← Chapters

သန်းပေါင်း ထောင်၊သောင်း ချီသည့် ကျောက်စာလုံးများ

Vol. 12 Ch. 158

သန်းပေါင်း ထောင်၊သောင်း ချီသည့် ကျောက်စာလုံးများ

Vol. 12 Ch. 158

လူအုပ်မှာ ချက်ချင်း အရှိန်မြှင့်၍ အားသွန်ခွန်စိုက် ဆက်ပြေးသွားလိုက်ကြသည်။

နောက်ဆုံးတွင်မူ နဂါးငါးကောင် မီးတောက်ကာဒိုင်းက လုံးဝ အရည်ပျော်ကျလုဆဲဆဲမှာပင် သူတို့အားလုံး အစီအမံအပြင်ဘက်သို့ ထွက်ပြေးနိုင်ခဲ့ကြ၏။

" ငါ့ရဲ့ နဂါးငါးကောင် မီးတောက်ကာဒိုင်းလေး "

အပြင်သို့ ရောက်သည်နှင့် စိတ်ဝိဥာဥ်မီးတောက်အဘိုးအိုက စတင်ငိုကြွေးလိုက်သည်။

ထိုမှော်လက်နက်မှာ ရတောင့်ရခဲ ပစ္စည်းတစ်ခုဖြစ်ပြီး သူ ခက်ခက်ခဲခဲ ကြိုးစားရှာထားရသည့် ရတနာတစ်ခု ဖြစ်ပါသည်။

ယခုတွင်မူ ၎င်းက မီးလောင်ကျွမ်း ခံထားရပြီး မဲနက်နေကာ တစ်ဝက်တပျက် အရည်ပျော်နေလေပြီ။

သူ ဝမ်းမနည်းပဲ မည်သို့ နေနိုင်ပါမည်နည်း။

" ငိုမနေပါနဲ့တော့ဗျာ .. ရှေ့ကို ကြည့်လိုက်ဦး .. "

ထိုစဥ် ဟွေ့ဖုန်း၏ အသံ ထွက်လာသည်။

စိတ်ဝိဥာဥ်မီးတောက်အဘိုးအိုက ချက်ချင်း အငိုရပ်ကာ ရှေ့သို့ မျှော်ကြည့်လိုက်သည်။

သူတို့ရှေ့တွင်ကား .. နောက်ထပ် အစီအမံတစ်ခု ..

" ကြည့်ရတာ မသေမျိုးထားခဲ့တဲ့ ပစ္စည်းက ဒီအစီအမံထဲမှာပဲ ရှိမယ်နဲ့တူတယ် "

နန်ရွှေဖုန်းက ရေရွတ်လိုက်သည်။

ထိုစကားကို ကြားသောအခါ ကျန်လူများ၏ မျက်လုံးများ အရောင်လက်သွား၏။

သူတို့ အခက်ခဲများစွာ ကျော်ဖြတ်လာခဲ့ရပြီး နောက်ဆုံးတွင်မူ ပန်းတိုင်သို့ ရောက်ပေတော့မည်။

" ဟား ဟား .. အခွင့်ကောင်းလေးရေ ငါလာပြီဟေ့ "

စိတ်ဝိဥာဥ်မီးတောက်အဘိုးအိုက ကျယ်လောင်စွာ အော်ကာ အစီအမံထဲသို့ တဟုန်ထိုး ပြေးဝင်သွားလိုက်သည်။

" ခဏနေဦး .. "

နန်ရွှေဖုန်းသည် သူ့ကို တားရန် ကြိုးစားလိုက်သော်လည်း .. အနည်းငယ် နောက်ကျသွားခဲ့၏ ။

ဘုန်း ...

