တုကျဲ့အဆင့် သခင်ကြီး ၆ ဦး၏ မဟာမိတ်ဖွဲ့စည်းမှူ
Vol. 12 Ch. 155
သခင်ကြီးမူက အေးစက်စက် ပြန်ပြောလိုက်သည်။
" ဘာကိစ္စမှန်း မသိရဘဲနဲ့ ဘယ်လိုလုပ်ပြီး ကူညီလို့ ရမှာလဲ "
အဘိုးအိုက အပြုံးဖြင့် ပြန်ပြော၏။
" ဒီရှေ့မှာ ရှိတဲ့ အခွင့်ကောင်းကနေ သခင်ကြီးမူကို နောက်ဆုတ်စေချင်တာပါ "
ထိုစကားကြောင့် သခင်ကြီးမူ ဒေါသထွက်သွားပြီး ရယ်လိုက်သည်။
" ဟာသတွေ လာပြောနေတာပဲ။ ရှေ့မှာ အခွင့်အရေးကောင်း ရှိနေတာသိသိကြီးနဲ့ ကျုပ်ကို ဘာလို့ နောက်ဆုတ်စေချင်ရတာလဲ ပြောပါဦး "
အဘိုးအိုက အပြုံးမပျက် ပြန်ပြော၏။
" ညီလေးမူက တကယ်လဲ အင်မတန်အစွမ်းထက်တဲ့ သူတစ်ယောက်ပါ။ ကြည့်ရတာ တုကျဲ့အဆင့် ၃ တောင် ရှိမယ်ထင်တယ်။ ဒါပေမယ့် ကျုပ်ရော ကျုပ် ညီငယ်ရောကလဲ တုကျဲ့အဆင့် ၃ ရှိတဲ့ သူတွေပဲ "
သူ့မျက်နှာက ပြုံးနေသည့်တိုင် သူ့စကားထဲတွင် ခြိမ်းခြောက်မှု အပြည့်ပါနေသည်။
သူတို့ သုံးယောက်လုံးမှာ တုကျဲ့အဆင့် ၃ ရှိသည့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း နှစ်ယောက် ၊ တစ်ယောက် ဖြစ်နေ၏။
သို့ဖြစ်ရာ တိုက်ပွဲဖြစ်သွားခဲ့ပါက တစ်ယောက်တည်း ဖြစ်နေသည့် မူစန်းထုံမှာ ရှုံးနိမ့်သွားနိုင်ပေသည်။
မူစန်းထုံမှာလည်း တဖက်လူဆိုလိုသည့် အဓိပ္ပါယ်ကို သဘောပေါက်ပြီး ဖြစ်သဖြင့် သူ့ရင်ထဲ၌ ဒေါသများ အလိပ်လိုက် တက်လာသည်။
သို့သော် .. ထိုအဘိုးအို ပြောသည်မှာလည်း မှန်ပါသည်။
အကယ်၍သာ တိုက်ပွဲ ဖြစ်သွားခဲ့လျှင် ၊ သူ့တစ်ယောက်တည်းအစွမ်းဖြင့် ထိုနှစ်ယောက်အား အနိုင်ယူနိုင်မည် မဟုတ်ပါ။
ထိုအချိန်မှာပင် ...
" ဟား ဟား .. ကြည့်ရတာ ပျော်စရာကြီးပါလား။ စိတ်မရှိရင် ကျုပ်ရော ဝင်ပါလို့ ရမလား "
စကားသံ တစ်သံနှင့်အတူ မီးလုံးကြီးတစ်ခု လေထဲမှ ကျလာပြီး သူတို့ဘေးနားတွင် အသံကျယ်ပေးကာ ဆင်းသက်လိုက်၏။
အားလုံး လှည့်ကြည့်လိုက်ကြရာ မီးလုံးထဲ၌ ဆံပင်နီနီ ၊မုတ်ဆိတ်မွေးနီနီဖြင့် အဘိုးအိုတစ်ယောက်ကို မြင်လိုက်ရသည်။
ထိုအဘိုးအိုထံမှ ထွက်နေသည့် ကိုယ်အရောင်အဝါမှာ သူတို့သုံးယောက်ထက် လုံးဝ အစွမ်းမနိမ့်ပါချေ။
ရှို့ယွမ်ဂိုဏ်းမှ အဘိုးအိုက ဆံပင်နီနှင့် အဘိုးအိုကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုံ့သွားပြီး ပြောလိုက်သည်။
" သခင်ကြီးက .. စိတ်ဝိဥာဥ်မီးတောက် အဘိုးအို များလား "
စိတ်ဝိဥာဥ်မီးတောက် အဘိုးအို ..
