← Chapters

ရေစင် (၆)

Vol. 2 Ch. 95

ရေစင် (၆)

Vol. 2 Ch. 95

အိမ်တော်ထဲကနေ ဆယ်ဗီထွက်သွားပြီး မကြာခင်မှာပဲ နာတာရှာနဲ့ နက်ဆန်က တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြလိုက်ကြတယ်။

“အချိန်ရှိတုန်း လှုပ်ရှားတာ ကောင်းမယ်လို့ထင်ပါတယ်၊ သခင်။”

နက်ဆန်ကတော့ သူ့ရှေ့မှာ ရှိနေတဲ့ သိုးရေစက္ကူချပ်ပေါ်က မြေပုံကို အထပ်ထပ်အခါခါကြည့်ရင်း သက်ပြင်းချတယ်။ အဲဒီနောက်တော့ နာတာရှာကို ကြည့်လိုက်ရင်းနဲ့

“နေ့ခင်းဘက် ဘုရားကျောင်းထဲကိုဖောက်ဝင်ပြီး ရေစင်ကို ဝင်ခိုးမယ်ဆိုရင် အမှောင်ကျောင်းတော်ကို သူတို့တွေ သံသယမဝင်လောက်ဘူးဆိုတာ သေချာလား။”

ရေစင်ကိုခိုးဖို့အတွက် အစီအစဥ်ချခဲ့တဲ့သူက နာတာရှာ။ နေ့ခင်းဘက်အချိန် ခိုးဝင်ဖို့ရွေးချယ်တာက အန္တရာယ် ရှိတယ်ဆိုပေမဲ့ နာတာရှာမှာ အဲဒီအတွက် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိနေတဲ့ပုံပေါ်တယ်။

“ဘုရားကျောင်းကလူတွေ ပုံမှန်သိထားတဲ့အချက်က အရှင်ဟာ နေ့ခင်းပိုင်းမှာဆိုရင် လက်အောက်ခံတွေနဲ့ နတ်ဘုရားခန္ဓာကိုယ်ရဲ့စွမ်းအားကို အပြည့််အဝ အသုံးချလို့ မရဘူးဆိုတာပါပဲ။ ဒါပေမဲ့ အရှင်က မှော်ပညာကို အဆင့်မြင့်မြင့် တတ်မြောက်ထားတဲ့အပြင် ကျွန်မရဲ့ မှော်ဆေးရည်တွေ အကူအညီနဲ့ဆိုရင် သေချာပေါက် ဘုရားကျောင်းကို ဖောက်ဝင်နိုင်မှာပါ။”

နာတာရှာက အနီရောင်တောက်ပနေတဲ့ ဆေးပုလင်းကို ကမ်းပေးလိုက်တယ်။ “ကိုယ်ပျောက်ဆေးရည်၊ နာရီဝက်ပဲ ကိုယ်ပျောက်စေမှာဆိုပေမဲ့ အရှင့်ကို မှော်ပဉနဲ့တောင် ထောက်လှမ်းလို့မရအောင် လုပ်ပေးစေနိုင်ပါတယ်။”

နက်ဆန်က နောက်တစ်ကြိမ်ထပ်ပြီး သက်ပြင်းချပြန်တယ်။ “တစ်ခုခုဖြစ်လာရင် ဆယ်ဗီကို မြို့ထဲကနေ ခေါ်ထုတ်သွားဖို့ အိုလီရာနာကို သေချာမှာထားပြီးပြီလား။”

“ဟုတ်၊ တစ်ခုခုဖြစ်လာတာနဲ့ အိုလီရာနာက မစ်ဆယ်ဗီကို ပြင်သစ်ရောက်တဲ့အထိ ခေါ်သွားပါလိမ့်မယ်။”

“ကောင်းပြီ၊ ဒါဆိုရင် သွားကြတာပေါ့။” နက်ဆန်က သူ့ရဲ့ အနက်ရောင်ဂျာကင်ကြီးကို အပေါ်ကနေ ထပ်ဝတ်တယ်။ နာတာရှာကလည်း သခင်ဖြစ်သူရဲ့အရိပ်ထဲကို ဝင်ရောက် လိုက်ပါပြီ။

...

