အခန်း (၅၂၆-၅၂၈)
Vol. 36 Ch. 526-528
အခန်း(၅၂၆)
"ဒီကလေးက နှစ်တစ်သန်းမှာ တစ်ယောက် တွေ့ရခဲတဲ့ ပါရမီရှင် တစ်ယောက်ပဲ"
လေထဲတွင် ရှိနေသည့် အကြီးအကဲ ဖန်ရှို့သည် အောက်ဘက်ရှိ ကျန်းချန်ကို ကြည့်နေခဲ့သည်။
သူ၏ အိုမင်းသော မျက်လုံးများတွင် အံ့သြတုန်လှုပ်သောအရိပ်အယောင်ကို မကြုံစဖူး ဖော်ပြနေခဲ့၏။
လူတစ်ယောက်ထဲက ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်ငါးခုကို နားလည်ခဲ့ပြီး တစ်ခုချင်းစီသည် ဒုတိယအဆင့်သို့ ရောက်ရှိနေခဲ့သည်။
အထူးသဖြင့် ဓားစိတ်ဆန္ဒသည် ဒုတိယအဆင့်၏ ပြီးပြည့်စုံခြင်း နယ်ပယ်သို့ပင် ရောက်ရှိနေခဲ့ပြီး တတိယအဆင့်သို့ရောက်ရန် မဆိုစလောက်သာ လိုအပ်တော့၏။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်သည် သူတို့ ထိုက်ရှဂိုဏ်းတွင် မပြောနှင့်၊ မြောက်ပိုင်းတောရိုင်းဒေသ တစ်ခုလုံးမှာပင် တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးပေ။
ကျန်းချန်၏ ထူးခြားသောပါရမီကြောင့် ဖန်ရှို့က တုန်လှုပ်ခြောက်ခြားနေသော်လည်း ကျန်းချန်ကို ထိုက်ရှဂိုဏ်းတွင် ခေါ်ထားရန် အတွေးမျိုးမရှိခဲ့ပေ။
ဆိုရလျှင် ကျန်းချန်သည် နောက်ထပ် တစ်ကြိမ် ပေါ်ထွက်လာဖို့ မဖြစ်နိုင်သည့် ပါရမီရှင်မျိုး ဖြစ်သည်။
၎င်းက မြောက်ပိုင်းတောရိုင်းဒေသနှင့် မသက်ဆိုင်သလို ထိုက်ရှဂိုဏ်းက ထိန်းသိမ်းထားနိုင်သည့် လူမျိုးလည်း မဟုတ်ပေ။
အထူးသဖြင့် ကျန်းချန်ကို ရှောင်တုလီသည် တပည့်အဖြစ် လက်ခံထားခဲ့ပြီ ဖြစ်၏။
သူတို့ ထိုက်ရှဂိုဏ်းအနေဖြင့် ကျန်းချန်အတွက် ရှောင်တုလီနှင့် ယှဥ်ပြိုင်ရန် အင်အားမရှိပေ။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။
ထျန်းလုံကျောက်တိုင်ကနေ ကောင်းချီးကို ခံယူသောကိစ္စကလည်း အလျင်အမြန် အဆုံးသတ်တော့မည် ဖြစ်၏။
ထိုအထဲတွင် ကျန်းချန်သည် အကျိုးအမြတ်အများဆုံး ရရှိသူဖြစ်လာခဲ့ပြီး ဤတစ်ကြိမ် ပြိုင်ပွဲတွင် အတောက်ပဆုံး ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။
ထိုက်ရှဂိုဏ်း၏ နံပါတ်တစ်နေရာတွင်ရှိသည့် အစစ်အမှန် တပည့် လော်ထျန်းရှသည် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့သော်လည်း သူ၏ အောင်မြင်မှုသည် ကျန်းချန်၏ အောင်မြင်မှုများဖြင့် ဖုံးလွှမ်းခံခဲ့ရသည်။
