အခန်း (၅၃၂-၅၃၄)
Vol. 36 Ch. 532-534
အခန်း (၅၃၂)
"ယွဲ့စန်းဟန် မင်းရဲ့အင်အားလောက်နဲ့ ငါ့ကို တားဆီးနိုင်မှာမဟုတ်ဘူး.. မင်းဆက်ပြီး ခေါင်းမာနေမယ်ဆိုရင် ဒီနေ့ပြီးတာနဲ့ မဟာရှားနိုင်ငံမှာ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ လုံး၀ရှိတော့မှာ မဟုတ်ဘူး"
သွေးရောင်၀တ်စုံနှင့် လူလတ်ပိုင်းအရွယ်လူက ယွဲ့စန်းဟန်နှင့် အခြားသူများကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်သည်။
သူ၏ အေးစက်စက်အသံသည် လေထဲတွင် ဖြည်းညှင်းစွာ ပျံ့နှံ့သွားခဲ့၏။
"ဟမ့်.. ဒီနေ့ငါ့ရဲ့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ ဖျက်ဆီးခံရမယ် ဆိုရင်တောင် မင်းတို့ သွေးနတ်ဘုရားကျောင်းရဲ့အကြွင်းအကျန်တွေ လက်အောက်ကို ခိုလှုံမှာမဟုတ်ဘူး"
ယွဲ့စန်းဟန်က အေးစက်စက် ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလို သူ၏အနောက်တွင်ရှိသည့် ယွဲ့ယန်ကျိုးတို့ကို လှုံ့ဆော်လိုက်သည်။
"ညီနောင်တို့ ပူးပေါင်းတိုက်ကွက် အသုံးပြုရအောင်"
ယွဲ့စန်းဟန်၏ စကားသံဆုံးသည်နှင့် ယွဲ့ယန်ကျိုး အပါအ၀င်အကြီးအကဲသုံးယောက်သည် မတူညီသော အရပ်မျက်နှာသုံးခုတွင် အလျင်အမြန် ပေါ်လာခဲ့သည်။
ထို့နောက်တွင် သူတို့က လက်ဟန်များကို ပြုလုပ်လိုက်ရာ မမြင်နိုင်သော အင်အားတစ်ခုသည် ယွဲ့စန်းဟန်ဆီသို့ အလျင်အမြန် ပြေး၀င်သွားခဲ့ပြီး ယွဲ့စန်းဟန်၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အ၀ါသည် ချက်ချင်းဆိုသလို ပိုမို၍ အင်အားကြီးမားလာခဲ့သည်။
"အတွင်းအားချင်း ပေါင်းစပ်တိုက်ခိုက်တဲ့ လျှို့၀ှက်နည်းစနစ်ပါလား.. ဒါပေမဲ့ အရမ်း အားနည်းလွန်းတာ ၀မ်းနည်းစရာပဲ.. ယွဲ့စန်းဟန် မင်းကို ကူညီပေးတဲ့လူတွေထဲမှာ စွမ်းအင်သိပ်သည်းခြင်းအဆင့် ကျင့်ကြံသူရဲ့ ခွန်အားရှိမယ်ဆိုရင် ငါကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သေးတယ်.. အခု မင်းအနေနဲ့ သူတို့ဆီက ခွန်အားကို လွှဲပြောင်းရရှိထားရင်တောင် ငါ့ရဲ့ရှေ့မှာတော့ ပုရွတ်ဆိတ်သာသာပဲ"
ထို့နောက်တွင် သွေးရောင်၀တ်စုံနှင့် လူလတ်ပိုင်းအရွယ် လူသည် ယွဲ့စန်းဟန်ကို မထီတရီ ကြည့်လိုက်ပြီး သူ၏ လက်၀ါးကို လှုပ်ရှားလိုက်သည်။
"၀ုန်း"
ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအင်သည် ချက်ချင်းဆိုသလို ပျံ့နှံ့သွားပြီး ဧရာမ သွေးလက်၀ါးအရိပ်သည် ယွဲ့စန်းဟန် ဆီသို့ ရောက်ရှိသွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ယွဲ့စန်းဟန်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
