← Chapters

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း(၅၁၄)

လီရှန်းတုံကို လက်သီးတစ်ချက်တည်းဖြင့် အဆုံးသတ်လိုက်ပြီးနောက် ကျန်းချန်သည် မရေမတွက်နိုင်သော အံ့အားသင့်တုန်လှုပ်နေသည့် အကြည့်များ အောက်မှာပင် ထိုနေရာမှ တည်ငြိမ်စွာ ထွက်ခွာလာခဲ့သည်။

သူက ထိုက်ရှနတ်မျှော်စင်သို့ ပြန်ရောက်လာပြီးနောက် ဂုဏ်ကျက်သရေ အမှတ် တစ်သိန်းကို မနှမြောဘဲ သုံးစွဲခဲ့ပြီး သူ၏ အခန်းကို နောက်ထပ် သုံးလ သက်တမ်းတိုးလိုက်၏။

ကျန်းချန်က တံခါးပိတ် လေ့ကျင့်ရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

သူ့စိတ်ထဲတွင် မကြာခင် ရောက်လာတော့မည့် ကောင်းကင်စာရင်းအတွက် အဆင့်သတ်မှတ် တိုက်ပွဲကိုသာ စောင့်မျှော်နေခဲ့၏။

အချိန်က တိတ်တဆိတ်ဖြင့် ဖြည်းညင်းစွာ စီးဆင်းသွားခဲ့သည်။

တခဏ အတွင်း နှစ်လဆိုသော အချိန်ကာလသည် လေထဲက အငွေ့အသက်လို ပျောက်ကွယ်သွားခဲ့၏။

ဤနှစ်လအတွင်း ကျန်းချန်သည် သူ၏ အားလပ်ချိန်အားလုံးနီးပါးကို ကောင်းကင်အဆင့် ကျင့်စဉ်ဖြစ်သည့် 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ကျင့်စဥ်ကို လေ့ကျင့်ရင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။

'ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်'ကျင့်စဥ်ကို ပို၍ ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်နိုင်ဖို့အတွက် ကျန်းချန်သည် မကြာခဏဆိုသလို သူလေ့ကျင့်နေကျ နေရာဖြစ်သည့် ကျုံးယွဲ့ ချိုင့်ဝှမ်းဆီသို့ သွားရောက်ခဲ့ပြီး သူ၏ လေ့ကျင့်မှုအဆင့်ကို တတိယအဆင့်အထိ တိုးမြှင့်ခဲ့သည်။

ယင်းသို့ အားစိုက်ထုတ်ကာ လေ့ကျင့်မှု၏ ရလဒ်အဖြစ် ကျန်းချန်၏ 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ကျင့်စဥ်သည် ယခင်ကထက် အဆပေါင်းများစွာ တိုးတက်လာခဲ့၏။

"နောက်လဆိုရင် ကောင်းကင်စာရင်းအတွက် အဆင့်သတ်မှတ်ခြင်း တိုက်ပွဲ စတင်တော့မယ်...ဒီမတိုင်ခင်မှာ တတ်နိုင်သလောက် တိုးတက်မှုရအောင် ကြိုးစားရမယ်"

ကျန်းချန်၏ မျက်ဝန်းများက တောက်ပလာခဲ့သည်။

သူက'ထိုက်ရှ တိုက်ခိုက်ရေးခန္ဓာကိုယ်'ကျင့်စဥ်ကို ဆက်လက် လေ့ကျင့်ဖို့ ပြင်ဆင်နေသော အချိန်မှာပင် သူ၏ အမှတ်အသား တံဆိပ်ပြားမှတဆင့် ရုတ်တရက် အရေးပေါ် သတင်းစကားတစ်ခု ရောက်ရှိလာခဲ့သည်။

"ကောင်းကင်စာရင်းအတွက် အဆင့်သတ်မှတ်ချက် တိုက်ပွဲကို အချိန်မတိုင်ခင် စတင်လိုက်ပြီ... ထိပ်တန်း အတွင်းစည်း တပည့် အယောက် ၅၀က ထျန်းလုံချိုင့်ဝှမ်းမှာ အမြန်ဆုံး လာရောက် စုစည်းရမယ်"