ထျန်းလုံကျောက်တိုင်၏ ကောင်းချီးကို ခံယူပြီးနောက်တွင်ကျန်းချန်သည် စင်မြင့်ပေါ်၌ အချိန်မဖြုန်းတော့ပေ။
သူက စင်မြင့်ပေါ်ကနေ တိုက်ရိုက် ဆင်းသက်လာခဲ့ပြီး မရေမတွက်နိုင်သော အံ့သြတုန်လှုပ်နေသည့် အကြည့်များအောက်မှာပင် ထျန်းလုံချိုင့်၀ှမ်း၏ အပြင်ဘက်သို့ ထွက်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ သုံးလအတွင်း သူသည် ရှောင်တုလီနှင့်အတူ မြောက်ပိုင်းတောရိုင်း ဒေသကနေ ထွက်ခွာပြီး အပြင်ဘက်ရှိ ပိုမိုကျန်ပြန့်သော ကမ္ဘာကြီးကို ကြည့်ရှုရတော့မည် မဟုတ်ပါလော။
မြောက်ပိုင်းတောရိုင်းဒေသကနေ မထွက်ခွာခင် ကျန်းချန် သည် မဟာရှားနိုင်ငံသို့ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။
"ကျန်းချန်.."
ကျန်းချန်က ထျန်းလုံ ကျောက်တိုင်ကနေ ခုန်ဆင်းလာသောအချိန်တွင် အကြီးအကဲ ဖန်ရှို့၏အသံသည် ကျန်းချန်၏ နား ထဲတွင် မြည်လာခဲ့သည်။
ကျန်းချန်က လေထုထဲကနေ ဖြည်းညင်းစွာ လျှောက်လှမ်းလာသော အကြီးအကဲဖန်ရှို့ကို တအံ့တသြ ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"အကြီးအကဲ နောက်ထပ် ဘာကိစ္စများ ရှိသေးလို့လဲ"
"ကျန်းချန်..အကြီးအကဲရှောင်ရဲ့ တပည့်ဖြစ်လာတာ မင်းအတွက် ငါ ဂုဏ်ယူပါတယ်.. မင်းက နဂါးတစ်ကောင်ပဲ.. အကြီးအကဲရှောင်ရဲ့ အကူအညီနဲ့ဆိုရင် အနာဂတ်မှာကောင်းကင်ဆီကို ပျံသန်းနိုင်မှာ သေချာသလောက်ပဲ.. ဘာပဲဖြစ်ဖြစ် မင်းက ငါတို့ထိုက်ရှဂိုဏ်းရဲ့ တပည့်တစ်ယောက်ဆိုတာ မမေ့ပါနဲ့.. မင်းအနေနဲ့ ထိုက်ရှဂိုဏ်းက မထွက်ခွာခင် ဒီအဘိုးအိုက မင်းကို တောင်းဆိုစရာတစ်ခု ရှိတယ်.. ဒီတောင်းဆိုချက်ကို မင်းသဘောတူပေးမယ်လို့ ငါမျှော်လင့်ပါတယ်"
အကြီးအကဲဖန်ရှို့က ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။
"အကြီးအကဲက တစ်လအတွင်း ကျင်းပတော့မဲ့ မြောက်ပိုင်းတောရိုင်းဒေသရဲ့ သိုင်းပြိုင်ပွဲမှာ ကျွန်တော့်ကို ပါ၀င်စေချင်တာ မဟုတ်လား"
ကျန်းချန်က အနည်းငယ် စဥ်းစားဟန်ပြုပြီးမှ မေးလိုက်သည်။
"အမှန်ပဲ"
အကြီးအကဲဖန်ရှို့က ခေါင်းငြိမ့်လိုက်၏။
တစ်လအတွင်း မြောက်ပိုင်းတောရိုင်းဒေသရှိ ဂိုဏ်းကြီးသုံးဂိုဏ်း၏ သိုင်းပြိုင်ပွဲက ကျင်းပတော့မည် ဖြစ်သည်။