သူက ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအင်ကို အပြည့်အ၀ လှုံ့ဆော်ကာ သွေးရောင်၀တ်စုံ၀တ် လူလတ်ပိုင်းအရွယ်လူ၏ သွေးလက်၀ါးအရိပ်ကို ရင်ဆိုင်လိုက်သည်။
တခဏချင်းမှာပင် ကြောက်မက်ဖွယ်ရာ စွမ်းအင်နှစ်ခုသည် လေထဲတွင် ချက်ချင်းဆိုသလို ထိပ်တိုက် ဆုံမိသွားပြီး ဆူညံသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
သွေးရောင်၀တ်စုံ၀တ် လူလတ်ပိုင်းအရွယ်လူ၏ ကြောက်မက်ဖွယ်စွမ်းအင် သက်ရောက်မှုအောက်တွင် ယွဲ့စန်းဟန်သည် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
"မင်းငါ့ကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး.. မင်းဆက်ပြီး ခေါင်းမာနေရင် မင်းရဲ့လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ ဌာနချုပ်ကို ငါဖျက်ဆီးပစ်ရတော့မယ်"
ယွဲ့စန်းဟန်ကို အနိုင်ယူလိုက်သည့် သွေးရောင်၀တ်စုံ၀တ် လူလတ်ပိုင်းအရွယ် လူက အေးစက်စွာ ပြုံးလိုက်သည်။
ထို့နောက်တွင် သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်အလင်းစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့သည်။
နောက်ထပ် တခဏတွင် သွေးရောင်၀တ်စုံ၀တ် လူလတ်ပိုင်းအရွယ်လူသည် တည်နေရာ ရွှေ့ပြောင်းသွားသကဲ့သို့ ယွဲ့စန်းဟန်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ထို့နောက် သူက လူတိုင်း၏ အကြည့်အောက်မှာပင် သူ၏ သွေးလက်၀ါးဖြင့် ယွဲ့စန်းဟန်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
သို့သော်လည်း သွေးရောင်၀တ်စုံ၀တ် လူလတ်ပိုင်းအရွယ်လူ၏ သွေးလက်၀ါးက ယွဲ့စန်းဟန်၏ ရင်ဘတ်ကို ထိမိတော့မည့်အချိန်တွင် ပြင်းထန်သော ဓားစိတ်ဆန္ဒတစ်ခုသည် လေထုထဲတွင် ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ နောက်ကျောဆီသို့ ဦးတည်လာခဲ့သည်။
ထိုခဏတွင် သွေးရောင်၀တ်စုံ၀တ် လူလတ်ပိုင်းအရွယ် လူက အန္တရာယ်၏ အရိပ်အငွေ့ကို ရုတ်တရက် ခံစားမိလိုက်၏။
ထို့နောက် သူက ယွဲ့စန်းဟန် ဆီသို့ ရည်ရွယ်၍ ရိုက်ချလိုက်သော လက်၀ါးရိုက်ချက်ကို သူ၏ နောက်ကျောဘက်သို့ ရောက်ရှိလာသည့် ဓားစိတ်ဆန္ဒအား ချေဖျက်ရာတွင် အသုံးပြုလိုက်သည်။
"ကောင်လေး မင်းက ဘယ်သူလဲ.. ငါ့ကိစ္စကို ၀င်ရှုပ်ရဲတဲ့အထိ အတင့်ရဲလှချည်လား"
သူ၏ လက်၀ါးဖြင့် ချေဖျက်လိုက်သော ဒုတိယအဆင့် ဓားစိတ်ဆန္ဒ၏ ပိုင်ရှင်မှာ ချာတိတ်လေးတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရလျှင် သွေးရောင်၀တ်စုံ၀တ် လူလတ်ပိုင်းအရွယ်လူသည် မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့၏။