ရိုမြူလက်ဘုရားကျောင်း။

သီရာက ကျောင်းတော်ကိုရောက်လာတဲ့ ကလေးငယ် ဦးရေနှစ်ရာလောက်ကို အံ့ဩတကြီးနဲ့ ကြည့်လိုက်မိတယ်။ “အယ်ဟယ်... ဘယ်လိုလုပ်ပြီးတော့ ဒီနေ့ကျမှ ငါတို့ရဲ့ ဘုရားကျောင်းကို ကလေးတွေအများကြီး ရောက်လာတာလဲ။”

ဒီလိုမြင်ကွင်းမျိုးကို သီရာမမြင်ရတာ တော်တော်ကြာခဲ့ပြီ။ သီရာရဲ့ဘေးနားမှာရှိနေတဲ့ နီကိုလပ်ကလည်း “နောက်ဆုံး တစ်ခါဒီလိုဖြစ်ခဲ့တုန်းက ပြီးခဲ့တဲ့သုံးနှစ်၊ ဟိုအရူးမ ရူဘီ အီဂျစ်က ဟိုးရပ်နတ်ကျောင့်းတော်ကို ဖျက်ဆီးတုန်းက မဟုတ်လား။”

ရူဘီဆိုတဲ့နာမည်ကိုကြားတော့ သီရာရဲ့ခန္ဓာကိုယ်က မသိမသာတုန်လှုပ်သွားတယ်။ ဒါပေမဲ့ သူတို့အနားကို လူတစ်ယောက် ရောက်ရှိလာတဲ့အတွက် စကားစ ပြတ်သွားတယ်။

“ကောင်းသော နံနက်ခင်းပါ၊ အစ်ကိုတော် ဆားဗီးရပ်။” သီရာက ငွေရောင်ဆံပင်တွေရှိပြီး မျက်မှန်တပ်ထားတဲ့ လူချောလေးကို နှုတ်ဆက်လိုက်တယ်။ ဓားသူတော်စင် ဆားဗီးယပ်ကတော့ သူ့ရှေ့က တခြားသူတော်စင် နှစ်ဦးကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီးတော့...

“အားနည်းတယ်...”လို့ မကြားတကြား ရေရွတ်ကာ ငိုယိုနေတဲ့ ကလေးတွေကို ပင်မကျောင်းဆောင်ကြီးဆီ ဦးဆောင်ခေါ်ယူသွားတယ်။

နီကိုလပ်ကလည်း အဲဒီကောင်ကို မကျေမချမ်းကြည့်နေရင်း “အစ်မ၊ အဲဒီလိုကောင်မျိုးကို နှုတ်ဆက်နေစရာ မလိုပါဘူး။ သူက အစ်မရဲ့ယဥ်ကျေးမှုနဲ့ မထိုက်တန်ဘူး။”

သီရာကတော့ ခေါင်းကိုခါယမ်းလိုက်ပြီး “သူက နည်းနည်း ရိုင်းတယ်ဆိုပေမဲ့ နောက်ဆုံးတော့ အစ်မတို့ရဲ့စီနီယာ အစ်ကိုကြီးဖြစ်နေတုန်းပဲလေ။”

သီရာက အခုလိုပြောလိုက်ပေမဲ့ သိပ်မကြာခင်မှာပဲ ငိုယိုပြီး ဝမ်းနည်းနေတဲ့ ကလေးမလေးတစ်ယောက် ဒူးထောက် လဲကျသွားတာကို မြင်ရပြီး ခေါင်းထဲမူးမိုက်သွားသလိုမျိုး ဖြစ်သွားတယ်။ အရင်က သူလည်းပဲ အခုလိုအတွေ့အကြုံနဲ့ ကြုံဖူးသလိုမျိုး ခံစားမိလိုက်တယ်။

“ဒါပေမဲ့ တခြားနတ်ကျောင်းတော်တွေကို လိုက်နှိမ်နင်းပြီး သူတို့အဖွဲ့ဝင်တွေကို အတင်းအကျပ်ခေါ်ဆောင်လာတာက အစ်မတို့ဘုရားသခင်ရဲ့ဆုံးမမှုနဲ့ တကယ်ကိုက်ညီရဲ့လားလို့ စဥ်းစားမိတယ်။”

