အခန်း (၅၂၀-၅၂၂)
Vol. 35 Ch. 520-522
အခန်း(၅၂၀)
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အောင်းထျန်းခွေ့က 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်' ကျင့်စဥ်ကို ထုတ်ဖော်ပြသနေသည့် ကျန်းချန်ကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေရင်း သူ၏ နှုတ်ခမ်းကနေ အာမေဋိတ်သံ တစ်သံကို ညည်းညူလိုက်မိသည်။
"ပြီးပြည့်စုံသော အဆင့်ပါလား"
"ဒီကောင်က 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ကျင့်စဥ်ကို ဒီအဆင့်ထိ ဘယ်လိုလုပ် နားလည်နိုင်ရတာလဲ"
အောင်းထျန်းခွေ့က ကောင်းကင်အဆင့် ကျင့်စဉ်ဖြစ်သည့် 'ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်'ကို နားလည်ရန်မှာ မည်မျှခက်ခဲမှန်း မည်သူ့ထက်မဆို ပိုပြီး သိနားလည်သည်။
လွန်ခဲ့သည့် တစ်နှစ်က 'ထိုက်ရှစစ်ပွဲအရိပ်'ကျင့်စဥ်ကို ပြီးပြည့်စုံသောအဆင့် အထိ ကျင့်ကြံပြီးကတည်းက အောင်းထျန်းခွေ့သည် 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ကျင့်စဥ်ကို လေ့လာရန် ထျန်းဝူကျောင်းဆောင်၏ တတိယထပ်သို့ ဆယ်ကြိမ်ထက်မနည်း သွားရောက်ခဲ့ဖူး၏။
သို့တိုင် ထိုသို့ အားထုတ်မှုများကြားမှာပင် သူသည် 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ကျင့်စဥ်၏ အစွန်အဖျားလောက်ကိုသာ နားလည်နိုင်ခဲ့သည်။
သူ့ရှေ့မှ ကောင်လေးသည် ထိုက်ရှဂိုဏ်း၏ အတွင်းစည်းထဲကို ဝင်ရောက်ခဲ့သည်မှာ လအနည်းငယ်လေးသာ ရှိသေးရာ အောင်းထျန်းခွေ့ ဘယ်လိုနည်းနဲ့မှ မယုံကြည်နိုင်သည်မှာအပြစ်မဆိုသာပေ။
"မင်းက လအနည်းငယ်အတွင်း'ထိုက်ရှစစ်ပွဲအရိပ်'ကျင့်စဥ်ကို ပြီးပြည့်စုံတဲ့ အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ရုံတင်မက 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ကျင့်စဥ်ကိုပါ အောင်မြင်စွာ နားလည်ခဲ့တယ်တဲ့လား"
"ဟားဟား.. ဒီကမ္ဘာကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး"
ကျန်းချန်က သူ၏ နှုတ်ခမ်းများကို ကွေးညွှတ်လိုက်ပြီး အောင်းထျန်းခွေ့ကို မထီတရီ ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မင်းဘာသာမင်း ဆင်းသွားမလား... ဒါမှမဟုတ် ငါ မင်းကို ကန်ချပေးရမလား"
"ဟမ့်.. ကျန်းချန်... မင်းငါ့ရှေ့မှာ ဟိတ်ဟန်လာထုတ်နေတာ မဟုတ်လား"
"မင်းက ဒီလောက် အချိန်တိုအတွင်းမှာ 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ကျင့်စဥ်ကို ပြီးပြည့်စုံတဲ့ အဆင့်အထိ နားလည်နိုင်မယ်လို့ ငါ တကယ်ကို မယုံကြည်ဘူး"
