← Chapters

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း(၅၂၃)

ကျန်းချန်က ရှောင်တုလီကို အံ့အားသင့်စွာ ငေးကြည့်နေခဲ့၏။

သူ၏ မျက်ဝန်းထဲတွင် အံ့သြတုန်လှုပ်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

အဂ္ဂိရတ်ခန်းမ၏ အကြီးအကဲက သတ္တမအဆင့် နှောင်းပိုင်း အဂ္ဂိရတ်သခင် တစ်ယောက်သာ မဟုတ်ဘဲ ကျင့်ကြံခြင်းနယ်ပယ်တွင်လည်း ဤမျှလောက် အင်အားကြီးမားသည့် အဆင့်ကို ရောက်ရှိနေမည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ကျန်းချန်ကို ပိုပြီး အံ့အားသင့်စေသည့် အရာမှာ ရှောင်တုလီ၏ စကားသံကို နားထောင်ကြည့်သည့်အခါ ၎င်းသည် မြောက်ပိုင်းတောရိုင်းဒေသက မဟုတ်ဘဲ 'ရှန်းဝူ' တိုက်ကြီး၏ အပြင်ဘက်ရှိ ပိုပြီး ကျယ်ပြန့်သော ကမ္ဘာကြီးမှ ဖြစ်နေခြင်းပင်။

"တပည့် ကျန်းချန်က ဆရာနဲ့ တွေ့ဆုံခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ်"

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရှောင်တုလီကို လေးလေးစားစား ဦးညွှတ်လိုက်သည်။

ရှောင်တုလီတွင် လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြားသော နောက်ခံ အကြောင်းတရားများ ရှိပုံရ၏။

ထို့အပြင် ကျင့်ကြံခြင်းတွင်လည်း အလွန်ပင် အင်အားကြီးမားသည်။

ယင်းအပြင် သူ့ကို တပည့်အဖြစ် လက်ခံရန်အတွက် ရှောင်တုလီသည် ထိုက်ရှဂိုဏ်းနှင့် ရန်သူအဖြစ် ဆက်ဆံဖို့ပင် မတွန့်ဆုတ်ခဲ့ပေ။

ထိုကဲ့သို့ စိတ်ရင်းစေတနာ တစ်ခုတည်းဖြင့်ပင် ကျန်းချန်သည် ရှောင်တုလီကို ငြင်းဆန်ရန် ခက်ခဲလွန်းနေ၏။

ကျန်းချန်သည် ရှောင်တုလီ၏ စကားကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

စနစ်၏အကူအညီဖြင့် ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်းတွင် လမ်းညွှန်မှု အများအပြား မလိုအပ်သော်လည်း သူက သာမန်လူတစ်ယောက် ဖြစ်ချင်သောသူ မဟုတ်ပေ။

ယခု ရှောင်တုလီက သူ့ကို မြောက်ပိုင်းတောရိုင်းဒေသ၏ အပြင်ဘက်ရှိ ပိုပြီး ကျယ်ပြန့်သော ကမ္ဘာကြီးကို ခေါ်ဆောင်သွားချင်နေသည် ဖြစ်ရာ သူက အဘယ်ကြောင့် ငြင်းဆန်ရပါမည်နည်း။

"ကောင်းတယ်.. သိပ်ကောင်းတယ်"

ရှောင်တုလီက ကျယ်လောင်စွာ ရယ်မောလိုက်၏။

သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ အပြာရောင် အလင်းတန်းများ ထုတ်လွှတ်နေသည့် ကျောက်သလင်းတစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

"ချစ်တပည့်... ဒါက ဆရာကိုယ်တိုင် ဖန်တီးထားတဲ့ မဟာသန့်စင်ခြင်း ပုံတူကိုယ်ပွားပဲ.. ဒါက စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့် ကျင့်ကြံသူရဲ့ ခွန်အားနဲ့ ယှဉ်နိုင်လောက်တဲ့အထိ အင်အားကြီးမားတယ်.. ဒီနေ့ ဆရာ မင်းအတွက် ဘာလက်ဆောင်မှ မပြင်ဆင်ထားမိဘူး.. ဒါကြောင့် ဒါကိုပဲ ဆရာတပည့် အသိအမှတ်ပြုခြင်း လက်ဆောင်အဖြစ် ပေးလိုက်မယ်"