“ဘယ်သူက ဂရုစိုက်မှာလဲ။ ရဟန်းမင်းကြီး ကျွန်တော့်ကို ပြောတာကတော့ လမ်းမှာရောက်နေတဲ့ ဂိုဏ်းတွေက ကလေးတွေကို လမ်းမှန်ရှိရာဆီ ခေါ်လာတာဖြစ်လို့ ငရဲမကြီးဘူးတဲ့။”

“ဒါပေမဲ့ အဲဒီစစ်ပွဲတွေမှာ လူတွေအများကြီးသေခဲ့ရပြီး ကျန်ရစ်သူတွေကိုလည်း ဝမ်းနည်းပူဆွေးမှုတွေနဲ့ ပြည့်နေစေတယ်မဟုတ်လား။”

သီရာရဲ့စကားတွေကြောင့် နီကိုလပ်က သူ့ အောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်မိပါတယ်။ “အစ်မရေ၊ အဲဒီစကားတွေကို ရဟန်းမင်းကြီးရှေ့မှာ သွားမပြောနဲ့နော်။ တော်ကြာနေ အစ်မကို တိုက်ပိတ်ထားဦးမယ်။”

“အင်း၊ ငါသိပါတယ်။” သီရာက ဘာမှဆက်ပြီး မပြောတော့ပေမဲ့ နီကိုလပ်ကတော့ သီရာကို ကြည့်နေရင်းနဲ့ လေပူတွေကို မှုတ်ထုတ်လိုက်တယ်။

“ဒါကြောင့်ပဲ အစ်မတော်ကို ကာကွယ်ပေးဖို့ လိုနေတာ။” လို့ တစ်ကိုယ်ကြားသာရုံ ပြောလိုက်သေးတယ်။

...

စိန့်ဆားဗီးရပ်က ကျောက်သားတံခါးကြီးရှေ့မှာ ရပ်လိုက် ပါတယ်။ သူက သူ့ခါးမှာချိတ်ထားတဲ့ ဓားကိုမချွတ်ထားဘူး။ အဲဒါကြောင့် အစောင့်တွေဆီကနေ အဝါရောင်စွမ်းအင် လှိုင်းတွေထွက်ပေါ်လာပြီး ဆားဗီးရပ်ကို ဖိအားပေးလိုက် ကြပါပြီ။

“သူတော်စင် ဆားဗီးရပ်၊ ဘုရားကျောင်းထဲဝင်ချင်ရင် လက်နက်ကို အပြင်မှာထားခဲ့။”

“အားနည်းတဲ့ မာစတာအဆင့်နှစ်ယောက်ကများ။” ဆားဗီးရပ်ကလည်း သူ့ရဲ့ကိုယ်ပိုင်စွမ်းအားကို ထုတ်လွှတ်လိုက်တယ်။ မာစတာအဆင့် လက်နက်ပညာရှင် နှစ်​​ယောက်ဟာ ဆားဗီးရပ်ရဲ့မော်ကြွားလွန်းတဲ့ စွမ်းအင်လှိုင်း ဒဏ်ကိုတောင့်မခံနိုင်တော့ဘဲ ဒူးထောက်ကျကာ ပါးစပ်ကနေ သွေးတွေအန်ထုတ် လိုက်ကြရပါပြီ။

ဆားဗီးရပ်နောက်မှာရှိနေတဲ့ ကလေးတွေကတော့ ကြောက်လွန်းလို့ တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြပြီး တုန်တက်နေကြပါတယ်။ ဒါပေမဲ့ သူတို့ထွက်မပြေးရဲဘူး။ ထွက်ပြေးဖို့ကြိုးစားတာနဲ့ ဆားဗီးရပ်ရဲ့ခါးက ဓားရှည်က ဓားအိမ်ကနေ ထွက်လာမှာ ဖြစ်လို့ပါ။

“သားတော်ဆားဗီးရပ်၊ အပိုတွေလုပ်မနေဘဲ ဝင်ခဲ့တော့။”