မုစန်းထုံးမှာ ထိုနာမည်ကို ကြားဖူးပါသည်။ ထိုသူသည် ထျန်းယွမ်အင်ပါယာမှ နာမည်ကျော် တစ်ကိုယ်တော်သိုင်းသမားတစ်ဦးဖြစ်ပြီး ပြဿနာများ မွှေနှောက်ရှာရသည်ကို သဘောကျသူလည်း ဖြစ်၏။
ကောလဟာလများအရ ဆိုပါက သူသည် ထျန်းယွမ်အင်ပါယာမှ ပထမတန်းအဆင့် အဖွဲ့တစ်ခုကိုပင် စော်ကား ပြဿနာရှာဖူးသဖြင့် ထိုအဖွဲ့က အင်အားသုံး၍ သူ့ကို ရှာဖွေခဲ့ကြသည်ဟု ဆိုသည်။ သို့သော် သူက ထိုအဖွဲ့၏ လက်မှ ပွတ်ကာသီကာ လွတ်မြောက်သွားခဲ့သည်ဟုလည်း ဆို၏။
၎င်းကို ကြည့်ခြင်းဖြင့်ပင် ထိုလူက မည်မျှအစွမ်းထက်ကြောင်း သိနိုင်ပါသည်။
" ဟုတ်ပါတယ် ၊ ကျုပ်ပါ။ ကျုပ်က နာမည်ကျော်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ထင်တောင် မထင်ထားမိဘူး။စန်းယွိနိုင်ငံက လူတွေတောင် ကျုပ်ကို သိနေကြတာပဲ "
စိတ်ဝိဥာဥ်မီးတောက် အဘိုးအိုက အပြုံးဖြင့် ပြောလိုက်သည်။
" ကျုပ် စောနက ကြားလိုက်တာ ရှို့ယွမ်ဂိုဏ်းက ဒီမိတ်ဆွေကြီးနှစ်ယောက်က ဒီအခွင့်ကောင်းကို အပိုင်စီးချင်နေတာဆို ၊ ဟုတ်လား။ သခင်ကြီးမူ .. ကျုပ်တို့တွေ ခဏလောက် ယာယီမဟာမိတ် ဖွဲ့လိုက်ကြရင် မကောင်းဘူးလား။ ဒါဆို တစ်ဖက်က နှစ်ယောက်လုံး တိုက်ခိုက်လာမှာကိုလဲ စိုးရိမ်စရာ မရှိတော့ဘူး "
စိတ်ဝိဥာဥ်မီးတောက် အဘိုးအိုဟု အမည်တွင်သည့် ဟောင်လင်ရှို့က မူစန်းထုံအား မျက်ခုံးပင့်ကြည့်ကာ ပြောလိုက်သည်။
မူစန်းထုံ၏ မျက်လုံးများ အရောင်လက်သွားပြီး ရယ်လိုက်၏။
" ကျုပ်လဲ အဲ့လိုပဲ တွေးနေတာဗျာ "
" မင်းတို့ .."
ရှို့ယွမ်ဂိုဏ်းမှ လူနှစ်ယောက်၏ မျက်နှာတွင် ဒေါသငွေ့များ အထင်းသား ပေါ်လာကြသည်။
နှစ်ယောက်ချင်း ဆိုပါက သူတို့အတွက် အသာစီး ရနိုင်ချေ မရှိတော့ပေ။
သို့သော် .. ထိုစဥ် ..
ချွှင် ..
ခပ်လှမ်းလှမ်းမှ ဓားသံတစ်သံ ထွက်ပေါ်လာ၏။
ထိုအသံနှင့် မရှေးမနှောင်းမှာပင် လူရိပ်နှစ်ခုက အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ပျံသန်းရောက်ရှိလာကြသည်။
တောင်ကြားထဲတွင် ရှိထားနှင့်သည့် လူများမှာ အသစ်ရောက်လာသူ နှစ်ယောက်ကို မြင်သည်နှင့် မျက်နှာထားများ အနည်းငယ်ပြောင်းသွားကြ၏။
နောက်ထပ် အစွမ်းထက်သူများ ရောက်လာကြလေပြီ ။
ဘုန်း ..ဘုန်း ..
