အခန်း (၅၃၈-၅၄၀)
Vol. 36 Ch. 538-540
အခန်း(၅၃၈)
"ဒီဧကရာဇ်က မဟာရှားနိုင်ငံရဲ့ တစ်ဦးတည်းသော ဧကရာဇ်ပဲ.. ရှားရွှယ်မှာ ငါ့ရဲ့ သေခြင်းတရားကို ဆုံးဖြတ်ဖို့ ဘာအရည်အချင်း ရှိလို့လဲ"
ရှားလင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အခု အင်ပါယာမြို့တော်ရဲ့ မိသားစုကြီး လေးစု အပါအဝင် အရာအားလုံးက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်.. မင်းက ရှားရွှယ်အတွက် ဧကရာဇ်နေရာကို ယူပေးမယ်ဆိုရင်တောင် မဖြစ်နိုင်တော့ဘူး"
"ဟုတ်လား"
ကျန်းချန်က ညင်သာစွာ ပြုံးလိုက်သည်။
ထို့နောက် သူက ရှားလင်း၏ နောက်လိုက်နောက်ပါ များကို လှမ်းကြည့်လိုက်၏။
သူ၏ အေးစက်သော အသံသည် ချက်ချင်းပင် ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်သွားခဲ့သည်။
"မင်းတို့တွေက အခြေအနေအရ ရှားလင်းကို လက်နက်ချခဲ့ကြရတယ်ဆိုတာ ငါနားလည်တယ်...အခု မင်းတို့ကို အခွင့်အရေး ပေးမယ်.. ရှားရွှယ်ကို ဧကရာဇ်အဖြစ် ဆက်ပြီး ထောက်ခံဖို့ ဆန္ဒရှိရင် အရင်က အပြစ်တွေကို လွတ်ငြိမ်းခွင့်ပေးမယ်"
ကျန်းချန်၏ စကားသံ ဆုံးသည်နှင့် ရှားလင်း၏ အနောက်ဘက်ရှိ လူအုပ်စုသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့သည်။
"သခင်လေးကျန်း... ကုန်းမိသားစုက ရှားရွှယ်ကို ခစားဖို့ ဆန္ဒရှိပါတယ်"
ထိုအချိန်မှာပင် ကုန်းမိသားစု၏ အစီအရင်သခင် ကုန်းချီသည် ပထမဆုံး ရှေ့ကို တက်လာခဲ့ပြီး ကျန်းချန်ကို လေးလေးစားစား ပြောလိုက်သည်။
ရှားလင်းက သွေးနတ်ဘုရားကျောင်းတော်မှ ရွှယ်ရှင်း၏ ပြိုင်ဘက်ကင်း အင်အားကို အားကိုးပြီး ထီးနန်းကို လုယူနိုင်ခဲ့သည်။
သို့သော်လည်း ယခုအခါတွင် ကျန်းချန်သည် စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့်တွင် ရှိသည့် သွေးနတ်ဘုရားကျောင်းတော်၏ ကျင့်ကြံသူကို အလွယ်တကူ သတ်ပစ်လိုက်ပြီ ဖြစ်၏။
ထိုအဓိပ္ပါယ်မှာ ရှားလင်းသည် ထီးနန်းလုပွဲတွင် လုံးဝ ရှုံးနိမ့်သွားခဲ့သော အဓိပ္ပါယ် ဆိုလည်းမမှားပေ။
သူတို့ ကုန်းမိသားစုက ရှားလင်ကို အညံ့ခံဖို့ ရွေးချယ်ခဲ့ရသည်မှာ ရွှယ်ရှင်း၏ ခွန်အားကို ကြောက်ရွံ့သောကြောင့်သာ ဖြစ်၏။
ယခု ရွှယ်ရှင်း သေဆုံးသွားပြီ ဖြစ်ရာ ကျန်းချန် ထောက်ခံထားသည့် ရှားရွှယ်သည် မဟာရှားနိုင်ငံ၏ တစ်ဦးတည်းသော ဧကရာဇ် ဖြစ်လာရန် သေချာနေခဲ့ပြီ မဟုတ်ပါလား။
သဘာဝကျစွာပင် သူတို့ ကုန်းမိသားစုသည် ရှားလင်းနှင့် အတူ လိုက်သေမည် မဟုတ်ပေ။
ကုန်းချီက ရှေ့ထွက်၍ အညံ့ခံလိုက်သည်နှင့် တခြားလူတွေကလည်း သူတို့၏ ရပ်တည်ချက်များကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ကြသည်။
"သခင်လေးကျန်း... ကျွန်တော်တို့ ကျန်းမိသားစုကလည်း ဧကရာဇ် ရှားရွှယ်ကို ထောက်ခံပါတယ်"
"ကျွန်တော်တို့ ကျောက်မိသားစုလည်း အတူတူပါပဲ"
".............."
