အခန်း (၅၁၁-၅၁၃)
Vol. 35 Ch. 511-513
အခန်း(၅၁၁)
အောင်းထျန်းခွေ့ ပျောက်ကွယ်သွားပြီးနောက်တွင် ကျန်းချန်သည် ခန်းမ၏ အလယ်ဗဟိုဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
သူ၏အကြည့်က သူ့မျက်လုံးတည့်တည့်တွင်ရှိသည့် ကျောက်သလင်း နံရံပေါ်သို့ ရောက်ရှိနေခဲ့၏။
ထိုအခါ ကျောက်သလင်းနံရံပေါ်ရှိ ပုံရိပ်ထဲတွင် ရွှေရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် လေထဲတွင် ဝင့်ကြွားစွာရပ်နေသည်ကို သူတွေ့လိုက်ရသည်။
ထိုအခိုက်တွင် ရွှေရောင်ဝတ်စုံနှင့်လူသည် လေထုထဲသို့ ပြင်းထန်သော လက်ဝါးရိုက်ချက် တချက်ကို ရိုက်ထုတ်လိုက်သည်။
ထိုအခါ ရွှေရောင်အရိပ်၉၉ခုသည် ရွှေရောင်ဝတ်စုံနှင့်လူ၏ ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ရွှေရောင်ဝတ်စုံနှင့် လူထံကနေ ကြုံးဝါးသံများ ထွက်ပေါ်လာခဲ့သည်။
"ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ် ပေါင်းစည်းစမ်း"
သူ၏စကားဆုံးသည်နှင့် ရွှေရောင်ဝတ်စုံနှင့် လူ၏ ရွှေရောင်အရိပ်၉၉ ခုသည် သူ၏ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားခဲ့၏။
ထို့နောက်တွင် ရွှေရောင်ဝတ်စုံနှင့် လူ၏ ခန္ဓာကိုယ်သည်ချက်ချင်းဆိုသလို မြင့်တက်သွားပြီး လေထဲတွင် ဝင့်ကြွားစွာ ရပ်တည်နေခဲ့သည်။
"တောင်တန်းနှင့်မြစ်များလှုပ်ခါ"
"ဟင်းလင်းပြင်ပိုင်းဖြတ်"
"မိုးမြေတိတ်ဆိတ်"
ကျောက်သလင်းနံရံပေါ်ရှိ ပုံရိပ်ထဲတွင် ရွှေရောင်ဝတ်စုံနှင့်လူသည် ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ကို ဆက်တိုက်ဆိုသလို ထုတ်ဖော်ခဲ့သည်။
ထိုနည်းစနစ်ကို ထုတ်ဖော်ပြီးနောက်တွင် ရွှေရောင်ဝတ်စုံနှင့်လူ၏ အရှေ့ရှိ အာကာပြင်၌ အက်ကွဲကြောင်းများ ရုတ်တရက် ဖြစ်ပေါ်လာသည်ကို သူမြင်တွေ့ခဲ့ရ၏။
"ဒါက ကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်တဲ့ ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်လား.. တကယ်ကို အင်အားကြီးမားလွန်းတာပဲ"
ကျောက်သလင်း နံရံပေါ်ရှိ ရွှေရောင်ဝတ်ရုံနဲ့ လူ ပြသခဲ့သည့် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ကို မြင်လျှင် ကျန်းချန်၏ မျက်လုံးထဲတွင် အလွန် အံ့သြ တုန်လှုပ်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဒီကျင့်စဥ်က ဒဏ္ဍာရီလာ ကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်"
သူက ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံနိုင်လျှင် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့်တွင် ဘယ်သူမှ သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။
စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ အချို့ကိုပင် ရင်ဆိုင်နိုင်မည် ဖြစ်သည်။
"ဒင်.. သင်က ကောင်းကင်အဆင့် ကျင့်စဥ် ဖြစ်တဲ့ ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကို လေ့လာပြီး အဆတစ်ရာ စနစ်ကိုလှုံ့ဆော်လိုက်ပါပြီ.. ဒါကြောင့် သင့်အနေနဲ့ အတွေ့အကြုံရမှတ် ၁၀၀ကို အဆ၁၀၀ ရရှိပါတယ်"
ကျန်းချန်က ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်၏ အင်အားကြီးမားခြင်းကြောင့် တုန်လှုပ်ချောက်ချားနေသော အချိန်မှာ အကျွမ်းတဝင်ရှိသည့် သတိပေးချက်တစ်ခုသည် ကျန်းချန်၏ စိတ်ထဲတွင် မြည်လာခဲ့သည်။
"ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်က ထိုက်ရှစစ်ပွဲ အရိပ် ကျင့်စဥ်ထက် နားလည်ဖို့ ပိုပြီး ခက်ခဲတာပဲ"
သူ၏ စိတ်ထဲမှ သတိပေးချက် အသံကို ကြားလျှင် ကျန်းချန်သည် တီးတိုး ရေရွတ်လိုက်သည်။
သူက ထိုက်ရှ စစ်ပွဲအရိပ် ကျင့်စဥ်ကို လေ့လာစဥ်က တစ်မိနစ်အတွင်း အတွေ့အကြုံ ရမှတ် ၁၀၀၀ကို ရရှိနိုင်ခဲ့သည် မဟုတ်ပါလား။
ယခုအခါတွင် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ကို နားလည်ရန်အတွက် အတွေ့အကြုံ ရမှတ် ၁၀၀ သာ ရရှိခဲ့၏။
ယင်းမှာ အဆပေါင်း ၁၀ ဆ ပိုမို နှေးကွေးသည်ဟု ဆိုလိုရာ ရောက်နေခဲ့သည်။
သို့သော်လည်း အဆတစ်ရာ စနစ်ဖြင့် ဆိုလျှင် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ကို အချိန်တိုအတွင်း နားလည်နိုင်မည်ဟု ကျန်းချန် ယုံကြည်မှု ရှိနေဆဲပင်။
"ဒင်.. သင်က ကောင်းကင်အဆင့် ကျင့်စဥ် ဖြစ်တဲ့ ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကို လေ့လာပြီး အဆတစ်ရာ စနစ်ကိုလှုံ့ဆော်လိုက်ပါပြီ.. ဒါကြောင့် သင့်အနေနဲ့ အတွေ့အကြုံရမှတ် ၁၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်က ကောင်းကင်အဆင့် ကျင့်စဥ် ဖြစ်တဲ့ ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကို လေ့လာပြီး အဆတစ်ရာ စနစ်ကိုလှုံ့ဆော်လိုက်ပါပြီ.. ဒါကြောင့် သင့်အနေနဲ့ အတွေ့အကြုံရမှတ် ၁၀၀ကို အဆ၁၀၀ ရရှိပါတယ်"
".............."
ကျန်းချန်က ခန်းမ၏ အလယ်ဗဟိုတွင် တည်ငြိမ်စွာ ရပ်နေခဲ့၏။
သူက သူ့ရှေ့ရှိ ကျောက်သလင်း နံရံကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။
သူ၏ စိတ်ထဲမှ စနစ်၏ သတိပေးချက်များသည် ဆက်လက် မြည်နေခဲ့၏။
ဤသို့ဖြင့် ငါးနာရီက ချက်ချင်း ကုန်ဆုံးသွားခဲ့သည်။
ယင်းကဲ့သို့ အတွေ့အကြုံ ရမှတ်များကို အဆက်မပြတ် ရရှိပြီးနောက်တွင် ကျန်းချန်၏ ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်အပေါ် နားလည်မှုသည် ပိုမို၍ ရှင်းလင်းလာခဲ့၏။