ထို့နောက်တွင်မူ လူနှစ်ယောက်က မြေပြင်သို့ ဆင်းသက်လိုက်ကြသည်။
သူတို့ထဲမှ တစ်ယောက်မှာ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်၏ ရုပ်ရည်မျိုး ရှိပြီး ချည်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထား၏။ နောက်ကျောတွင်လည်း ဓားတစ်လက်ကို လွယ်ထားသည့် သူ့ပုံစံက ကပိုကရို ဖြစ်နေသည်။
ကျန်တစ်ယောက်ကမူ ဉာဏ်ပညာ ကြီးဟန်တူသည့် အဘိုးအိုတစ်ယောက် ဖြစ်ကာ လက်ထဲတွင် အမည်းရောင်နှင့် အဖြူရောင် စစ်တုရင် အရုပ် ၂ ခုကို ကိုင်ထားပြီး အားရပါးရ ပြုံးနေ၏။
ရှို့ယွမ်ဂိုဏ်းမှ အဘိုးအိုက သက်လတ်ပိုင်းအရွယ် လုကြီးကို စိုက်ကြည့်ကာ အံ့သြတကြီး မေးလိုက်သည်။
" သခင်ကြီး.. သခင်ကြီးက ဘာလို့ ဒီကို ရောက်နေတာလဲ "
သက်လတ်ပိုင်းအရွယ် လုကြီးက သူ့ကို ကြည့်ကာ ပြန်ပြော၏။
" ဘာဖြစ်လို့လဲ ၊ သခင်ကြီးဟွေ့ဖုန်းဆိုတဲ့ ခင်ဗျားကကျ လာလို့ရပြီးတော့ ကျုပ်က လာလို့မရဘူးလား "
ဟွေ့ဖုန်းမှာ သူ့ကို ကြည့်ကာ မည်သို့မှ ပြန်မပြောနိုင်ဘဲ တိတ်သွားသည်။
ထိုစဥ် တစ်ဖက်မှ ဟောင်လင်ရှို့က ဟွေ့ဖုန်းအား မျက်ခုံးပင့်ကြည့်ကာ လော၏။
" သိုင်းသမားကြီးက ဒီလူကို သိလို့လား။ ကျုပ်တို့နဲ့လဲ မိတ်ဆက်ပေးဦးလေ "
သိုင်းသမားဟွေ့ဖုန်းက ဖိုသီဖတ်သီ ဖြစ်နေသည့် သက်လတ်ပိုင်းအရွယ် လူကြီးကို သေချာစိုက်ကြည့်ကာ ပြောလိုက်သည်။
" သူက ကျုပ်တို့ စန်းယွိနိုင်ငံက ဖေးယွိဓားဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ်ဟောင်း ချန်းကျန်းကျီ ပဲ ။ တုကျဲ့ အဆင့်၄ ရှိတဲ့ ဓားသမားတစ်ယောက်ပေါ့။ ဒါပေမယ့် .. သူက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ဂိုဏ်းချုပ်နေရာကို စွန့်လွှတ်ပြီး သူ့ရဲ့ အမွေဆက်ခံသူကို ရာထူး လွှဲပြောင်းပေးခဲ့တာ။ အဲ့ကတည်းက သူ့သတင်းကို ဘာအစအနမှ မကြားရတော့တာပဲ။ တချို့လူတွေက ပြောတာတော့ သူက ဂူအောင်းပြီး တစ်ယောက်တည်း ကျင့်ကြံနေတာတဲ့။ တချို့ကကျတော့လဲ သူက .... ၊ ကျုပ်က သူ့ကို ဒီနေ့ ထျန်းယွမ်အင်ပါယာမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားမိလို့ပါ "
ဟောင်လင်ရှို့မှာ ရုတ်တရက် အံ့အားသင့်သွားပြီး ဆက်မေး၏။
