← Chapters

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း(၅၁၇)

"ငါ ဒီနေရာမှာ ရပ်နေတယ်.. ဘယ်သူကမှ ငါ့ကို ထွက်သွားခိုင်းလို့ မရဘူး"

ကျန်းချန်၏ မာနထောင်လွှားသော စကားသံကို ကြားလိုက်ရလျှင် လူအုပ်ကြီးသည် အံ့သြလွန်း၍ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားကြ၏။

"ဒီကောင်လေး... ဘယ်လောက်တောင် မောက်မာရဲတာလဲဟ"

ထိုက်ရှဂိုဏ်း၏ အစစ်အမှန် တပည့် ငါးယောက် ဆိုသည်မှာ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် နဝမအဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိနေပြီး စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်ထဲကို ခြေတစ်လှမ်း ချထားပြီးသား ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်သည်။

၎င်းတို့က တိုက်ပွဲဝင်စွမ်းရည် အလွန်ထူးချွန်ပြီး စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

ထို့အပြင် သူ့ရှေ့မှ အောင်းထျန်းခွေ့ ဆိုသည်မှာ စတုတ္ထ အကြီးအကဲ မိုကျွင်း၏ တပည့်အရင်း ဖြစ်ပြီး ထိုက်ရှဂိုဏ်း၏ နံပါတ်တစ် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း ပါရမီရှင်လည်း ဖြစ်၏။

အောင်းထျန်းခွေ့သည် သူ၏ ခန္ဓာကိုယ်ကို သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ယောက်နှင့် ညီမျှသည့် အဆင့်အထိ ကျင့်ကြံထားရုံတင်မက 'ထိုက်ရှစစ်ပွဲအရိပ်' ကျင့်စဥ်ကိုလည်း ပြီးပြည့်စုံသော အခြေအနေအထိ ကျင့်ကြံနိုင်ခဲ့သည့် ထိုက်ရှဂိုဏ်း၏ ပထမဆုံးသူလည်း ဖြစ်သည်။

အောင်းထျန်းခွေ့သည် ထိုက်ရှဂိုဏ်းထဲကို ဝင်ရောက်ခဲ့သည်မှာ မကြာသေး၍ အစစ်အမှန် တပည့် ငါးယောက်ထဲတွင် အင်အားအနည်းဆုံးသူ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သာမန် အတွင်းစည်း တပည့်များနှင့် မည်သို့မှ နှိုင်းယှဉ်၍ မရပေ။

"ကျန်းချန်ရဲ့ ဒီလို ရဲတင်းမှုတွေက ဘယ်ကလာသလဲ ဆိုတာ ငါ တကယ် နားမလည်နိုင်ဘူး"

"သူက အောင်းထျန်းခွေ့ရဲ့ ရှေ့မှာ ဒီလို မောက်မာတဲ့ စကားတွေကို ဘယ်လိုလုပ်ပြီး ပြောဆိုရဲတာလဲ"

------------

"ဟမ့်...ငါ ထိုက်ရှဂိုဏ်းထဲကို ဝင်လာတဲ့အချိန်ကစပြီး ငါ့ရှေ့မှာ ဒီလောက်ထိ မာန်တက်ရဲတာ မင်း ပထမဆုံးပဲ"

"မင်း မဖယ်ရင်လည်း သွားသေလိုက်တော့"

အောင်းထျန်းခွေ့၏ အော်ဟစ်သံက လေထုထဲတွင် ပြင်းထန်စွာ ပဲ့တင်ထပ်သွားခဲ့၏။

ထို့နောက်တွင် တောက်ပသော ရွှေရောင်လက်သီးသည် လျှပ်တစ်ပြက်အတွင်းမှာပင် ပေါက်ကွဲထွက်လာပြီး ကျန်းချန်၏ ဦးခေါင်းဆီသို့ တိုက်ရိုက် တိုးဝင်လာခဲ့သည်။

"ဟားဟား.. ထိုက်ရှဂိုဏ်းရဲ့ နံပါတ်တစ် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း ပါရမီရှင်မှာ ဘယ်လို ထူးခြားတဲ့ အရည်အချင်းတွေ ရှိနေမလဲ ဆိုတာ ကြည့်ရသေးတာပေါ့"

ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။

သူက မပျက်စီးနိုင်သည့် ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ကို အမြင့်ဆုံးအင်အားအထိ လှုံ့ဆော်ကာ အောင်းထျန်းခွေ့၏ လက်သီးချက်ကို ရှောင်တိမ်းမနေဘဲ လက်သီးဖြင့်ပင် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

"ဝုန်း"

သူတို့၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည့် အင်အားကြီးမားသော တိုက်ခိုက်မှုနှစ်ခုသည် လေထုထဲတွင် ကျယ်လောင်သော တုန်ဟီးသံကြီးနှင့် အတူ ဆုံစည်းသွားခဲ့သည်။

"ကျန်းချန်ကလည်း ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူပဲကိုး.. သူက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု စွမ်းရည်ကို အသုံးချပြီး အောင်းထျန်းခွေ့ကို တိုက်ရိုက် ရင်ဆိုင်ရဲတယ်ဟ"

"ဒါ... ဒါ မယုံနိုင်စရာပဲ"

"..........."

ကျောက်တိုင်ပေါ်မှ အခြေအနေကို မြင်လိုက်ရလျှင် ကွင်းပြင်ထဲမှ လူတိုင်းသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ငေးကြည့်နေခဲ့ကြသည်။

သူတို့က ကျန်းချန်ကို အောင်းထျန်းခွေ့ ရှေ့တွင် ကူကယ်ရာမဲ့သည့် ကလေးငယ် တစ်ယောက်လို ဖြစ်သွားလိမ့်မည်ဟု ထင်ခဲ့ကြ၏။

သို့သော်လည်း အမှန်တရားကမူ သူတို့၏ မျက်လုံးများကို လုံးဝ လှည့်စားသွားခဲ့သည်။

ကျန်းချန်သည် မရှုံးနိမ့်ရုံတင်မက ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း ခွန်အားကို အားကိုးပြီး အောင်းထျန်းခွေ့နှင့် ထိပ်တိုက်ယှဉ်ပြိုင်နေခဲ့သည် မဟုတ်ပါလား။

"ဒါ... ဒါက တကယ်ပဲ အိပ်မက်ဆန်လွန်းတယ်"

"မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားက 'သဘာဝစွမ်းအားဖွင့်ခြင်း' နဝမအဆင့်ကို အမှန်တကယ် ရောက်ရှိနေတာကိုး.. မင်းက'ထိုက်ရှစစ်ပွဲအရိပ်'ကို ပြီးပြည့်စုံတဲ့ အခြေအနေအထိ ကျင့်ကြံနိုင်တာ အံ့သြစရာ မဟုတ်ဘူးပဲ"

"ဒါပေမဲ့ ဒီလိုဖြစ်နေခဲ့ရင်တောင် မင်းက ငါ့ရှေ့မှာ မောက်မာဖို့ အခွင့်အရေး မရှိဘူး"

အောင်းထျန်းခွေ့က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

"ဝုန်း"

ပြင်းထန်သည့် သွေးစွမ်းအား တစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အောင်းထျန်းခွေ့၏ အရှိန်အဝါကို ချက်ချင်းဆိုသလို အနည်းငယ် ပိုမို မြင့်မားသွားစေခဲ့သည်။

ခဏအကြာတွင် အောင်းထျန်းခွေ့သည် ရွှေရောင်အလင်းများ တလက်လက် တောက်ပနေသော သူ၏ လက်သီးကို ရုတ်တရက် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ထို့နောက် ဖျက်ဆီးနိုင်သော သွေးစွမ်းအားများကို တိုက်ရိုက် သယ်ဆောင်ထားသော လက်သီးချက်ကို ကျန်းချန်ဆီ ပြင်းထန်စွာ ထိုးလွှတ်လိုက်၏။

"ငါ့ကို ဖိနှိပ်ဖို့ သွေးစွမ်းအားကို အားကိုးချင်တာလား"

"ဝမ်းနည်းစရာပဲ... သွေးစွမ်းအားက မင်း တစ်ယောက်တည်း ရှိတာ မဟုတ်ဘူး"

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ထို့နောက် 'ချီယန် သန္ဓေမူလသိုင်းခန္ဓာ'၏ သွေးစွမ်းအားကို ဖော်ထုတ်လိုက်ပြီး အောင်းထျန်းခွေ့၏ တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