"ဟားဟား..သွေးနတ်ဘုရားကျောင်းတော်ရဲ့ အကြွင်းအကျန်တစ်ကောင်က မဟာရှားနိုင်ငံမှာ သောင်းကျန်းနေပါလား"
လူငယ်လေးက ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။
သူ၏ ခနဲ့တဲ့တဲ့ရယ်သံသည် လူတိုင်း၏ နားထဲတွင် ချက်ချင်းဆိုသလို မြည်ဟီးလာခဲ့၏။
"ကျန်းချန်..ညီနောင်ကျန်းချန်.. ထိုက်ရှဂိုဏ်းကနေ ပြန်ရောက်လာခဲ့ပြီ"
ရုတ်တရက် ပေါ်လာသည့် လူငယ်လေးကို မြင်လျှင် ယွဲ့ယန်ကျိုးသည် အံ့အားသင့်သွားပြီး မျက်၀န်းထဲတွင် ပျော်ရွှင်သည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။
"ဟားဟား.. ကျန်းချန်.. မဟာရှားနိုင်ငံကို ဒီအခြေအနေကျမှ မင်းပြန်ရောက်လာမယ်လို့ ငါမမျှော်လင့်ခဲ့ဘူး.. ကောင်းကင်ဘုံကို သွားဖို့ လမ်းကြောင်းတစ်ခုကို ရရှိခဲ့ပေမဲ့ မင်းက မသွားချင်ဘူးပဲ.. ဒီလိုဆိုမှတော့ ငရဲကိုသာသွားဖို့ ပြင်ထားလိုက်တော့"
သူ၏ မြင်ကွင်းတွင် ပေါ်ထွက်လာသည့် ကျန်းချန်ကို ကြည့်ကာ ရှားလင်း၏ မျက်နှာထက်တွင် ပြုံးရွှင်သော အမူအရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ဒီဧကရာဇ်က အတိတ်မှာ မင်းလုပ်ဆောင်ခဲ့တဲ့ အရာတွေအတွက် မင်းကို အကြီးအကျယ် ပေးဆပ်စေမယ်"
အခန်း(၅၃၂)ပြီး၏။
အခန်း(၅၃၃)
"ငါ့ကိုပေးဆပ်စေချင်ရအောင် မင်းက ထိုက်တန်မှုရှိလို့လား.. မဟာရှားနိုင်ငံရဲ့ ထီးနန်းက ရှားရွှယ်ရဲ့ လက်ထဲမှာပဲရှိရမယ် ဘယ်သူ့ဆီမှာမှ ရှိခွင့်မရှိဘူး.. အဲဒီနေ့က မင်းဆီကနေ ထီးနန်းကိုဘလုယူဖို့ ရှားရွှယ်ကို ငါကူညီနိုင်ခဲ့တယ်.. ဒီနေ့လည်း သူ့အတွက် ငါ ပြန်လည် လုယူနိုင်တယ်"
ကျန်းချန်က ရှားလင်းကို မထီတရီ ကြည့်လိုက်သည်။
သူ၏ မောက်မာသောအသံသည် လူတိုင်း၏နားထဲသို့ ဖြည်းညှင်းစွာ ၀င်ရောက်လာခဲ့သည်။
"ဟားဟား မင်းဒီလောက် လေလုံးထွားနေတာ လျှာခေါက်မှာ မကြောက်ဘူးလား.. မင်းက ရှားရွှယ်အတွက် ထီးနန်းကို ဘယ်လိုပြန်လည်ရယူမလဲ ဆိုတာ ဒီဧကရာဇ်က ကြည့်ချင်သေးတယ်"
ရှားလင်းက ခနဲ့တဲ့တဲ့ ပြောကာ ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူက သွေးရောင်၀တ်စုံ၀တ် လူလတ်ပိုင်းအရွယ်လူဆီသို့ တိုက်ရိုက် လှည့်ကြည့်ကာ ပြောလိုက်သည်။
"ဆရာရွှယ်ရှင်း. ဒီကောင်လေးက ထိုက်ရှဂိုဏ်းရဲ့တပည့်ပဲ .. သတင်းပေါက်ကြားတာကို ကာကွယ်ဖို့ သူ့ကိုအမြန်ဆုံး ဖြေရှင်းမှ ဖြစ်မယ်"
"ကောင်လေး.. မင်းက ထိုက်ရှဂိုဏ်းရဲ့တပည့် ဖြစ်နေတာကိုး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်ကို ရောက်ရှိနေတာ အံ့သြစရာ မဟုတ်တော့ဘူး"