"ကောင်းကင်စာရင်းအတွက် အဆင့်သတ်မှတ်ချက် တိုက်ပွဲကို အချိန်မတိုင်ခင်မှာ စတင်လိုက်တာလား"

ကျန်းချန်က သူ၏ အမှတ်အသား တံဆိပ်ပြားထဲမှ သတင်းစကားကို ရရှိလိုက်သည့်အခါ အံ့သြသော မျက်နှာထား ဖြစ်ပေါ်လာခဲ့သည်။

သူ၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်ပေါက်လာသော်လည်း ကျန်းချန်က ဘာမှ တွေးနေဖို့ အချိန်မရှိခဲ့ပေ။

သူက ချက်ချင်းပင် ထရပ်လိုက်ပြီး လျှပ်တစ်ပြက် ထွက်ခွာသွားခဲ့သည်။

ထျန်းလုံချိုင့်ဝှမ်း။

ယင်းက ထိုက်ရှဂိုဏ်း အတွင်းစည်းရှိ တားမြစ်နယ်မြေ တစ်ခုဖြစ်ပြီး ကောင်းကင်စာရင်း တိုက်ပွဲ ကျင်းပရန် အတွက် သီးသန့် သတ်မှတ်ထားသည့် နေရာတစ်ခုလည်း ဖြစ်၏။

ထို့အပြင် ထိုနေရာသည် ငါးနှစ်တွင် တစ်ကြိမ်သာ ဖွင့်လှစ်လေ့ရှိသည်။

မကြာခင်မှာပင် ကျန်းချန်သည် ထျန်းလုံချိုင့်ဝှမ်း၏ ကွင်းပြင်တစ်ခုဆီသို့ ရောက်ရှိသွားခဲ့၏။

ထိုအခါ အတွင်းစည်း တပည့် ရာနဲ့ချီပြီး ထိုနေရာတွင် စုဝေးနေသည်ကို သူတွေ့လိုက်ရသည်။

ထိပ်တန်း အတွင်းစည်း တပည့် အယောက် ၅၀ သာ ကောင်းကင်စာရင်း တိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီကြ၏။

ထို့ကြောင့် အတွင်းစည်း တပည့် အများစုသည့် ကောင်းကင်စာရင်း တိုက်ပွဲ၏ မြင်ကွင်းကို တစ်ချက်လေးပင် လက်လွတ်မခံချင်ကြပေ။

သူတို့က ထိုက်ရှဂိုဏ်း၏ ကောင်းကင်စာရင်းဝင် တပည့်အသစ်များ မွေးဖွားလာသည်ကို မျက်မြင် တွေ့ချင်နေကြ၏။

"ညီနောင်ကျန်းချန်.. မင်း ရောက်လာပြီပဲ"

ကွင်းပြင်ထဲကို ရောက်လာသည့် ကျန်းချန်ကို မြင်လျှင် လဲ့ကွမ်းယန်နှင့် လင်းထျန်ကျုံးတို့က ပြုံးရွှင်စွာ လျှောက်လာပြီး နှုတ်ဆက်လိုက်ကြသည်။

ကျန်းချန်က ခေါင်းညိတ်၍ ပြုံးပြရင်း ပြန်ပြောလိုက်၏။

"မင်းတို့လည်း ရောက်နေကြတာလား"

"ညီနောင် ကျန်းချန်ကို အားပေးဖို့ ငါတို့က ဒီကို ရောက်လာတာပါ.. ညီနောင် ကျန်းချန် ကောင်းကင်စာရင်းဝင် တပည့်တစ်ယောက် ဖြစ်လာတာကို မျက်မြင်တွေ့ချင်တာလည်း ပါတာပေါ့"