"ဝုန်း"

အင်အားကြီးမားသော တိုက်ခိုက်မှုနှစ်ခုသည် နောက်တစ်ကြိမ် ပြင်းထန်စွာ ဆုံစည်းသွားပြီး နားကွဲမတတ် သတ္တုချင်း ပွတ်တိုက်သည့် အသံသည် လေထုထဲတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားခဲ့၏။

အောင်းထျန်းခွေ့သည် ခြေလှမ်း သုံးလှမ်းခန့် နောက်ဆုတ်သွားခဲ့ရသည်။

ယင်းနောက် သူက အေးအေးလူလူပင် ရှိနေသည့် ကျန်းချန်ကိုကြည့်ကာ အံ့သြတုန်လှုပ်နေခဲ့၏။

အဆုံးသတ်တွင် သူ၏ မျက်ဝန်းထဲ၌ ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင် တစ်ခု ဖုံးဖိမရစွာ ဖြစ်ပေါ်လာသည်။

ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း အင်အားသည် သူနှင့် ယှဉ်နိုင်ရုံတင်မက၊ သွေးစွမ်းအားကပင် ဤမျှလောက် အင်အားကြီးမားလိမ့်မည်ဟု အောင်းထျန်းခွေ့ တစ်ခါမှ မတွေးခဲ့ဖူးပေ။

အခန်း(၅၁၇) ပြီး၏

အခန်း(၅၁၈)

သွေးစွမ်းအင် တိုးပွားလာသည့် အောင်းထျန်းခွေ့နှင့် ကျန်းချန်တို့၏ နောက်တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်မှုကို လူတိုင်းက ငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။

ကွင်းပြင် တစ်ခုလုံးက တိတ်ဆိတ်သွားခဲ့၏။

လူတိုင်းက အံ့သြလွန်း၍ ပါးစပ်အဟောင်းသားဖြင့် ကျန်းချန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့ကြသည်။

ဤအချိန်တွင် သူတို့ အားလုံး နားလည်သွားကြ၏။

ကျန်းချန်က လူမြင်ကွင်းတွင် အစစ်အမှန် တပည့် ငါးယောက်၏ နေရာကို သိမ်းပိုက်ရဲသည်မှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်း မဟုတ်ဘဲ အစစ်အမှန် တပည့် ငါးယောက်ကို စိန်ခေါ်ဖို့ အမှန်တကယ် အစွမ်း ရှိနေခြင်းပင်။

ဂိုဏ်းထဲကို ဝင်ရောက်ခဲ့သည်မှာ ခြောက်လပင် မပြည့်သေးသည့် တပည့်တစ်ယောက်သည် အစစ်အမှန် တပည့် ငါးယောက်ကို စိန်ခေါ်နိုင်သော အဆင့်အထိ တိုးတက်လာခဲ့သည်မှာ တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပေသည်။

"ကြောက်ဖို့ကောင်းလိုက်တာ...ဒီကောင်လေးက တကယ်ကို ကြောက်ဖို့ကောင်းတဲ့ မွန်းစတားတစ်ကောင်ပဲ"

"တကယ်ကို အင်အားကြီးမားလွန်းတယ်"

လင်းထျန်းကျုံးက အောင်းထျန်းခွေ့နှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည့် ကျန်းချန်ကို ကြည့်ပြီး အချိန်အတော်ကြာမှသာ အံ့သြ တုန်လှုပ်မှုကနေ သက်သာရာရသွားခဲ့၏။

လဲ့ကွမ်းယန်ကလည်း အံ့သြတုန်လှုပ်စွာ ငေးကြည့်နေခဲ့သည်။

ကျန်းချန်က အတော်လေး အစွမ်းထက်သည်ကို အချိန်အတော်ကြာကတည်းက သိထားသော်လည်း အစစ်အမှန် တပည့် အောင်းထျန်းခွေ့နှင့် ယှဉ်ပြိုင်နိုင်လောက်သည်အထိ အစွမ်းထက်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

"ဒီကောင်က တကယ့်ကို မယုံနိုင်စရာ မွန်းစတားတစ်ကောင်ပဲ"

