မယ်တော်ဟုန် (၂)
Vol. 13 Ch. 176
“မယ်တော်ဟုန် ဘာဖြစ်လို့ဒီလိုပြောရတာလဲဆိုတာ ကျွန်တော်မသိဘူး။ ဂူချန်ဖန်းနဲ့ ကျွန်တော်ရဲ့ ရန်ငြိုးကို ကျောက်ယန်မှာရှိတဲ့ လူတိုင်းသိကြတယ်။ ဒီနေ့ ကျွန်တော်က မယ်တော်ဟုန်အပေါ် ပစ်မှားမိစေတဲ့ လုပ်ရပ်တစ်ခုခုလုပ်ထားရင် ကောင်းကင်က ကျွန်တော်ကို မိုးကြိုးပစ်ပြီး ကျွန်တော့်မိသားစုတစ်ခုလုံး အသတ်ခံရပါစေလို့ ကျွန်တော် ကျိန်ဆိုတယ်”
ထိုကဲသို့သော ကိစ္စများကို ကိုင်တွယ်ရန် အတွက် ဟိုယုရှောင်ကို သူမလိုအပ်နေဆဲပင်။ ရှင်းရှင်းပြောရပါက ချင်လုံတံဆိပ်ကြောင့် ဖြစ်သည်။ အကယ်၍ ဟိုယုရှောင်သာ သေသွားပါက သူမအတွက် များပြားလှသောသိုင်းပညာရှင်အား ထိုနေရာသို့ လာအောင် ဆွဲဆောင်ရန် မဖြစ်နိုင်ပေ။
“ မယ်တော်ဟုန်ကို ဘာမှ မဖုံးကွယ်ထားပါဘူး။ ဒီတစ်ခါ ကျွန်တော်ပြန်လာရတာက ချင်လုံတံဆိပ်ကိစ္စအတွက်ပဲ။ ပြီး တော့ သိုင်းပညာရှင်တွေစုရုံးလာဖို့နဲ့ မယ်တော်ဟုန်နဲ့ ကျွန်တော့်ညီလေးကိစ္စကို ဆောင်ရွက်ပေးဖို့ပါ”
ပဉ္စမညီက….သူမရဲ့ အားနည်းချက်ပဲ။
“ပြီးတော့ ရက္ခသပွဲတော်ပြီးတဲ့အခါ မယ်တော်ဟုန်ရဲ့ စွမ်းအင်ပြန်လည်ပြည့်ဝ လာပြီဆိုရင် မင်းသာသဘောတူရင် ကျွန်တော်ကိုယ်တိုင် ဟိုယုဒွမ်နဲ့ လက်ထပ်ပွဲကို စီစဉ်ပေးမယ်။ မယ်တော်ဟုန်ရဲ့ သဘောထားကရော ဘယ်လိုလဲ”
“အစ်ကိုကြီး ပြောတာ တကယ်လား”
“ပဉ္စမ….ညီ…ရေ”
ငါ့အသက်ကယ်ဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်။
စကားတစ်ခွန်းပြေပြီးသည်နှင့် ဟိုယုရှောင်သည် ၎င်းကို အသက်ကယ်ကြိုးတစ်ချောင်းကဲ့သို့ မြဲမြံစွာ ကိုင်ထားပြီး ပြောဆိုချက်တိုင်းတွင် သူမမျက်နှာ၏ အမူအရာကို အာရုံစိုက်စွာ ကြည့်နေခဲ့သည်။ ပထမ စကားနှစ်ခွန်းသည် ဘာသက်ရောက်မှုမျှ မရှိခဲ့သော်လည်း ပဉ္စမညီ၏ မင်္ဂလာဆောင်အကြောင်း ဖော်ပြသောအခါ မယ်တော်ဟုန် ၏ အံ့အားသင့်သော အမူအရာမှ ရှက်ကြောက်သော အမူအရာသို့ ပြောင်းလဲသွားသည်ကို မြင်ရသည်နှင့်တပြိုင်နက် သူသည် အတိုင်းအတာတစ်ခုထိ စိတ်သက်သာရာရသွားသည်။