ရွှယ်ရှင်း၏ ဖိအားကြောင့် ရှားလင်းကို လက်နက်ချခဲ့သည့် မရေမတွက်နိုင်သော အင်အားစုများသည် တခဏအတွင်း ရှားလင်းနှင့် လုံးဝ ဝေးကွာသွားခဲ့သည်။
သူ၏ အယုံကြည်ရဆုံး အနီးကပ် သူငယ်ချင်းတချို့ပင် တုံ့ဆိုင်းမှုမရှိ သူ့ကို သစ္စာဖောက်သွားခဲ့ကြ၏။
အလွန် လျင်မြန်စွာပင် ရှားလင်းသည် တစ်ကိုယ်တည်း ဖြစ်သွားခဲ့သည်။
သူ၏ ထိန်းချုပ်မှုအောက်မှ အရာအားလုံးကို ကျန်းချန်က စကားတစ်ခွန်းတည်းဖြင့် ဖြိုခွဲလိုက်သည်ကို မြင်လိုက်ရလျှင် ရှားလင်း၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး ပျော့ခွေသွားခဲ့သည်။
ကျန်းချန်ဟာ ရှားလင်းကို နောက်ထပ် တစ်ကြိမ် ကြည့်မနေတော့ဘဲ ယွဲ့ယန်ကျိုးတို့ ဆီသို့ လျှောက်လာခဲ့သည်။
"ညီနောင် ကျန်းချန်... မင်းကို မတွေ့ရတာ အချိန်အတော်ကြာသွားခဲ့ပြီ"
"ဒီတစ်ခေါက် မင်း အချိန်မီ ပြန်လာတာကို ကျေးဇူးတင်ပါတယ်.. မဟုတ်ရင် ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမက အန္တရာယ် ရှိသွားနိုင်တယ်"
ယွဲ့ယန်ကျိုးက ကျန်းချန်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ဘာမှအပန်းမကြီးပါဘူး အကိုယွဲ့"
"ဒါ့အပြင် ကျွန်တော်က လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမရဲ့ ဧည့်အကြီးအကဲ ဖြစ်တဲ့အတွက် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ ဒုက္ခရောက်နေတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ မေးခွန်းထုတ်လိုက်၏။
"ရှားရွှယ်ရော အဆင်ပြေရဲ့လား"
"စိတ်မပူပါနဲ့... သူက ငါတို့ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမမှာ ရှိပါတယ်.. လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ မပျက်စီးသရွေ့ သူ့ကို ဘာမှ အဖြစ်ခံမှာ မဟုတ်ပါဘူး"
ယွဲ့ယန်ကျိုးက ပြုံး၍ ပြောလိုက်သည်။
"ညီနောင် ကျန်းချန် သူ့ကို တွေ့ချင်ရင် ငါ ခေါ်သွားပေးပါ့မယ်"
"အခု သွေးနတ်ဘုရားကျောင်းတော်၏ ကျင့်ကြံသူကို ကျွန်တော် ရှင်းလင်းပြီးပြီ.. ကျန်တဲ့ကိစ္စတွေကို အကိုယွဲ့ပဲ ရှားရွှယ်ကို ကူညီပေးလိုက်ပါ.. ကျွန်တော့်မှာ အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာ ကျန်သေးလို့ အင်ပါယာမြို့တော်မှာ အချိန်အကြာကြီး နေလို့ မရသေးဘူး"
ကျန်းချန်က ခေါင်းခါ၍ ပြောလိုက်သည်။