အောင်းထျန်းခွေ့၏ မျက်ဝန်းများသည် အလွန်အမင်း ခက်ထန်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် တင်းမာသွားပြီး မမြင်နိုင်သော ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်တစ်ခုသည် သူ၏ လက်သီးတွင် တိုက်ရိုက် စုစည်းသွားခဲ့သည်။
"သေစမ်း"
အောင်းထျန်းခွေ့က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ကြောက်မက်ဖွယ်ရာ အင်အားကို သယ်ဆောင်လာသည့် သူ၏ လက်သီးဖြင့် ကျန်းချန်ကို နောက်ထပ် တစ်ကြိမ် ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။
"သင်္ချိုင်းကို မမြင်သေးလို့ မငိုတတ်သေးဘူးနဲ့ တူတယ်.. ဒီလိုဆိုမှတော့ 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ကျင့်စဥ်ရဲ့ တကယ့် အင်အားအစစ်ကို မင်းကို ငါ ပြသမယ်"
ကျန်းချန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
ထို့နောက် သူက သူ၏ ဧရာမ ရွှေရောင်လက်သီးဖြင့် သူ့ရှေ့ရှိလေထုကို ထိုးချလိုက်၏။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ နှုတ်ခမ်းကနေ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"တောင်တန်းနဲ့ မြစ်များ လှုပ်ခါစေ"
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်သည်။
သူ့စကားသံ တဖြည်းဖြည်း တိုးဝင်သွားသည်နှင့် အမျှ သူ့ရှေ့ရှိ မီတာအနည်းငယ်အတွင်း၌ ပြင်းထန်သော လေလှိုင်း တုန်ခါမှုတစ်ခုကို လူတိုင်း မြင်လိုက်ရ၏။
ယင်းက အောင်းထျန်းခွေ့၏ ပြင်းထန်စွာ တိုးဝင်လာသည့် ပုံရိပ်ကို ချက်ချင်း ရပ်တန့်သွားစေခဲ့သည်။
အောင်းထျန်းခွေ့၏ ပုံရိပ် ရပ်တန့်သွားသည့် ခဏတွင် ကြောက်မက်ဖွယ်ရာ မမြင်နိုင်သည့် အင်အားတစ်ခုသည် အောင်းထျန်းခွေ့၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
အောင်းထျန်းခွေ့၏ မျက်နှာက ရုတ်တရက် ဖြူဖျော့သွားပြီး သူ၏ နှုတ်ခမ်းကနေ သွေးများက ချက်ချင်း ထွက်ကျလာခဲ့၏။
ထို့နောက်တွင် သူ၏ တစ်ကိုယ်လုံးသည် ထျန်းလုံကျောက်တိုင်၏ အောက်ခြေသို့ အရှက်တကွဲ လွင့်စင်သွားခဲ့သည်။
"အိုး.. ဒီကောင်က အစစ်အမှန် တပည့် ငါးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အောင်းထျန်းခွေ့ကို တကယ်ပဲ အနိုင်ယူလိုက်တာလား"
"ဒါ... ဒါက တကယ်ပဲ ကြောက်စရာ ကောင်းလွန်းတယ်"
"........."
သူတို့ရှေ့မှ တုန်လှုပ် ချောက်ချားဖွယ်ရာ မြင်ကွင်းကို ကြည့်ရင်း 'တျန်းလုံကျောက်တိုင်'ပေါ်မှ တပည့်များဖြစ်စေ၊ ကွင်းပြင်တွင် အားပေးနေသည့် လူအုပ်ကြီးဖြစ်စေ၊ အားလုံး၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော ထိတ်လန့်တုန်လှုပ်မှုကို ဖော်ပြနေခဲ့၏။