စကျင်ကျောက်တံခါးကြီးက အလိုလိုပွင့်သွားပါတယ်။

ဆားဗီးရပ်က ကလေးတွေကို သူ့နောက်လိုက်လာဖို့အတွက် မျက်စပစ်ပြလိုက်ပြီး ခန်းမထဲကို ဝင်လိုက်ပါတယ်။ ရဟန်းမင်းကြီးကတော့ ပလ္လင်ပေါ်မှာရှိနေကာ သူ့ရဲ့အိုမင်းနေတဲ့မျက်လုံးတွေနဲ့ ဆားဗီးရပ်နဲ့ကလေးတွေကို ကြည့်လိုက်ပါတယ်။

“သားတော်ဆားဗီးရပ်၊ ဒီတစ်ခါ မင်းက တော်တော်များများ ခေါ်လာခဲ့တာပဲ။ “

ဆားဗီးရပ်က ဦးညွှတ်လိုက်တယ်။ ဒါပေမဲ့ ဒူးတော့ မထောက်။ ရဟန်းမင်းကြီးကလည်း အဲဒီအတွက် သိပ်ပြီးအရေးတယူ ရှိပုံမပေါ်ပါဘူး။

“ငါက မင်းနောက်ရက်နည်းနည်းလောက်နေမှ ပြန်ရောက်လာမယ် ထင်နေတာ။” ပုပ်ရဟန်းမင်းကြီးက ပြောလိုက်တယ်။ ဆားဗီးရပ်က ဂါမီယာမနတ်ကျောင်းကို အနိုင်ယူပြီးနောက် ချက်ချင်းပဲ ရိုမြူလက်ဘုရားကျောင်းကို ပြန်လာခဲ့တာမလို့ ရဟန်းမင်းကြီးတောင် အံ့ဩနေမိတယ်။

တစ်ဖက်မှာတော့ ဆားဗီးရပ်က မလွယ်ဘူးဆိုတဲ့ပုံစံနဲ့ ခေါင်းကိုခါယမ်းရင်း...

“ဂါမီယာမတောင်က ဂျပန်နတ်ကိုးကွယ်သူဂိုဏ်းတွေဖို့ သိပ်အရေးကြီးတဲ့နေရာပဲ။ တောင်ကိုသိမ်းပြီးပြီးချင်းပဲ အီဇုမိုဘုရားကျောင်းက တပ်ကူတွေလွှတ်လိုက်တဲ့သတင်း ရတဲ့အတွက် ချက်ချင်းပြန်ဆုတ်လာရတာပါ။”

ဆားဗီးယပ်က သန်မာတယ်ဆိုပေမဲ့ ဂျပန်တစ်နိုင်ငံလုံးက ရှင်တိုဂိုဏ်းတွေနဲ့ယှဥ်ချရဲလောက်အောင်တောင် မစွမ်းပါ။ သူ့ထက်အားနည်းတဲ့သူတွေချည်းပဲ လာတယ်ဆိုရင်တောင် အရေအတွက်များလာရင် ဟန်တော့မှာမဟုတ်ဘူးလေ။

“ဒါပေမဲ့ ဒီငယ်သားက ဒီနေ့အတွက် လမ်းပျောက်နေတဲ့ ကလေးငယ် ၂၁၆ယောက်ကို ဂါမီယာမတောင်ကနေ ခေါ်လာခဲ့ပါတယ်။ ကျေးဇူးပြုပြီး သူတို့တွေကို ဘုရားသခင်ဆီ လမ်းပြပေးပါဦး။”

...

ရေဆိုးမြောင်းတစ်ခု။

နက်ဆန်က တစ္ဆေမီးအိမ်ကိုကိုင်ပြီးတော့ မှောင်မိုက်နေတဲ့ ရေဆိုးမြောင်းထဲမှာ ခရီးသွားနေပါတယ်။ ဒီနေရာကို ဆောက်လုပ်ထားတဲ့ အုတ်ချပ်တွေကို ကြည့်ရုံနဲ့တင် အတော်လေး အိုဟောင်းနေပြီဖြစ်မှန်း သိနိုင်ပါတယ်။ သူက ခြေလှမ်းတိုင်းကို ဂရုတစိုက်လှမ်းနေပြီးတော့ မြေပြင်မှာ ချထားတဲ့ ထူးဆန်းတဲ့ မှော်စက်ဝိုင်းတွေကို မနင်းမိစေဖို့ ရှောင်ရှားခဲ့ပါတယ်။