တစ်ချိန်တုန်းကဆိုလျှင် ထိုက်ရှဂိုဏ်း၊ ထျန်းယွဲ့ဂိုဏ်းနှင့် ရှန်းကျန့်ဂိုဏ်းတို့သည် သွေးနတ်ဘုရား ကျောင်းတော်ကို မဟာမိတ်ဖွဲ့၍ နှိမ်နှင်းခဲ့ကြသော်လည်း ယခုအခါတွင် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း ယှဥ်ပြိုင်နေခဲ့ကြသည်။
သို့သော်လည်း မဟာမိတ်ဖွဲ့မှုကို မထိခိုက်စေရန်အတွက် ဂိုဏ်းကြီးသုံးဂိုဏ်းသည် ငါးနှစ်တစ်ကြိမ် သိုင်းပြိုင်ပွဲကို စီစဥ်ခဲ့ကြသည်။
ထိုသိုင်းပြိုင်ပွဲကနေ ဂိုဏ်းကြီးသုံးဂိုဏ်းသည် အရင်းအမြစ်များကို ခွဲဝေကြမည် ဖြစ်၏။
လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်အတွင်း ထိုက်ရှဂိုဏ်းတွင် နတ်ဆိုးဆန်သည့် ပါရမီရှင် မည်သူမှ မပေါ်ထွက်ခဲ့ပေ။
ထို့ကြောင့် ထိုက်ရှဂိုဏ်းသည် ဂိုဏ်းကြီးသုံးဂိုဏ်းထဲတွင် အောက်ခြေနေရာတွင်သာ အမြဲရှိနေခဲ့သည်။
ယခုအခါတွင် သူ၏ရှေ့မှ ကျန်းချန်သည် သူ့ကို မျှော်လင့်ချက်ရောင်ခြည် တစ်ခု ပေးခဲ့သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
"အကြီးအကဲစိတ်ချပါ.. တစ်လအတွင်း ကျင်းပမဲ့သိုင်းပြိုင်ပွဲကို အချိန်မီ အရောက်လာခဲ့ပါ့မယ်"
ကျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး သိုင်းပြိုင်ပွဲတွင် ပါ၀င်ရန် ဖန်ရှို့ကို ကတိပေးခဲ့သည်။
ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲ။
ဤသည်မှာ မြောက်ပိုင်းတောရိုင်းဒေသတွင် ငါးနှစ်မှသာ တစ်ကြိမ် ကျင်းပသည့် ကြီးကျယ်ခမ်းနားသော သိုင်းပြိုင်ပွဲတစ်ခုဖြစ်သည်။
ထို့အပြင် သူ၏အစေခံ မုန့်ချင်းရွှယ်က ထျန်းယွဲ့ဂိုဏ်းတွင် ရှိနေခဲ့၍ ကျန်းချန်သည် မည်သည့်နည်းနှင့်မှ အလွဲချော်ခံမည် မဟုတ်ပေ။
ကျန်းချန်က ဂိုဏ်းကြီးသုံးဂိုဏ်း၏ သိုင်းပြိုင်ပွဲကို အသုံးချ၍ မုန့်ချင်းရွှယ်ကို ထျန်းယွဲ့ဂိုဏ်းကနေ ပြန်လည် ခေါ်ဆောင်ရန် ရည်ရွယ်ထားခဲ့သည်။
အခန်း(၅၂၆) ပြီး၏။
အခန်း(၅၂၇)
ထျန်းလုံချိုင့်၀ှမ်းမှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် ကိုယ်လက်သန့်ရှင်းရေးကို ခဏမျှ လုပ်လိုက်ပြီး လဲ့ကွမ်းယန်နှင့် လင်းထျန်းကျုံးတို့ကို ခေါ်လိုက်သည်။
ထို့နောက် သူက လက်ကျန် ဂုဏ်ကျက်သရေ အမှတ်များကို ထိုနှစ်ယောက်အား ပေးခဲ့ပြီး အခြားသူများကိုပါ ဂရုစိုက်ရန် မှာကြားခဲ့သည်။