" တုကျဲ့အဆင့် ၄ ကျင့်ကြံသူတစ်ယောက် .. ဟုတ်လား။ ပြီးတော့ ဓားသမားတစ်ယောက် ဆိုပါလား ။ ဒါ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ သခင်ကြီးတို့ နှစ်ယောက်ရော ကျုပ်တို့နဲ့ လာပူးပေါင်းပါလား "
ဟွေ့ဖုန်းမှာ ခေတ္တမျှ ဆွံ့အသွားရသည်။
ထိုစဥ် မူစန်းထုံက စစ်တုရင်ရုပ် ကိုင်ထားသည့် အဘိုးအိုကို ကြည့်ကာ ပြောလိုက်၏။
" ဒါနဲ့ .. တဆိတ်လောက် ၊ သခင်ကြီးက ကြယ်ကြွေနိုင်ငံက နိုင်ငံတော်အဆင့် သိုင်းပညာရှင်ကြီး နန်ရွှေဖုန်းလား "
နန်ရွှေဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်။
" သခင်ကြီး မူက မှတ်ဉာဏ်တော်တော် ကောင်းတာပဲ။ဟုတ်ပါတယ် ၊ ကျုပ်ပါ "
ဟောင်လင်ရှို့ မှာလည်း မျက်လုံးပြူးသွားပြီး မေး၏။
" ဟင် .. နိုင်ငံတော်အဆင့် ပညာရှင်ကြီးတစ်ယောက်က ဒီကို လာခဲ့တာလား။ မူစန်းထုံ ၊ ဒီလူရဲ့ နောက်ခံအစွမ်းက ဘယ်လောက်ရှိလဲ "
မူစန်းဖုံက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ပြန်ဖြေသည်။
" နိုင်ငံတော်အဆင့် ဆရာကြီး နန်ရွှေဖုန်းက ကြယ်ကြွေနိုင်ငံမှာ နံပါတ် ၁ အစီအမံ ပညာရှင်ကြီးပဲ "
ထိုစကားကို ကြားသောအခါ ကျန်လူများအားလုံး အံ့အားသင့်သွားကြ၏။
" အစီအမံ ဆရာကြီး .. ဟုတ်လား ၊ ဒါ တကယ့်ကို ရှားပါးပဲကွ "
မူစန်းထုံက ပြောလိုက်သည်။
" သခင်ကြီး .. သခင်ကြီးကရော ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ "
နန်ရွှေဖုန်းက အပြုံးဖြင့် ပြန်ဖြေသည်။
" သခင်ကြီး မူကို အမှန်အတိုင်း ပြောရရင်တော့ ကျုပ်က ဟဲ့ဒုံမြို့မှာ ကျုပ်တို့ရဲ့ အကိုကြီးတစ်ယောက် ရောက်နေတယ်ကြားလို့ လာလည်တာ ။ ဒါပေမယ့် ဟဲ့ဒုံမြို့ကို ရောက်ရောက်ချင်း စိတ်စွမ်းအင်တွေ ပုံမှန်မဟုတ်တာ သတိထားမိသွားလို့ အကြောင်းရင်း သိရအောင် လာကြည့်တာပဲ "
သူက ထိုသို့ပြောပြီးတောက် တောင်ကြားဘက်သို့ မျက်မှောင်ကြုံ့ကြည့်ကာ စကားဆက်၏။
" ဒါပေမယ့် .. ခုလို အံ့သြစရာ ကိစ္စမျိုးနဲ့ ကြုံရလိမ့်မယ်လို့တော့ ထင်မထားခဲ့ဘူး။ ဒါနဲ့ ... အကိုချန်းက ရော ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ "
ချန်းကျန်းကျီက အေးစက်စက် ပြန်ဖြေသည်။
" ကျုပ်က ဟဲ့ဒုံမြို့မှာ အစွမ်းထက်တဲ့ သူတစ်ယောက် ရောက်နေတယ်ကြားလို့ သူ့ကို စိန်ခေါ်တိုက်ခိုက်ရအောင် လာခဲ့တာပဲ "
ထိုစဥ် .. စိတ်ဝိဥာဥ်မီးတောက် အဘိုးအိုက ခေါင်းကုတ်ကာ ပြောလာ၏။