သူက မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းသုံးဂိုဏ်း ပြိုင်ပွဲကို မသွားခင် လင်ယွင်စီရင်စုကို ခဏပြန်ရန် ဆုံးဖြတ်ထား၏။
အချိန်က တဖြည်းဖြည်း ကုန်လွန်လာခဲ့၍ ကျန်းချန်သည် ဤနေရာတွင် အချိန်မဖြုန်းချင်တော့ပေ။
"အကိုယွဲ့... နှုတ်ဆက်ပါတယ်.. ကျွန်တော် ဒီကို အချိန်အတော်ကြာ ပြန်မလာဖြစ်လောက်ဘူး"
"မဟာရှားနိုင်ငံရဲ့ ကိစ္စတွေကို အကိုယွဲ့က ဂရုစိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
ယွဲ့ယန်ကျိုးနှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက်တွင် ကျန်းချန်သည် မီးလျှံသားရဲကို တိုက်ရိုက် ဆင့်ခေါ်လိုက်သည်။
ထို့နောက် သူက မီးလျှံသားရဲပေါ်သို့ ခုန်တက်လိုက်ပြီး အံ့သြတုန်လှုပ်သော အကြည့်များအောက်မှာပင် မီးတောက်တစ်ခုလို ပြောင်းလဲကာ ကောင်းကင်ထဲကို တိုးဝင် ပျောက်ကွယ်သွားခဲ့၏။
အခန်း(၅၃၈) ပြီး၏
အခန်း(၅၃၉)
လင်ယွင်စီရင်စု၊ စန်းရှန်မြို့။
အပြာရောင်ကျောက်ပြားများနှင့် ခင်းထားသည့် ကျယ်ဝန်းသော လမ်းမပေါ်တွင် လျှောက်လာရင်း ကျန်းချန်သည် နှလုံးသားထဲ၌ နက်နက်ရှိုင်းရှိုင်း ခံစားနေရသည်။
လွန်ခဲ့သည့် တစ်နှစ်က သူသည် စန်းရှန်မြို့ရှိ ကျန်းမိသားစုမှ သာမန် သခင်လေး တစ်ယောက်သာ ဖြစ်သည်။
သို့သော် တစ်နှစ်ကြာပြီးသည့်နောက်တွင် သူသည် မဟာရှားနိုင်ငံ၏ နံပါတ်တစ် ကျင့်ကြံသူ တစ်ယောက်ပင် ဖြစ်လာခဲ့သည်။
ကျန်းချန် ကိုယ်တိုင်ပင် နှလုံးသားထဲ၌ အိပ်မက်ဆန်သော ခံစားချက်တစ်ခုကို ခံစားနေရသည်။
"စန်းရှန်မြို့က အရင်ကထက် ပိုပြီး စည်ကားလာပုံပဲ.. ဒီနှစ်မှာ ကျန်းမိသားစုက အတော်လေး တိုးတက်လာပုံရတယ်"
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
စန်းရှန်မြို့ထဲကို ဝင်ရောက်ခဲ့သော်လည်း စန်းရှန်မြို့ရှိ မည်သူကမှ သူ့ကို ကျန်းမိသားစု၏ ခေါင်းဆောင်အဖြစ် မမှတ်မိကြပေ။
သူက စန်းရှန်မြို့ကနေ တစ်နှစ်ပတ်လုံး ထွက်ခွာလာခဲ့၍ လွန်ခဲ့သည့် တစ်နှစ်နှင့် နှိုင်းယှဉ်လျှင် သူ၏ အရပ်နှင့် အသွင်အပြင်သည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က သူ၏ မှတ်ဉာဏ်ထဲက လမ်းကြောင်းအတိုင်း ကျန်းမိသားစု ခြံဝင်းဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားခဲ့သည်။
ဆယ်မိနစ်အကြာတွင် ကျန်းချန်းသည် ကျန်းမိသားစု ခြံဝင်း၏ အပြင်ဘက်တံခါးသို့ ရောက်ရှိလာခဲ့၏။