"သူ့ရဲ့ အင်အားက ဒီလောက်အထိ ကြီးမားလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး.. အရင်တစ်ခေါက်တုန်းက ငါ ဝင်မပါရင်တောင် တုံဖန်းဟော်က သူ့ရဲ့ပြိုင်ဘက် မဟုတ်လောက်ဘူး"

လမ်ထျန်းဟန်က ကျန်းချန်တို့ နှစ်ယောက်၏ တိုက်ပွဲကို စူးစိုက်ကြည့်ရင်း သူ၏ အေးစက်သော မျက်ဝန်းထဲတွင် အံ့သြသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

မူလက သူသည် ကျန်းချန် တစ်စုံတစ်ရာ ဖြစ်ခဲ့လျှင် ကယ်တင်ရန် အဆင်သင့် ပြင်ထားခဲ့၏။

သို့သော် ကျန်းချန်၏ အင်အားက ဤမျှအထိ အံ့သြစရာကောင်းလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

သူ့ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုပင် ဖြစ်ပေါ်လာခဲ့၏။

ယင်းမှာ ထိုက်ရှဂိုဏ်း၏ အစစ်အမှန် တပည့် အောင်းထျန်းခွေ့သည် ဤတစ်ကြိမ်တွင် ကျန်းချန်၏ လက်ထဲတွင် ရှုံးနိမ့်သွားနိုင်သည်ဟူသော ခံစားချက်မျိုး ဖြစ်သည်။

"အောင်းထျန်းခွေ့... မင်းက ထိုက်ရှဂိုဏ်းရဲ့ အစစ်အမှန် တပည့် ငါးယောက်ဆိုတာထက် ဘာမှ မပိုဘူး"

"မင်းမှာ ဘယ်လို ဝှက်ဖဲတွေ ရှိသေးလဲ.. အကုန် ထုတ်သုံးလိုက်စမ်း"

"မဟုတ်ရင်တော့ ထိုက်ရှဂိုဏ်းရဲ့ အစစ်အမှန် တပည့် ငါးယောက်ရဲ့ စာရင်းထဲကနေ မင်း တကယ်ပဲ ဖယ်ရှားခံရလိမ့်မယ်"

လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကြောင့် အံ့သြတုန်လှုပ်နေသော အချိန်တွင် ကျန်းချန်၏ အေးစက်စက် ရယ်သံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။

"ဟမ့်.. ငါက အခုမှ နည်းလမ်းနှစ်ခုကိုပဲ အသုံးပြုရသေးတယ်.. မင်းက ငါ့ကို တကယ်ပဲ အနိုင်ရမယ်လို့ ထင်နေတာလား"

"ငါ့ကို အစစ်အမှန် တပည့် အဖြစ်ကနေ ဖယ်ရှားပစ်ဖို့အထိ မင်းမှာ အရည်အချင်း မရှိဘူးလို့ ငါ ထင်တယ်"

အောင်းထျန်းခွေ့၏ မျက်နှာက ရေခဲလို အေးစက်သွားခဲ့သည်။

ထို့နောက်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် စွမ်းအားသည် ကျန်းချန်ကို ရင်ဆိုင်ရန် နောက်တစ်ကြိမ် ပြင်းထန်စွာ ပေါက်ကွဲထွက်လာ၏။

"ဝုန်း ဝုန်း ဝုန်း"

နှစ်ယောက်သား၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် စွမ်းအားများသည် နောက်တစ်ကြိမ် အပြင်းအထန် ထိပ်တိုက် ဆုံမိသွားပြီး သံမဏိနှင့် တူသော လက်သီးနှစ်လုံးသည် လေထုထဲတွင် အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။

လေထုထဲမှ သတ္တုချင်း ထိခတ်သံသည် လူတိုင်း၏ နှလုံးသားများကို တုန်လှုပ်သွားစေခဲ့၏။

အောင်းထျန်းခွေ့က ကျန်းချန်ကို လက်သီးချက် ဆယ်ချက်ကျော် ထိုးနှက်ခဲ့သော်လည်း ကျန်းချန်ကို အနည်းငယ်မျှပင် အသာစီးမရခဲ့သည်ကို သတိပြုမိသွားခဲ့သည်။