ရွှယ်ရှင်းက ကျန်းချန်ကို မထီမဲ့မြင် အမူအရာဖြင့် စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒါပေမဲ့ မင်းရဲ့ခွန်အားလောက်နဲ့ ငါ့ရှေ့မှာ မောက်မာဖို့အရည်အချင်းမရှိဘူး"
"ဟုတ်လို့လား..မင်းလို သွေးနတ်ဘုရားကျောင်းရဲ့ အကြွင်းအကျန် တစ်ကောင်က ထိုက်ရှဂိုဏ်းရဲ့ နယ်မြေထဲမှာ ဒီလောက်ထိ လူသိရှင်ကြား အတင့်ရဲနေမှတော့ ဒီနေ့ သွေးနတ်ဘုရားကျောင်းရဲ့ အကြွင်းအကျန်ကို ထိုက်ရှဂိုဏ်းကိုယ်စား သန့်ရှင်းရေး လုပ်ပေးမယ်"
ကျန်းချန်က အေးစက်စွာ ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ၏ တစ်ကိုယ်လုံးသည် ချက်ချင်းဆိုသလို သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားခဲ့၏။
"ထိုက်ရှဂိုဏ်းရဲ့ ချာတိတ်လေးတစ်ယောက်ကများ င့ါရဲ့ရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုရဲတယ်.. သွားသေလိုက်တော့"
ရွှယ်ရှင်း၏ မျက်လုံးများက အေးစက်သွားခဲ့သည်။
ထို့နောက်တွင် ရွှယ်ရှင်းသည် သွေးလက်၀ါးရိုက်ချက်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ အမူအရာက ပြောင်းလဲသွားပြီး လေဆန္ဒကို ထုတ်ဖော်ကာ ရွှယ်ရှင်း၏ သွေးလက်၀ါးတိုက်ကွက်ကို တိုက်ရိုက် ရှောင်ရှားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူက မီးဆန္ဒ ဒုတိယအဆင့် ခွန်အားကိုထုတ်ဖော်ကာ ရွှယ်ရှင်း၏ သွေးလက်၀ါးကို ရင်ဆိုင်လိုက်၏။
"လေဆန္ဒနဲ့ မီးဆန္ဒပါလား.. မင်းက ကိုယ်ခံပညာရဲ့စစ်မှန်တဲ့ အဓိပ္ပါယ်ကိုတောင် နားလည်နေတာပဲ"
ကျန်းချန်က ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်နှစ်မျိုးကို ပြသလိုက်လျှင် ရွှယ်ရှင်းသည် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွားခဲ့သည်။
ယခင်က သူ၏ တိုက်ကွက်ကို တားမြစ်ခဲ့သည့် ဓားစိတ်ဆန္ဒပါထည့်ပေါင်းလိုက်လျှင် ထိုကောင်လေးသည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်သုံးမျိုးကို ပြသခဲ့ပြီးပြီ ဖြစ်၏။
"ဒီကောင်လေးက တကယ်ကိုရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲ"
"မင်းထင်ထားတာထက် ပိုပြီး ကိုယ်ခံပညာရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို ငါနားလည်တယ်.. ငါထိုက်ရှဂိုဏ်းကို ၀င်ရောက်ပြီးကတည်းက ငါ့ရဲ့ခွန်အားနဲ့ အပြည့်အ၀ တိုက်ခိုက်ဖို့ အခွင့်အရေး မရရှိခဲ့ဘူး. ဒီနေ့ မင်းကိုအသုံးချပြီး ငါ့ရဲ့ခွန်အား အကန့်အသတ်ကို စမ်းသပ်ကြည့်ရမယ်"
ကျန်းချန်က တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။
သူက အတွေးတစ်ချက်ဖြင့်ပင် လက်သီးဆန္ဒ၏ ဒုတိယအဆင့်ကို ဖော်ထုတ်ကာ ရွှယ်ရှင်းကို တိုက်ခိုက်လိုက်သည်။