နောက်ထပ် နာရီဝက်က ကုန်ဆုံးသွားခဲ့သည်။
ကျန်းချန်၏ စိတ်ထဲမှ စနစ်၏အသံသည် အဆုံးသတ်တွင် ပြောင်းလဲသွားခဲ့၏။
"ဒင်.. သင်က ကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်တဲ့ ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ကို အောင်မြင်စွာ နားလည်သွားပါပြီ"
"ဒင်.. သင်က ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ရဲ့ ပထမ တိုက်ကွက် ဖြစ်တဲ့ တောင်တန်းနဲ့မြစ်များ လှုပ်ခါစေ တိုက်ကွက်ကို အောင်မြင်စွာ နားလည်သွားပါပြီ"
"နောက်ဆုံးမှာ အောင်မြင်သွားတာလား"
သူ့ စိတ်ထဲမှ သတိပေးချက်ကို ကြားလျှင် အနည်းငယ် ပင်ပန်းနေသည့် ကျန်းချန်၏ မျက်နှာထက်တွင် ဝမ်းသာသည့်အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့၏။
စနစ်၏ အကူအညီဖြင့်ပင် သူသည် အတွေ့အကြုံ ရမှတ်များ ရရှိရန် ငါးနာရီကျော်ကြာ ဆက်တိုက် အချိန်ကုန်ခဲ့ရပြီးမှ ထိုက်ရှဂိုဏ်း၏ တစ်ခုတည်းသော ကောင်းကင်အဆင့် ကျင့်စဥ် ဖြစ်သည့် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်၏ ပထမ တိုက်ကွက်ကို အောင်မြင်စွာ နားလည်သွားခဲ့သည်။
အခန်း(၅၁၁) ပြီး၏
အခန်း(၅၁၂)
ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ကို နားလည်သွားပြီးနောက်တွင် ကျန်းချန်သည် သူဝယ်ယူခဲ့သည့် ခြောက်နာရီက အချိန်တစ်ဝက်နီးပါးခန့် ကုန်ဆုံးသွားသည်ကို တွေ့ရှိခဲ့သည်။
ထို့ကြောင့် သူက ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်၏ အတွေ့အကြုံ ရမှတ်တန်ဖိုးကို ဆက်လက် ရယူရန် စီစဉ်ခဲ့၏။
အဆုံးသတ်ပြောရလျှင် သူ ယခု နားလည်ထားသည့် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်သည် အစပျိုး အဆင့်မှာသာ ရှိနေသေးသည်။
သူ့အနေဖြင့် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်၏ နည်းစနစ် သုံးမျိုးမှ ပထမ တိုက်ကွက်ဖြစ်သည့် "တောင်တန်းနှင့် မြစ်များ လှုပ်ခါစေ" တိုက်ကွက်ကိုသာ အသုံးပြုနိုင်သေး၏။
ဒုတိယ တိုက်ကွက်ဖြစ်သည့်"ဟင်းလင်းပြင်ပိုင်းဖြတ်"တိုက်ကွက်ကို အသုံးပြုချင်လျှင် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ကို အဆင့်တစ်ခုအထိ ကျင့်ကြံရပေမည်။
တတိယ တိုက်ကွက်ဖြစ်သည့် "မိုးမြေ တိတ်ဆိတ်"တိုက်ကွက် အတွက်မူ ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံမှသာ ဖြစ်နိုင်လိမ့်မည် ဖြစ်၏။
"ဒင်.. သင်က ကောင်းကင်အဆင့် ကျင့်စဥ် ဖြစ်တဲ့ ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကို လေ့လာပြီး အတွေ့အကြုံရမှတ် ၁၀၀ကို အဆ၁၀၀ ရရှိပါတယ်"