စိတ်ဝိဥာဥ်မီးတောက်အဘိုးအိုမှာ အလင်းတန်းအလွှာနှင့် တိုက်မိပြီး နောက်သို့ ပြန်လွင့်ထွက်လာသည်။

" ဟင် .. ဘာတွေ ဖြစ်သွားတာလဲ "

စိတ်ဝိဥာဥ်မီးတောက်အဘိုးအို၊ ဟောင်လင်ရှို့က မြေကြီးပေါ်မှ လူးလဲထလိုက်သည်။ မည်သို့ ဖြစ်ပျက်သွားခဲ့သည်ကို သူ နားမလည်တော့ပါ။

" အဲ့ဒါ အကာအကွယ် အစီအမံပဲ ၊ ဒီ အစီအမံကို မချိုးဖျက်နိုင်ရင် ဘာမှ လုပ်လို့ရမှာမဟုတ်ဘူး "

နန်ရွှေဖုန်းက ပြောပြ၏။

" အစီအမံ ..လာပြန်ပြီလား အစီအမံနောက်တစ်ခု ၊ဘယ်တော့မှ ပြီးမှာလဲကွာ "

စိတ်ဝိဥာဥ်မီးတောက်အဘိုးအိုမှာ ဒေါသထွက်လွန်းသဖြင့် ရူးသွပ်လုနီးပါးပင် ဖြစ်သွားရသည်။

ထိုစဥ် မူစန်းထုံက နတ်ရွှေဖုန်းဘက် လှည့်ကြည့်ကာ ပြော၏။

" သခင်ကြီးက အစီအမံ ပညာရပ်မှာ ပညာရှင်တစ်ယောက်ဆိုတော့ ဒီအစီအမံက ဘယ်လိုမျိုးလဲဆိုတာ သခင်ကြီး သွားကြည့်ပေးပါလား။ ပြီးတော့ ဒီအစီအမံကို ချိုးဖျက်ဖို့ ဖြစ်နိုင် ၊ မဖြစ်နိုင် ဆိုတာရော ပြောပေးပါဦး "

နန်ရွှေဖုန်း ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ ၊ ကျုပ် သွားကြည့်လိုက်မယ် "

ထို့နောက် သူက အစီအမံဆီသို့ လျှောက်သွားကာ အလင်းတန်းလွှာအား လက်တစ်ဖက်ဖြင့် ကိုင်ကြည့်လိုက်၏။

ခဏအကြာတွင်မူ နန်ရွှေဖုန်းက အလင်းတန်းလွှာအား ကိုင်ထားသည့် သူ့လက်ကို လွှတ်ချလိုက်သည်။ သူ့မျက်နှာတွင်လည်း မယုံကြည်နိုင်ဟန် အပြည့်ရှိနေ၏။

" ဒါ .. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "

သူ အံ့သြတုန်လှုပ်စွာ ပြောလိုက်သည်။

" ဘာဖြစ်လို့လဲ သခင်ကြီး "

အားလုံးက မေးလိုက်ကြ၏။

နန်ရွှေဖုန်းက ခေါင်းယမ်း၍ ပြန်ပြောသည်။

" ဒီအစီအမံကို လူသားတစ်ယောက်က လုပ်ထားတာ မဖြစ်နိုင်ဘူး "

" ဘယ်လို .. "

အားလုံး အံ့သြတုန်လှုပ်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။

" သခင်ကြီး .. အဲ့ဒါက .. မသေမျိုး အဆင့် ၉ ရှိတဲ့ သူတစ်ယောက် လုပ်ထားတာလား .. ဒါမှမဟုတ် .. အဲ့ထက် ပိုအဆင့်မြင့်တဲ့သူလား "

ဟွေ့ယွီက မေးလာ၏။

နန်ရွှေဖုန်းက ခေါင်းယမ်းပြလိုက်သည်။

" မဟုတ်ဘူး .. ဒါ အဆင့် ၁ အစီအမံတစ်ခုပဲ "

" ဟင် .. "

မျှော်လင့်မထားသည့် အဖြေကြောင့် အားလုံး အံ့အားသင့်သွားကြရပြန်၏။

အစီအမံများထဲတွင်မှ အဆင့်အနိမ့်ဆုံး အဆင့် ၁ အစီအမံတစ်ခုတဲ့လား။

" သခင်ကြီး ..ကျုပ်တို့က်ု နောက်နေတာများလား "