" အားလုံးပဲ .. အတိတ်ကကိစ္စတွေကို နောက်မှ ပြောကြတာပေါ့ဗျာ ။ လောလောဆယ် ဒီကိစ္စကိုပဲ အရင် ပြတ်ပြတ်သားသား ရှင်းကြမယ်။ အားလုံးက ဒီကို အခွင့်ကောင်းရဖို့အတွက် လာခဲ့ကြတာဆိုတော့ ကျုပ်တို့တွေ ဘာဆက်လုပ်ကြမလဲ ။ တိုက်ခိုက်ကြမှာလား .. "
သူက ထိုသို့ပြောပြီးနောက် ချန်းကျန်းကျီအား ကြောက်ရွံ့နေဟန်ဖြင့် ကြည့်လိုက်သည်။
သူတို့ကြားတွင် ရန်ပွဲသာ ဖြစ်သွားခဲ့လျှင် ကိုင်တွယ်ရအခက်ဆုံးသူက ချန်းကျန်းကျီသာ ဖြစ်မည်မှာ သံသယဖြစ်စရာ မလိုပေ။
သို့သော် .. နန်ရွှေဖုန်းက ပြောလာ၏။
" အားလုံးသာ အခုချိန် တိုက်ခိုက်လိုက်ကြရင် မိုက်မဲရာ ကျသွားမှာပေါ့ဗျာ "
ဟောင်လင်ရှို့က သူ့ကို မျက်ခုံးပင့်ကြည့်လာကာ မေးလိုက်သည်။
" ဒါဆို ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ "
သူသည် စိတ်ဝိဥာဥ်မီးတောက် ဟု နာမည်ရထားသည်နှင့်အညီ လွတ်လွတ်လပ်လပ် ဆန္ဒရှိသလို ပြုမူတတ်သူဖြစ်ပြီး နန်ရွှေဖုန်းကဲ့သို့သော လူမျိုးကို သည်းမခံနိုင်ဆုံးပင်။ ထို့ကြောင့် နန်ရွှေဖုန်းအား စကားပြောလိုက်စဥ်တွင် သူ့ပုံက မကျေမနပ်ဟန် ပေါက်နေ၏။
နန်ရွှေဖုန်းကမူ သူ့ ဆက်ဆံပုံကို လုံးဝ ဂရုမစိုက်ဘဲ စကားဆက်သည်။
" ဒီလိုအခွင့်အရေးမျိုးက အင်မတန်ရှားတယ်ဆိုတာ ခင်ဗျားတို့အားလုံးလဲ မြင်ထားတာပဲလေ။ ဒါပေမယ့် ဒီနေရာက ထျန်းယွမ်အင်ပါယာ ဆိုတာကိုတော့ မမေ့သင့်ဘူး။ ကျုပ်တို့ ၆ ယောက်လုံးက တခြားနိုင်ငံက လူတွေ ဖြစ်နေပြီးတော့ ထျန်းယွမ်အင်ပါယာက တစ်ယောက်ကလဲ တစ်ကိုယ်တော် သိုင်းသမား ဖြစ်နေတယ် "
" အဲ့တော့ ထျန်းယွမ်အင်ပါယာမှာ ကျုပ်တို့ရဲ့ အင်အားက ဘယ်လောက်မှ မရှိဘူး။ ပြီးတော့ ..ဒီနေရာက စိတ်စွမ်းအင်တွေက ပေါကြွယ်ဝလွန်းနေတာမို့ နောက်အကျဆုံးကို တွေးရင်တောင် ၊ မနက်ဖြန်ဆိုရင် ထျန်းယွမ်အင်ပါယာက အင်အားကြီး အဖွဲ့တစ်ခုခုက ဒီကို ရောက်လာမှာ သေချာတယ်။ အဲ့ကျရင် ကျုပ်တို့ ၆ ယောက်တည်းနဲ့ အဲ့လိုအင်အာားကြီးအဖွဲ့မျိုးကို ယှဥ်နိုင်မှာ မဟုတ်ဘူး။နောက်ဆုံးကျရင် ကျုပ်တို့တွေ ဘာမှ မရဘဲနဲ့ အသက်ဆုံးရှုံးသွားနိုင်ချေတောင် ရှိတယ် "
ထိုစကားကို ကြားသောအခါ အားလုံးက တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။
နန်ရွှေဖုန်း ပြောသွားသည်မှာ မှန်ပါသည်။ သူတို့ တစ်ဦးချငးစီ၏ အစွမ်းက မည်မျှပင် အစွမ်းထက်နေစေကာမူ အင်အားကြီး အဖွဲ့တစ်ခုနှင့် ယှဥ်နိုင်မည် မဟုတ်ချေ။