"............"
အတွေ့အကြုံရမှတ် အနည်းငယ်သာ ရရှိသည့် စိတ်ထဲမှ သတိပေးချက် အသံကို ကြားလျှင် ကျန်းချန် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
သူက ကျောက်သလင်း နံရံကို ကြည့်ခြင်းအားဖြင့် ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ကို အလျင်အမြန် မြှင့်တင်ချင်သော်လည်း တစ်ကြိမ်လျှင် အတွေ့အကြုံ ရမှတ် အနည်းငယ်ကိုသာ ရရှိခဲ့၏။
သူ့တွင် စနစ်၏ အဆတစ်ရာ အတွေ့အကြုံ အပိုဆု ရှိလျှင်ပင် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ကို ပြီးပြည့်စုံသော နယ်ပယ် အဆင့်အထိ မြှင့်တင်ရန် အချိန်အများကြီး လိုအပ်လိမ့်မည် ဖြစ်သည်။
ကျန်းချန်က အတွေ့အကြုံ ရမှတ် အနည်းငယ်သာ ရရှိ၍ စိတ်ပျက်နေသော အချိန်တွင် သူ၏ အမှတ်အသား တံဆိပ်ပြားသည် မှိန်ဖျော့ဖျော့ အလင်းရောင်နှင့်အတူ တုန်ခါလာခဲ့၏။
"အတွင်းစည်း အဆင့် ၁၆ဖြစ်တဲ့ လီရှန်းတုံက မင်းကို စိန်ခေါ်နေတယ်.. ပြိုင်ပွဲ စင်မြင့်ဆီကို အရောက်လာခဲ့ပေးပါ"
အမှတ်အသား တံဆိပ်ပြားပေါ်မှ သတင်းကို ရရှိပြီးနောက်တွင် ကျန်းချန်သည် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ပေ။
လီရှန်းတုံသည် အတွင်းစည်း အဆင့် ၁၆ တွင် အဆင့်သတ်မှတ်ခံထားရသူ ဖြစ်၏။
၎င်းက အဆင့် ၂၈ မှ သူ့ကို မည်သို့သော အကြောင်းကိစ္စဖြင့် စိန်ခေါ်ခဲ့ပါသနည်း။
ကျန်းချန်ကို ပိုပြီး စိတ်ရှုပ်ထွေးစေသည့် အရာမှာ ဂိုဏ်းက သူ့ကို တံဆိပ်ပြားကနေ အကြောင်းကြားခဲ့၍ သူ့အနေဖြင့် ဤစိန်ခေါ်မှုကို ငြင်းဆန်ဖို့ မဖြစ်နိုင်ခြင်းပင်။
ကျန်းချန်၏ မှတ်ဉာဏ်ထဲတွင် အဆင့်နိမ့်သည့် တပည့်သည် မိမိထက် အဆင့်မြင့်သည့် တပည့်ကို စိန်ခေါ်သည့်အခါ အဆင့်မြင့် တပည့်သည် ငြင်းဆန်၍ မရပေ။
သို့သော် လီရှန်းတုံသည် သူ့ထက် အဆင့် ၁၂ ဆင့် မြင့်မားသူဖြစ်သော်လည်း သူ့တွင် လီရှန်းတုံ၏ စိန်ခေါ်မှုကို ငြင်းဆန်ဖို့ အခွင့်အရေး မရှိချေ။
"ဘာတွေ ဖြစ်နေတာလဲ"
ကျန်းချန်၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
ထို့နောက်တွင် ချက်ချင်းဆိုသလို ထျန်းဝူ ကျောင်းဆောင်၏ တတိယထပ်ကနေ ပျောက်ကွယ်သွားခဲ့၏။
ဆယ်မိနစ်ကျော် ကြာပြီးနောက်တွင် ကျန်းချန်သည် အတွင်းစည်းရှိ ပြိုင်ပွဲ စင်မြင့်ဆီသို့ ရောက်ရှိလာခဲ့သည်။
"ကြည့်စမ်း.. ဟိုမှာ ကျန်းချန် ရောက်လာပြီ"
"ဒီကောင်က အရူးလား.. သူက လီရှန်းတုံရဲ့ စိန်ခေါ်မှုကို တကယ်ပဲ လက်ခံရဲတယ်"
"လီရှန်းတုံက ဒီကောင်လေးရဲ့ အဋ္ဌမထပ်က အခန်းကို အလိုရှိနေတယ်လို့ကြားတယ်"
"ဒီလိုကိုး.. ဒီကောင်တော့ ကံဆိုးတော့မယ်ထင်တယ်"
"............"