ရှောင်တုလီက စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့်နှင့် ယှဉ်နိုင်လောက်သည့် မဟာ သန့်စင်ခြင်း ပုံတူကိုယ်ပွားကို ကျန်းချန်အား ပေးလိုက်သည်ကို မြင်လျှင် လူတိုင်းသည် ကျန်းချန်ကို မနာလိုသော မျက်လုံးများဖြင့် မကြည့်ဘဲ မနေနိုင်ခဲ့ကြပေ။

"ကျေးဇူးတင်ပါတယ် ဆရာ"

ကျန်းချန်က ရှောင်တုလီ၏ မဟာသန့်စင်ခြင်း ပုံတူကိုယ်ပွားကို လေးလေးစားစား လက်ခံရင်း အံ့သြ တုန်လှုပ်နေခဲ့၏။

သူ မှတ်မိသလောက် သွေးတိမ်တိုက် အရှင်သခင်နှင့် တွေ့ဆုံခဲ့စဥ်က သွေးတိမ်တိုက် အရှင်သခင် အသုံးပြုခဲ့သည့် မဟာသန့်စင်ခြင်း ပုံတူကိုယ်ပွားသည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် နဝမအဆင့်နှင့်သာ ယှဉ်နိုင်၏။

သို့သော် သူ့ဆရာ၏ မဟာ သန့်စင်ခြင်း ပုံတူကိုယ်ပွားကမူ စွမ်းအင်သိပ်သည်းခြင်း အဆင့် စတုတ္ထအဆင့် ကျင့်ကြံသူနှင့်ပင် ယှဉ်နိုင်ခဲ့သည်။

ယင်းမှာ သူ့ဆရာရဲ့ အင်အားသည် မြောက်ပိုင်းတောရိုင်းဒေသတွင် တစ်ချိန်က နာမည်ကြီးခဲ့သည့် သိုင်းသခင်နယ်ပယ်အဆင့် သွေးတိမ်တိုက် အရှင်သခင်ထက် အဆများစွာ သာလွန်သည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။

"မင်းနဲ့ ငါက ဆရာတပည့် ဖြစ်သွားပြီဆိုတော့ ယဉ်ကျေးနေဖို့ မလိုပါဘူး"

"နောက်သုံးလလောက် ဆိုရင် ငါ ဒီကနေ ထွက်သွားတော့မယ်... မင်းအနေနဲ့ လုပ်စရာရှိတာတွေ လုပ်ထားပါ.. ငါ ထိုက်ရှဂိုဏ်းမှာ မင်းကို စောင့်နေမယ်"

ရှောင်တုလီက စကားဆုံးသည်နှင့် ချက်ချင်းပင် အရိပ်တစ်ခုလို လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့၏။

"ဝမ်းနည်းစရာပဲ"

ရှောင်တုလီက ကျန်းချန်ကို တပည့်အဖြစ် လက်ခံပြီး သုံးလအတွင်း ခေါ်ဆောင်သွားတော့မည်ဟု သိလိုက်ရသည့်အခါ ဖန်ရှို့၏ အိုမင်းသော မျက်နှာတွင် နောင်တရသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

စင်စစ် ကျန်းချန်၏ ပါရမီသည် မွန်းစတား တစ်ကောင်ဟုပင် တင်စား၍ရ၏။

ထိုက်ရှဂိုဏ်း၏ နှစ်တစ်ထောင် သမိုင်းတွင် ထိုကဲ့သို့ ပါရမီရှင်မျိုး ပေါ်ထွက်လာသည်မှာ အလွန် ရှားပါးသည့် အဖြစ်အပျက် ဖြစ်သည်။

ကျန်းချန်ကို ဆယ်စုနှစ် အနည်းငယ်လောက်သာ အချိန်ပေးလိုက်လျှင် မြောက်ပိုင်းတောရိုင်းဒေသ၏ ထိပ်တန်း အဆင့် ကျင့်ကြံသူ ဖြစ်လာမည်မှာ သေချာသလောက်ပင်။