ထိုအခါ ကျန်းအိမ်တော်၏ တံခါးဝတွင် တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် သူ အံ့သြသွားခဲ့သည်။
စန်းရှန်မြို့၏ အရှင်သခင်အနေဖြင့် ကျန်းမိသားစု၏ စန်းရှန်မြို့တွင် ရပ်တည်မှုသည် အလွန် အခြေခိုင်၏။
သာမန်အားဖြင့် မည်ကသူမှ ကျန်းအိမ်တော်ကို အလွယ်တကူ ခြေချရန် မဝံ့ရဲကြပေ။
သို့သော်လည်း ယခုအခါတွင် ကျန်းအိမ်တော်၏ တံခါးဝ၌ လူအများအပြား စုရုံးနေခဲ့သည်။
ကျန်းချန်က အခြေအနေကို အကဲခတ်လိုက်ရာ ခြံဝင်းထဲတွင် အဖွဲ့နှစ်ဖွဲ့က ထိပ်တိုက်တွေ့နေသည်ကို တွေ့လိုက်ရ၏။
ထိုနှစ်ဖွဲ့တွင် တစ်ဖွဲ့မှာ ကျန်းခိုင် ဦးဆောင်သည့် ကျန်းမိသားစုအဖွဲ့ ဖြစ်သည်။
သူတို့နှင့် ဆန့်ကျင်ဘက်တွင်မူ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် လူတစ်ယောက်သည် လူအုပ်စုတစ်စုကို ဦးဆောင်ကာ ကျန်းခိုင်တို့ လူစုကို ရင်ဆိုင်နေခဲ့သည်။
"ဒီလူတွေက ဘယ်သူတွေလဲ.. သူတို့က ကျန်းအိမ်တော်ထဲဝင်ပြီး ရိုင်းစိုင်းရဲတဲ့အထိ အတင့်ရဲလှချည်လား"
"အနီရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ်လူက မေပယ်ရွက်မြို့က ဟုန်မိသားစု ခေါင်းဆောင် ဟုန်ကျန့်ပဲ.. ရွှယ်စန်းတောင်မှာ ကျောက်သလင်း သတ္တုတွင်းတစ်ခုကို တွေ့ရှိထားတဲ့အတွက် နှစ်ဖက်စလုံးက ကျောက်သလင်း သတ္တုတွင်းရဲ့ ထိန်းချုပ်မှုကို ရယူဖို့ တိုက်ခိုက်နေကြပုံပဲ"
"မေပယ်ရွက်မြို့ရဲ့ ဟုန်မိသားစုက လွန်ခဲ့တဲ့ တစ်နှစ်ကစပြီး အင်အား တိုးတက်လာတယ်လို့ ငါ ကြားမိတယ်.. သူတို့မှာ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့် အကြီးအကဲချုပ် တစ်ယောက်တောင် ရှိတယ်...ဒီတစ်ခေါက်တော့ ကျန်းမိသားစု ဒုက္ခရောက်မှာ ငါ စိုးရိမ်မိတယ်"
".............."
[မေပယ်ရွက်မြို့က ဟုန်မိသားစု]
ကျန်းချန်က ပတ်ဝန်းကျင်မှ တီးတိုး ပြောဆိုသံများကို ကြားလိုက်သည့်အခါ မျက်ဝန်းထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"ကျန်းခိုင်... ရွှယ်စန်းတောင်က စန်းရှန်မြို့နဲ့ မေပယ်ရွက်မြို့ကြားမှာ တည်ရှိတယ်.. ရွှယ်စန်းတောင်မှာ ဒီတစ်ခေါက် တွေ့ရှိခဲ့တဲ့ ကျောက်သလင်း သတ္တုတွင်းက မင်းတို့ ကျန်းမိသားစုတစ်စုထဲ ပိုင်ဆိုင်တဲ့အရာ မဟုတ်ဘူး"
ထိုစကားကိုကြားလျှင် ကျန်းခိုင်သည် ဟုန်ကျန့်ကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။