လူတိုင်းက အားကစားကွင်းဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းလာသည့် ကျန်းချန်ကို ကရုဏာသက်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ထိုက်ရှဂိုဏ်း၏ ကောင်းကင်စာရင်းအတွက် တိုက်ပွဲက စတော့မည် ဖြစ်၍ ထိပ်တန်းအဆင့် အတွင်းစည်း တပည့် အများအပြားသည် လာမည့် အဆင့်သတ်မှတ် တိုက်ပွဲအတွက် အပြင်းအထန် လေ့ကျင့်နေကြသည်။
ထို့ကြောင့် ထိုက်ရှနတ်မျှော်စင်မှ အဆင့်မြင့် အခန်းများအတွက် စိန်ခေါ်သော ပြိုင်ပွဲများသည် အလွန်ပင် ပြင်းထန်လာခဲ့၏။
အဆင့် ၂၈ အဖြစ် သတ်မှတ်ခံထားရသည့် ကျန်းချန်က အဋ္ဌမထပ်မှ အခန်းကို သိမ်းပိုက်ထားသည်မှာ သဘာဝအားဖြင့် လူအများအပြားကို လောဘတက်စေခဲ့သည်။
ဆိုရလျှင် သူတို့၏ ရှေ့မှ လီရှန်းတုံသည်လည်း ထိုကိစ္စအတွက် ရောက်ရှိလာပုံပင်။
ပတ်ဝန်းကျင်မှ ဆွေးနွေးသည့် အသံများကို ကြားပြီးနောက်တွင် ကျန်းချန်က အေးစက်စက် ပြုံးလိုက်၏။
သူက ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သည့် အကြည့်များကို တိုက်ရိုက် ကြည့်ခဲ့သည်။
ထို့နောက် ဖြည်းညင်းစွာဖြင့် ပြိုင်ပွဲ စင်မြင့်ဆီသို့ လျှောက်သွားခဲ့၏။
"ကျန်းချန်.. မင်း နောက်ဆုံးတော့ ရောက်လာပြီပေါ့"
"ဒီနေ့ ငါက ထိုက်ရှနတ်မျှော်စင်ရဲ့ အဋ္ဌမထပ် အခန်းအတွက် ရောက်ရှိလာခဲ့တာပဲ.. မင်းသာ အခြေအနေ နားလည်တဲ့သူဆိုရင် ကျေးဇူးပြုပြီး ငါ့ကို မင်းရဲ့အခန်းပေးလိုက်ပါ"
ကျန်းချန်က ဖြည်းညင်းစွာဖြင့် စင်ပေါ်သို့ လျှောက်တက်လာသည်ကို ကြည့်ပြီး စင်မြင့်ပေါ်တွင် ဝင့်ကြွားစွာ ရပ်နေသည့် အဖြူရောင် ဝတ်စုံဝတ် လူငယ်သည် ကျန်းချန်ကို မထီမဲ့မြင် တစ်ချက် ကြည့်ခဲ့၏။
အစောပိုင်းမှအသံမှာ ထိုလူငယ်၏ အသံဖြစ်ကြောင်း သံသယဖြစ်စရာပင် မလိုပေ။
"ဟားဟား... ငါက ငါ့ရဲ့အခန်းကို မင်းဆီပေးရအောင် မင်းက ထိုက်တန်မှု ရှိလို့လား"
ကျန်းချန်က မထီတရီ ပြုံးလိုက်၏။
ယင်းနောက် သူ၏ မောက်မာသော အသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
"မင်း ငါ့ကို စိန်ခေါ်တော့မှာ မဟုတ်လား.. တိုက်ချင်ရင် မြန်မြန်လေး တိုက်စမ်းပါ.. ဘာလို့အပိုစကားတွေ ပြောနေတာလဲ"
အခန်း(၅၁၂) ပြီး၏
အခန်း(၅၁၃)
"မင်းက အကောင်းဆုံး ဝိုင်အရသာကို မခံစားဘဲ အဆိပ်ခွက်ကို ငုံ့သောက်နေတဲ့ လူမိုက်ပဲ"
လီရှန်းတုံ၏ မျက်ဝန်းတွင် ရေခဲလို အေးစက်စက် အငွေ့အသက်များ ယှက်သန်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့်၏ အရှိန်အဝါသည် လေထုထဲတွင် ပြင်းထန်စွာ ပျံ့နှံ့လာခဲ့၏။
ခဏအကြာတွင် သူ့လက်ဖဝါး လှုပ်ရှားသွားသည်နှင့် အမျှ လျှပ်စီးရောင်များ တလက်လက် တောက်ပနေသည့် ဓားရှည်တစ်လက်သည် လေထုထဲကနေ သူ့လက်ထဲကို ရုတ်တရက် ရောက်ရှိလာခဲ့သည်။