[မြောက်ပိုင်းတောရိုင်းဒေသကို လွှမ်းမိုးနိုင်မဲ့ အလားအလာရှိတဲ့သူမျိုးကို ငါတို့ ထိုက်ရှဂိုဏ်းက လက်လွတ်လိုက်ရပြီပဲ]

ဖန်ရှို့က စိတ်ထဲကနေ ညင်သာစွာ သက်ပြင်းချလိုက်သည်။

ထို့နောက်တွင် ချက်ချင်းဆိုသလို သူ၏ စိတ်ထဲမှ အတွေးများ ကို ဖယ်ရှားလိုက်ပြီး ပြိုင်ပွဲကို ဆက်လက် ကျင်းပရန် ပြင်ဆင်လိုက်၏။

"ကဲ... အခု ပြိုင်ပွဲရဲ့ ဒုတိယအဆင့်ကို စတင်တော့မယ်"

"ထျန်းလုံကျောက်တိုင်ကို သိမ်းပိုက်ထားတဲ့ တပည့်တွေ အနေနဲ့ ပိုအဆင့်မြင့်တဲ့ 'တျန်းလုံကျောက်တိုင်'ကို စိန်ခေါ်နိုင်တယ်"

ဖန်ရှို့က ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်းသည် တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းကနေ သတိဝင်လာခဲ့ပြီး ကောင်းကင်စာရင်းအတွက် တိုက်ပွဲကို နောက်တစ်ကြိမ် အာရုံစိုက်လိုက်ကြသည်။

သူတို့တွင် ပိုမြင့်သည့် အဆင့်များကို တိုက်ခိုက်နိုင်သည့် အရည်အချင်း ရှိသည်ဟု ခံစားရသော လူတချို့သည် လှုပ်ရှားရန် စိတ်အားထက်သန်လာခဲ့ကြ၏။

အခန်း(၅၂၃) ပြီး၏

အခန်း(၅၂၄)

ထျန်းလုံချိုင့်ဝှမ်း၏ စွမ်းအင်သည် ငါးနှစ်တွင် တစ်ကြိမ်သာ ဖွင့်လှစ်သော အရာဖြစ်သည်။

'ထျန်းလုံချိုင့်ဝှမ်း' စွမ်းအင် ဖွင့်လှစ်သည့် အကြိမ်တိုင်းတွင် ကောင်းကင်စာရင်းဝင် တပည့်များ အတွက် ပြင်ဆင်ထားသည့် 'ထျန်းလုံစင်မြင့်' နှစ်ဆယ်သည် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်တစ်ခုဖြင့် ကောင်းချီးပေးလေ့ရှိ၏။

ထိုစွမ်းအင်သည် ကောင်းကင်စာရင်းဝင် တပည့်များ၏ အင်အားကို အချိန်တိုအတွင်း အဆများစွာ တိုးမြှင့်ပေးနိုင်သည်။

'ထျန်းလုံကျောက်တိုင်'က ပိုမြင့်လေ သူ့မှာ ပါဝင်သည့် စွမ်းအင်က ပို၍ အင်အားကြီးမားလေ ဖြစ်၏။

ကံကောင်းလျှင် ထိုက်ရှဂိုဏ်းမှ ဘိုးဘေး တစ်ဦးဦး၏ အမွေအနှစ်ကိုပင် ရရှိနိုင်သည်။

ထို့ကြောင့် 'ထျန်းလုံကျောက်တိုင်'ကို သိမ်းပိုက်ထားသည့် ကောင်းကင်စာရင်းဝင် တပည့်များသည် ပိုမြင့်သည့် ကျောက်တိုင်အတွက် တိုက်ခိုက်ရန် မတွန့်ဆုတ်ခဲ့ကြပေ။

အကြီးအကဲ ဖန်ရှို့၏ ကြီးကြပ်မှု အောက်တွင် ကောင်းကင်စာရင်း တိုက်ပွဲ၏ ဒုတိယအဆင့်က စတင်ခဲ့ပြီ ဖြစ်၏။

ကောင်းကင်စာရင်းဝင် တပည့် အများအပြားသည် တစ်ယောက်ပြီး တစ်ယောက် စိန်ခေါ်မှုများ ပြုလုပ်ခဲ့ကြပြီး တိုက်ပွဲ၏ အခြေအနေသည်လည်း အလွန် ပြင်းထန်လာခဲ့သည်။