"ကျောက်သလင်း သတ္တုတွင်းက ရွှယ်စန်းတောင်မှာ တည်ရှိတယ် ဆိုပေမဲ့ ဒါက ငါတို့ စန်းရှန်မြို့ရဲ့ နယ်မြေအတွင်းမှာ လုံးဝ ရှိတယ်.. ဒါကြောင့် ငါတို့ ကျန်းမိသားစု အနေနဲ ပိုင်ဆိုင်ခွင့်အတွက် ပြဿနာ မရှိဘူးလို့ ငါထင်တယ်"
"ကျန်းခိုင်... မင်းနဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောဖို့ ငါ့မှာ အချိန်မရှိဘူး"
"ဘာပဲဖြစ်ဖြစ် ရွှယ်စန်းတောင်မှာ တွေ့ရှိခဲ့တဲ့ ကျောက်သလင်းသတ္တုတွင်းက ငါတို့ ဟုန်မိသားစုရဲ့ အပိုင်ပဲ ဖြစ်ရမယ်"
ဟုန်ကျန့်က အေးစက်စက် ပြောလိုက်သည်။
"မင်းက ငါ့ကို တိုက်ခိုက်ဖို့ တွန်းအားပေးရင် မင်းတို့ ကျန်းမိသားစုအနေနဲ့ အကြီးအကျယ် ပေးဆပ်ရမှာ ငါ စိုးရိမ်မိတယ်"
ထိုစကားကိုကြားလျှင် ကျန်းခိုင်က အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"ဒါဆိုရင် ခေါင်းဆောင်ဟုန်က ဘယ်လို ဆုံးဖြတ်ချင်လို့လဲ"
"ငါတို့ မိသားစုကြားက ဆက်ဆံရေးကို မထိခိုက်စေဖို့ အတွက် ကျောက်သလင်းသတ္တုတွင်းရဲ့ ပိုင်ဆိုင်မှုကို သိုင်းပြိုင်ပြီး ဆုံးဖြတ်ကြတာပေါ့"
ဟုန်ကျန့်က ကောက်ကျစ်စွာ ပြုံး၍ ပြောလိုက်သည်။
"ငါတို့က အသက် ၂၀ အောက် လူငယ်ပါရမီရှင် သုံးယောက်စီ စေလွှတ်ပြီး ယှဉ်ပြိုင်ကြမယ်...ပြိုင်ပွဲမှာ အနိုင်ရတဲ့ဘက်က ရွှယ်စန်းတောင်က ကျောက်သလင်း သတ္တုတွင်းကို ပိုင်ဆိုင်ခွင့်ရမယ်.. ဘယ်လိုသဘောရလဲ"
"ဟုန်ကျန့်.. မင်း လူလည်ကျလှချည်လား"
ဟုန်ကျန့်၏ စကားကို ကြားလျှင် ကျန်းခိုင်၏ မျက်နှာသည် ချက်ချင်းပင် အလွန်အမင်း အကြည့်ရဆိုးသွားခဲ့သည်။
အခန်း(၅၃၉) ပြီး၏
အခန်း(၅၄၀)
ကျန်းခိုင်က အလွန်ပင် ဒေါသထွက်နေခဲ့သည်။
ဟုန်ကျန့် အဆိုပြုခဲ့သည့် ပြိုင်ပွဲသည် သူတို့ ကျန်းမိသားစုဆီမှ ကျောက်သလင်းသတ္တုတွင်းကို အတင်းအဓမ္မ သိမ်းယူခြင်းနှင့် ဘာမှ မကွာခြားပေ။
လွန်ခဲ့သည့် တစ်နှစ်က ကျန်းမိသားစု၏ သခင်လေး ကျန်းချန် သည် အလွန်အမင်း ကျော်ကြားလာခဲ့ပြီး ကျန်းမိသားစုကို စန်းရှန်မြို့၏ အရှင်သခင်အဖြစ် တင်မြှောက်နိုင်ခဲ့သည်။
ဤနှစ်တွင် ကျန်းမိသားစုသည် အလွန် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့သော်လည်း လူငယ်မျိုးဆက်တွင်မူ အားနည်းချက်တစ်ခု ရှိနေခဲ့၏။
ကျန်းမိသားစုတွင် ပါရမီ ကောင်းမွန်သူ တချို့ ပေါ်ထွက်လာသော်လည်း ၎င်းတို့သည် အသက် ၁၂ နှစ် သို့မဟုတ် ၁၃ နှစ်အရွယ်သာ ရှိသေးသည်။