ရွှယ်ရှင်း၏ ခန္ဓာကိုယ်ကလည်း သွေးရောင်များ တောက်ပလာခဲ့ပြီး လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ဆိုရလျှင် ရွှယ်ရှင်းသည် သူ၏ သွေးလက်သီးဖြင့် ကျန်းချန်၏ လက်သီးဆန္ဒကို တားဆီးလိုက်ခြင်းပင်။
ထိုခဏမှာပင် မိုးကြိုးဆန္ဒ၏ ဒုတိယအဆင့်ခွန်အားသည် လေထဲကနေ ကြောက်မက်ဖွယ်ရာ ဆင်းသက်လာခဲ့သည်။
ကိုယ်ခံပညာ၏ စစ်မှန်သောအဓိပ္ပါယ်များကိို တစ်ပြိုင်နက်ရင်ဆိုင်လိုက်ရသဖြင့် ရွှယ်ရှင်းသည် အသက်ရှုဖို့ အခွင့်အရေး အနည်းငယ်မျှပင် မရရှိခဲ့ပေ။
"ကောင်းလိုက်တာ.. ညီနောင်ကျန်းချန်က အရမ်းကို သန်မာလာတာပဲ.. တော်သေးတယ် ညီနောင်ကျန်းချန်နဲ့ ပတ်သက်ပြီး ငါမှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို မချမိခဲ့ဘူး.. ခြောက်လအတွင်းမှာ ညီနောင်ကျန်းချန်ရဲ့ ခွန်အားက ဒီလောက်ထိ သန်မာတဲ့အဆင့်ကို ရောက်ရှိနေခဲ့ပြီ"
ရွှယ်ရှင်းနှင့် ရင်ဆိုင်နေသည့် ကျန်းချန်ကိုကြည့်ကာ ယွဲ့ယန်ကျိုးသည် မှင်တက်နေရာကနေ သက်သာလာရန် အချိန်တစ်ခုယူခဲ့ရသည်။
လဲ့ရှစ်မြို့တွင် ကျန်းချန်ကို ပထမဆုံး တွေ့ဆုံခဲ့သည့် အချိန်တွင် ယဲ့ယန်ကျိုးသည် ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီကြောင့် အံ့သြတုန်လှုပ်သွားခဲ့ရသည်။
ထိုအချိန်က ကျန်းချန် မကျရှုံးသ၍ အနာဂတ်တွင် မဟာရှားနိုင်ငံ၏ ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦး ဖြစ်လာလိမ့်မည်ဟု သူအခိုင်အမာ ယုံကြည်ခဲ့သည်။
သို့သော် ကျန်းချန်က တစ်နှစ်အတွင်း စွမ်းအင်သိပ်သည်းခြင်းစတုတ္ထအဆင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်နိုင်သည် အထိ သန်မာလာလိမ့်မည်ဟု သူလုံး၀ မထင်ထားခဲ့ပေ။
ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ တိုးတက်နှုန်းကို သူမည်သို့ ဖော်ပြရမည်မှန်းပင် မသိတော့ပေ။
အခန်း(၅၃၃) ပြီး၏။
အခန်း(၅၃၄)
"ဒီကောင်လေးက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ.. သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က သဘာ၀စွမ်းအားဖွင့်ခြင်း န၀မအဆင့်မှာပဲရှိသေးပြီး စွမ်းအင်သိပ်သည်းခြင်းအဆင့်ကို မရောက်ရှိသေးဘူး.. သူက ကိုယ်ခံပညာရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်အမျိုးမျိုးကို အသုံးပြုပြီး ရွှယ်ရှင်းနဲ့ ယှဥ်ပြိုင်နိုင်ပေမဲ့ အနိုင်ယူဖို့တော့ လွယ်မှာမဟုတ်ဘူး"
ယွဲ့စန်းဟန်က တအံ့တသြ ရေရွတ်လိုက်သည်။