လီရှန်းတုံက ဓားကို ခိုင်မာစွာ ဆုပ်ကိုင်၍ ဝှေ့ရမ်းလိုက်ရာ မရေမတွက်နိုင်သည့် လျှပ်စီးများသည် ကောင်းကင်ဆီသို့ တဟုန်ထိုး ရောက်ရှိသွားခဲ့၏။
တစ်ခဏအတွင်း ပြိုင်ပွဲစင်မြင့်၏ အထက် ကောင်းကင်ယံတွင် လျှပ်စီးများသည် ကြမ်းတမ်းသော လှိုင်းလုံးများ ထန်လာသလိုမျိုး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
"ဒါ... ဒါက မြေကြီးအဆင့် ကျင့်စဥ် ဖြစ်တဲ့ ရူးသွပ် လျှပ်စီး ဓားနည်းစနစ်ပဲ"
"အတွင်းစည်းရဲ့ အဆင့် ၁၆နဲ့ တကယ်ပဲ ထိုက်တန်ပါပေတယ်.. ဒီလောက် ခက်ခဲတဲ့ ကျင့်စဥ်ကိုတောင် သူ တကယ်ပဲ ကျင့်နိုင်ခဲ့တယ်"
လီရှန်းတုံ၏ စွမ်းရည်ကို မြင်လျှင် ပတ်ဝန်းကျင်ရှိ ပရိသတ်အများအပြားသည် အံ့သြတကြီး ဖြစ်ကာ အာမေဋိတ်သံများ ပြိုင်တူ ထွက်ပေါ်လာကြသည်။
မြေကြီးအဆင့် ကျင့်စဥ်၊ 'ရူးသွပ် လျှပ်စီး ဓားနည်းစနစ်'။
ဤနည်းစနစ်က 'ထိုက်ရှစစ်ပွဲအရိပ်' ကျင့်စဥ် ကဲ့သို့ အခက်ခဲဆုံး ကျင့်စဥ်များထဲက တစ်ခု ဖြစ်၏။
"ကျန်းချန်... ငါ့ရဲ့ 'ရူးသွပ် လျှပ်စီး ဓားနည်းစနစ်'အရသာကို မြည်းကြည့်စမ်း"
လီရှန်းတုံက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်ရင်း ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ လျှပ်စီးလက်သလို မြန်ဆန်သည့် တိုက်ခိုက်မှုသည် ကျန်းချန်ဆီသို့ တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့သည်။
ထက်မြသော ငွေရောင်ဓားအလင်းသည် လျှပ်စီးကဲ့သို့ ကျန်းချန်ဆီ ပြင်းထန်စွာ တိုးဝင်လာခဲ့၏။
သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ကွင်းထဲရှိ လူအများအပြားသည် ခေါင်းကို တသွင်သွင် ခါယမ်းနေမိကြသည်။
ကျန်းချန်က မသေလျှင်ပင် ဒဏ်ရာ အပြင်းအထန်ရရှိမှာ သေချာသည်ဟု သူတို့ ထင်ခဲ့ကြ၏။
"ဟားဟား"
"ဒါက မြေကြီးအဆင့် ကျင့်စဥ်လေးပါပဲ.. မင်းက ငါ့ရှေ့မှာ ဒီလောက်လေးနဲ့ ဟိတ်ဟန်ထုတ်နေတာ မရှက်ဘူးလား"
ကျန်းချန်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်၏။
ထို့နောက်တွင် သူက သူ၏ ညာဘက်လက်သီးဖြင့် သူ့ဆီသို့ တိုးဝင်လာသည့် ဓားအလင်းကို ရင်ဆိုင်လိုက်သည်။
"တောင်တန်းနဲ့မြစ်များ လှုပ်ခါစေ"
ကျန်းချန်က 'ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်'၏ တိုက်ကွက်သုံးကွက်လုံးကို မသုံးနိုင်သေးပေ။
သို့သော်လည်း ပထမတိုက်ကွက်၏ အင်အားသည် သူ့ရှေ့မှ လူငယ်ကို ချေမှုန်းဖို့ လုံလောက်နေပြီ ဖြစ်သည်။
"ဝုန်း"
ကျန်းချန်ထံမှ သာမန်မဟုတ်သည့် လက်သီးချက် ထွက်ပေါ်လာသည်နှင့်အမျှ လေထုထဲတွင် ပြင်းထန်သည့် လေလှိုင်း တုန်ခါမှုတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။
နောက်ထပ် တစ်ခဏတွင် ကျန်းချန်ဆီသို့ ပြင်းထန်စွာ တိုးဝင်လာသည့် ငွေရောင်ဓားအလင်းသည် ရုတ်တရက် တုန်ယင်သွားပြီး ချက်ချင်းဆိုသလို ငွေရောင် အမှုန်အမွှားလေးများအဖြစ် ပြောင်းလဲကာ ပျက်စီးသွားခဲ့သည်။