သူ၏စကားများသည် မယ်တော်ဟုန်၏ နှလုံးသားကို ထိသွားသည်။ သူမ၏မျက်လုံးများတွင် နူးညံ့သော အလင်းတစ်ခု ထွန်းလင်းလာပြီး သူမမျက်နှာတွင် ချိုမြိန်သော အမူအရာတစ်ခု ပေါ်လာကာ ယခင်က ကြောက်မက်ဖွယ်ကောင်းသော အမူအရာမှာ ချက်ချင်းပင် ပျော့ပျောင်းသွားကာ သူမအသံထဲတွင် ရှက်ကြောက်မှု၏ အရိပ်အမြွက်ပါလာသည်။
“အစ်ကိုကြီး ပြောတာ အမှန်ပဲလား”
ငါးယောင်မြောက်ညီရေ ငါ့အသက်ကို ကယ်တင်ဖို့အတွက် ဒီတစ်ကြိမ်လည်း မင်းကိုပဲ အနစ်နာခံခိုင်းရတော့မယ်။
ဟိုယုရှောင်သည် သူ့ကိုပတ်ထားသော နွယ်များ လျော့ရဲလာသည်ကို ခံစားမိပြီး သူ၏စိတ်ထဲတွင် ဟိုယုဒွမ်နှင့် လျှို့ဝှက်စွာ ဆက်သွယ်ကာ တရားမျှတစွာ ပြောဆိုလိုက်သည်။ “အမှန်က အစတုန်းက ထုံလင်ခရိုင်သို့ သွားသောအခါ မယ်တော်ဟုန်နှင့် ဆွေးနွေးရန် အကြံရှိခဲ့ပေမဲ့
အခုတွေ့တော့လည်း အခြားနေ့ရက်တစ်ခုကို ရွေးချယ်တာထက် မင်္ဂလာဆောင်နေ့ကို သတ်မှတ်လိုက်တာ မကောင်းဘူးလား။ မယ်တော်ဟုန်ရော ဘယ်လိုသဘောရလဲ”
ဟိုယုရှောင်၏စကားကို ကြားလိုက်ရသော မယ်တော်ဟုန်၏ အပြုံးမှာ ပန်းတစ်ပွင့်ကဲ့သို့ ပွင့်လန်းလာခဲ့သည်။ ခဏတာ တွေးတောပြီးနောက် သူမသည် လေထဲတွင် ဟိုယုရှောင်ထံသို့ ကျက်သရေရှိစွာ ဦးညွှတ်ကာ ပြောဆိုလိုက်သည်။
“မင်္ဂလာဆောင်ကိစ္စတွေကို ပုံမှန်အတိုင်းဆိုရင် မိဘတွေက ဦးဆောင်ပြီး စေ့စပ်စီစဉ်ပေးရတာဆိုပေမဲ့ ဟုန်အာက အရိပ်တစ်ခုလို ဘဝမျိုးနဲ့ နေရတဲ့သူမို့ ဘယ်သူကိုမှအားကိုးစရာ မရှိဘဲ မင်္ဂလာဆောင်တဲ့ကိစ္စတွေကို ဟုန်အာကိုယ်တိုင်သာ ဆုံးဖြတ်ရမှာပါ။ ဟုန်အာက နိမ့်ကျတဲ့အရပ်က လာတဲ့သူမို့ ဟိုသခင်လေးနဲ့ မထိုက်တန်ကြောင်းသိပါတယ်။ အဲ့ဒါကြောင့် အလျော်အစားအဖြစ် လက်ဖွဲပစ္စည်းကို အများကြီး ပေးပါ့မယ်။ အစ်ကိုကြီးသာ ဟုန်အာကို မထီမဲ့မြင်မပြုဖို့ တောင်းဆိုချင်ပါတယ်”
ဟိုယုရှောင်၏ နှလုံးခုန်မြန်သွားသည်။ ခုနက သူ၏ ဟန်ဆောင်မှုအား မယ်တော်ဟုန်က အတည်ယူနေသောကြောင့် သူပြန်ပြောရန် အတော်လေး အားယူလိုက်ရသည်။
“လုံးဝမဟုတ်ပါဘူး လုံးဝမဟုတ်ပါဘူး မယ်တော်ဟုန်က စိုးရိမ်လွန်နေတာပါ”
မယ်တော်ဟုန်က ခဏလောက် ငုံ့ပြီး စဉ်းစားနေပြီးနောက် ဟိုယုရှောင်ကို မော့ကြည့်ကာ တည်တည်ကြည်ကြည်ဖြင့် ပြောလိုက်သည်။