သူ၏မျက်၀န်းတွင် စိုးရိမ်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ကျန်းချန်၏ တိုက်ခိုက်ရေးအင်အားသည် အလွန်ပင် အင်အားကြီးမားပြီး စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်ရေးအင်အားထက်ပင် ပို၍ အင်အားကြီးမားသည်။
သို့သော်လည်း ဆန့်ကျင်ဘက်ရှိ ရွှယ်ရှင်းသည် သာမန်စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့် ကျင့်ကြံသူ မဟုတ်ဘဲ စွမ်းအင်သိပ်သည်းခြင်း စတုတ္ထ အဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ထိုကဲ့သို့ ကျင့်ကြံသူကို ကွယ်လွန်သွားသည့် အင်ပါယာရှားကျုံးက လွဲလျှင် မဟားရှားနိုင်ငံ၌ ယှဥ်နိုင်မည့်သူ နောက်ထပ်မရှိပေ။
ကျန်းချန်က မည်မျှပင် အစွမ်းထက်ပါစေ၊ သဘာ၀စွမ်းအားဖွင့်ခြင်း န၀မအဆင့်ခွန်အားနှင့် စွမ်းအင်သိပ်သည်းခြင်းစတုတ္ထအဆင့် ကျင့်ကြံသူကို အနိုင်ယူရန်မှာ လုံး၀မဖြစ်နိုင်ချေ။
"ဥက္ကဌ.. စိတ်မပူပါနဲ့.. ညီနောင်ကျန်းချန် အကြောင်း ကျွန် တော်သိရသလောက်တော့ သူက မောက်မာတတ်ပေမဲ့ ဘယ်တော့မှမဖြစ်နိုင်တာကို မလုပ်တတ်ဘူး. သူက ထိုက်ရှဂိုဏ်းရဲ့ကိုယ်စား သွေးနတ်ဘုရားကျောင်းက ရွှယ်ရှင်းကို သန့်ရှင်းရေး လုပ်မယ်လို့ ပြောဆိုခဲ့မှတော့ သူသေချာပေါက် လုပ်နိုင်မှာအမှန်ပဲ"
ယွဲ့ယန်ကျိုးက ယုံကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ရှင်းပြလိုက်သည်။
"ဒီလိုဆိုမှတော့ ဒီကောင်လေးက မင်းပြောသလို မကြုံစဖူး အံ့ဖွယ်ကိစ္စတစ်ခုကို ဖန်တီးနိုင်မလားဆိုတာ စောင့်ကြည့်ကြတာပေါ့"
ယွဲ့ယန်ကျိုး၏ ယုံကြည်မှုအပြည့်ရှိသော စကားများကို ကြားလျှင် ယွဲ့စန်းဟန်၏ မျက်လုံးထဲ၌ ထူးဆန်းသောအလင်းရောင် တစ်ခု တောက်ပသွားခဲ့သည်။
ယွဲ့စန်းဟန်က ယွဲ့ယန်ကျိုးနှင့် စကားပြောနေသော အချိန်တွင် ကျန်းချန်သည် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်များကို အသုံးပြုကာ ရွှယ်ရှင်းနှင့် ရင်ဆိုင်နေခဲ့သည်။
ထိုအချိန်တွင် သူ၏ ဓားစိတ်ဆန္ဒသည် လေထုကို ထိုးဖောက်ကာ ရွှယ်ရှင်းဆီသို့ တိုက်ရိုက် ဆင်းသက်သွားခဲ့သည်။
"၀ုန်း"
ကျန်းချန်၏ ဒုတိယအဆင့် ဓားစိတ်ဆန္ဒ၏ ပြီးပြည့်စုံသောခွန်အား အောက်တွင် ထိုက်စန်းတောင်ကဲ့သို့ တည်တည်ငြိမ်ငြိမ်ရှိသော ရွှယ်ရှင်းသည် အဆုံးသတ်တွင် ခြေသုံးလှမ်းခန့် နောက်သို့ ဆုတ်လိုက်ရသည်။
သူက ဆန့်ကျင်ဘက်ရှိ ကျန်းချန်ကို ကြည့်လိုက်သည်။
သူ၏ မျက်၀န်းထဲတွင် အံ့သြတုန်လှုပ်သော အသွင်အပြင်များ ဖြစ်ပေါ်လာခဲ့၏။
အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် ချာတိတ်လေးတစ် ယောက်သည် သဘာ၀စွမ်းအားဖွင့်ခြင်း န၀မအဆင့်ကိုရောက်ရှိနေသည့်အပြင် ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ်ငါးမျိုးကို ဒုတိယအဆင့်ထိ နားလည်နေခဲ့သည်။