သို့သော် ဤပြင်းထန်သည့် တိုက်ပွဲများသည် အောက်ခြေအဆင့် 'ထျန်းလုံကျောက်တိုင်' ဆယ်ခုလောက်တွင်သာ ရှိခဲ့၏။

ကျန်းချန် ပါဝင်နေပြီဖြစ်သည့် အစစ်အမှန် တပည့် ငါးယောက်၏ နေရာနဲ့ ပတ်သက်၍မူ မည်သူမှ စိန်မခေါ်ရဲကြပေ။

အတွင်းစည်း သားတော် သုံးပါးပင် စိန်ခေါ်ခံခဲ့ရခြင်း မရှိခဲ့ချေ။

ထိပ်တန်း အတွင်းစည်း တပည့် ဆယ်ယောက်ထဲမှ တစ်ယောက်သာ လမ်ထျန်းဟန်ကို စိန်ခေါ်ခဲ့၏။

သို့သော်လည်း လမ်ထျန်းဟန်သည် အသာအယာပင် ဖြေရှင်းနိုင်ခဲ့သည်။

တစ်နာရီကြာပြီးသည့်နောက်တွင် ပြိုင်ပွဲ၏ ဒုတိယအဆင့်သည် နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့၏။

"အဆင့်သတ်မှတ် တိုက်ပွဲ ပြီးဆုံးသွားပါပြီ"

"အခု ငါက 'ထျန်းလုံချိုင့်ဝှမ်း'ရဲ့ စွမ်းအားကို ဖွင့်လှစ်ပေးမယ်.. မင်းတို့အားလုံး 'ထျန်းလုံကျောက်တိုင်'ရဲ့ ကောင်းချီးကို ခံယူကြရလိမ့်မယ်"

"ထျန်းလုံကျောက်တိုင်'ရဲ့ ကောင်းချီးပေးမှုအောက်မှာ မင်းတို့တွေ ဘယ်လို အခွင့်အရေး ရနိုင်မလဲ ဆိုတာကတော့ မင်းတို့ရဲ့ ကံတရားပေါ်မှာပဲ မူတည်တယ်"

ဖန်ရှို့က 'ထျန်းလုံကျောက်တိုင်' နှစ်ဆယ်ပေါ်မှ လူများကို တစ်ယောက်ပြီး တစ်ယောက် အသာအယာ အကဲခတ်လိုက်၏။

သူ၏ အေးစက်သော အသံသည် လေထုထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။

ခဏအကြာတွင် ဖန်ရှို့သည် လေထဲတွင် ထူးဆန်းသော လက်ဟန်များကို ပြုလုပ်လိုက်ပြီး ကွင်းပြင်၏ အလယ်ဗဟိုကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။

"ဝုန်း"

ဖန်ရှို့၏ လက်ဝါးရိုက်ချက် ကျဆင်းလာသည်နှင့်အမျှ 'ထျန်းလုံကျောက်တိုင်' နှစ်ဆယ်သည် ထိုအချိန်တွင် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ထျန်းလုံကျောက်တိုင်' နှစ်ဆယ်၏ ပတ်ပတ်လည်ရှိ နဂါးရုပ်ထု အားလုံးသည် မတူညီသော အလင်းရောင်များကို ထုတ်လွှတ်နေခဲ့၏။

ဤလျှို့ဝှက်ဆန်းကြယ် အလင်းတန်းများသည် အောက်ခြေကနေ အပေါ်သို့ အလျင်အမြန် တက်သွားခဲ့ပြီး 'ထျန်းလုံကျောက်တိုင်'ပေါ်ရှိ 'ကောင်းကင်စာရင်းဝင်' တပည့် နှစ်ဆယ်ကို ဝန်းရံသွားခဲ့သည်။

"ဒါက 'ထျန်းလုံကျောက်တိုင်' ရဲ့ ကောင်းချီးလား... မကြာခင်မှာ ငါက 'ကောင်းကင်စာရင်းဝင်' တပည့် ဖြစ်လာတော့မှာပဲ"