အရာအားလုံး စီစဥ်ပြီးနောက်တွင် ကျန်းချန်သည် လဲ့ကွမ်းယန်ကို နှုတ်ဆက်ကာ မီးလျှံသားရဲကိုစီး၍ မဟာရှားနိုင်ငံ ဆီသို့ တိုက်ရိုက် ပျံသန်းလာခဲ့သည်။
မွန်းစတားသွေးပါသည့် ဆဋ္ဌမအဆင့် သားရဲတစ်ကောင် အနေဖြင့် မီးလျှံသားရဲသည် အရင်တစ်ခေါက် နိုးထလာကတည်းကပင် လေထဲ၌ ပျံသန်းနိုင်သည့် စွမ်းရည်အသစ်တစ်ခုကို ရရှိခဲ့သည်။
ထို့အပြင် လေထဲတွင် ပျံသည့် သူ၏ အရှိန်အဟုန်သည် စတုတ္ထအဆင့် ငှက်သားရဲတချို့ထက် မနိမ့်ပါးပေ။
မီးလျှံသားရဲ၏ အကူအညီကြောင့် ဤတစ်ခေါက်တွင် ကျန်းချန်၏ ထိုက်ရှဂိုဏ်းကနေ မဟာရှားနိုင်ငံကို ပြန်ရောက်မည့်အချိန်သည် ယခင်ကထက် ထက်၀က်နီးပါး လျော့ကျသွားခဲ့သည်။
လ၀က်ကြာပြီးနောက်တွင် မီးလျှံသားရဲသည် မဟာရှားနိုင်ငံ၏ အင်ပါယာမြို့တော်နှင့် မိုင်ရာချီ ဝေးကွာသည့် နေရာသို့ ရောက်လာခဲ့၏။
မလိုလားအပ်သည့် ပြသနာများ မဖြစ်ပေါ်စေရန်အတွက် ကျန်းချန်သည် လူသူကင်းရှင်းသည့် နေရာတစ်ခုကို ရှာဖွေဆင်းသက်ကာ မီးလျှံသားရဲကို သိမ်းဆည်းပြီး အင်ပါယာမြို့ကို ခြေလျင်၀င်ရန် စီစဥ်ခဲ့သည်။
သို့သော် ထိုအချိန်မှာပင် သူ့အရှေ့ရှိ တောအုပ်ထဲကနေ အေးစက်စက် အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
"ရှားတုံဟွမ်.. မင်းသခင်ရဲ့ အင်အားက တော်၀င်မိသားစုထဲမှာအနည်းငယ်ပဲ ရှိတော့တယ် ငါ့သခင်ရဲ့ လက်အောက်ကို ၀င်ဖို့ ဘာကြောင့် ဒီလောက်ထိ ခက်ခဲနေတာလဲ.. လက်ရှိ မဟာရှားနိုင်ငံက ငါ့သခင် ရှားလင်းရဲ့ ကမ္ဘာကြီး ဖြစ်နေခဲ့ပြီ...မင်းသာ နာခံမှုရှိရှိ လက်နက်ချမယ်ဆိုရင် မင်းက မဟာရှားနိုင်ရဲ့တော်၀င်မိသားစု အကြီးအကဲအဖြစ် ဆက်လက် တည်ရှိနေဦးမှာပဲ.. အဆုံးမရှိတဲ့ ဂုဏ်ကျက်သရေနဲ့ စည်းစိမ်တွေကိုလည်း ဆက်လက် ခံစားခွင့်ရရှိမယ်.. အခု ငါမင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်.. ငါ့သခင်ကို သစ္စာခံမလား ဒါမှမဟုတ် ရှားရွှယ်နဲ့အတူ မြှုပ်နှံခံမလား"
တောအုပ်ထံမှ အသံကြောင့် ကျန်းချန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူ မဟာရှားနိုင်ငံတွင် ရှိနေစဥ် ရှားရွှယ်သည် အင်ပါယာစစ်ဆေးမှုကို အနိုင်ရရှိခဲ့ပြီး မဟာရှားနိုင်ငံ၏ ထီးနန်းကို အောင်မြင်စွာ ဆက်ခံနိုင်ခဲ့သည်။
