကြောင့် သူမတွင်လည်း တာဝန်မကင်းသလို အနည်းငယ်ခံစားနေရသည်။

မော့ကျန်းသုန့်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ဒီတစ်ကြိမ်ပါပဲကွာ…"

ခဏနားပြီးမှ မော့ကျန်းသုန့်က ဆက်ပြောလိုက်သည်။

"ဒီခရီးက သူ့အတွက် အရမ်းအရေးကြီးလို့ပါ…"

ခွန်လွန်တောင်မှ ကျန်းလန်ထွက်ခွာသွားသည်ကို မော့ကျန်းသုန့်က မည်သူ့ကိုမှ အကြောင်းမကြားခဲ့ပေ။

ကျန်းလန်ထွက်သွားပြီး ရက်အနည်းငယ်ကြာမှ သူက အခြားတောင်သခင်များကို အသိပေးသည်ဆိုရုံမျှ ပြောပြခဲ့ခြင်း ဖြစ်၏။

နဝမတောင်ထွတ်က ခွန်လွန်တောင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေလေရာ ကျန်းလန် ခရီးထွက်သွားသည့်ကိစ္စကို အခြားတောင်သခင်များကို အသိပေးသင့်သည်ဟု ယူသောကြောင့်သာ ပြောပြလိုက်ခြင်း ဖြစ်သည်။

သူ့တပည့်ကို သူ တာဝန်ယူနိုင်လေသည်။ ထို့ကြောင့် အခြားသူများ မည်သို့ပြစ်တင်ပြောဆိုကြပါစေ သူက စိတ်ထဲထားမည် မဟုတ်ပေ။

သူ့တပည့် အင်မော်တယ် ဖြစ်ခြင်း ၊ မဖြစ်ခြင်းက ယခုထွက်ခွာသွားသည့် ခရီးအပေါ်တွင် မူတည်နေကြောင်း မော့ကျန်းသုန့် သိရှိလေ၏။

မြောင်ယွဲ့က…

"နဂါးမျိုးနွယ်တွေနဲ့ နတ်မိစ္ဆာတွေရဲ့တိုက်ပွဲက အဆုံးသတ်တော့မယ်… ၊ နောက်ထပ်နှစ်နည်းနည်းလောက်ဆိုရင် နဂါးတွေက ကျွန်မတို့ဘက်လှည့်လာလိမ့်မယ်… ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမအကြောင်း ထပ်ပြီး ဆွေးနွေးလာနိုင်တယ်…"

လျိုကျင်းက အေးဆေးစွာဖြင့်…

"နှစ်ပေါင်းတစ်ရာအတွင်း ပဋိပက္ခတွေတော့ လျော့သွားလောက်ပါတယ်…"

ကျူးချင်က…

"ဒီကိစ္စက ကြီးမားတဲ့သက်ရောက်မှုတစ်ခု ဖြစ်လာနိုင်မလား…"

ဤကိစ္စက အလွန်အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်သည်။

ခွန်လွန်တောင်အနေဖြင့် နဂါးမျိုးနွယ်များကို ကြောက်ရွံ့ခြင်း မရှိသည့်တိုင် လျှော့တွက်၍တော့ မရပေ။

မြောင်ယွဲ့က သိမ်မွေ့သည့်လေသံဖြင့်…

"ဒါပေမဲ့ နဂါးမျိုးနွယ်တွေလည်း သိပ်လွန်လွန်ကျွံကျွံတော့ လုပ်ရဲမယ် မထင်ပါဘူး… ၊ ဝေ့လည်ကြောင်ပတ်နည်းလမ်းနဲ့ပဲ ခွန်လွန်တောင်ကို ချဉ်းကပ်ကြမှာပါပဲ…"