လင်းထျန်းကျုံးက ပြုံး၍ ပြောလိုက်သည်။

"ညီနောင် ကျန်းချန်က ငါ့ကို တကယ်ပဲ အရှက်ရစေတယ်.. ညီနောင်ကျန်းချန်က ဂိုဏ်းထဲကို ဝင်လာတာ ခြောက်လ မပြည့်သေးခင်မှာပဲ ထိပ်တန်းတပည့်တစ်ယောက် ဖြစ်လာဖို့ အင်အားရှိနေခဲ့ပြီ"

လဲ့ကွမ်းယန်ကလည်း အံ့သြသော လေသံဖြင့် ပြောလိုက်သည်။

ဤခြောက်လအတွင်း လဲ့ကွမ်းယန်သည် ကျန်းချန် မည်မျှအထိ လျင်မြန်စွာ တိုးတက်လာခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရ၏။

ယနေ့တွင် ကျန်းချန်သည် အတွင်းစည်း အဆင့် ၁၆ နေရာတွင်ရှိသည့် လီရှန်းတုံကို အနိုင်ယူနိုင်သည်အထိ ကြောက်မက်ဖွယ်ရာ အင်အားကို ပိုင်ဆိုင်ထားခဲ့သည်။

မည်သည့် အနှောင့်အယှက်မှ မရှိခဲ့လျှင် ဤတစ်ကြိမ် ကောင်းကင်စာရင်းဝင် တပည့်စာရင်းတွင် ကျန်းချန်အတွက် နေရာတစ်နေရာ သေချာပေါက် ရှိနေမည် ဖြစ်၏။

ကျန်းချန်တို့ စကားပြောဆိုနေသော အချိန်တွင် ကွင်းပြင်ထဲရှိ လူအုပ်ကြီးသည် တဖြည်းဖြည်း ပိုများလာခဲ့သည်။

သိပ်မကြာခင်မှာပင် အစစ်အမှန် တပည့် ငါးယောက်မှလွဲ၍ အတွင်းစည်း သားတော် သုံးပါးအပါအဝင် အတွင်းစည်း တပည့်အားလုံး တစ်ယောက်ပြီး တစ်ယောက် ပေါ်လာခဲ့၏။

"ဘာလို့ အစစ်အမှန် တပည့် ငါးယောက်က ရောက်မလာသေးတာလဲ"

ကျန်းချန်က ထိုအကြောင်းကို တွေးတောနေသည့် အချိန်မှာပင် ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုသည် ကွင်းပြင်ကို ချက်ချင်းဆိုသလို ကြီးစိုးသွားခဲ့သည်။

မကြာခင်မှာပင် သွေး အငွေ့အသက်များကို ထုတ်လွှတ်နေသည့် အနက်ရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် လေထဲကနေ တိုက်ရိုက် ဆင်းသက်လာသည်ကို လူတိုင်း မြင်လိုက်ရ၏။

တစ်ချိန်တည်းမှာပင် တည်ငြိမ်ပြီး အာဏာသံပါသော အသံတစ်သံသည် လူတိုင်း၏ နားထဲကို ချက်ချင်း စီးဝင်လာခဲ့သည်။

"ငါဟာ ထိုက်ရှဂိုဏ်းရဲ့ စတုတ္ထ အကြီးအကဲ မိုကျွင်းပဲ.. ဒီနေ့ ကျင်းပမဲ့ ကောင်းကင်စာရင်း အတွက် အဆင့်သတ်မှတ် ပြိုင်ပွဲကို ကြီးကြပ်ဖို့ ငါတာဝန်ယူထားတယ်"

"အခု ငါက ကောင်းကင်စာရင်း အတွက် အဆင့်သတ်မှတ်ပြိုင်ပွဲကို စတင်ပြီလို့ တရားဝင် ကြေညာလိုက်တယ်"

အခန်း(၅၁၄) ပြီး၏

အခန်း(၅၁၅)

စတုတ္ထ အကြီးအကဲ မိုကျွင်း၏ တည်ငြိမ်သော လေသံသည် လေထုထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။

ခဏအကြာတွင် မိုကျွင်းက သူ၏ လက်ဝါးကို ရုတ်တရက် လှုပ်ရှားလိုက်ရာ ကွင်းပြင် တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