သို့သော်လည်း မဟာရှားနိုင်ငံကနေ ခြောက်လမျှ ထွက်ခွာခဲ့သောအချိန်တွင် မင်းသားကြီးရှားလင်းသည် ရှားရွှယ်၏ ထီးနန်းကို လုယူသွားလိမ့်မည်ဟု ကျန်းချန် မမျှော်လင့်ခဲ့ပေ။
သိထားရမည်မှာ ရှားရွှယ်သည် အင်ပါယာ ရှားကျုံး၏ ထောက်ပံ့မှုကို အပြည့်အ၀ ရရှိထားခြင်းပင်။
ထို့အပြင် သူနှင့်နီးစပ်သည့် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမကလည်း ရှားရွှယ်ကို သေချာပေါက် ထောက်ခံနေလိမ့်မည် ဖြစ်၏။
ထို့ကြောင့် သာမန်အားဖြင့် ရှားလင်းသည် ရှားရွှယ်၏ ထီးနန်းကို လုယူရန်မှာ လုံး၀ မဖြစ်နိုင်ပေ။
သို့သော်လည်း ဤကဲ့သို့ လုံး၀ မဖြစ်နိုင်သောကိစ္စသည် ယခုအခါတွင် ဖြစ်ပျက်သွားခဲ့ပြီ မဟုတ်ပါလား။
ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။
သူယခု အလွန်အမင်း သိချင်နေသည်မှာ လွန်ခဲ့သော ခြောက်လအတွင်း မဟာရှားနိုင်ငံတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကိုပင်။
ဤကဲ့သို့ အပြောင်းအလဲက မည်သို့ ဖြစ်ပေါ်လာရပါ
သနည်း။
ကျန်းချန်က လုံး၀ မဆိုင်းမတွဘဲ မီးလျှံသားရဲကို မီတာတစ်ရာအကွာရှိ တောအုပ်တွင် အလျင်အမြန် ဆင်းသက်ရန် တိုက်ရိုက် ညွှန်ကြားခဲ့သည်။
တခဏအတွင်း ကျန်းချန်သည် တောအုပ်၏ အထက်ရှိ လေထုထဲတွင် ပေါ်လာခဲ့၏။
သူက အောက်ဘက်ကို အကဲခတ်၍ ကြည့်လိုက်ရာ ရှားတုံဟွမ်ကို တွေ့လိုက်ရသည်။
ရှားတုံဟွမ်သည် သွေးချင်းချင်း နီရဲနေသည့် ရွှေရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး ဧရာမကျောက်တုံးတစ်ခုကို နောက်မှီကာ ထိုင်နေခဲ့သည်။
သူ၏ ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး အလွန်အမင်း ထိခိုက်ဒဏ်ရာ ရထားသည့် အသွင်အပြင်ကို တွေ့နေရ၏။
သူ၏ ပတ်ပတ်လည်တွင်လည်း အနက်ရောင်၀တ်စုံ၀တ် လူတစ်စုက ၀ိုင်းရံနေခဲ့သည်။
"ရှားတုံဟွမ်.. မင်းကိုစဥ်းစားဖို့ အချိန် ငါးမိနစ်ပေးမယ်.. ငါးမိနစ်ကြာပြီးလို့မှ လက်နက်မချဘူးဆိုရင် ဒီနေရာက မင်းရဲ့သင်္ချိုင်းဖြစ်သွားလိမ့်မယ်"
သဘာ၀စွမ်းအားဖွင့်ခြင်း သတ္တမ အဆင့်ကို ရောက်ရှိနေသည့် အနက်ရောင် ၀တ်စုံ၀တ်လူက ရှားတုံဟွမ်ကို စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ကလည်း အေးစက်နေသည့် လူသတ်ငွေ့ကို ထုတ်လွှတ်နေခဲ့၏။
"ဟားဟား..ငါ့ကို လက်နက်ချစေချင်တာလား.. အိပ်မက်သာ မက်နေလိုက်.."