" ဒါဆို .. သခင်ကြီးရဲ့ သဘောက ... "
မူစန်းထုံက စကားစလိုက်သည်။
နန်ရွှေဖုန်းက သူ့မုတ်ဆိတ်ကို သပ်ကာ ပြန်ပြော၏။
" ကျုပ် စဥ်းစားတာက ဒီလိုဗျ ။ လောလောဆယ် ကျုပ်တို့ ခြောက်ယောက်လုံး ယာယီ မဟာမိတ် ဖွဲ့ထားလိုက်မယ်။ပြီးတော့ မနက်မတိုင်ခင် ဒီမှာရှိတဲ့ အခွင့်ကောင်းကို ရအောင်ယူပြီး အညီအမျှ ခွဲဝေကြမယ်ဗျာ။ဘယ်လိုသဘောရလဲ "
သူ့စကားဆုံးသည်နှင့် အားလုံး တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။
မူစန်းထုံက ဦးစွာ စကား စလာ၏။
" ကောင်းပြီဗျာ ၊ ကျုပ် သဘောတူတယ် "
မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ၎င်းကသာ ကျိုးကြောင်းသင့်လျော်ဆုံး ဖြေရှင်းချက်တစ်ခု ဖြစ်ပေသည်။
" ကျုပ်လဲ သဘောတူတယ် "
ဟောင်လင်ရှို့ကလည်း ပြောလိုက်သည်။ သူသည် အစောက မကျေမနပ် ဖြစ်နေခဲ့သော်လည်း အခြား အဖြေ မရှိသဖြင့် နန်ရွှေဖုန်း၏ စကားကို သဘောတူရန်သာ ရှိပေတော့သည်။
" ကျုပ်ညီ ဟွေ့ယွီ နဲ့ ကျုပ်ကလဲ မဟာမိတ်ဖွဲ့ဖို့ သဘောတူပါတယ် "
ဟွေ့ဖုန်းကလည်း ပြော၏။
နောက်ဆုံး ချန်းကျန်းကျီတစ်ယောက်သာ ကျန်ပေတော့သည်။
သူသည်လည်း ကျန်ငါးယောက်ကို ကြည့်ကာ မျက်နှာသေဖြင့် ပြောလိုက်၏။
" ကျုပ်လဲ ငြင်းစရာမရှိပါဘူး "
သူ့ဆီမှ သဘောတူသံ ကြားမှသာ အားလုံး သက်ပြင်းချနိုင်သွားတော့သည်။
" ကောင်းပြီ .. ဒါဆို ပြဿနာတွေ မရောက်လာခင် မြန်မြန်လှုပ်ရှားလိုက်ကြတာပေါ့ "
မူစန်းထုံက အားလုံးကို ဆော်သြလိုက်သည်။
ထို့နောက်တွင်မူ သူတို့အားလုံး တောင်ကြားဆီသို့ အတူတကွ လျှောက်သွားလိုက်ကြ၏။
သို့သော် .. မကြာမီမှာပင် သူတို့အားလုံး ပထမ အစီအမံ၏ ပိတ်ဆို့တားဆီးခြင်းနှင့် ကြုံကြရတော့သည်။
" နိုင်ငံတော်အဆင့် ဆရာကြီး ၊ ခင်ဗျားက အစီအမံပညာရပ်မှာ ဆရာတစ်ဆူဆိုတော့ ဒီဟာက ဘယ်လို အစီအမံမျိုးလဲဆိုတာ ကြည့်လိုက်လို့ ရမလား "
စိတ်ဝိဥာဥ်မီးတောက် အဘိုးအိုက ပြုံးဖြဲဖြဲဖြင့် ဆိုလိုက်သည်။
နန်ရွှေဖုန်းက ခေါင်းညိတ်ကာ အစီအမံဆီသို့ လျှောက်သွား၏။ ထို့နောက် သူ့မျက်နှာတွင် ပြုံးရိပ်အနည်းငယ် သန်းသွားပြီး ပြောလိုက်သည်။
" ကျုပ်က ဒီဟာကို တခြားအစီအမံတစ်ခုလို့ ထင်နေတာ ။ တကယ်တော့ ဒါက မြေဆွဲအား အစီအမံတစ်ခု ဖြစ်နေတာပဲ "