"ဝုန်း"

လေထုထဲတွင် ကျယ်လောင်သော တုန်ဟီးသံကြီး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် နက်မှောင်သော ကျောက်တိုင်ကြီးတစ်ခုသည် မြေပြင်အောက်ကနေ ရုတ်ခြည်း ထိုးထွက်လာခဲ့၏။

၎င်းက အချင်းအားဖြင့် မီတာတစ်ဆယ်ရှိသည့် စက်ဝိုင်းပုံသဏ္ဌာန် ကျောက်တိုင်ကြီးတစ်ခု ဖြစ်ပြီး ကျောက်တိုင်၏ ပတ်ပတ်လည်တွင် အသက်ဝင်လှသည့် နဂါးရုပ်တုများကို ထွင်းထုထားသည်။

ကျောက်တိုင်တစ်ခုလုံးက ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့၏။

ထိုကျောက်တိုင်က မြေပြင်အထက် ငါးမီတာလောက် အမြင့်အထိ မြင့်တက်လာပြီးသည့်နောက်တွင် နောက်ထပ် ကျယ်လောင်သော ဆူညံသံကြီးတစ်ခုသည် ကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားပြန်သည်။

အစောပိုင်းက ထွက်ပေါ်လာသော ကျောက်တိုင်၏ ဘေးနားတွင် အတိအကျ ပုံစံတူသည့် နောက်ထပ် ကျောက်တိုင်တစ်ခုသည် မြေပြင်အောက်ကနေ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့၏။

အလွန်လျင်မြန်စွာပင် တတိယနှင့် စတုတ္ထ ကျောက်တိုင်များလည်း ထွက်ပေါ်လာကြသည်။

တခဏ အတွင်းမှာပင် ကျောက်တိုင် အခုနှစ်ဆယ်သည် လူတိုင်း၏ မြင်ကွင်းထဲသို့ ရောက်လာခဲ့၏။

တစ်ခုတည်းသော ကွာခြားချက်မှာ မြေပြင်ပေါ်သို့ ပေါ်ထွက်လာသည့် ကျောက်တိုင်နှစ်ဆယ်၏ အမြင့်သည် တစ်ခုထက်တစ်ခု ပိုမို မြင့်မားနေခြင်းပင်။

အထူးသဖြင့် နောက်ဆုံး ကျောက်တိုင်ငါးခုသည် မီတာနှစ်ဆယ်ကျော် အမြင့်ကိုပင် ရောက်ရှိနေပြီး အလွန်ပင် ထင်ရှားနေခြင်း ဖြစ်၏။

"ဒါ...ဒါက ဒဏ္ဍာရီထဲက 'ထျန်းလုံကျောက်တိုင်'တွေလား.. တကယ်ကို ခမ်းနားလွန်းတာပဲ"

"ခမ်းနားရုံတင် မဟုတ်ဘူး.. ထျန်းလုံကျောက်တိုင် တစ်ခုစီမှာ မယုံကြည်နိုင်လောက်တဲ့ လျှို့ဝှက်စွမ်းအင်တွေ ပါဝင်တယ်လို့ ပြောကြတယ်.. ကောင်းကင်စာရင်း အတွက် တိုက်ပွဲမှာ အနိုင်ရသရွေ့ 'ထျန်းလုံကျောက်တိုင်'ဆီကနေ ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်တယ်တဲ့"

"အိုး.. တကယ်ပဲ မနာလိုစရာကောင်းလိုက်တာ.. ငါတို့တွေ အနာဂတ်မှာ ဒီလိုပြိုင်ပွဲမျိုးကို ပါဝင်ခွင့်ရပါ့မလား"

".............."