ရှားတုံဟွမ်က မထီမဲ့မြင်ပြုကာ ရေရွတ်လိုက်သည်။
"ငါ ရှားတုံဟွမ်က သေရမယ် ဆိုရင်တောင် ထီးနန်းအတွက် ဖခင်ဖြစ်သူကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး သွေးနတ်ဘုရားကျောင်းတော်ကို ခိုလှုံတဲ့ လူယုတ်မာကို ဘယ်တော့မှ လက်နက်ချမှာမဟုတ်ဘူး"
"အဘိုးကြီး မင်းဒီလောက်တောင် သေချင်နေမှတော့ ငါ မင််းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
အနက်ရောင်၀တ်စုံ၀တ် လူများကို ဦးဆောင်သောသူက အေးစက်စက် အမူအရာဖြင့် လက်ဝှေ့ရမ်းကာ ပြောလိုက်သည်။
"မင်းသားကြီးရဲ့ နောင်ရေးအတွက် သူ့ကို သတ်လိုက်ကြတော့"
အခန်း(၅၂၇) ပြီး၏။
အခန်း (၅၂၈)
သူတို့၏ အထက်လူကြီးထံမှ အမိန့်ကို ရရှိသည်နှင့် အနက်ရောင်၀တ်စုံ၀တ် လူများသည် လက်နက်များကို ဝှေ့ရမ်းကာ ရှားတုံဟွမ်ကို သတ်ဖြတ်ရန် ပြင်ဆင်ခဲ့ကြသည်။
"ငါ ရှားတုံဟွမ်ရဲ့ အသက်ကိုလိုချင်ရင် မင်းတို့တွေ အကြီး အကျယ် ပေးဆပ်ပြီးမှ ရလိမ့်မယ်"
သူ့ကိုသတ်ဖို့ ရောက်ရှိလာသည့် အနက်ရောင်၀တ်စုံ၀တ် လူအုပ်စုကို ကြည့်ကာ ရှားတုံဟွမ်၏ အိုမင်းသော မျက်လုံးထဲတွင် ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူက သူ၏ဒန်တျန်ကို ပေါက်ကွဲစေကာ အနက်ရောင်၀တ်စုံ၀တ် လူတချို့ကို သူနှင့် အတူမြှုပ်နှံဖို့ ဆွဲခေါ်သွားတော့မည့်အချိန်တွင် သူ၏ရှေ့၌ အနည်းငယ်ရင်းနှီးသော ပုံရိပ်တစ်ခုသည် တစ္ဆေတစ်ကောင် ကဲ့သို့ လျှပ်တပြက် ပေါ်ထွက်လာခဲ့သည်။
"ကျန်း.. ကျန်းချန်.. မင်းဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
ရှားတုံဟွမ်က သူ၏ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသည့်ကျန်းချန်ကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်နေခဲ့သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြန်ဖြေလိုက်၏။
"မဟာရှားနိုင်ငံကနေ ထွက်သွားတာ ခြောက်လကြာပြီဆိုတော့ အခြေအနေကို ပြန်လာကြည့်တာပါ အကြီးအကဲရှား"
"ကျန်းချန်.. မင်း ဒီအချိန်မှာ ပြန်မလာသင့်ဘူး.. မင်းသားကြီးရှားလင်းက ထီးနန်းအတွက် သွေးနတ်ဘုရားကျောင်းကို ခိုလှုံသွားခဲ့ပြီ.. ရှားလင်းက သွေးနတ်ဘုရားကျောင်းတော်ရဲ့ကျင့်ကြံသူအကူအညီနဲ့ အင်ပါယာရှားကျုံးကို သတ်ဖြတ်ခဲ့တယ်.. အခုတော့ မဟာရှားနိုင်ငံက ရှားလင်းရဲ့ လက်အောက်ကို လုံး၀ ရောက်ရှိနေခဲ့ပြီ.. မင်းအခု ချက်ခြင်း ထိုက်ရှဂိုဏ်းကို ပြန်သွားပြီး ဒီကိစ္စကို သတင်းပို့ပေးပါ.. ငါ သူတို့တွေကို ထိန်းထားလိုက်မယ်"
ရှားတုံဟွမ်က စိုးရိမ်သော အမူအရာဖြင့် အလျင်အမြန် ပြောလိုက်သည်။
မဟာရှားနိုင်ငံ၏ လက်ရှိအရေးအခင်းကို ထိုက်ရှဂိုဏ်းမှအကြီးအကဲများကသာ ဖြေရှင်းနိုင်မည် ဖြစ်သည်။
"ကောင်လေး..မင်းဘယ်သူလဲ.."