အကယ်၍ ဤကောင်လေးကိုသာ အချိန်အနည်းငယ် ပေးလိုက်လျှင် သူတို့ သွေးနတ်ဘုရားကျောင်း၏ အဓိကရန် သူတစ်ဦး ဖြစ်လာမည်ကိုပင် သူစိုးရိမ်လာမိသည်။
ယင်းကဲ့သို့ ထူးချွန်သောပါရမီရှင်သည် မြောက်ပိုင်းတောရိုင်းဒေသ တစ်ခုလုံးကို လွှမ်းမိုးနိုင်သော အလားအလာအပြည့်အ၀ ရှိသည်။
ဤကဲ့သို့ အစွမ်းထက်သောသူက သွေးနတ်ဘုရားကျောင်း ၏ရန်သူ ဖြစ်နေသည့်အတွက် အပင်ပေါက်ဘဝ ကတည်းကပင် သတ်ပစ်မှ ဖြစ်ပေလိမ့်မည်။
"သဘာ၀စွမ်းအားဖွင့်ခြင်း န၀မအဆင့်နဲ့ ငါ့ကို ခြေသုံးလှမ်း နောက်ဆုတ်စေခဲ့တယ်.. ထိုက်ရှဂိုဏ်းက မင်းလို ပါရမီရှင်တစ်ယောက်ကို မွေးထုတ်နိုင်မယ်လို့ ငါမထင်ထားခဲ့ဘူး.. မင်းမှာတခြားဘာနည်းလမ်းတွေ ရှိသေးလဲ ရှိသေးရင် ထုတ်သုံးလိုက်.. သိပ်မကြာခင် ငါက မင်းလို တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ ပါရမီရှင်ကို အရှုံးရဲ့အရသာ ပေးမြည်းမယ်"
ရွှယ်ရှင်းက ကျန်းချန်ကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။
သူ၏ မထီမဲ့မြင်လေသံသည် လေထဲတွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။
"ဟားဟား..ငါကျန်းချန်ကို အရှုံးကို ပေးမြည်းစေဖို့က မင်းမှာအဲဒီလို စွမ်းအားရှိနေသလား ဆိုတဲ့အပေါ်မှာ မူတည်တယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
ထိုခဏတွင် သူ၏ခန္ဓာကိုယ်က ရုတ်တရက် တောက်ပသွားပြီး အရိပ်ကိုးဆယ့်ကိုးခုသည် ချက်ချင်းဆိုသလို လေထဲတွင် ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ထိုအရိပ်များသည် တစ်စုတစ်စည်းတည်း သူ၏ ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်သွားခဲ့သည်။
နောက်ထပ် တခဏမှာပင် ကျန်းချန်၏ပုံရိပ်သည် ရုတ်တရက်သုံးပေခန့် မြင့်တက်လာပြီး လူတိုင်း၏ မျက်လုံးထဲတွင်ရွှေရောင် ဧရာမလူကြီးအဖြစ် တိုက်ရိုက် ပြောင်းလဲသွားခဲ့၏။
ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ အပြောင်းအလဲများကို မြင်လျှင် ရွှယ်ရှင်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ၏ မယုံကြည်နိုင်သော ရေရွတ်သံသည် လေထဲတွင် ချက်ချင်း ဆိုသလို ပျံ့နှံ့သွားခဲ့၏။
"ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ပါလား.. မင်း .. မင်းက ထိုက်ရှဂိုဏ်းရဲ့ တစ်ခုတည်းသော ကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်တဲ့ ထိုက်ရှ တိုက်ခိုက်ရေးခန္ဓာကိုယ် ကျင့်စဥ်ကို အမှန်တကယ် နားလည်နိုင်ခဲ့တာပဲ"
အခန်း(၅၃၄) ပြီး၏။