ဟောင်လင်ရှို့က မကျေမနပ် ဟန်ဖြင့် မေးလိုက်သည်။

နန်ရွှေဖုန်းက ပြန်ပြော၏။

" နေဦး .. ကျုပ်စကား မဆုံးသေးဘူးဗျ။ ဒီဟာက အဆင့် ၁ အကာအကွယ် အစီအမံတစ်ခုဖြစ်တဲ့ အလင်းတန်းဖြူ အစီအမံပဲ။ ဒါပေမယ့် .. ဒါက သာမာန် အဆင့်၁ အစီအမံ မဟုတ်ဘူး "

ဟောင်လင်ရှို့မှာ ထိုစကားကြောင့် နားရှုပ်သွားပုံရပြီး စိတ်မရှည်ဟန်ဖြင့် ဆက်မေးသည်။

" ကျုပ်တို့ကို ဒီ့ထက်ပို ရှင်းနဲ့နည်းနဲ့ ရှင်းပြပေးပါ "

နန်ရွှေဖုန်းက ခေတ္တမျှ စဥ်းစားပြီး ပြန်ပြော၏။

" ရိုးရိုးရှင်းရှင်း ပြောပြမယ်ဗျာ ။ အလင်းတန်းဖြူ အစီအမံကို လုပ်ဖို့ဆိုရင် အခြေခံအုတ်မြစ်အနေနဲ့ စိတ်စွမ်းအင် ကျောက်တုံးတွေအပြင် စိတ်ဝိဥာဥ်အစွမ်းကိုပါ သုံးရတယ်ဗျ။ ဒြပ်စင် ငါးခု နဲ့ ပုံကြမ်း ၈ ခုထဲက လမ်းညွှန်ချက်အတိုင်းဆိုရင် ဒီအစီအမံကို တည်ငြိမ်စေဖို့ ကျောက်တုံးတွေပေါ်မှာ စာလုံး ၁၃ လုံး ရေးထွင်းရတယ် "

" ဒါပေမယ့် ကျုပ်တို့ရှေ့က အလင်းတန်းဖြူ အစီအမံမှာက .. အဲ့လို ထွင်းထားတဲ့အကာအကွယ် စာလုံးတွေ အနည်းဆုံး သန်းပေါင်း ဆယ်ချီ ၊ မဟုတ်သေးဘူး သန်းပေါင်း ထောင် ၊ သောင်းချီပြီးပါနေတယ် "

ကျန်လူများမှာ အစီအမံများအကြောင်းကို နားမလည်ကြသဖြင့် သူ့စကားကို သဘောမပေါက်ဘဲ စိတ်ရှုပ်နေကြဆဲပင် ။

" အဲ့လို စာလုံးတွေ အများကြီးရှိတော့ ဘာဖြစ်လို့လဲဗျ "

ချန်းကျန်းကျီက မေး၏။

ကျန်လူများကလည်း နန်ရွှေဖုန်း ပြောလာမည့်အဖြေကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။

နန်ရွှေဖုန်းက သူတို့ကို ကြည့်ကာ ​ဆက်ပြောပြလိုက်သည်။

" ပုံမှန်ဆိုရင်တော့ အဲ့လို ထွင်းထားတဲ့ အကာအကွယ် စာလုံးတွေများလေလေ ၊ အစီအမံရဲ့ အကာအကွယ်အစွမ်းက ပိုအစွမ်းထက်လေပဲ။ ဒါပေမယ့် .. ဒါကလဲ အရေးအကြီးဆုံး မဟုတ်သေးပြန်ဘူး "