ကျန်းချန်သည် ဂိုဏ်းထဲကို ဝင်ရောက်ခဲ့သည်မှာ တစ်နှစ်ပင် မပြည့်သေးသည့် လူသစ်တစ်ယောက်သာ ဖြစ်သည်။
သို့သော်လည်း ထိုကဲ့သို့ လူသစ်တစ်ယောက်သည် ဤမျှလောက် အချိန်တိုအတွင်း ဤမျှ ကြောက်မက်ဖွယ်ရာ အဆင့်အထိ တိုးတက်လာခဲ့၏။
၎င်းက ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း အင်အားတွင် အောင်းထျန်းခွေ့နှင့် ယှဉ်ပြိုင်နိုင်ရုံတင်မက၊ ထိုက်ရှဂိုဏ်းတွင် အနှစ်သုံးဆယ်ကြာအောင် မည်သူမှ အောင်မြင်စွာ နားလည်နိုင်ခြင်း မရှိခဲ့သည့် 'ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်'ကျင့်စဥ်ကိုပင် ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားခဲ့သည်။
ယင်းကဲ့သို့ ကြောက်မက်ဖွယ် ပါရမီသည် အစစ်အမှန် တပည့် အောင်းထျန်းခွေ့ကို အမှိုက်တစ်စလို တိုက်ရိုက် ချေမှုန်းနိုင်ခဲ့၏။
"ဒီကောင်က ဘယ်လို မွန်းစတားမျိုးလဲဟ"
"ကောင်လေး.. တစ်ယောက်နဲ့ တစ်ယောက် သိက္ခာရှိရှိ ယှဉ်ပြိုင်ကြတာ.. ဒီလောက်ထိ ရက်စက်တာတော့ မဟုတ်သေးဘူး"
လူတိုင်းက ကျန်းချန်၏ မယုံနိုင်လောက်သော အင်အားကြောင့် တုန်လှုပ်ချောက်ချားနေသည့် အချိန်တွင် ကောင်းကင်ကနေ နတ်ဆိုးတစ်ကောင်ကဲ့သို့ နက်မှောင်သော အရိပ်တစ်ခုက ဆင်းသက်လာပြီး လေထဲကနေ လွင့်စင်လာသည့် အောင်းထျန်းခွေ့၏ ပုံရိပ်ကို ချက်ချင်း တည်ငြိမ်သွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခုသည် ကျန်းချန်ရှိနေသည့် 'ထျန်းလုံကျောက်တိုင်'ပေါ်သို့ တိုက်ရိုက် လွှမ်းခြုံသွားခဲ့၏။
အခန်း(၅၂၀) ပြီး၏
အခန်း(၅၂၁)
ရုတ်တရက် သက်ရောက်လာသည့် ကြောက်မက်ဖွယ်ရာ ဖိအားကြောင့် ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက အတွေးတစ်ချက်ကို လှုပ်ရှားလိုက်ရာ ဓားဆန္ဒ ဒုတိယအဆင့်၏ အင်အားသည် ကောင်းကင်ဆီသို့ ထိုးတက်သွားပြီး မမြင်နိုင်သည့် ကြောက်မက်ဖွယ်ရာ ဖိအားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
"ဝုန်း"
ကျန်းချန်၏ ပုံရိပ်က တုန်ယင်သွားပြီး သူ၏ တစ်ကိုယ်လုံးသည် ဆယ်လှမ်းတိတိ နောက်ဆုတ်သွားခဲ့ရ၏။
သူက သူ့ခန္ဓာကိုယ်ထဲမှ မငြိမ်မသက်ဖြစ်နေသည့် စွမ်းအင်များကို အတင်းအကြပ် ထိန်းချုပ်လိုက်ပြီး ကောင်းကင်ကနေ စင်မြင့်ပေါ်သို့ တဖြည်းဖြည်း ဆင်းသက်လာသည့် နက်မှောင်သော အရိပ်ကို စူးစိုက်ကြည့်နေခဲ့သည်။
ထိုအခိုက်တွင် သူ၏ လေသံသည် လေထုထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