ကွင်းပြင်ရှိ မရေမတွက်နိုင်သော လူများသည် 'ထျန်းလုံကျောက်တိုင်'တွင် ကောင်းချီး ခံယူနေသည့် ကောင်းကင်စာရင်းဝင် တပည့်များကို အားကျသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့ကြသည်။

ထျန်းလုံကျောက်တိုင်၏ ကောင်းချီးခံယူခြင်း။

ယင်းမှာ ထိုက်ရှဂိုဏ်းမှ တပည့်တိုင်း၏ အိပ်မက်တစ်ခု ဆိုလည်း မမှားပေ။

'ထျန်းလုံကျောက်တိုင်'၏ ကောင်းချီးကို ခံယူခွင့်ရသည့် ကောင်းကင်စာရင်းဝင် တပည့်တိုင်းသည် အင်အား တိုးလာလိမ့်မည် ဖြစ်သည်။

အချို့ဆိုလျှင် ထိုက်ရှဂိုဏ်းမှ ဘိုးဘေးများ၏ အမွေအနှစ်ကိုပင် ကံကောင်းထောက်မစွာ ရရှိကာ မြောက်ပိုင်းတောရိုင်းဒေသတွင် နာမည်ကျော် ကျင့်ကြံသူများ ဖြစ်လာခဲ့ကြ၏။

ဤကဲ့သို့ အခွင့်အရေးကို သူတို့ အဘယ်ကြောင့် မနာလို မဖြစ်ရပါမည်နည်း။

"ကြည့်စမ်း... သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် ပဉ္စမအဆင့်မှာ ရှိတဲ့ ကျန်းယန်က သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် နဝမအဆင့် နှောင်းပိုင်းအဆင့်ကို တိုးတက်သွားခဲ့ပြီ"

"အတွင်းစည်း သားတော် သုံးပါးထဲက တစ်ယောက်ဖြစ်တဲ့ တုံဖန်းဟော်ကိုလည်း ကြည့်ဦး... သူ့ရဲ့ မီးဆန္ဒက ဒုတိယအဆင့်ကို ရောက်ရှိသွားခဲ့ပြီ"

"မီတာတစ်ရာ အချင်းဝက်က ကောင်းကင်နဲ့ မြေကြီးရဲ့ အသက်စွမ်းအင်တွေ လှုံ့ဆော်ခံလိုက်ရပါလား.. ဒါက စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်ကို ရောက်ရှိသွားတဲ့ လက္ခဏာပဲ.. နံပါတ်တစ် အစစ်အမှန်တပည့်က အဆင့်တက်သွားခဲ့ပြီ"

"..........."

'ထျန်းလုံကျောက်တိုင်'၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ဖြစ်ပေါ်လာသော မြင်ကွင်းများသည် လူတိုင်းကို ချက်ချင်း တုန်လှုပ်သွားစေခဲ့၏။

တစ်ချိန်တည်းမှာပင် ပဉ္စမမြောက် 'ထျန်းလုံကျောက်တိုင်'ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များဖြင့် ဖုံးလွှမ်းခံထားရသော ကျန်းချန်သည် စိတ်ထဲကနေ ထူးဆန်းသော အသိပေးချက် တစ်ခုကို ရုတ်တရက် ရရှိခဲ့သည်။

ချိုမြိန်သော သတိပေးချက်တစ်ခုသည် သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

"ဒင်.. သင်က ဓားသမားကြီး ပြသခဲ့တဲ့ ဓားဆန္ဒကို လေ့လာပြီး အတွေ့အကြုံရမှတ် ၃၀၀၀၀ကို အဆ ၁၀၀ ရရှိခဲ့ပါတယ်"

"ဒင်.. သင်ရဲ့ ဓားစိတ်ဆန္ဒက ဒုတိယအဆင့်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိသွားပါပြီ"

အခန်း(၅၂၄) ပြီး၏

အခန်း(၅၂၅)

"ဝိုး... ဘယ်သူ့ရဲ့ ဓားဆန္ဒက ဒီလောက်အထိ ကြောက်မက်ဖွယ်ရာ တိုးတက်သွားတာလဲ"

"ဒီ ဓားဆန္ဒက... ကျန်းချန်ရဲ့ 'ထျန်းလုံကျောက်တိုင်'ကနေ ထွက်ပေါ်လာပုံရတယ်"

"ဓားဆန္ဒက ဒုတိယအဆင့်ရဲ့ ပြီးပြည့်စုံခြင်း နယ်ပယ်ကို ရောက်ရှိသွားခဲ့ပြီ"

"............"