“အကယ်၍ ချင်လုံတံဆိပ်ကိစ္စ အဆင်ပြေသွားရင် ကျွန်မ အနားယူဖို့နဲ့ ပြန်လည်ကောင်းမွန်လာဖို့ အချိန်အနည်းငယ် လိုအပ်ပါလိမ့်မယ်။ သြဂုတ်လ ၁၈ ရက်နေ့ကို မင်္ဂလာရက်အဖြစ် သတ်မှတ်လိုက်ရင် ဘယ်လိုလဲ။ အဲဒီအချိန်မှာ ကျွန်မကိုယ်တိုင် သတို့သားကို လိုက်ပို့ပါ့မယ်၊ အစ်ကိုကြီးက အသိပေးထားမယ်လို့ မျှော်လင့်ပါတယ်”
ကောင်းပြီလေ… သူက အခုဆိုရင် ငါ့ကို အစ်ကိုကြီးလို့ ခေါ်နေပြီ…
ထို့နောက် သတို့သားကို ကိုယ်တိုင်လိုက်ပို့ရန် စီစဉ်ခြင်းသည် သူမက အဘိုးအိုငါးကို လက်ထပ်ရန် စီစဉ်နေသည့် အဓိပ္ပာယ်ပင်…
ဟိုယုရှောင် အခု အခက်အခဲတွေ့နေပြီ ဖြစ်သည်။ သူ့မျက်နှာမှာ ငိုမဲ့မဲ့အပြုံးတစ်ခုပေါ်နေပြီး သူ့စိတ်ထဲမှာ အတွေးပေါင်းများစွာရှိနေသော်လည်း သူက ပြုံးပြီး ဦးညွှတ်ရုံသာ တတ်နိုင်သည်။ “အဲဒီအချိန်မှာ ကျွန်တော်နဲ့ ပဉ္စမညီတို့က မယ်တော်ဟုန်ကို ကျွန်တော်တို့ရဲ့အိမ်တံခါးဝမှာ စောင့်နေမှာ သေချာပါတယ်”
မယ်တော်ဟုန်သည် တန်ဖိုးထားရသည့် အရာတစ်ခုကို ရလိုက်သလိုမျိုး သူမနှုတ်ခမ်းကို စေ့ကာ ချိုမြိန်သည့်အပြုံးကို ပြသလိုက်၏။ ဟိုယုရှောင်အား ချည်နှောင်ထားသည့် အနီရောင်နွယ်ကြိုးများသည် ချက်ချင်းပျောက်ကွယ်သွားသကဲ့သို့ လေထုထဲရှိ သိပ်သည်းသည့်သွေးငွေ့များလည်း ပျောက်သွားသည်။
ထိုအချိန်မှ ဟိုယုရှောင် စိတ်သက်သာရာရသွားပြီး မယ်တော်ဟုန်၏ လက်ထဲတွင်ရှိသည့် သန့်ရှင်းသည့် သွေးတံဆိပ်က တဖြည်းဖြည်း လေထုထဲ ပျော်ဝင်သွားတာကို ကြည့်ရင်း သူ့မျက်နှာမှာ ရယ်ရမလို ငိုရမလို ဖြစ်နေသည်။
ဂူချန်ဖန်းအား သတ်ရခြင်းမှာ သူ့၏ မူလရည်ရွယ်ချက်ဖြစ်ပြီး ထိုအရာမှာ သံသယဖြစ်စရာ မရှိပေ။
သို့သော် မယ်တော်ဟုန် ပြောခဲ့သလိုပင် သူက အမှန်တကယ်ပင် လှည့်ကွက်များ သုံးနေခဲ့ခြင်းပင်။
ထိုသုံးလအတွင်းတွင် ကျောက်ယန်းသည် နတ်ဆိုးများ၏ နှောင့်ယှက်မှုကင်းစင်ခဲ့သော်လည်း ဒအကုန်အကျမရှိတာတော့ မဟုတ်ပေ။
မတ်လ၌ သူသည် ချင်လုံတံဆိပ်ကို ပထမဆုံး စီစဉ်တုန်းက မယ်တော်ဟုန်က သူ၏ လက်အောက်ခံ နတ်ဆိုး ယန်ရှင်းအား ကျောက်ယန်းတွင် သူ့ကို ရှာခိုင်းခဲ့သည်။