ယနေ့တွင် ကျန်းမိသားစု၏ ပါရမီရှင် ကျန်းရှင်းက လွဲလျှင် တိုက်ခိုက်ရေးကောင်းမွန်သော လူငယ်တပည့်များ မရှိသလောက်ပင်။
သို့သော်လည်း မေပယ်ရွက်မြို့၏ ဟုန်မိသားစုတွင်မူ ပါရမီရှင် အများအပြား ရှိနေခဲ့သည်။
ဟုန်မိသားစု၏ နံပါတ်တစ်ပါရမီရှင် ဟုန်ဖန်းသည် လင်ယွင်ကျောင်းတော်ကို ဝင်ရောက်ပြီး တစ်နှစ်အကြာတွင် လင်ယွင်စာရင်း၏ ပါရမီရှင်တစ်ယောက် ဖြစ်လာခဲ့၏။
ထို့ကြောင့် လူငယ် တပည့်များဖြင့် ယှဥ်ပြိုင်၍ ကျောက်သလင်းသတ္တုတွင်း၏ ပိုင်ဆိုင်မှုကို ဆုံးဖြတ်ကြမည်ဆိုလျှင် သူတို့ ကျန်းမိသားစုသည် ရှုံးနိမ့်မှာ သေချာနေသည် မဟုတ်ပါလား။
"ကျန်းခိုင်... မိသားစုနှစ်ခုရဲ့ ဆက်ဆံရေးကို မထိခိုက်စေဖို့ ငါက တရားမျှမျှတတ ဆုံးဖြတ်ခဲ့တာပါ.. ဘာလို့ ငါက လူလည်ကျရမှာလဲ"
ဟုန်ကျန့်က အေးစက်စွာ ပြုံးလိုက်ပြီး ကျန်းခိုင်ကို မထီတရီ ကြည့်ကာ ပြောလိုက်သည်။
"ငါတို့ရဲ့ ဟုန်မိသားစု အနေနဲ့ တကယ်ပဲ လုယူချင်တယ် ဆိုရင် မင်းတို့ ကျန်းမိသားစုအနေနဲ့ လုံးဝ မတားဆီးနိုင်ဘူးဆိုတာ မင်း နားလည်သင့်တယ်"
"ကျန်းခိုင်... ဟုန်မိသားစုမှာ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက် ရှိတယ်.. ငါတို့ ကျန်းမိသားစုရဲ့ လက်ရှိ အင်အားနဲ့ ဟုန်မိသားစုကို ယှဉ်ပြိုင်ဖို့ ခက်ခဲတယ်.. သူတို့ကို ကျောက်သလင်း သတ္တုတွင်း ခဏပေးထားလိုက်တာ ပိုကောင်းမယ်ထင်တယ်.. ခေါင်းဆောင် ပြန်ရောက်လာတဲ့အခါမှပဲ အရာအားလုံးကို ဖြေရှင်းကြတာပေါ့"
ဟုန်ကျန့်၏ အထက်စီးဆန်သော စကားကို ကြားလျှင် ရွှယ်ရှောက်က ကျန်းခိုင်ကို တီးတိုး ပြောလိုက်သည်။
ကျန်းခိုင်၏ မျက်လုံးများက မှောင်မိုက်နေခဲ့၏။
သူ စကားပြောတော့မည့် အချိန်တွင် ဟုန်ကျန့်၏ အနောက်မှ အနီရောင်ဝတ်စုံဝတ် ကောင်လေးတစ်ယောက်သည် အရှေ့သို့ ထွက်လာခဲ့သည်။
"မင်းတို့ ကျန်းမိသားစုရဲ့ အင်အားအကြီးဆုံး ပါရမီရှင် သုံးယောက်ကို ငါနဲ့ တိုက်ခိုက်ဖို့ စေလွှတ်လိုက်ပါ"
"ငါ ဟုန်ဖန်းကို အနိုင်ယူနိုင်သရွေ့ ရွှယ်စန်းတောင်မှာရှိတဲ့ ကျောက်သလင်းသတ္တုတွင်းကို မင်းတို့ ကျန်းမိသားစုက ပိုင်ဆိုင်ခွင့်ရမယ်.. မဟုတ်ရင်တော့ မင်းတို့ ကျန်းမိသားစုက ကျောက်သလင်းသတ္တုတွင်းကို နာခံမှုရှိရှိ လွှဲပြောင်းပေးရမယ်"
အနီရောင်ဝတ်စုံဝတ် ကောင်လေး၏ မောက်မာသော စကားသံက ကျန်းမိသားစုမှ တပည့်များကို ဒေါသ အကြီးအကျယ် ထွက်စေခဲ့၏။