“ဘုရားကျောင်းက ဒီနေရာကို ကင်းစောင့်တွေမလွှတ်ဘဲ အစီအရင်နည်းနည်းပါးပါးပဲ ချထားတာ ကံကောင်းတယ် ဆိုရမယ်။”

နက်ဆန်က ဒီလိုပြောလိုက်တော့ သူ့အရိပ်ထဲမှာပုန်းနေတဲ့ နာတာရှာကလည်း အခုလိုပြောလိုက်လေရဲ့။ “ သူတို့က မလိုအပ်ဘူးထင်လို့ မလုပ်မထားတာ။ သခင့်မှာက တစ္ဆေမီးအိမ်ဆိုတဲ့ မှော်ရတနာရှိနေလို့ လွယ်တယ် ထင်ရတာလေ။ ဆီနိတ်တာမာရီယာဆိုရင် ဒီနေရာက မှော်စက်ဝိုင်းတွေရဲ့တည်နေရာကိုသိဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ရတာမဟုတ်လား။”

“ဟုတ်သားပဲ...” နက်ဆန်က ခေါင်းညိတ်လိုက်တယ်။ ဆီနိတ်တာမာရီယာ သူတို့အတွက်ဆွဲပြတဲ့ မြေပုံပေါ်မှာ မှော်စက်ဝိုင်းတွေရဲ့တည်နေရာလည်းပါတယ်ဆိုပေမဲ့ မတိကျတော့ပါဘူး။ နှစ်တွေကြာပြီးနောက် ဘုရားကျောင်းက နေရာတွေပြောင်းရွေ့ပြီးပါပြီ။

ရေတွေအများကြီးကျဆင်းနေတဲ့ ပိုက်လိုင်းကြီးတစ်ခုဆီ အရောက်မှာတော့ နက်ဆန်က ရပ်လိုက်ပါတယ်။ “ဒီနေရာက သဘာဝပင်လယ်ရေလှိိုင်းတွေရဲ့အားနဲ့ အလုပ်လုပ်တယ် ဆိုတဲ့ တာလာဆာရေချိုးကန်နဲ့ ဆက်သွယ်ထားတဲ့နေရာ လား။”

တာလာဆာဆိုတာက ဂရိလို ပင်လယ်ပြင်ကိုခေါ်တာပါ။ တစ်နည်းအားဖြင့် ပင်လယ်ရေချိုးကန်နဲ့ဆက်သွယ်ထားတဲ့ နေရာကို သူတို့တွေရောက်လာကြတာပဲ။ နာတာရှာကလည်း

“ရိုမြူလက်ဘုရားကျောင်းထဲမှာ ၁၄ ရာစုနှစ်လောက်က ရဟန်းမင်းကြီး တတိယမြောက်အာဝင် ဆောက်ခဲ့တဲ့ ပင်လယ်ရေချိုးရုံတစ်ခုပါတယ်လို့ မာရီယာပြောဖူးတယ်။

အဲဒီရေချိုးကန်က အစ္စတန်ဘူလ်မြို့ပြင်က ပင်လယ်ပြင်က ရေတွေကို သွယ်ယူပြီးရေကန်ထဲကို ဖြည့်သွင်းထားတာ။ သဘာဝအတိုင်း ရေတွေက ကန်ထဲမှာစီးဆင်းနေအောင် ဖန်တီးထားလို့ ရေရှင်ကန်ဖြစ်နေပြီး ဆေးဖက်ဝင်တယ် ကြားတယ်။ ဒီပိုက်လိုင်းရေတွေက အဲဒီက ရေတွေနဲ့တူတယ်။”

နက်ဆန်က မေးကိုထောက်လိုက်ပြီး ဆက်ပြီးစဥ်းစား ကြည့်လိုက်ပါတယ်။ “မြေပုံအရဆိုရင် ငါတို့တွေ ဒီကနေ တက်ရင် ရိုမြူလက်ဘုရားကျောင်းပင်မကျောင်းဆောင်နဲ့ နီးတဲ့နေရာကို ရောက်ပြီလို့ ဆိုလိုတာမဟုတ်လား။ အဲဒီကနေ ရေစင်ထားတဲ့ နှစ်ခြင်းခံတဲ့အခန်းကို သွားရမှာ။”

နာတာရှာက ထောက်ခံတဲ့အနေနဲ့ “အဲဒီအတိုင်းပါပဲ။” လို့ ပြောလိုက်လေရဲ့။

“ဒါပေမဲ့၊ ရေချိုးကန်ထဲမှာ ရေချိုးနေတဲ့လူတွေ ရှိနေရင် ပြဿနာမရှိနိုင်ဘူးလား။” နက်ဆန်က နည်းနည်းစိုးရိမ်နေတဲ့ လေသံနဲ့ ပြောလိုက်တော့...