"စတုတ္ထ အကြီးအကဲ... ဒါ ဘာသဘောလဲ"
"ကျွန်တော်နဲ့ အောင်းထျန်းခွေ့တို့ ကြားက တိုက်ပွဲက 'ထျန်းလုံကျောက်တိုင်' အတွက် သာမန် စိန်ခေါ်ပွဲတစ်ခုပါပဲ"
"အောင်းထျန်းခွေ့က ကျွန်တော့် လက်ထဲမှာ ရှုံးနိမ့်သွားရတာ ကျွန်တော့်ထက် အင်အားနည်းလို့ပါ...စတုတ္ထ အကြီးအကဲအနေနဲ့ သူ့အတွက် နေရာတစ်ခုကို ဖန်တီးပေးဖို့ ကိုယ်တိုင် ဝင်ရောက်စွက်ဖက်တာက မဖြစ်သင့်ဘူး ထင်ပါတယ်"
စတုတ္ထ အကြီးအကဲကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေသော ကျန်းချန်ကိုမြင်လျှင် လူတိုင်းသည် အံ့သြလွန်း၍ ပါးစပ်အဟောင်းသားပင် ဖြစ်သွားကြသည်။
စတုတ္ထ အကြီးအကဲ မိုကျွင်း။
၎င်းက ထိုက်ရှဂိုဏ်း၏ သိုင်းသခင်အဆင့် ကျင့်ကြံသူ ငါးယောက်ထဲမှ တစ်ယောက် ဖြစ်သည်။
ထိုကဲ့သို့သောလူမျိုးကိုပင် ဤကောင်လေးသည် လူမြင်ကွင်းတွင် ခွန်းတုံ့ပြန် ပြောဆိုနေခဲ့၏။
"ဒီကောင်က တကယ်ကို ရူးသွပ်နေတာပဲ"
"ဟမ့် မင်းလိုမလောက်လေး မလောက်စားက ငါ့ကို လာသင်ပြနေတာလား"
"မင်းက မင်းရဲ့ ပါရမီကို အားကိုးပြီး 'ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်'ကျင့်စဥ်ကို နားလည်နိုင်ခဲ့ပေမဲ့ မင်းရဲ့ ဂိုဏ်းတူ စီနီယာအပေါ် ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒရှိတယ်.. ဒီလို တရားမဲ့တဲ့သူမျိုး ဂိုဏ်းမှာ ဆက်ရှိနေမယ် ဆိုရင် ငါတို့ဂိုဏ်း အတွက် ဒုက္ခများရုံပဲ ရှိမယ်.. ငါ မင်းကို ဘယ်လိုလုပ် မဆုံးမဘဲနေရမှာလဲ"
စတုတ္ထ အကြီးအကဲ မိုကျွင်းက အေးစက်စွာ စိုက်ကြည့်လိုက်သည်။
သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ ကြောက်မက်ဖွယ်ရာ အာကာပြင် စွမ်းအင်တစ်ခုသည် ကျန်းချန်ရဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖိနှိပ်ကာ ချုပ်နှောင်သွားခဲ့၏။
ကျန်းချန်၏ ပါရမီက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းသည်။
ဤကောင်လေး၏ တည်ရှိမှုသည် နောင်လာမည့် သူ၏ အစီအစဉ်များကို လုံးဝ ထိခိုက်စေခဲ့၏။
မည်သို့ပင်ဖြစ်ပါစေ၊ သူက ထိုက်ရှဂိုဏ်းတွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ မွန်းစတား တစ်ကောင် ရှိနေခြင်းအား ဘယ်တော့မှ ခွင့်ပြုမည် မဟုတ်ပေ။
စတုတ္ထ အကြီးအကဲ မိုကျွင်းက သူ့ကို အမှန်တကယ် တိုက်ခိုက်တော့မည်ကို ကျန်းချန် သိလျှင် သူ၏ မျက်နှာအမုအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူ့မျက်ဝန်းထဲတွင် ရူးသွပ်သော အရိပ်အယောင်တစ်ခု တောက်ပသွားခဲ့၏။