လူတိုင်းက ကျန်းချန် ရှိနေသည့် 'ထျန်းလုံကျောက်တိုင်'ကို စိုက်ကြည့်နေကြ၏။

သူတို့၏ မျက်ဝန်းထဲတွင် တုန်လှုပ်ချောက်ချားသော အရိပ်အယောင်သည် ဖုံးဖိမရစွာ နေရာယူသွားခဲ့သည်။

ကျန်းချန်က ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းတွင် အလွန်အမင်း ပါရမီထူးချွန်ရုံတင် မကဘဲ ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ရာတွင်လည်း ဤမျှလောက် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူတို့ ဘယ်လိုမှ မမျှော်လင့်ထားခဲ့ကြပေ။

ဓားဆန္ဒ ဒုတိယအဆင့်ရဲ့ ပြီးပြည့်စုံခြင်း နယ်ပယ်။

ထိုက်ရှဂိုဏ်း တစ်ခုလုံးမှာပင် ဤအဆင့်ထိ နားလည်နိုင်သူ အရေအတွက်သည် လက်ချိုးရေတွက်၍ ရနိုင်လောက်၏။

လူတိုင်းက ကျန်းချန်၏ ဓားဆန္ဒကြောင့် တုန်လှုပ်ချောက်ချားနေသော အချိန်မှာပင် နောက်ထပ် ထူးဆန်းသော အသိပေးချက်တစ်ခုသည် ကျန်းချန်ရဲ့ စိတ်ထဲကို ရုတ်တရက် ရောက်ရှိလာခဲ့သည်။

"ဒင်.. သင်က လက်သီးဆန္ဒကို ဉာဏ်အလင်းပွင့်ပြီး အတွေ့အကြုံရမှတ် ၁၀၀၀၀ ကို အဆ ၁၀၀ ရရှိခဲ့ပါတယ်"

"ဒင်.. သင်ရဲ့ လက်သီးဆန္ဒက ဒုတိယအဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ"

"ဝုန်း"

သူ၏ စိတ်ထဲမှ အသိပေးချက်အသံ အဆုံးသတ်သည်နှင့် ကျန်းချန်၏ အရှိန်အဝါသည် ရုတ်တရက် ပြောင်းလဲသွားပြီး လက်သီးဆန္ဒ၏ ဒုတိယအဆင့် အရှိန်အဝါသည် ပေါက်ကွဲထွက်လာခဲ့၏။

"အိုး.. မြတ်စွာဘုရား.. ကျန်းချန်ရဲ့ လက်သီးဆန္ဒက တိုးတက်သွားပြန်ပြီဟ"

ကျန်းချန်၏ ဓားဆန္ဒ ပျောက်ကွယ်သွားပြီး သိပ်မကြာခင်မှာပင် လက်သီးဆန္ဒက ထပ်မံ ထွက်ပေါ်လာခဲ့သည်ကို မြင်လိုက်ရလျှင် လူတိုင်းသည် တုန်လှုပ်ချောက်ချားလွန်း၍ ပါးစပ်အဟောင်းသားပင် ဖြစ်သွားခဲ့သည်။

သူတို့က ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် နှစ်မျိုးကို နားလည်သည့် ပါရမီရှင်အား မမြင်ဖူးခြင်း မဟုတ်ပေ။

သို့သော် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် နှစ်မျိုးစလုံးက ဒုတိယအဆင့်သို့ ရောက်ရှိသွားသော မြင်ကွင်းကိုမူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။

လူတိုင်းက ကျန်းချန်၏ လက်သီးဆန္ဒကြောင့် သက်သာရာ မရသေးခင်မှာပင် ကျန်းချန်၏ အရှိန်အဝါသည် ရုတ်တရက် ပြောင်းလဲသွားပြန်သည်။