ထိုအခါ သူ၏ မျက်နှာသည် ချက်ချင်းဆိုသလို ကြည့်ရဆိုးသွားခဲ့၏။

"ထိုက်ရှစစ်ပွဲအရိပ်"

အောင်းထျန်းခွေ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထို့နောက်တွင် 'ထိုက်ရှစစ်ပွဲ အရိပ်' ကိုးဆယ့်ကိုးခုသည် ချက်ချင်းဆိုသလို ပတ်ဝန်းကျင်တွင် ပေါ်လာခဲ့၏။

ကျန်းချန်၏ မျက်နှာက တည်ငြိမ်အေးဆေးနေခဲ့သည်။

သူကလည်း အောင်းထျန်းခွေ့၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် 'ထိုက်ရှစစ်ပွဲအရိပ်'ကိုပင် ပြန်လည် ထုတ်ဖော်လိုက်၏။

"ကျန်းချန်... မင်းကို ငါ လျှော့တွက်မိခဲ့တယ်.. မင်းက ငါနဲ့ ဒီအဆင့်အထိ တိုက်ခိုက်နိုင်လိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး"

"ဒါပေမဲ့ ဒီတိုက်ပွဲက အဆုံးသတ်ဖို့ အချိန်ရောက်ပြီ"

အောင်းထျန်းခွေ့က ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ထိုခဏတွင် 'ထိုက်ရှစစ်ပွဲအရိပ်' တစ်ဝက်နီးပါးသည် ချက်ချင်းဆိုသလို သူ၏ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားခဲ့၏။

တခဏအတွင်း အောင်းထျန်းခွေ့၏ အရပ်သည် နောက်ထပ် သုံးပေလောက် မြင့်တက်သွားပြီး ကျန်းချန်၏ ရှေ့တွင် ရွှေရောင် ဧရာမ လူထွားကြီး တစ်ယောက်လို ဝင့်ကြွားစွာ ရပ်တည်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ အလွန်အေးစက်သော အသံသည် လေထုထဲတွင် ချက်ချင်း ပျံ့နှံ့သွားခဲ့၏။

"ကျန်းချန်... မင်းက ငါ့ကို ဒီအဆင့်အထိ တွန်းပို့နိုင်ခဲ့တာကပဲ မင်းအတွက် ဂုဏ်ယူဖို့ လုံလောက်နေပြီ"

"အခု မင်းကို ကောင်းကင်အဆင့် ကျင့်စဉ်ဖြစ်တဲ့ 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ရဲ့ စစ်မှန်တဲ့ ခွန်အားကို ငါ ပြသပေးမယ်"

အခန်း(၅၁၈) ပြီး၏

အခန်း(၅၁၉)

"ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်' ကျင့်စဥ်ပါလား... အောင်းထျန်းခွေ့က ကောင်းကင်အဆင့် ကျင့်စဉ်ဖြစ်တဲ့ 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ရဲ့ အစပျိုးအဆင့်ကို နားလည်ထားတာပဲ"

"ထိုက်ရှဂိုဏ်းရဲ့ နံပါတ်တစ် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တဲ့ စွမ်းရည်ပဲ.. တကယ်ပဲ အံ့သြဖို့ ကောင်းလိုက်တာ"

"............"

လူတိုင်းက အောင်းထျန်းခွေ့ကို ကြည့်ကာ မယုံကြည်နိုင်စွာ ရေရွတ်ခဲ့ကြသည်။

'ထျန်းလုံကျောက်တိုင်' လေးခုကို သိမ်းပိုက်ထားသည့် အစစ်အမှန် တပည့် လေးယောက်၏ မျက်ဝန်းထဲတွင်လည်း ကြောက်ရွံ့တုန်လှုပ်သည့် အရိပ်အယောင်များ ပြည့်နှက်နေ၏။

ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်။

ယင်းက ထိုက်ရှဂိုဏ်းရဲ့ တစ်ခုတည်းသော ကောင်းကင်အဆင့် ကျင့်စဉ်ဖြစ်ပြီး အင်အားမှာ ပြောစရာမလိုအောင်ပင် အင်မတန် ကြီးမားသည်။

လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ဝန်းကျင်က ပေါ်ထွက်ခဲ့သည့် ထိုက်ရှဂိုဏ်း၏ မျိုးဆက်သစ် ပါရမီရှင် ရှစ်ရှင်းချီမှ လွဲ၍ မည်သူကမှ 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ကျင့်စဥ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခြင်း မရှိခဲ့ပေ။

အောင်းထျန်းခွေ့က 'ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်'ကျင့်စဥ်၏ အစပျိုးအဆင့်ကို နားလည်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ကြချေ။

သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် နဝမအဆင့် အထွတ်အထိပ်တွင် ရှိသည့် အောင်းထျန်းခွေ့၏ လက်ရှိအင်အားနှင့် ကြောက်မက်ဖွယ်ကောင်းသည့် ကောင်းကင်အဆင့် 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'စွမ်းရည်များ ပေါင်းစပ်သွားသည့်အခါ အောင်းထျန်းခွေ့သည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်မှ မည်သည့် ကျင့်ကြံသူကိုမဆို အသာစီးရယူနိုင်လုနီးပါး အဆင့်ထိ ဖြစ်သွားခဲ့သည်။

"'ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်'ကျင့်စဥ်ကို ကျင့်ကြံဖူးတဲ့သူတွေတောင် အောင်းထျန်းခွေ့ကို ရင်ဆိုင်ရရင် သုံးကွက်ထက် ပိုပြီး မခံနိုင်လောက်ဘူးလို့ ထင်တယ်"

-------------

"ဒီကောင်လေး ထျန်းခွေ့က ငါ့ကို တကယ်ပဲ အံ့အားသင့်စေခဲ့တယ်...သူက'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ကျင့်စဥ်ရဲ့ အနှစ်သာရကိုတောင် နားလည်နေခဲ့ပြီပဲ"

အောင်းထျန်းခွေ့ကို ကြည့်ရင်း စတုတ္ထအကြီးအကဲ မိုကျွင်း၏ မျက်နှာတွင် အားရသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ယခုအခါ အောင်းထျန်းခွေ့သည် 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်' ကျင့်စဥ်၏ အစပျိုးအဆင့်ကို နားလည်ထားပြီ ဖြစ်၏။

ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် အောင်းထျန်းခွေ့သည် မကြာခင်မှာပင် ပြီးပြည့်စုံသော အဆင့်အထိ 'ထိုက်ရှ တိုက်ခိုက်ရေးခန္ဓာကိုယ်' ကျင့်စဥ်ကို ကျင့်ကြံနိုင်ပြီး နံပါတ်တစ် အစစ်အမှန် တပည့် ရာထူးကိုပါ ရယူသွားမည်မှာ သေချာသလောက်ပင်။

ထိုအချိန်သို့ရောက်လျှင် ထိုက်ရှဂိုဏ်းတွင် သူ၏ နေရာက ပို၍ အရာရောက်လာမည် ဖြစ်ပြီး နောင်အနာဂတ်တွင် ထိုက်ရှဂိုဏ်း၏ ဆက်ခံသူအဖြစ် ရွေးချယ်ခံရဖို့ပင် မဖြစ်နိုင်ဟု မဆိုနိုင်ပေ။

အောင်းထျန်းခွေ့က 'ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်' ကျင့်စဥ်ကို ထုတ်ဖော်ပြီး လူတိုင်းကို အံ့အားသင့်စေခဲ့သည့် အချိန်တွင် ကျန်းချန်၏ မျက်နှာထက်၌ အပြောင်းအလဲ တစ်စုံတစ်ရာ မရှိခဲ့ပေ။

သူက သူ၏ နှုတ်ခမ်းကို အသာအယာ ကွေးညွှတ်လိုက်၏။

အေးစက်စက် ရယ်သံတစ်သံသည် လေထုထဲတွင် ဖြန့်ကျက်သွားခဲ့သည်။

"ဟားဟား"

"အောင်းထျန်းခွေ့... မင်းက 'ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်' ကျင့်စဥ်ရဲ့ အစပျိုးအဆင့်ကို နားလည်တာနဲ့ပဲ ဝင့်ကြွားနေတာလား"

"မင်းရဲ့ ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ် စွမ်းအားက အစစ်အမှန်ရဲ့ ဆယ်ပုံတစ်ပုံနဲ့တောင် မယှဉ်နိုင်ဘူး.. ဒီမှာ လာပြီး ဟိတ်ဟန်ထုတ်နေတာ မရှက်ဘူးလား"