ကွင်းပြင်၏ အလယ်ဗဟိုတွင် ရုတ်တရက် ပေါ်လာသည့် ကျောက်တိုင်နှစ်ဆယ်ကို မြင်လိုက်ရလျှင် တပည့်အများအပြားသည် အံ့သြတကြီးဖြင့် ပါးစပ်အဟောင်းသားများ ဖြစ်သွားကြ၏။

"ထျန်းလုံကျောက်တိုင်' နှစ်ဆယ်က ကောင်းကင်စာရင်းဝင် တပည့်နှစ်ဆယ်ရဲ့ နေရာတွေကို ကိုယ်စားပြုတယ်"

"အခု ကောင်းကင်စာရင်း တိုက်ပွဲရဲ့ ပထမအဆင့်ကို စတင်မယ်...ကောင်းကင်စာရင်း တိုက်ပွဲမှာ ပါဝင်တဲ့ တပည့်တွေ အနေနဲ့ ကိုယ့်ရဲ့ စွမ်းရည်နဲ့ လိုက်ဖက်မဲ့ ထျန်းလုံကျောက်တိုင် တစ်ခုကို သိမ်းပိုက်ပါ"

စတုတ္ထ အကြီးအကဲ၏ တည်ငြိမ်သော လေသံသည် လေထဲတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားခဲ့၏။

စတုတ္ထ အကြီးအကဲ၏ စကားသံအဆုံးတွင် မရေမတွက်နိုင်သည့် အရိပ်များသည် လေထဲသို့ တဟုန်ထိုး ပျံသန်းသွားပြီး 'ထျန်းလုံကျောက်တိုင်' နှစ်ဆယ်ဆီကို တိုက်ရိုက် ဦးတည်သွားကြသည်။

တခဏအတွင်း အရိပ်နှစ်ခုသည် 'တျန်းလုံကျောက်တိုင်' တစ်ခု၏ အထက်တွင် နေရာယူပြီးသား ဖြစ်သွားခဲ့၏။

ထိုနှစ်ယောက်ထဲမှ တစ်ယောက်သည် ကျန်းချန်နှင့် ရင်းနှီးပြီးသားဖြစ်သည့် လမ်ထျန်းဟန် ဖြစ်သည်။

-----------

"ငါ့ရှေ့ကနေ ဖယ်ကြစမ်း"

တုံဖန်းဟော်က ကြောက်မက်ဖွယ် ပူပြင်းသော စွမ်းအင်များကို ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်မှ အတွင်းစည်း တပည့်များကို အနည်းငယ် တုန်လှုပ်သွားစေခဲ့၏။

ထို့နောက် သူက လမ်ထျန်းဟန်၏ ဘေးရှိ ကျောက်တိုင်တစ်ခုပေါ်သို့ တိုက်ရိုက် ခုန်တက်သွားခဲ့သည်။

ဤအချိန်တွင် ပါဝင်ယှဉ်ပြိုင်နေသည့် တပည့်အားလုံးသည် သူတို့တွင် ရှိသမျှ အင်အားများကို အကုန်အစင် ထုတ်သုံးကာ ဤ'ထျန်းလုံကျောက်တိုင်' နှစ်ဆယ်တွင် နေရာတစ်နေရာကို အပိုင်သိမ်းချင်နေကြ၏။

ကွင်းပြင်ထဲရှိ အခြေအနေကို စောင့်ကြည့်နေသည့် ကျန်းချန်သည် သူ့ရှေ့ရှိ ထျန်းလုံကျောက်တိုင် ဆယ့်ငါးခုတွင် နေရာရဖို့ အပြိုင်အဆိုင် လုယက်နေကြသည်ကို တွေ့လိုက်ရသည်။

သို့သော် အမြင့်ဆုံး ဖြစ်သည့် ထျန်းလုံကျောက်တိုင် ငါးခုတွင်မူ မည်သူမှ မရှိပေ။

ကောင်းကင်စာရင်းအတွက် အဆင့်သတ်မှတ်ချက် တိုက်ပွဲတွင် ပါဝင်သည့် အတွင်းစည်း တပည့်အားလုံးသည် ဤ'ထျန်းလုံကျောက်တိုင်' ငါးခုကို လျစ်လျူရှုထားပုံရ၏။