မူလက သူသည် ရက္ခိုသ်ပွဲတော်နေ့တွင် ချင်လုံငွေပြားများအား ပထမဆုံးအသုတ်အနေဖြင့် ဖြန့်ဝေဖို့ စီစဉ်ထားပြီး ချင်လုံအသင်း၏ ဂုဏ်သတင်းကို မြှင့်တင်ရန်နှင့် ချင်လုံတံဆိပ်၏ ဈေးနှုန်းကို မြှင့်တင်ရန် ရည်ရွယ်ခဲ့ခြင်းပင်။ သူ၏ တကယ့်ရည်ရွယ်ချက်က သူ့မိသားစုအတွက် ဝင်ငွေလမ်းကြောင်းသစ်တစ်ခု ဖန်တီးဖို့ပင်။ သို့သော် ထိုအချိန်တွင် သူ၏ အင်အားမလုံလောက်သေးသောကြောင့် ထုံလင်ခရိုင်အတွင်းမှာပင် မြှင့်တင်ဖို့ စဉ်းစားခဲ့ခြင်းပင်။
သို့သော် ယန်ရှင်းက မယ်တော်ဟုန်၏ စကားကို သယ်ဆောင်လာခဲ့ပြီး ထိုစကားကြောင့် သူသည် ချင်လုံတံဆိပ်ကိစ္စအား စန်းလင်ဒေသတစ်ခုလုံးအပြင် ရှုကျိုးက တရားလမ်းစဉ်ဒေသများအထိပါ ပျံ့နှံ့သွားအောင် လုပ်ခဲ့သည်။
စန်းလင်ဒေသဆိုသည်မှာ ခရိုင်သုံးခုနှင့် မြို့နယ်ဆယ်ခုပါဝင်သော ကျင်းလင်၊ ယင်လင်နှင့် ထုံလင်တို့၏ နယ်မြေကို ရည်ညွှန်းသည်။ လွန်ခဲ့သော နှစ်သုံးထောင်ကျော်က မဟာယွီမင်းဆက် မတိုင်မီအချိန်က ကမ္ဘာ့အင်ပါယာမပြန့်ပွားသေးခင်ကာလဖြစ်ပြီး ထိုအချိန်တွင် ခရိုင်စနစ်ကို အကောင်အထည်မဖော်ရသေးပေ။ ထို့ကြောင့် ထိုဒေသကို စုပေါင်း၍ စန်းလင်ဟု ရှေးလူတို့က အမည်တွင်ခဲ့ကြသည်။
မယ်တော်ဟုန်၏ ရည်ရွယ်ချက်ကို နားလည်သွားသောအခါ ဟိုယုရှောင်သည် သူမ၏ ရည်မှန်းချက်ကို ချက်ချင်းသဘောပေါက်သွားသည်။
ချင်လုံတံဆိပ် အရေးကိစ္စ ပိုမိုဆူညံလာလေလေ ထုံလင်သို့ လာရောက်သည့် သိုင်းသမားအရေအတွက် ပိုမိုများပြားလာလေလေ ဖြစ်မည်။ ဤအချက်မှာ သံသယဖြစ်စရာမလိုပေ။ မယ်တော်ဟုန်သည် သိုင်းသမားများ အမြောက်အမြား ရောက်ရှိလာစေရန် ရည်ရွယ်ထားကြောင်း ရှင်းလင်းစွာ မြင်နိုင်သည်။
ယနေ့အထိ မယ်တော်ဟုန်၏ အမည်ရင်းမှာ လွန်ခဲ့သော နှစ် ၁၃၀၀ ကျော်က ကျောက်ယန်းသွေးနတ်ဆိုးဖြစ်သည်။ ဤအချက်ကို ဟိုယုရှောင်သာမက ထုံလင်ခရိုင်၏ အထက်တန်းအရာရှိများနှင့် ဝမ်ယန်းခရိုင်မှ လူများပါ သိရှိပြီး လျှို့ဝှက်ချက်အဖြစ် မဟုတ်တော့ပေ။
လက်ရှိမြင်ကွင်းသည် လွန်ခဲ့သော နှစ် ၁၃၀၀ က သွေးနတ်ဆိုးသည် သူမ၏ အနှစ်တစ်ထောင် အသက်ရှည်သော သွေးသစ်ပင်နှလုံးသားကို အသုံးပြုကာ သိုင်းသမားများစွာကို ဆွဲဆောင်ခဲ့သည့် အဖြစ်အပျက်နှင့် ဆင်တူနေသည်။