ကျန်းချန်၏ အေးစက်စက် ခနဲ့သံက ကွင်းပြင်တစ်ခုလုံးကို နောက်ထပ် ဆူညံသံများ ဖန်တီးပေးလိုက်သည်။

"ဒီကောင်က 'ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်'ကျင့်စဥ်ကို ထုတ်ဖော်ပြသခဲ့တဲ့ အောင်းထျန်းခွေ့ကိုတောင် လုံးဝ ဂရုမစိုက်ဘူးပဲ"

"ဒီကောင်က ဘယ်လောက်တောင် အင်အားကြီးမားနေလို့လဲ"

"ဟမျ့"

"ငါ့ရဲ့ 'ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်'ကျင့်စဥ်က ပြီးပြည့်စုံတဲ့အဆင့်အထိ မရောက်သေးရင်တောင် မင်းကို အနိုင်ယူဖို့ အတွက်တော့ လုံလောက်တယ်"

အောင်းထျန်းခွေ့က ကောက်ကျစ်စွာ ပြုံးလိုက်သည်။

ခဏအကြာတွင် သူ၏ ခန္ဓာကိုယ်မှ ရုတ်တရက် ကြောက်မက်ဖွယ်ရာ အင်အားတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။

ဖျက်ဆီးနိုင်သော စွမ်းအားများကို သယ်ဆောင်လာသည့် သူ၏ လက်သီးချက်သည် တောင်တန်ကြီးတစ်ခု ကဲ့သို့ ကျန်းချန်ကို ဖိနှိပ်ရန် တိုးဝင်လာခဲ့သည်။

"မင်းက 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ရဲ့ အင်အားနဲ့ ငါ့ကို အနိုင်ယူချင်တယ်ပေါ့လေ"

"မင်းက ငါ့ရှေ့မှာ 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ကျင့်စဥ်ကို အသုံးပြုရဲတာ ကိုယ့်အရှက် ကိုယ်ခွဲလိုက်တာပဲ"

"တကယ့် 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ကျင့်စဥ်က ဘယ်လိုမျိုးလဲဆိုတာ ငါမင်းကို ပြမယ်"

ကျန်းချန်က စကားဆုံးသည်နှင့် ချက်ချင်းဆိုသလို သူ၏ လက်ဝါးများကို လှုပ်ရှားလိုက်ရာ 'ထိုက်ရှစစ်ပွဲ အရိပ်' ကိုးဆယ့်ကိုးခုစလုံးသည် သူ၏ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားခဲ့၏။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်၏ ခန္ဓာကိုယ်က ရုတ်တရက် သုံးပေခန့် မြင့်တက်သွားသည်ကို လူတိုင်းက မြင်လိုက်ရသည်။

သူ၏ တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းများ စီးဆင်းနေပြီး လူအများ တိုက်ရိုက် ကြည့်ဖို့ မဝဲ့ရဲသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကို ထုတ်ဖော်နေ၏။

သူက စစ်နတ်ဘုရား တစ်ပါးလိုမျိုး ခန့်ညားလွန်းနေခဲ့သည်။

သူတို့၏ ရှေ့မှ တုန်လှုပ်ချောက်ချားဖွယ်ရာ မြင်ကွင်းကို မြင်လိုက်ရသော လူတိုင်းသည် အသက်ရှူရပင် ကြပ်သွားကြ၏။

သူတို့က မယုံကြည်နိုင်သော အမူအရာဖြင့် ကျန်းချန်ကို စိုက်ကြည့်နေကြသည်။

သူတို့ရဲ့ အကြည့်တွင် နတ်ဆိုးတစ်ကောင်ကို ကြည့်နေရသလိုမျိုး ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေခဲ့၏။

"ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်'ကျင့်စဥ်ပါလား"

"ကျန်းချန်ကလည်း ကောင်းကင်အဆင့် ကျင့်စဉ်ဖြစ်တဲ့ 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ကျင့်စဥ်ကို အောင်မြင်စွာ နားလည်ထားတယ်လား"

အခန်း(၅၁၉) ပြီး၏

All Chapters