သူက ရှိသမျှ အင်အားကို အကုန်အစင် သုံးပြီး ပြန်လည် တိုက်ခိုက်တော့မည့် အချိန်တွင် မမြင်နိုင်သော အင်အားတစ်ခုသည် ကောင်းကင်ကနေ ရုတ်တရက် သက်ဆင်းလာပြီး စတုတ္ထ အကြီးအကဲ၏ ကျန်းချန်အပေါ် ချုပ်နှောင်ထားသည့် အာကာပြင် စွမ်းအင်ကို တိုက်ရိုက် ချိုးဖျက်လိုက်သည်။
တစ်ချိန်တည်းမှာပင် အေးစက်စက် ရယ်သံတစ်သံသည် ကောင်းကင်ကနေ ဖြည်းညင်းစွာ ပဲ့တင်ထပ်လာခဲ့၏။
"ဟားဟား"
"မိုကျွင်း.. မင်းဟာ ထိုက်ရှဂိုဏ်းရဲ့ သိုင်းသခင်အဆင့် ငါးယောက်ထဲက တစ်ယောက် ဖြစ်ပြီး ဂျူနီယာတစ်ယောက်ကို အနိုင်ကျင့်နေတာ မရှက်ဘူးလား"
"ဟမ့်...ငါ ရှောင်တုလီရဲ့ တပည့်ကို မင်း သတ်ချင်တိုင်း သတ်လို့ရမယ်လို့များ ထင်နေလား"
အေးစက်စက် ရယ်သံနှင့်အတူ ကောင်းကင်ကနေ လူလတ်ပိုင်း အရွယ် လူတစ်ယောက်က ဆင်းသက်လာခဲ့၏။
ထိုလူက မျက်စိတစ်မှိတ်အတွင်း ကျန်းချန်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
"အဂ္ဂိရတ်ခန်းမရဲ့ အကြီးအကဲ ရှောင်တုလီပါလား"
ရုတ်တရက် ပေါ်လာသည့် လူလတ်ပိုင်းအရွယ်လူကို မြင်လိုက်ရသောအခါတွင် ကျန်းချန်၏ မျက်ဝန်းထဲ၌ ထူးဆန်းသော အရိပ်အယောင်တစ်ခု တောက်ပသွားခဲ့သည်။
"ရှောင်တုလီ.. မင်း ဒီကို ဘာလာလုပ်တာလဲ"
မိုကျွင်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"ငါတို့ရဲ့ သဘောတူညီချက်ကို မမေ့ပါနဲ့.. ထိုက်ရှဂိုဏ်းရဲ့ ကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ မင်းမှာ အခွင့်အရေး မရှိဘူး"
"မင်းတို့ ထိုက်ရှဂိုဏ်းရဲ့ ကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ ငါ စိတ်မဝင်စားဘူး"
ရှောင်တုလီက မဲ့ပြုံး ပြုံးလိုက်ပြီး မိုကျွင်းကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။
"ဒါပေမဲ့... ကျန်းချန်က ငါ့ရဲ့ တပည့်ပဲ.. ဘယ်သူပဲဖြစ်ဖြစ် သူ့ရဲ့ ဆံချည်တစ်မျှင်ကို ထိခိုက်အောင် လုပ်ရဲရင် ငါ့ကို ယဥ်ကျေးမှုမရှိဘူး ဆိုပြီး အပြစ်မတင်နဲ့"
"ရှောင်တုလီ... မင်းကို ငါ ကြောက်မယ်လို့များ ထင်နေလား"
မိုကျွင် မျက်နှာက ရေခဲလို အေးစက်နေခဲ့သည်။
ထိုခဏတွင် သိုင်းသခင်အဆင့် ကျင့်ကြံသူ၏ ကြောက်မက်ဖွယ်ရာ အရှိန်အဝါသည် သူ့ဆီကနေ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့၏။
အခန်း(၅၂၁) ပြီး၏
အခန်း(၅၂၂)
"ရှောင်တုလီ... မင်းက နှစ်ပေါင်းများစွာ ထိုက်ရှဂိုဏ်း အတွက် ဆေးလုံးတွေ အများအပြား ဖော်စပ်ပေးခဲ့လို့ မင်းကို ငါမတိုက်ချင်ဘူး"
"အခုချက်ချင်း ဒီနေရာကနေ ထွက်သွားပေးပါ.. နောက်ကျသွားတာမျိုး မဖြစ်ခင်မှာပေါ့"