"ဒီ 'ထျန်းလုံကျောက်တိုင်' ငါးခုကို အစစ်အမှန် တပည့် ငါးယောက်အတွက် သီးသန့်ချန်ထားတာ ဖြစ်နိုင်မလား"

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် ရုတ်တရက် ထူးဆန်းသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

အစစ်အမှန် တပည့် ငါးယောက်၏ နေရာ ဖြစ်နေပါစေ၊ သူက အရင်ဦးဆုံး နေရာတစ်နေရာကို သိမ်းပိုက်ထားရပေမည်။

ဤအတွေးက သူ့စိတ်ထဲတွင် လျှပ်တစ်ပြက် ပေါ်ပေါက်လာခဲ့၏။

ကျန်းချန်၏ ခန္ဓာကိုယ်က ရုတ်တရက် တောက်ပသွားပြီး မရေမတွက်နိုင်သည့် အံ့သြတုန်လှုပ်နေသော အကြည့်များ အောက်မှာပင် 'ထျန်းလုံကျောက်တိုင်'နှစ်ဆယ်ထဲမှ ပဉ္စမမြောက် အမြင့်ဆုံး ကျောက်တိုင်ပေါ်သို့ ခုန်တက်သွားခဲ့သည်။

ကျန်းချန်၏ လှုပ်ရှားမှုသည် ကွင်းပြင်ရှိ လူတိုင်း၏ အကြည့်များကို သူ့ဆီသို့ ဆွဲဆောင်သွားခဲ့၏။

သူတို့အားလုံးသည် ကျန်းချန်ကို အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ အံ့သြတကြီးဖြင့် ကြည့်နေခဲ့ကြသည်။

ယခင် ကောင်းကင်စာရင်းဝင် တိုက်ပွဲများတွင် 'ထျန်းလုံကျောက်တိုင်' ငါးခုကို ထိုက်ရှဂိုဏ်း၏ အစစ်အမှန် တပည့် ငါးယောက်အတွက် အမြဲတမ်း ချန်ရစ်ထားခဲ့၏။

သို့သော်လည်း သူတို့ ရှေ့မှ ကျန်းချန်သည် အစစ်အမှန် တပည့်ငါးယောက်ထဲမှ ပဥ္စမတပည့်၏ နေရာကို လုယူထားခဲ့သည်။

"ဒီကောင်လေးက တကယ်ကို အတင့်ရဲလွန်းတယ်"

အခန်း(၅၁၅) ပြီး၏

အခန်း(၅၁၆)

"ဒီ'ထျန်းလုံကျောက်တိုင်' ငါးခုက အစစ်အမှန် တပည့် ငါးယောက်အတွက် သီးသန့်ဆိုတာကို ကျန်းချန် သိရဲ့လား"

"အစစ်အမှန် တပည့်တွေကို စိန်ခေါ်ဖို့အထိ ရဲတင်းတယ်ဆိုတော့ ဒီကောင်က သေမင်းနဲ့ တွေ့ချင်နေပုံပဲ"

".........."

ထိုက်ရှဂိုဏ်း၏ အစစ်အမှန် တပည့် ငါးယောက် စွမ်းအားသည် သာမန် အတွင်းစည်း တပည့်များထက် အဆပေါင်းများစွာ သာလွန်သည်။

အတွင်းစည်း သားတော် သုံးပါးပင် အစစ်အမှန် တပည့် ငါးယောက်နှင့် ယှဉ်လိုက်လျှင် အနည်းငယ် ကွာခြားမှု ရှိသည်။

ထို့ကြောင့် ကောင်းကင်စာရင်းအတွက် အဆင့်သတ်မှတ်တိုက်ပွဲ၏ သမိုင်းတစ်လျှောက်တွင် နောက်ဆုံး ငါးနေရာကို အစစ်အမှန် တပည့် ငါးယောက်အတွက် အမြဲတစေ သတ်မှတ်ထားခဲ့သည်။