သူမသည် ယခုမှ နိုးထလာပြီး ကုသရန်နှင့် ပြန်လည်အားကောင်းလာရန် သိုင်းသမားများ၏ အနှစ်သာရပါသော သွေးအမြောက်အမြားအား လိုအပ်နေခြင်းပင်။ ဟိုယုရှောင်သည် ဤအချက်ကို သဘောပေါက်သွားပြီး ယန်ရှင်းအား ချက်ချင်းငြင်းပယ်ရန် စဉ်းစားလိုက်သည်။
“ဟိုမိသားစုရဲ့သခင် မပြောခင်မှာ သေချာစဉ်းစားပါဦး”
ယန်ရှင်းသည် ထိုမျှလောက်သာ ပြောပြီး အင်အားသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းမျိုး မလုပ်သော်လည်း ထိုစကားတစ်ခွန်းတည်းဖြင့်ပင် ဟိုယုရှောင်၏ သတိ ချက်ချင်း ဝင်လာခဲ့သည်။
သူ့အနေဖြင့် ငြင်းပယ်ပိုင်ခွင့် လုံးဝမရှိပေ။
ထို့ကြောင့် ဟိုယုရှောင် သဘောတူခဲ့ရပြီး၊ အချိန်အတန်ကြာမှ ယင်လင်ခရိုင်သို့ ခရီးဝေးကြီး သွားကာ သံလက်သီးဂိုဏ်း၏ ဂိုဏ်းချုပ်အဘိုးအို ချင်ဖန်းကို သတ်ခဲ့သည်။ ထို့နောက် ဝမ်ယန်းခရိုင်သို့ ပြောင်းကာ ဟယ်လျန်ညီအစ်ကိုများကိုလည်း လက်စသတ်ခဲ့ပြန်သည်။
ချင်လုံအသင်း၏ ခြေလှမ်းများသည် ဤမျှကြီးမားစွာ ရည်ရွယ်ထားခြင်း မဟုတ်ပေ။
သို့သော် ထိုအချိန်က သူ၏မိသားစုတွင် ဒန်အမ်ဘရိတ်ဆင်းအဆင့် သိုင်းသမားမှာ သူတစ်ဦးတည်းသာ ဖြစ်ပြီး ဂုဏ်ပြုဆရာကြီး ဖြစ်လာခြင်းမှာလည်း ဟယ်လျန်ဝူကျီးကို သတ်ပြီးမှသာ ရရှိခဲ့ခြင်းဖြစ်သည်။
အနာဂတ်တွင် ဒန်ပွေ့ဖက်ခြင်းအဆင့် သိုင်းသမားများအတွက် တာဝန်အားလုံးကို မိသားစုခေါင်းဆောင်ကိုယ်တိုင် လုပ်ဆောင်ရမည်ဆိုသည်မှာ ဖြစ်နိုင်ခြေမရှိပေ။ ထိုသို့ဖြစ်ပါက ချင်လုံအသင်း တည်ထောင်ရသည့် အဓိပ္ပါယ်ပင် ပျက်သွားမည်လော။
သို့သော် မယ်တော်ဟုန်၏ ဖိအားအောက်တွင် သူသည် ဤအရာများကို မလုပ်ဘဲ မနေနိုင်ခဲ့ပေ။ ယခုဆိုလျှင် ချင်လုံအသင်း၏ နာမည်သည် စန်းလင်ဒေသတွင် ကျော်ကြားနေပြီး၊ ဝမ်ယန်းခရိုင်မှ အခြားသော ရှုကျိုးတစ်ခုနှင့် ပေါင်းစပ်မိသောအခါ ၎င်း၏ဂုဏ်သတင်းမှာ နယ်ပယ်ကျယ်ပြန့်စွာ ပျံ့နှံ့နေပြီဖြစ်သည်။ ရက္ခိုသ်ပွဲတော် နေ့ရောက်လျှင် ကျွမ်းကျင်သူများစွာ ထုံလင်ခရိုင်သို့ လာရောက်ကြမည်မှာ သေချာပေါက်ဟု ခန့်မှန်းနိုင်သည်။
မယ်တော်ဟုန်၏ ရည်မှန်းချက် ပြည့်ဝသွားပြီ။
သို့ပါလျက်... သူ့အတွက်ကော….