" တကယ့် အရေးကြီးဆုံးက ဘာလဲဆိုတော့ ၊ အစီအမံတစ်ခုကို လုပ်တော့မယ်ဆိုရင် အခက်ခဲဆုံးက အဲ့လို ကျောက်တုံးပေါ်မှာ စာရေးထွင်းဖို့ပဲ။ အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်အစွမ်း ရှိထားတဲ့ သူတွေကသာ စာလုံးတွေကို မြန်မြန်ရေးထွင်းနိုင်ကြတာ။ အခု ဒီ အလင်းတန်းဖြူ အစီအမံကိုပဲ ဥပမာထားပြီး ကြည့်ဗျာ .. ကျုပ်သာ ဒီလောက်များတဲ့ စာလုံးတွေကို ရေးထွင်းရမယ်ဆိုရင် အနည်းဆုံး နှစ်ပေါင်း တစ်ရာလောက်ကို အချိန်ယူပြီး ရေးရမှာ "

" အဲ့လောက်တောင် ကြာတာလား "

ထိုအချိန်မှသာ အားလုံး အနည်းငယ် သဘောပေါက်သွားပြီး အံ့သြသွားကြသည်။

မူစန်းထုံက မျက်မှောင်ကြုံ့ကာ ပြော၏။

" ဒီအစီအမံကို လုပ်ခဲ့တဲ့သူက အင်မတန်အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်အစွမ်း ရှိထားလို့ ခဏလေးနဲ့ ရေးလိုက်နိုင်တာများ ဖြစ်နိုင်မလား "

နန်ရွှေဖုန်းက အောင့်သက်သက် ပြုံးလိုက်သည်။

" သဘောတရားအရ ဆိုရင်တော့ ဒါလဲ ဖြစ်နိုင်ချေ ရှိတယ်။ ဒါပေမယ့် အဲ့လူရဲ့ စိတ်ဝိဥာဥ်အစွမ်းက အဲ့လောက်အစွမ်းထက်နေရင် ဘာဖြစ်လို့ ပိုအဆင့်မြင့်တဲ့ အစီအမံမျိုးကို မလုပ်လိုက်တာလဲ "

" ဒီလို အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်အစွမ်းမျိုးနဲ့ လူတစ်ယောက်က အလင်းတန်းဖြူ အစီအမံ တစ်ခုကို လုပ်ဖို့ စာလုံးတွေ သန်းပေါင်း ထောင်၊ သောင်းချီအောင် ရေးခဲ့တာဆိုတော့ .. ဘယ်လောက်တောင် ပျင်းနေလို့ ခုလို လုပ်ခဲ့ရတာလဲ "

နန်ရွှေဖုန်းသည်ပင် နားမလည်နိုင် ဖြစ်နေရ၏။

ထိုစဥ် ဟောင်လင်ရှို့က ဒေါသတကြီး ပြောလာသည်။

" ဒါတွေအားလုံး ပြောနေတော့ရော ဘာအသုံးဝင်မှာမို့လဲ။ ခင်ဗျားပြောတဲ့အတိုင်း ဆိုရင် ဒီဟာက သာမာန် အကာအကွယ် အစီအမံတစ်ခုပဲပေါ့ ။ တခြားဘာမှ ဖုံးကွယ်ထားတာတွေ မရှိဘူးမဟုတ်လား "

နန်ရွှေဖုန်းက ခေါင်းညိတ်ပြ၏။

မူစန်းထုံကလည်း မေးလိုက်သည်။

" ဒါဆို .. ဒီအစီအမံကို ချိုးဖျက်နိုင်တာနဲ့ အထဲမှာ ရှိတဲ့ ပစ္စည်းကို ရမှာပေါ့ "

နန်ရွှေဖုန်းက ပြန်ပြောသည်။

" အမှန်ပဲ "

ဟွေ့ဖုန်းကလည်း ပြုံးသွားပြီး ပြောလာ၏။

" ဒါဆိုလွယ်ပါတယ် ။ ကျုပ်တို့အားလုံးက တုကျဲ့အဆင့် ကျင့်ကြံသူတွပဲလေ။ ကျုပ်တို့အားလုံးပေါင်းရင် ဒီအလင်းတန်းဖြူ အစီအမံလောက်ကို မချိုးဖျက်နိုင်စရာ အကြောင်းမှ မရှိတာ။ ဒီအစီအမံကို ကျုပ်တို့အားလုံး အတူတူ ချိုးဖျက်ကြတာပေါ့ "

" ကောင်းတယ် "

အလုံး ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

ထို့နောက်တွင်မူ အလင်းတန်းဖြူ အစီအမံအား သူတို့အားလုံး  အတူတူ တိုက်ခိုက်လိုက်ကြ၏။

သို့သော် ...