…………………

ပထမတောင်ထွတ်…

ပထမတောင်ထွတ်သို့သွားရာ တောင်ပေါ်လမ်းတစ်နေရာတွင် အဆောင်ငယ်လေးတစ်ခု ရှိနေလေသည်။

ထိုအဆောင်ငယ်လေးထဲတွင် ပထမတောင်ထွတ်၏တောင်သခင် ဖုန်းယီရှောက် ထိုင်နေလေ၏။ တပည့်ဖြစ်သူ လင်အန်းက ဖုန်းယီရှောက်နံဘေးတွင် အလွန်ရိုသေလေးစားသည့်အမူအရာဖြင့် မတ်တတ်ရပ်နေသည်။

လင်အန်းက…

"ဆရာ… ဂိုဏ်းတူညီလေးကျန်းလန်က ပြင်ပလောကကို ခရီးရှည်ထွက်သွားတာလား…"

ဖုန်းယီရှောက်က တည်ငြိမ်စွာဖြင့်…

"ဟုတ်တယ်… ဒါပေမဲ့ နှစ်တစ်ထေယာင် သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို သူ ရသွားတာပဲ… ၊ ဘာမှ စိုးရိမ်စရာမရှိပါဘူး…"

ပြောရင်း ဖုန်းယီရှောက်က နဝမတောင်ထွတ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။

သူ့အတွေး မည်သို့ရှိမည်ကို အခြားသူများ မသိနိုင်ပေ။

လင်အန်းက စိတ်ဝင်တစားဖြင့်…

"ဆရာ… နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားက အဲဒီလောက် အစွမ်းထက်သလား…"

နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအား မည်သို့ ဖြစ်ပေါ်လာသည်ကို သူ သိထားလေသည်။

ထို့နေ့က နဝမတောင်ထွတ်ထက်မှ သက်တံ့ရောင်တိမ်တိုက်များကို တွေ့မြင်သောကြောင့် လင်အန်းက ဆရာဖြစ်သူကို မေးမြန်းရန် တောင်ပေါ်သို့ ပြန်လာခြင်း ဖြစ်သည်။

ဖုန်းယီရှောက်က တည်ငြိမ်အေးဆေးစွာဖြင့်…

"တကယ်တော့ အဲဒီတန်ခိုးစွမ်းအားက မင်းထင်ထားတာထက်ပိုပြီး မြင့်မားလွန်းတယ်… ၊ နဝမတောင်ထွတ်က တောင်သခ င်က အားလုံးကို ဖုံးကွယ်ပေးထားပြီး ကျန်းလန်ကို ထွက်သွားခွင့်ပြုလိုက်တာကိုကြည့်ရင် ဒီခရီးက ကျန်းလန်အတွက် အတော်လေးအရေးကြီးမယ့်ပုံပဲ… ၊ ဒါပေမဲ့ ဒီလို ကံကောင်းတဲ့အခွင့်အရေးမျိုး ရရှိခဲ့ပေမယ့် ကျန်းလန် အင်မော်တယ်ဖြစ်လာမလား ဖြစ်မလာဘူးလားဆိုတာတော့ ဘယ်သူမှ မသိနိုင်တဲ့ကိစ္စပါပဲ…"

လင်အန်းက…

"နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားက ဒီလောက်တန်ခိုးစွမ်းအားမြင့်မားတာ… ၊ ဂိုဏ်းတူညီလေးကျန်းလန် အင်မော်တယ်ဖြစ်လာဖို့ ဘာလို့ မသေချာရတာလဲ…"

နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားက သူထင်ထားသည်ထက်ပိုပြီး တန်ခိုးစွမ်းအားမြင့်မားသည်ဟု ဆရာဖြစ်သူက ပြောခဲ့သည်။

ထိုမျှ တန်ခိုးစွမ်းအားမြင့်မားသည့် ကံကောင်းခြင်းတရားများဖြင့်ဆိုလျှင် အင်မော်တယ်တစ်ပါးဖြစ်လာရန် မခက်ခဲသင့်တော့ပေ။

နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေးက ပါရမီရှင်တစ်ယောက် မဟုတ်သည့်တိုင် ထိုတန်ခိုးစွမ်းအားဖြင့်ဆိုလျှင် အင်မော်တယ်ဖြစ်လာနိုင်ချေရှိသည်။

အင်မော်တယ်ဖြစ်လာရန်က ပုံမှန်ဆိုလျှင် ကျန်းလန်အတွက် ခက်ခဲမည် ဖြစ်သည်။ သို့သော် နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားက အခက်အခဲများကို လျှော့ချပေးနိုင်သည်။

ဖုန်းယီရှောက် အသာမတ်တတ်ရပ်လိုက်ပြီး ကောင်းကင်ထက်မှ အဖြူရောင်တိမ်တိုက်များကို မော့ကြည့်လိုက်သည်။

"အခွင့်အရေးဆိုတာ မိုးစက်တွေလိုပဲ… ၊ မင်းက အိမ်ထဲမှာနေမယ်ဆိုရင် မိုးစိုမှာ မဟုတ်တော့ဘူး… ၊ အဲဒီလိုပဲပေါ့… မင်းက အမိအရ မဖမ်းဆုပ်ဘူးဆိုရင် ဘယ်လိုလုပ် အခွင့်အရေးကို ဘယ်လိုလုပ် ရနိုင်မှာလဲ… ၊ ဒါပေမဲ့ ကျန်းလန်နေရာမှာ အခြားသူတစ်ယောက်ဆိုရင်တော့ ရလဒ်က အတော်လေး ခြားနားသွားလိမ့်မယ်…"

ဆရာဖြစ်သူ၏စကားကို နားလည်သွားသည့်အတွက် လင်အန်း ခေါင်းညိတ်ပြလိုက်သည်။

ဆရာဖြစ်သူဆိုလိုသည်မှာ နှစ်တစ်ထောင်သက်တံ့တိမ်တိုက်တန်ခိုးစွမ်းအားကို ရရှိထားသည့်တိုင် ကျန်းလန်က အခွင့်အရေးကို တကယ်တမ်း ဆုပ်ကိုင်နိုင်ခြင်း ရှိ မရှိကို ပြောရန်ခက်ခဲခြင်း ဖြစ်သည်။

ကံဘယ်လောက်ကောင်းပါစေ အခွင့်အရေးကောင်းကို မဆုပ်ကိုင်နိုင်လျှင် အလကားပင် ဖြစ်သည်။

အတန်ကြာမှ ဖုန်းယီရှောက်က ကောင်းကင်ကိုမော့ကြည့်နေရာမှ အကြည့်လွှဲလိုက်ပြီး လင်အန်းကို မေးလိုက်သည်။

"ဆရာကြားတာတော့… မင်း လုကျန်းကို သွားပြီး စိန်ခေါ်တယ်ဆို… ၊ အခြေအနေဘယ်လိုရှိလဲ…"

လင်အန်း ချက်ချင်းပင် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ရင်း…

"တပည့် ဆရာ့ကို အရှက်ရစေခဲ့ပါပြီ…"

ဖုန်းယီရှောက်က သိမ်မွေ့သည့်လေသံဖြင့်…

"လုကျန်းကို မင်း အနိုင်မယူနိုင်တာ မဆန်းပါဘူး… ဒါကပုံမှန်ပါပဲ… ၊ အင်မော်တယ်လမ်းစဉ်က သွားရမယ့် ခရီးလမ်း ရှည်တယ်လေ…"

ခဏနားပြီးမှ ဖုန်းယီရှောက်က ဆက်ပြောလိုက်သည်။

"နောက်နှစ်နည်းနည်းလောက်ကြာရင် နဂါးမျိုးနွယ်တွေ ရောက်လာကြလိမ့်ဦးမယ်… ၊ အဲဒီအတွက် အစစအရာရာ အသင့်ပြင်ထားပါ… ၊ မင်းကိုယ်မင်း သိပ်ပြီး သိမ်ငယ်မနေပါနဲ့…"

All Chapters