ထိုအချိန်တွင် မယ်တော်ဟုန်က ထုံလင်သို့ ရောက်လာသည့် သိုင်းသမားများကို သွေးစာများအဖြစ် အမှန်တကယ် စားသုံးပစ်လိုက်ပါက စူးစမ်းလေ့လာတတ်သူမည်သူမဆို ချင်လုံတံဆိပ်၏ လှည့်ဖြားမှုကို ချက်ချင်းသိသွားလိမ့်မည်။ ထိုအခါ ၎င်းမှာ နတ်ဆိုးများနှင့် ပူးပေါင်းကြံစည်မှု ဟူသော မငြင်းသာသည့် အပြစ်ဖို့ချက်ဖြစ်လာပြီး ချင်လုံအသင်း အနေဖြင့် မည်သို့မျှ ဖြေရှင်း၍မရနိုင်သော အမည်းစက်တစ်ခု ဖြစ်သွားပေလိမ့်မည်။
ဤမျှပြင်းထန်သော အပြစ်တင်စွပ်စွဲမှုနှင့်ဆိုလျှင် ချင်လုံအသင်း၏ အဖွဲ့အစည်းသည် ကောင်းကင်အထိ နံဟောင်ရုံ သာမက လူသားတို့၏ အထင်အမြင်ပျက်ကာ ငြင်းပယ်ခြင်းကိုပါ ဧကန်မုချ ခံရမည်ဖြစ်သည်။
ဟိုယုရှောင် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဖြေရှင်းနည်းရှာရင်း ရုန်းကန်နေစဉ်၊ သူ၏အတွေးများ ပျံ့လွင့်ကုန်သည်။ ထိုအခိုက်တွင် ဂူချန်ဖန်း၏ အလောင်းထဲမှ လက်မအရွယ် ဖြူပြာတောက်နေသော အင်းဆက်ပိုးတစ်ကောင် ရုတ်တရက် ပျံတက်လာကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး သူ့ဆီသို့ အလျင်အမြန် ဝင်ရောက်လာခဲ့သည်။ သူ မျက်မှောင်ကျုံ့ကာ ချက်ချင်း ရှောင်တိမ်းလိုက်သော်လည်း ထိုအဖြူရောင်အလင်းတန်းမှာ အလွန်မြန်ဆန်လွန်း၍ လျှပ်တပြက်ဖြစ်နေသည်။ ရှောင်ကာနေစဉ် အလင်းတန်းက ချွန်ထက်စွာ ကွေ့ဝင်ပြီး သူ၏ နဖူးကြားထဲသို့ တိုးဝင်သွားသည်။
ဟိုယုရှောင်၏ မျက်နှာမှာ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားကာ၊ ထိုအင်းဆက်ပိုးမှာ သန့်ရှင်းသော သွေးတံဆိပ်ကဲ့သို့သော နောက်ထပ် လှည့်ကွက်တစ်ခုဟု သံသယဝင်လိုက်မိသည်။ သူ၏ စစ်မှန်သော ချီအားကို အမြန်စုစည်းကာ အတင်းအဓမ္မ ထုတ်ပစ်ရန် ကြိုးစားသော်လည်း ကြိုးစားကြည့်သည့်အခါ ၎င်းအင်းဆက်ပိုးကို ခန္ဓာကိုယ်အတွင်း၌ လုံးဝမတွေ့ရသည်ကို သိရှိသွားသဖြင့် သူ၏မျက်နှာမှာ အလွန်အမင်း ရုပ်ဆိုးသွားသည်။
“နန်ကျန်း အချစ်ဂူ လား ဂူချန်ဖန်းမှာ ဒီလိုအဖိုးတန်ရတနာရှိတာ မယုံနိုင်စရာပဲ”
မယ်တော်ဟုန်၏ ခပ်ဖွဖွရယ်သံကို ကြားသောအခါ ဟိုယုရှောင်က အံ့အားသင့်သွားပြီး ထိုအရာကို ထုတ်ပစ်ဖို့ မကြိုးစားတော့ဘဲ လေးလေးစားစားဖြင့် အလျင်အမြန် မေးလိုက်သည်။