မိုကျွင်းက ရှောင်တုလီကို စူးစိုက်၍ ကြည့်နေခဲ့၏။
ရှောင်တုလီတွင် လျှို့ဝှက်ဆန်းကြယ်သည့် အရင်းအမြစ်များ ရှိကောင်းရှိနိုင်သော်လည်း ၎င်းသည် သတ္တမအဆင့် နှောင်းပိုင်း အဂ္ဂိရတ်သခင် တစ်ယောက်သာ ဖြစ်သည်။
ထို့ကြောင့် မိုကျွင်းသည် ရှောင်တုလီ အနေဖြင့် ထိုက်ရှဂိုဏ်းတစ်ခုလုံးကို တိုက်ခိုက်နိုင်လိမ့်မည်ဟု လုံးဝ မယုံကြည်ခဲ့ပေ။
"ဟားဟား"
"သိုင်းသခင် နယ်ပယ် ပထမအဆင့်လောက်နဲ့ ငါ့ရှေ့မှာ လာပြီး မောက်မာနေတာလား"
"ငါရှောင်တုလီက ကျန်းချန်ကို အကာအကွယ်ပေးထားတယ်.. ဘယ်သူ သူ့ရဲ့ ဆံချည်တစ်မျှင်ကို ထိခိုက်အောင် လုပ်ရဲလဲ"
ရှောင်တုလီက မထီမဲ့မြင် ရယ်မောလိုက်သည်။
ထို့နောက် မိုကျွင်းထက် အဆပေါင်းများစွာ အင်အားကြီးမားသည့် အရှိန်အဝါတစ်ခုသည် သူ့ဆီကနေ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
"သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ပါလား"
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ရှောင်တုလီ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ခံစားလိုက်ရသည့်အခါတွင် မိုကျွင်း၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့၏။
ထိုက်ရှဂိုဏ်းတွင် နေထိုင်သည့် ဤလျှို့ဝှက်ဆန်းကြယ် လူသည် သတ္တမအဆင့် နှောင်းပိုင်း အဂ္ဂိရတ်သခင် တစ်ယောက်သာ မဟုတ်ဘဲ ကျင့်ကြံခြင်း အဆင့်တွင် ဤမျှ ကြောက်စရာကောင်းသော အဆင့်ကို ရောက်ရှိနေမည်ဟု မိုကျွင်း လုံးဝ မမျှော်လင့်ထားခဲ့ပေ။
သိထားရမည်မှာ သူတို့ ထိုက်ရှဂိုဏ်းတွင် သိုင်းသခင်အဆင့် ကျင့်ကြံသူ ငါးယောက်သာ ရှိပြီး အင်အားအကြီးဆုံးသူပင် သိုင်းသခင်နယ်ပယ် တတိယအဆင့် အထွတ်အထိပ် အင်အားသာ ရှိ၏။
သိုင်းသခင် နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူ။
ယင်းမှာ မြောက်ပိုင်းတောရိုင်းဒေသ တစ်ခုလုံးကို လွှမ်းမိုးရန် လုံလောက်သည့် ခွန်အားဖြစ်သည်။
ရှောင်တုလီကို သူ့ဘက်က စတင်၍ ရန်စမိသည်ကို တွေးမိသောအခါ မိုကျွင်း၏ မျက်နှာတွင် ဖြူဖျော့သော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့၏။
သူ၏ သိုင်းသခင်နယ်ပယ် ပထမအဆင့် အင်အားဖြင့် ရှောင်တုလီကို ရန်စခြင်းသည် သေမင်းကို ဖိတ်ခေါ်လိုက်သည်နှင့် ဘာမှ မခြားပေ။
"ဟားဟား.. အကြီးအကဲရှောင်.. ဘာများအလိုမကျတာ ရှိလို့လဲ"
မိုကျွင်းက ဘာလုပ်၍ ဘာကိုင်ရမှန်း မသိသည့် အချိန်တွင် ကောင်းကင်ကနေ ရုတ်တရက် အေးစက်စက် ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ခဏအကြာတွင် အစိမ်းရောင် ဝတ်ရုံဝတ် အဘိုးအိုတစ်ယောက်သည် လေထဲတွင် ချက်ချင်း ပေါ်လာခဲ့၏။