ရုတ်တရက် ပေါ်ထွက်လာသည့် ကျန်းချန်ကိုမြင်လျှင် အနက်ရောင် ၀တ်စုံ၀တ်လူများကို ခေါင်းဆောင်လာသောသူသည် မျက်လုံးများ ကျဥ်းမြောင်းသွားပြီး ပြင်းထန်စွာ မေးမြန်းလိုက်၏။
"ထိုက်ရှဂိုဏ်းရဲ့တပည့် ကျန်းချန်"
ကျန်းချန်က တည်ငြိမ်စွာပြန်ဖြေလိုက်၏။
"မဟာရှားနိုင်ငံက ထိုက်ရှဂိုဏ်းရဲ့ နယ်မြေထဲမှာ ပါ၀င်တယ် မင်းတို့လုပ်ချင်တိုင်း လုပ်လို့ရတဲ့နေရာ မဟုတ်ဘူး...မင်းတို့ကို အခွင့်အရေးပေးမယ်.. အခုချက်ချင်း ငါ့အရှေ့ကနေ ထွက်သွားကြစမ်း"
"ဒီကောင်လေးက ထိုက်ရှဂိုဏ်းရဲ့တပည့် ဖြစ်နေတာကိုး"
ကျန်းချန်၏ အဖြေကိုကြားလျှင် အနက်ရောင်၀တ်စုံ၀တ်လူ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ထိုက်ရှဂိုဏ်းသည် မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့် မဟာရှားနိုင်ငံ၏ အဖြစ်အပျက်အားလုံးကို သိရှိရန်မှာ မဖြစ်နိုင်ပေ။
သို့ဆိုလျှင် ထိုက်ရှဂိုဏ်း၏ တပည့်သည် မဟာရှားနိုင်ငံတွင် မည်ကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာရပါသနည်း။
"ဟားဟား..ကောင်လေး မင်းက ငါ့ရှေ့မှာ လေလုံးထွားရဲတယ်လား.. မင်းဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး.. ငါ့ကိစ္စကို ၀င်ရှုပ်ရင်တော့ ဒီအဖိုးကြီးနဲ့အတူ မြှုပ်နှံခံရလိမ့်မယ်"
အနက်ရောင်၀တ်စုံ၀တ်လူက ကောက်ကျစ်စွာပြုံး၍ ပြောလိုက်သည်။
"အဖိုးကြီးနဲ့အတူ ဒီကောင်လေးကိုပါ ငရဲကို ပို့ပေးလိုက်ကြစမ်း"
ထိုက်ရှဂိုဏ်းက မဟာရှားနိုင်ငံနဲ့ မိုင်ထောင်ချီ ဝေးကွာ၍ ဤနေရာမှ သတင်းများကို သူတို့က လုံး၀ ပိတ်ဆို့ထားခဲ့ပြီးပြီ ဖြစ်သည်။
ထို့ကြောင့် ထိုက်ရှဂိုဏ်း အနေဖြင့် မဟာရှားနိုင်ငံ အတွင်း ဖြစ်ပျက်နေသည့် အကြောင်းများကို ဤမျှလောက်အထိ မြန်မြန်ဆန်ဆန် သိရန်မှာ လုံး၀မဖြစ်နိုင်ပေ။
အကယ်၍ ဤကောင်လေးက ထိုက်ရှဂိုဏ်း၏တပည့် အမှန်တကယ် ဖြစ်နေလျှင်ပင် သတင်းပေါက်ကြားခြင်းကို ရှောင်ရှားရန်အတွက် ဤကောင်လေးကို သူတို့သည် သတ်ပစ်ရပေလိမ့်မည်။