“မပူပါနဲ့သခင်လေး၊ ကျွန်မရှေ့ကနေ အရင်သွားပြီးတော့ အခြေအနေကြည့်ပေးမှာမလို့ စိတ်ချလိုက်ပါ။ ပြီးတော့ အဲဒီရေချိုးကန်က ရဟန်းမင်းကြီးနဲ့သူတော်စင်တွေပဲ သုံးလို့ရတာဆိုလား။”

အဲဒီနောက် ရေဆိုးမြောင်းရဲ့မှောင်ရိပ်ကို အားကိုးပြီးတော့ နာတာရှာက အပြင်ကိုထွက်လာကာ ရေပိုက်လိုင်းထဲကို ဝင်ရောက်ပျောက်ကွယ်သွားတယ်။ အဲဲဒီနောက် ငါးမိနစ်နီးပါး ကြာတဲ့အချိန်မှာတော့ ပိုက်လိုင်းထဲကနေ ပြန်ထွက်လာလေရဲ့။

“အားလုံးရှင်းတယ်၊ သခင်သာ စိတ်ပါမယ်ဆိုရင် ရေစိမ်ပြီးတော့တောင် ခိုးဝင်ဖို့အတွက် အချိန်ကောင်း စောင့်နေလို့ရသေးတယ်။”

...

ရိုမြူလက်ဘုရားကျောင်း ရင်ပြင်မှာတော့ သီရာက သူ့ခန္ဓာကိုယ်ကိုသူ နမ်းကြည့်လိုက်တယ်။ အဲဒီနောက် နှာခေါင်းကို ရှုံ့လိုက်ပြီး...

“မနေ့က တစ်ညလုံး အမှောင်ကျောင်းတော်ကို စောင့်ကြည့်နေခဲ့ရတာဆိုတော့ အိပ်လည်းမအိပ်ရသေးဘူး။ ရေလည်းမချိုးရသေးဘူး ဖြစ်နေတာပဲ။ အစ်မတော် ရေသွားချိုးလိုက်ဦးမယ်နော်။”

နီကိုလပ်က လိမ္မာစွာနဲ့ ခေါင်းညိတ်ပြတယ်။ ဒါပေမဲ့ သီရာက ခဏနေတော့ တစ်ခုခုကိုသတိရသွားတဲ့ပုံနဲ့။ “ဒါနဲ့ မောင်လေးလည်း ရေမချိုးရသေးဘူးမဟုတ်လား။ အစ်မနဲ့အတူလိုက်မလား...”

သီရာက ရုတ်တရက်ကြီး အဖော်စပ်တဲ့အတွက်ကြောင့် နီကိုလပ် လန့်ဖြန့်သွားပြီး ချက်ချင်းခေါင်းခါပြတယ်။ သူ့မျက်နှာကြီးက နီရဲလို့...

“မ... မလိုပါဘူး... တ... တရေးအိပ်ပြီးမှပဲ... ချိုးတော့မယ်နော်။”

အဲဒီနောက်တော့ နီကိုလပ်က ဘုရားဘုရားတပြီးတော့ သူ့အခန်းသူချက်ချင်းပြန်ပြေးသွားတော့တာပါပဲ။ သီရာက နားမလည်နိုင်စွာနဲ့ ကောင်စုတ်လေးရဲ့ကျောပြင်ကို ကြည့်ရင်း...