သူတို့လူ ​၆ ယောက်က တစ်နာရီကြာ အတူတကွ တိုက်ခိုက်နေခဲ့ကြသည့်တိုင် သူတို့ရှေ့မှ အစီအမံမှာ တုပ်တုပ်ပင် လှုပ်မသွားခဲ့ချေ။

" ချီးပဲကွာ .. ဘာလို့ ခုလိုတွေ ဖြစ်နေရတာလဲ "

ဖြစ်ပျက်နေသည့်  အခြေအနေများကြောင့် ဟောင်လင်ရှို့တစ်ယောက် ဒေါသူပုန် ထသွားရသည်။

ကျန်လူများမှာလည်း အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေကြ၏။

ထိုစဥ် ချန်းကျန်းကျီက သုန်မှုန်နေသော မျက်နှာဖြင့် အံကြိတ်၍ ရုတ်တရက် ပြောလာသည်။

" ကျုပ်ဆီမှာ နောက်ထပ်ယွမ်ပေါက်ကွဲဆေးလုံး တစ်လုံး ရှိတယ် ။ဒီဆေးလုံးနဲ့ဆိုရင် အစီအမံကို ချိုးဖျက်နိုင်မယ်ထင်တယ် "

သို့သော် .. သူ ထိုဆေးလုံးအား ထုတ်သုံးရမည်ကိုလည်း နှမျောနေ၏။

ထိုအချိန်မှာပင် .. မူစန်းထုံကလည်း ရုတ်တရက် ပြောလာသည်။

" ခန .. ကျုပ်ဆီမှာ ဒီအစီအမံကို ချိုးဖျက်နိုင်မယ့် နည်းလမ်းတစ်ခု ရှိတယ် "

" ဟင် .. "

အားလုံးက သူ့ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

မူစန်းထုံက သက်ပြင်းရှည်ကြီး တစ်ချက်ချကာ စကားဆက်သည်။

" ကျုပ်တို့ မူမိသားစုမှာ တိုက်ခိုက်ရေးအစွမ်းကို ခဏလောက် ယာယီတိုးစေနိုင်တဲ့ လျှို့ဝှက်နည်းလမ်းတစ်ခုရှိတယ်။ ဒါပေမယ့် ဒီနည်းကို သုံးလိုက်တာနဲ့ ကိုယ့်ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်ရော ၊ ကိုယ့်သက်တမ်းရော လျော့သွားလိမ့်မယ် "

ထို့နောက် သူက ပြောလက်စ ခဏရပ်ပြီး အားလုံးကို ဝေ့ဝဲကြည့်ကာ ဆက်ပြော၏။

" အခု မသေမျိုးက ချန်ထားရစ်ခဲ့တဲ့ အခွင့်ကောင်းအတွက်မို့ ကျုပ် ဒီနည်းကို  သုံးကြည့်လိုက်မယ်။ ဒါပေမယ့် ..အစီအမံ ပွင့်သွားတာနဲ့ အထဲမှာရှိတဲ့ဟာရဲ့ ဝေပုံ နှစ် ပုံကို ကျုပ် လိုချင်တယ် ။ အားလုံး ဘယ်လို သဘောရလဲ "

သူပြောခဲ့သည့် နည်းလမ်းက အလွန်အန္တရာယ် များလှသည်ကို သူ သိပါသည်။

သို့သော် အစီအမံသာ ပွင့်သွားခဲ့ပါက သူ မသေမျိုးတစ်ယောက် ဖြစ်လာနိုင်မည့် အခွင့်အရေး ရှိပေရာ ၎င်းက ထိုက်တန်သည်ဟု ပြော၍ ရပေသည်။