ယခု သူတို့ရှေ့မှ ကျန်းချန်ကမူ အစစ်အမှန် တပည့် တစ်ယောက်၏ နေရာကို တိုက်ရိုက် ဝင်ယူလိုက်ပြီ ဖြစ်၏။

ယင်းက ကိုယ့်သေတွင်းကိုယ်တူးသည်နှင့် ဘာမှမခြားပေ။

"အိုး.. အမြင့်ဆုံး ကျောက်တိုင် ၅နေရာက အစစ်အမှန် တပည့်၅ ယောက်အတွက် သီးသန့်ဆိုတာ ညီနောင်ကျန်းချန် မသိဘူးနဲ့ တူတယ်"

ကျန်းချန်က ပဉ္စမမြောက် 'ထျန်းလုံကျောက်တိုင်'ကို တိုက်ရိုက် သိမ်းပိုက်လိုက်သည်ကို မြင်လျှင် လင်းထျန်းကျုံး၏ မျက်နှာသည် အံ့သြတုန်လှုပ်မှုကြောင့် ပျက်ယွင်းသွားခဲ့သည်။

လဲ့ကွမ်းယန်၏ မျက်နှာတွင်လည်း စိုးရိမ်ပူပန်သည့်အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့၏။

ကျန်းချန်က ပဥ္စမမြောက် အမြင့်ဆုံး ဖြစ်သည့် ထျန်းလုံကျောက်တိုင်ကို သိမ်းပိုက်လိုက်ခြင်းသည် အစစ်အမှန် တပည့် တစ်ယောက်ကို စိန်ခေါ်လိုက်သည်နှင့် အတူတူပင် ဖြစ်သည်။

ကျန်းချန်က အတော်လေး ရဲတင်းသူမှန်း သူတို့ သိသော်လည်း အစစ်အမှန် တပည့် ငါးယောက်ကို စိန်ခေါ်ရဲလောက်သည် အထိ ရဲတင်းလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

"ဟားဟား.."

"ကျန်းချန်... နောက်ဆုံး ကျန်ရှိတဲ့ ထျန်းလုံကျောက်တိုင် ငါးခုက အစစ်အမှန် တပည့် ငါးယောက်ရဲ့ နေရာပဲကွ"

"မင်းက အစစ်အမှန် တပည့်ရဲ့ နေရာကို သိမ်းပိုက်ဖို့ ရဲတင်းတယ်ဆိုတော့ ကြည့်ရတာ မင်းအနေနဲ့ သေခြင်းတရားရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း နားမလည်သေးဘူးနဲ့ တူတယ်"

နံဘေးရှိ ကျောက်တိုင်ပေါ်မှ တုံဖန်းဟော်သည် ထိုမြင်ကွင်းကို မြင်လျှင် ခနဲ့လိုက်၏။

ကျန်းချန်က တုံဖန်းဟော်၏ မထီမဲ့မြင်ပြုမှုကို လုံးဝ ဂရုမစိုက်ပေ။

သူက ကျောက်တိုင်၏ အလယ်ဗဟိုတွင် တင်ပျဉ်ခွေ၍ ထိုင်ချလိုက်ပြီး နောက်တစ်ဆင့် အတွက် တိုက်ပွဲ စတင်မည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

"ဟမ့်.. ဟိတ်ဟန်ထုတ်ထားနှင့်ဦးပေါ့ကွာ"

ကျန်းချန်က သူ့ကို လျစ်လျူရှုသွားသည်ကို မြင်လျှင် တုံဖန်းဟော်၏ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

အစစ်အမှန် တပည့် ငါးယောက် ရောက်လာမည့် အချိန်ကို စောင့်ရင်း ဤကောင်လေး မည်ကဲ့သို့ အဆုံးသတ်မလဲဆိုသည်ကို သူ စောင့်ကြည့်ချင်ခဲ့၏။

အချိန်က ပါဝင်ယှဉ်ပြိုင်သည့် တပည့်အားလုံး၏ ပြင်းထန်သော နေရာလုမှု ကြားတွင် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။