မကြာခင်မှာပင် ဒုတိယအဆင့်ကို ရောက်နေသည့် မီးဆန္ဒ အရှိန်အဝါသည် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့၏။

"ဒါ.. ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ"

လူတိုင်းက သူတို့ ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

သူတို့၏ တစ်ကိုယ်လုံးသည် လုံးဝ ကျောက်ရုပ်လို တောင့်တင်းသွားခဲ့ပြီး နတ်ဆိုးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားခဲ့၏။

"ဒီကောင်လေးဟာ တကယ်ပဲ ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ် သုံးမျိုးကို နားလည်ထားတာတဲ့လား"

"ဒီကောင်လေးက တကယ်ကို နတ်ဆိုးဆန်လွန်းတာပဲ"

သို့သော် သူတို့ကို တုန်လှုပ်စေသည့် အကြောင်းအရာသည် ဤနေရာတွင် မပြီးသေးပေ။

ကျန်းချန်၏ မီးဆန္ဒ ပျောက်ကွယ်သွားပြီးနောက်တွင် လေဆန္ဒက ထွက်ပေါ်လာပြန်သည်။

"နောက်ထပ် ဒုတိယအဆင့်ကို ရောက်ရှိနေတဲ့ ကိုယ်ခံပညာရဲ့ စစ်မှန်သောအဓိပ္ပါယ်"

ထိုအချိန်တွင် လူတိုင်း၏ နှလုံးသားထဲတွင် ပြင်းထန်သော လှိုင်းလုံးတစ်ခု ရိုက်ခတ်သွားခဲ့ပြီး သူတို့၏ မျက်နှာအမူအရာများပင် အနည်းငယ် ထုံထိုင်းနေခဲ့၏။

သို့သော် ကျန်းချန်သည် လူတိုင်း၏ အံ့သြ တုန်လှုပ်နေသော အမူအရာများကို လျစ်လျူရှုခဲ့သည်။

သိပ်မကြာခင် သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် မိုးကြိုးဆန္ဒကို လူတိုင်းက မြင်လိုက်ရ၏။

ဒုတိယအဆင့် မိုးကြိုးဆန္ဒ၏ စစ်မှန်သော အဓိပ္ပါယ်သည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။

[ထိုက်ရှဂိုဏ်းရဲ့'ကောင်းကင်စာရင်းဝင်' တပည့်အနေနဲ့ ထျန်းလုံကျောက်တိုင်ကနေ ကောင်းချီးပေးခံရတာ တကယ်ကို ရှားပါးတဲ့ အခွင့်အရေးပဲ]

ထျန်းလုံကျောက်တိုင်၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်အောက်တွင် သူရရှိခဲ့သည့် ကြီးမားသော အကျိုးကျေးဇူးများကို ခံစားမိလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ ပျော်ရွှင်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့၏။

နာရီဝက် မပြည့်ခင်မှာပင် သူနားလည်ခဲ့သည့် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် ငါးခုလုံးသည် မတူညီသော အတိုင်းအတာ အထိ တိုးတက်သွားခဲ့သည်။

ဤတစ်ခေါက် 'ထျန်းလုံကျောက်တိုင်'တွင် ကောင်းချီး ခံယူခြင်းသည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို အလွန်အမင်း တိုးတက်စေခဲ့၏။

"ငါ... ငါ အိပ်မက် မက်နေတာများလား"

ကွင်းပြင်ရှိ လူတိုင်းသည် ကျန်းချန်ဆီမှ ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် ငါးခု အရှိန်အဝါများ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရလျှင် သူတို့ အားလုံးသည် ကိုယ့်မျက်စိကိုယ်ပင် မယုံကြည်နိုင် ဖြစ်ကုန်ကြ၏။

လူတစ်ယောက်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပာယ် ငါးခုကို နားလည်ဖို့ပင် မလွယ်ကူပေ။

သို့သော်လည်း ဤကောင်လေးသည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်မှုတွင် ဒုတိယအဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

"ဒီကမ္ဘာမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ မွန်းစတား တစ်ကောင် ဘယ်လိုများ ရှိနိုင်ရတာလဲ"

အခန်း(၅၂၅) ပြီး၏

All Chapters