ဟွေ့ဖုန်းက မျက်မှောင်ကြုံ့ပြီး ပြန်ပြောသည်။

" အဲ့လိုဆိုရင် .. ကျုပ်ဘက်ကတော့ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး "

" ကျုပ်လဲ သဘောတူပါတယ် "

" ကျုပ်လဲ သဘောတူပါတယ် သခင်ကြီးစွန်း "

အားလုံးက တညီတညွှတ်တည်း သဘောတူလိုက်ကြ၏။

မူစန်းထုံသည် ၎င်းကို မြင်မှသာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချ၍ ပြောလိုက်သည်။

" ဒါဆို .. အားလုံး ကျေးဇူးပြုပြီး နောက်ကို နည်းနည်း ဆုတ်ပေးကြပါဗျာ "

ထို့နောက် သူက အစီအမံရှေ့သို့ သွားကာ မတ်မတ်ရပ်လိုက်၏။

" ကောင်းကင်ဘုံ ဝံပုလွေ သွေးပေါက်ကွဲခြင်း "

အော်သံနှင့်အတူ မူစန်းထုံ၏ ခန္ဓာကိုယ်မှ သွေးကြောများ ပေါက်ကွဲထွက်သွားကာ သွေးများ ရုတ်ချည်း ပန်းထွက်လာသည်။ ထိုသွေးများကြောင့် သူ့တစ်ကိုယ်လုံး နီရဲသွား၏။

သူ့ အရောင်အဝါကလည်း တဖြည်းဖြည်း မြင့်တက်လာသည်။

" တော်တော်အစွမ်းထက်တဲ့ အရောင်အဝါပါလား .. ဒီနည်းက ယွမ် ပေါက်ကွဲဆေးလုံးရဲ့ အစွမ်းနဲ့တောင် ယှဥ်လို့ရတယ် "

အားလုံးက အံ့သြတကြီး ရေရွတ်လိုက်ကြသည်။

ထျန်းလန်နိုင်ငံမှ မူမိသားစုမှာ အမှန်တွင်လည်း ထိပ်တန်းအဆင့်ရှိ မိသားစုတစ်ခုဖြစ်ပြီး ထိုသို့သော လျှို့ဝှက်နည်းလမ်းတစ်ခုကို ပိုင်ဆိုင်ထား၏။

" ဝံပုလွေကို သတ်စေ "

မူစန်းထုံကအော်ဟစ်ကာ သူ့အစွမ်းအားလုံးကို လက်ချောင်းထိပ်တစ်ခုသို့ စုစည်းလိုက်သည်။ ထို့နောက် ထိုလက်ချောင်းဖြင့် အစီအမံအဘက်သို့ လက်ညိုးညွှန်လိုက်၏။

ဂျွတ် ..ခွပ် ..

ယခင်က ချိုးဖျက်၍ မရနိုင်ဟန် ပေါက်နေခဲ့သည့် အလင်းတန်းဖြူ အစီအမံမှာ အားပြင်းလှသော တိုက်ခိုက်မှုအောက်တွင် စတင်အက်ကွဲလာတော့သည်။

" အားလုံးလဲ ဒီတိုင်း ရပ်မနေကြနဲ့လေ ၊ အတူတူ တိုက်ခိုက်ကြပါ "

နန်ရွှေဖုန်းက ကျယ်လောက်စွာ အော်ဟစ် သတိပေးလိုက်သည်။

" ယား ... "

အားလုံးကလည်း ချက်ချင်း ညာသံပေး၍ သူတို့၏ အစွမ်းအထက်ဆုံး သိုင်းကွက်များကို အသုံးပြုကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

နောက်ဆုံးတွင်မူ ..

ဝုန်း ..

အလင်းတန်းဖြူ အစီအမံက ပေါက်ကွဲထွက်သွားကာ အထဲတွင် ရှိနေသည့် အရာကို အားလုံး မြင်လိုက်ရတော့သည်။

ထိုတခဏတွင် အားလုံး မှင်သက်ကာ ကြက်သေ သေသွားကြ၏။

All Chapters