“ဒီကောင်လေး ခုနောက်ပိုင်း ဘာဖြစ်တာပါလိမ့်။ သူငယ်ငယ်ကတည်းက ငါရေချိုးပေးနေကျကို။” သီရာက နီကိုလပ် မငယ်တော့မှန်း သတိထားမိဖို့ နောက်ကျနေပါတယ်။

“ထားပါလေ၊ ငါ့ဘာသာငါပဲ သွားတော့မယ်။” သီရာက စိတ်ဆုံးဖြတ်ပြီးတဲ့နောက် တာလာဆာရေချိုးကန်ဆီ ထွက်လာခဲ့တယ်။ ရေချိုးကန်ဆီရောက်တော့ လေးလံတဲ့ သူတော်စင်ဝတ်စုံတွေကို ချွတ်လိုက်ပြီး ရေချိုးခန်းသုံး ပဝါကိုသာ ပြောင်းပတ်လိုက်တယ်။ နောက်တော့ ရေချိုးကန်ထဲ ဝင်မစိမ်ခင် ရေပန်းကိုဖွင့်ပြီးတော့ ကိုယ်ရေလက်ရေ သုံးသပ်လိုက်ပါတယ်။ နောက်တော့ ရေချိုးကန်ထဲ ဝင်စိမ်ရော။ ဖြစ်ခဲ့တာတွေက အချိန်ငါးမိနစ်တောင် မကြာဘူးရယ်။

...

တစ်ဖက်မှာတော့ နက်ဆန်က ရေဆိုးမြောင်းရဲ့အဖုံးကို ဖွင့်လိုက်တယ်။ ရေချိုးကန်ဘောင်နဲ့ သူနဲ့သိပ်မဝေးဘူး။ ရေချိုးကန်က ရေလှိုင်းသံတွေကိုတောင် ကြားနေရ ပါသေးတယ်။

ဒါပေမဲ့ ကန်ဘောင်က မြင့်လေတော့ ရေကန်ထဲက မြင်ကွင်းကို သူမမြင်ရ။ ရေကန်ကနေ ပိုလျှံပြီးတော့ ထွက်လာတဲ့ရေတွေက ကန်ဘောင်ကိုကျော်ပြီးတော့ ရေနုတ်မြောင်းကနေတစ်ဆင့် သူဝင်လာတဲ့ မြောင်းတွင်းဝထဲ စီးကျနေတာကိုသာ သူတွေ့ရတယ်။ နာတာရှာကလည်း ကင်းထောက်အဖြစ်နဲ့ ရှေ့ကသွားကြည့် ထားပြီးပြီဆိုတော့ စိတ်ချလက်ချနဲ့ မြောင်းပေါက်ထဲကနေ ထွက်ပြီးတော့ ရေချိုးကန်ထဲမှာ ရပ်လိုက်တယ် ဆိုရင်ပဲ...

“.....”

“.....”

ရေချိုးကန်ထဲမှာ ရေဝင်စိမ်နေတဲ့ သီရာနဲ့ နက်ဆန်တို့ရဲ့ မျက်လုံးတွေက အကြည့်ချင်းဆုံသွားကြပါလေရော။

စက္ကန့်အနည်းငယ်ကြာ ငြိမ်သက်တိတ်ဆိတ်နေပြီးတဲ့နောက် သီရာရဲ့လက်ထဲမှာ ရွှေရောင်လေးက ချက်ချင်းဖွဲ့တည် ဖြစ်ပေါ်လာတယ်။

“သောက်နှာဘူးကောင်...” အလင်းမြားတစ်စင်းက လေးပေါ်မှာ ချက်ချင်းဖြစ်တည်လာပြီးတော့ အခြေအနေကို လက်မခံနိုင်ဖြစ်နေသေးတဲ့ ဆံပင်အနက် မျက်လုံးပြာနဲ့ လူငယ်လေးရဲ့ဘဝကို အဆုံးသတ်ပေးဖို့အတွက် အသင့်ဖြစ်နေပါပြီ။

“နေဦး၊ သီရာ။ ငါရှင်းပြ...”

“ဘာမှရှင်းပြစရာမလိုဘူး။” သီရာက လေးညို့ကို အားကုန်ဆွဲတင်လိုက်တယ်။ နက်ဆန်လည်း ခေါင်းနပန်း ကြီးသွားပြီးတော့ ဘုရားကျောင်းကို တိတ်တဆိတ် ခိုးဝင်မယ့်အကြံ ကျရှုံးသွားကြောင်းကို ချက်ချင်းနားလည် သွားပါတော့တယ်။

All Chapters