ရုတ်တရက် ပေါ်လာသည့် အစိမ်းရောင် ဝတ်ရုံနှင့် အဘိုးအိုမှာ အခြားသူမဟုတ်ပေ။
ကွမ်းချွမ်၏ ဆရာဖြစ်သည့် အကြီးအကဲဖန်ရှို့ ဖြစ်သည်။
ဖန်ရှို့သည် အစောပိုင်းက တခြား အကြီးအကဲ အချို့နဲ့ သွေးနတ်ဘုရားကျောင်း ပြန်လည် ထွက်ပေါ်လာသည့် ကိစ္စကို ဆွေးနွေးနေခဲ့၏။
ထိုအချိန်တွင် ရုတ်တရက် သိုင်းသခင်နယ်ပယ် ကျင့်ကြံသူ နှစ်ယောက်၏ အရှိန်အဝါ ရုတ်တရက် ပေါက်ကွဲထွက်လာသည်ကို သူ ခံစားမိလိုက်သည်။
ထို့ကြောင့် ဖန်ရှို့က လျစ်လျူမရှုဝံ့ဘဲ အရှိန်အဝါများ ထွက်ပေါ်နေသည့် နေရာဆီသို့ အလျင်အမြန် ပြေးလာခဲ့၏။
အထူးသဖြင့် မိုကျွင်းက ရှောင်တုလီနှင့် ရင်ဆိုင်နေသည်ကို မြင်လျှင် သူက ခဏလေးပင် မဆိုင်းတွဝံ့ဘဲ လေဟာနယ်ထဲကနေ အလျင်အမြန် ခုန်ထွက်လာခဲ့သည်။
ရှောင်တုလီ၏ အသေးစိတ် အချက်အလက်များနှင့် ပတ်သက်ပြီး ဖန်ရှို့သည် မည်သူ့ထက်မဆို ပိုပြီး သိနားလည်၏။
ရှောင်တုလီကို အမှန်တကယ် ဒေါသထွက်အောင် လုပ်မိလျှင် အကျိုးဆက်သည် ထိုက်ရှဂိုဏ်း ခံနိုင်ရည်ရှိသည့် အရာမျိုး မဟုတ်ပေ။
"အကြီးအကဲ.. ဖြစ်ပုံကဒီလိုပါ..."
ကျန်းချန်က ရှောင်တုလီ ပြန်မဖြေခင် ဖန်ရှို့၏ ရှေ့ကို လျှောက်သွားပြီး ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြခဲ့သည်။
"မိုကျွင်း... ငါက ပြိုင်ပွဲကို ကြီးကြပ်ခိုင်းခဲ့တာ မင်း ဘယ်လို ကြီးကြပ်နေတာလဲ"
"ထိုက်ရှဂိုဏ်းရဲ့ သိုင်းသခင်နယ်ပယ် အဆင့် အကြီးအကဲ တစ်ယောက် ဖြစ်ပြီး မင်းရဲ့ တပည့်အတွက် ဒီလို လုပ်ဆောင်တာက တကယ်ကို ရှက်ဖို့ကောင်းတယ်"
"မင်းက ငါ့ကို တကယ်ပဲ စိတ်ပျက်စေတယ်"
ကျန်းချန်၏ ရှင်းပြချက်ကို ကြားလိုက်ရပြီးနောက်တွင် ဖန်ရှို့၏ မျက်နှာသည် အလွန်အမင်း မှောင်မိုက်သွားခဲ့သည်။
"ပြိုင်ပွဲကို ငါ မကြီးကြပ်တော့ဘူး... မင်းပဲ ဆက်ပြီး ကြီးကြပ်လိုက်တော့ အကြီးအကဲဖန်"
မိုကျွင်းက အေးစက်စက် ရေရွတ်လိုက်ပြီး အောင်းထျန်းခွေ့နှင့်အတူ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားခဲ့၏။
ရှောင်တုလီက မိုကျွင်း ထွက်ခွာသွားသည်ကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
သူက ကျန်းချန်ကို ပြုံးရွှင်စွာ ကြည့်လိုက်၏။
"ကောင်လေး... မင်းရဲ့ ပါရမီကို ဒီလို ဝေးလံခေါင်သီတဲ့ မြောက်ပိုင်းတောရိုင်းဒေသမှာ မြှုပ်နှံမထားသင့်ဘူး"
"မင်း ငါ့ကို ဆရာတင်ပြီး ပိုပြီး ကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို မမြင်ချင်ဘူးလား"
အခန်း(၅၂၂) ပြီး၏