“မယ်တော်ဟုန် ဒီအရာကို သိပါသလား”
“ဒီဂူကို နတ်ဘုံအချစ်စွဲဂူလို့ခေါ်တယ်၊ အသက်နဲ့သေခြင်းကို ချည်နှောင်တဲ့ အချစ်ဂူလို့လည်း ခေါ်ကြပြီး ယောက်ျားနဲ့မိန်းမ နှစ်မျိုးရှိတယ်။ ဇီဂူကူးစက်ခံရတဲ့သူဟာ ဂူအဆိပ်ရဲ့ သိမ်မွေ့တဲ့ လွှမ်းမိုးမှုခံရပြီး တဖြည်းဖြည်းနဲ့ အမေဂူရဲ့ အိမ်ရှင်အပေါ် သံယောဇဉ်ဖြစ်လာလိမ့်မယ်။ စိတ်ချပါ၊ ဒီဂူက တန်ဖိုးကြီးပေမယ့် သေစေနိုင်တာတော့ မဟုတ်ဘူး”
ထိုစကားကိုကြားသောအခါ ဟိုယုရှောင်သည် စိတ်သက်သာရာရသွားသည်။ သူက ပထမ ဂူချန်ဖန်းရဲ့ အလောင်းကို တစ်ချက်ကြည့်ပြီးမှ လှည့်ကြည့်ကာ သတိလစ်နေသည့် ကျောက်ချင်ရွှေကိုကြည့်ပြီး ခေါင်းခါယမ်းကာ ညင်ညင်သာသာ ရယ်လိုက်သည်။
“နန်ကျန်းရဲ့ အပြင်ဘက်ဒေသတွေမှာ မီအိုအမျိုးသမီးတွေဟာ ချစ်ခြင်းမေတ္တာကို အလွန်မြတ်နိုးကြတယ်။ အသက်နဲ့သေခြင်းကလွဲရင် သူတို့တစ်သက်မှာ လူတစ်ယောက်ကိုပဲ ချစ်ကြတယ်။ သူတို့ရဲ့ နှလုံးသားကို ထိန်းညှိဖို့ ဒီဂူကို မွေးမြူကြတယ်။ ဒါကြောင့် ဇီဂူရှိတဲ့သူဟာ အမေဂူရဲ့ အိမ်ရှင်အပေါ် ကောင်းကင်ပြာအထိမှ မြေအောက်ကမ္ဘာအထိ သစ္စာရှိလိမ့်မယ်။ ဘယ်ဆေးနဲ့မှ မကုနိုင်ဘူး”
သို့သော် မယ်တော်ဟုန် နောက်တစ်ခါ စကားပြောသောအခါ သူက ဘေးမှာ လဲနေသည့် ကျောက်ချင်ရွှေကို ကြည့်လိုက်ပြီး သူ့မျက်နှာမှာ ရုတ်တရက် အံ့အားသင့်သည့် အရိပ်အယောင် ပေါ်လာသည်။
“ဒီ တာအိုသီလရှင်လေးဟာ သာမန်နေရာက လာတာမဟုတ်ဘူး။ သူဟာ ဇီချင်သန့်ရှင်းဂိုဏ်းရဲ့ အဖွဲ့ဝင်ဖြစ်နိုင်တယ်။ မင်းသတ်လိုက်တဲ့သူဟာ သူ့ကိုယ်သူ အမေဂူကို စိုက်ထည့်ပြီးပြီထင်တယ်။ ပြီးတော့ သူက သူမဆီ ဇီဂူကို စိုက်ထည့်နေတုန်းပဲ။
သူ့ကို မင်းသတ်လိုက်တဲ့အတွက် အမေဂူက မင်းဆီကို ပြောင်းသွားပြီ။ ဒီတာအိုသီလရှင်လေးကတော့ မင်းနဲ့ တစ်သက်လုံး ပတ်သက်နေရလိမ့်မယ်လို့ ငါထင်တယ်”
ဟိုယုရှောင်သည် မယ်တော်ဟုန်၏ စနောက်မှုကို ဂရုမစိုက်ဘဲ သူ့ဘေးမှာ လဲနေသည့် သတိလစ်နေသော ကျောက်ချင်ရွှေကို ကြည့်လိုက်သောအခါ သူ့မျက်နှာပေါ်ရှိ အံ့အားသင့်မှုသည် ရှုပ်ထွေးမှုအဖြစ် ပြောင်းလဲသွားသသည်။
“ကောင်းကင်ပြာအထိကနေ မြေအောက်ကမ္ဘာအထိ ကုသလို့မရဘူးလား။ ဒီ ဂူချန်ဖန်းက သေသွားတာတောင်မှ ပြဿနာရှာသွားသေးတယ်…”