"ဟုန်ဖန်း... မင်းက ဘာမို့လို့လဲ.. ငါ မင်းနဲ့ တိုက်ခိုက်မယ်"
ကျန်းရှင်းက အလွန်အမင်း ဒေါသထွက်သွားပြီး ဟုန်ဖန်းကို ရင်ဆိုင်ရန် ထွက်လာခဲ့သည်။
"ဟားဟား ကျန်းရှင်း... မင်းလို အမှိုက်သရိုက်က ငါနဲ့ယှဥ်ချင်တာ သေခြင်းတရားကို ရှာဖွေနေတာပဲ"
ဟုန်ဖန်းက အထင်သေးသော လေသံဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
သူက လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်ရာ မူလဘူတနယ်ပယ်အဆင့်၏ စွမ်းအင်သည် ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။
ထိပ်တိုက်ရင်ဆိုင်ပြီး မကြာခင်မှာပင် ကျန်းရှင်းသည် မီးဆန္ဒ၏ စွမ်းအားများပါဝင်နေသည့် ဟုန်ဖန်း၏ လက်ဝါးဖြင့် ရိုက်နှက်ခံလိုက်ရ၏။
"ဝေါ့"
ကျန်းရှင်းက သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
သူက ဟုန်ဖန်းကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်နေခဲ့၏။
"မူလဘူတအဆင့် စွမ်းအားပါလား"
"ဟုန်ဖန်းက တကယ်ပဲ မူလဘူတ နယ်ပယ်အဆင့်ကို ရောက်ရှိသွားပြီလား"
"ဟားဟား... အခု မင်းတို့ ကျန်းမိသားစုမှာ နောက်ထပ် အခွင့်အရေး နှစ်ခုပဲ ကျန်တော့တယ်.. ဘယ်သူ နောက်ထပ် လာဦးမလဲ"
ဟုန်ဖန်းက ကျန်းရှင်းကို အနိုင်ယူပြီးနောက်တွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
ကျန်းမိသားစုမှ ကျန်းခိုင် အပါအဝင်၊ ကျန်းမိသားစု၏ တပည့်အားလုံးသည် ဟုန်ဖန်းကို ဒေါသတကြီး ကြည့်နေခဲ့ကြ၏။
"ဟက်.. ကျန်းရှင်းက လွဲပြီး မင်းတို့ဆီမှာ ငါနဲ့ တိုက်ခိုက်ဖို့ တစ်ယောက်မှမရှိတော့ဘူးလား"
"ဒီလိုဆိုရင်လည်း အရှုံးပေးပြီး ရွှယ်စန်းတောင်က ကျောက်သလင်း သတ္တုတွင်းကို ပေးလိုက်တော့လေ"
ကျန်းမိသားစုဘက်တွင် သူနှင့် တိုက်ခိုက်ဖို့ မည်သူမှ မရှိသည်ကို မြင်လိုက်ရလျှင် ဟုန်ဖန်း၏ ခနဲ့တဲ့တဲ့ ရယ်သံသည် နောက်တစ်ကြိမ် ပဲ့တင်ထပ်လာခဲ့၏။
"ဟမ့်...ကျန်းမိသားစုမှာ ဘယ်သူမှ မရှိဘူးလို့ ဘယ်သူပြောလဲ"
"မင်းတို့ ဟုန်အိမ်တော်က ငါတို့ရဲ့ ကျန်းအိမ်တော်မှာ လူပါးလာဝဖို့ အရည်အချင်း မရှိဘူး"
"ငါ တစ်ကနေ တစ်ဆယ်အတွင်း ရေမယ်.. မင်းတို့တွေ စန်းရှန်မြို့ကနေ အမြန်ဆုံး ထွက်သွားကြစမ်း"
ဟုန်ဖန်း၏ စကားသံဆုံးသည်နှင့် အေးစက်စက် အသံတစ်သံသည် လေထုထဲတွင် ချက်ချင်း ပဲ့တင်ထပ်လာခဲ့သည်။
အခန်း(၅၄၀) ပြီး၏။