ထိုက်ရှဂိုဏ်း၏ တပည့်အားလုံးသည် ပြိုင်ဘက်ကင်းပါရမီရှင်များ ဖြစ်ကြသော်လည်း သူတို့ရှေ့မှ ကောင်လေးသည် အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် ချာတိတ်လေး တစ်ယောက်သာ ဖြစ်၏။
သူ့အနေဖြင့် ဤကဲ့သို့ ချာတိတ်လေး တစ်ယောက်ကို မကိုင်တွယ်နိုင်ဟု လုံး၀ မယုံကြည်ခဲ့ပေ။
"ကျန်းချန်.. မင်းငါ့ကို ဒီနေရာမှာပဲ ထားခဲ့လိုက်ပါ.. မင်း မြန်မြန် ထွက်သွားတော့"
အနက်ရောင်၀တ်စုံ၀တ် လူအုပ်စုက ကျန်းချန်ကို သတ်ဖြတ်ရန် ပြင်ဆင်နေသည်ကို မြင်လျှင် ရှားတုံဟွမ်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက သူ၏ သွေးကြောကို လှုံ့ဆော်လိုက်ပြီး ဒန်တျန်ကို ပေါက်ကွဲစေတော့မည့် အချိန်တွင် ကျန်းချန်သည် ရှားတုံဟွမ်၏ ပုခုံးကို လက်ဖြင့် ဖိထားလိုက်သည်။
"အကြီးအကဲရှား.. ဒါက အမှိုက်လေး တချို့ပါပဲ.. ဒီလောက်ခက်ခက်ခဲခဲ လုပ်စရာမလိုပါဘူး.. ကျွန်တော် သူတို့ကို ဖြေရှင်းပြီးရင် အကြီးအကဲက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ပြောပြပေးပါ"
စကားဆုံးသည်နှင့် ကျန်းချန်သည် လျှပ်တပြက် ပျောက်ကွယ်သွားခဲ့သည်။
သူက ရှားတုံဟွမ်ထံမှ တုန့်ပြန်မှုကို မစောင့်တော့ပေ။
ထိုအချိန်မှာပင် ရှားတုံဟွမ်သည် အနက်ရောင်၀တ်စုံ၀တ် လူတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရသည်။
ထို့နောက်တွင် တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ လဲကျသွားကြ၏။
တစ်မိနစ်ပင် မကြာလိုက်ပေ။
အနက်ရောင်၀တ်စုံ၀တ် လူအားလုံးသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး အေးစက်သော အလောင်းကောင်များ အဖြစ် ပြောင်းလဲသွားကြသည်။
"ဒါ..ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
ရှားတုံဟွမ်က သူ၏ရှေ့မှမြင်ကွင်းကို ကြည့်ကာ တုန်လှုပ်ခြောက်ခြားနေခဲ့ပြီး သူ၏ တစ့ကိုယ်လုံးသည် ချက်ချင်းပင် ကျောက်ရုပ်သဖွယ် တောင့်တင်းသွားခဲ့သည်။
အခန်း(၅၂၈) ပြီး၏။