နာရီဝက်မပြည့်ခင်မှာပင် 'ထျန်းလုံကျောက်တိုင်'ဆယ့်ငါးခုစလုံးသည် အပိုင်သိမ်းပြီးသား ဖြစ်သွားခဲ့၏။

'ထျန်းလုံကျောက်တိုင်' ဆယ့်ငါးခု စလုံး သိမ်းပိုက်ပြီးသည့် အချိန်တွင် အင်အားကြီးမားသော အရိပ်ငါးခုသည် 'ထျန်းလုံချိုင့်ဝှမ်း'ရဲ့ အပြင်ဘက်ကနေ လျင်မြန်စွာ ပြေးဝင်လာပြီး မျက်စိတစ်မှိတ်အတွင်း ကွင်းပြင်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

ရွှေရောင်အလင်းများ တောက်ပနေသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် ခံ့ညားသော လူငယ်တစ်ယောက်သည် ထျန်းလုံကျောက်တိုင်၏ ပဉ္စမမြောက် နေရာကို သူ၏ စူးရှသော မျက်လုံးများဖြင့် တစ်ချက် စိုက်ကြည့်လိုက်၏။

ယင်းနောက် ချက်ချင်းဆိုသလို သူ၏ တစ်ကိုယ်လုံးတွင်လူသတ်ငွေ့များ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။

သူက မြေပြင်ကို ခြေတစ်ချက် ဆောင့်ချလိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲသို့ မြင့်တက်သွားပြီး ရွှေရောင် မီးတောက်တစ်ခုလို ကျန်းချန်ရှိနေသည့် 'ထျန်းလုံကျောင်တိုင်'ပေါ်သို့ ဒုန်းခနဲ ဆင်းသက်လာခဲ့၏။

တစ်ချိန်တည်းမှာပင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဒေါသသံသည် လေထုထဲတွင် ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့သည်။

"ကောင်လေး... ကောင်းကင်ကို သွားဖို့ လမ်းရှိရဲ့သားနဲ့ မသွားဘဲ ငရဲကို သွားမဲ့လမ်းဆီ ဇွတ်အတင်း ဝင်လာခဲ့တယ်လား"

"အဲဒီအချိန်က 'ထျန်းဝူ' ကျောင်းဆောင်မှာ မင်းကို မဆုံးမလိုက်ရဘူး.. အခုလည်း မင်းက ငါ့ရဲ့ 'ထျန်းလုံကျောက်တိုင်' နေရာကို ယူရဲတဲ့အထိ အတင့်ရဲတယ်"

"မင်းရဲ့ လက်တစ်ဖက်ကို ချန်ထားပြီး ချက်ချင်း ဒီနေရာကနေ ထွက်သွားစမ်း"

သေမင်းတမန်တစ်ပါးလို ကျန်းချန်၏ ရှေ့သို့ ဆင်းသက်လာသည့် အောင်းထျန်းခွေ့ကို မြင်လျှင် လူတိုင်းသည် ကျန်းချန်ကို ကရုဏာသက်သော အကြည့်များဖြင့် မကြည့်ဘဲ မနေနိုင်တော့ပေ။

"ဒီကောင်လေးတော့ တကယ်ကို အဆုံးသတ်တော့မှာပဲ"

ကျန်းချန်က သူ့ရှေ့မှ အောင်းထျန်းခွေ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့၏။

သူက သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို အသာအယာ ခါထုတ်လိုက်သည်။

ထို့နောက်တွင် သူ၏ မောက်မာသော အသံသည် လေထုကို ချက်ချင်းဆိုသလို လွှမ်းခြုံသွားခဲ့သည်။

"ထွက်သွားသင့်တဲ့သူက မင်းပဲ ဖြစ်သင့်တယ်.. ငါ ဒီနေရာမှာ ရပ်နေတဲ့အတွက် ဒီနေရာက ငါ့ရဲ့ နေရာပဲ... ဘယ်သူမှ ငါ့ကို ဒီနေရာကနေ ထွက်သွားခိုင်းလို့ မရဘူး"

အခန်း(၅၁၆) ပြီး၏

All Chapters