ငွေရောင်ဓားအလင်း ပျက်စီးသွားသော အချိန်မှာပင် လီရှန်းတုံသည် ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။
ယင်းနောက်တွင် သူ၏ တစ်ကိုယ်လုံးသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် နောက်ပြန် လွင့်စင်သွားခဲ့သည်။
လီရှန်းတုံက စင်မြင့်ကနေ လွင့်စင်ကျသွားပြီး ငြိမ်သက်သွားသည်ကို မြင်လိုက်ရလျှင် ပြိုင်ပွဲ ကွင်းပြင် တစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။
လူတိုင်းသည် မယုံကြည်နိုင်လောက်အောင် အံ့သြ တုန်လှုပ်သော အကြည့်များဖြင့် ကျန်းချန်ကို ငေးကြည့်နေကြသည်။
"သူက လက်သီးတစ်ချက်တည်းနဲ့ လီရှန်းတုံကို အနိုင်ယူလိုက်တာလား"
သူတို့ကို ပိုပြီး တုန်လှုပ်စေသည်မှာ ကျန်းချန်၏ လက်သီးချက်တွင် မည်သည့် စွမ်းအင်လှိုင်း တုန်ခါမှုမျိုးကိုမှ သူတို့ မခံစားမိခြင်းပင်။
ဤကဲ့သို့ သာမန်လက်သီးချက်ဖြင့် မြေကြီး အဆင့် ကျင့်စဉ်ဖြစ်သည့် 'ရူးသွပ် လျှပ်စီး ဓားနည်းစနစ်' ကို အသုံးပြုခဲ့သော လီရှန်းတုံကို အလွယ်တကူ အနိုင်ရခဲ့ပါသလော။
"ကျန်းချန်၏ လက်သီးချက်က တကယ်ကို မယုံနိုင်စရာ ကောင်းလွန်းတယ်"
စင်မြင့် အလယ်တွင် မာန်ပါပါ ရပ်နေသည့် ကျန်းချန်နှင့် မြေပြင်ထက်တွင် လဲကျနေသော လီရှန်းတုံကို ကြည့်ရင်း စင်မြင့်ပေါ်ရှိ ကြီးကြပ်ရေးမှူး၏ မျက်လုံးထဲတွင် အံ့သြ တုန်လှုပ်သည့် အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။
စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် အဆင့် ကျင့်ကြံသူ တစ်ယောက်အနေဖြင့် သူ၏ အာရုံခံနိုင်စွမ်းသည် ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများထက် သဘာဝအားဖြင့် များစွာ ပိုထက်မြက်၏။
ကျန်းချန် အခုလေးတင် ထုတ်ဖော်ခဲ့သည့် လက်သီးချက်တွင် ကောင်းကင်အဆင့် ကျင့်စဉ် ဖြစ်သည့် 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ကျင့်စဥ်၏ အငွေ့အသက်ကို သူ အနည်းငယ် ခံစားမိခဲ့သည်။
ကျန်းချန်သည် 'ထိုက်ရှတိုက်ခိုက်ရေးအရိပ်' ကျင့်စဥ်ကို ပြီးပြည့်စုံသော အဆင့်အထိ လေ့ကျင့်ထား၍ ကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်သည့် ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ် ကျင့်စဥ်၏ အနှစ်သာရကို နားလည်ရန် အရည်အချင်းရှိမှန်း သူ ကောင်းစွာသိသည်။
ကျန်းချန်က ဤမျှလောက် အချိန်တိုအတွင်း'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ကျင့်စဥ်၏ အနှစ်သာရကို နားလည်နိုင်မည်ဟု သူ မထင်ထားခဲ့ပေ။
ပို၍ လက်ဖျားခါစရာမှာ တိုက်ပွဲတွင်ပါ အသုံးပြုသွားခြင်းပင်။
"ဒီကောင်လေးက တကယ်ကို သာမန်အသိနဲ့ ဖော်ပြလို့မရတဲ့မွန်းစတား တစ်ကောင်ပဲ"
အခန်း(၅၁၃) ပြီး၏