← Chapters

အထဲဝင်ရင် သေချာပေါက် သေရလိမ့်မယ်

Vol. 12 Ch. 159

အထဲဝင်ရင် သေချာပေါက် သေရလိမ့်မယ်

Vol. 12 Ch. 159

တုကျဲ့အဆင့် ကျင့်ကြံသူ ၆ ယောက်မှာ ထိုအချိန်တွင် အလွန်ပင်ပန်းနွမ်းနယ်နေကြလေပြီ ။

သူတို့၏ မျက်လုံးများကမူ ရှေ့တွင် ရှိနေသည့် အရာသို့သာ စူးစိုက် ကြည့်နေကြသည်။

အလင်းတန်းဖြူ အစီအမံထဲတွင် မည်သို့သော ရှားပါးရတနာမှ ရှိမနေသလို အစွမ်းထက်သော အမွေအနှစ် ပစ္စည်းလည်း ရှိမနေပါ။

ထိုအစား .. ဧရာမ ကျောက်တုံးတစ်တုံးသာ ရှိနေ၏။

ထိုကျောက်တုံးပေါ်တွင်မူ  စားလက်စ တစ်ကိုက် ကိုက်ထားသည့် ဝက်လက်တစ်ချောင်း ရှိနေသည်။

" ဒါ .. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "

အားလံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ မှင်သက် ဆွံ့အနေကြ၏။

ကြောက်မက်ဖွယ် အစွမ်းထက် အစီအမံ များစွာဖြင့် ဖုံးကွယ်ထားခဲ့သည့် ပစ္စည်းက စားလက်စ ဝက်လက်တစ်ချောင်းတဲ့လား ..

နောက်နေသည်များလား ..

ထိုအချိန်တွင် မူစန်းထုံမှာ မျက်လုံးများ ပြာဝေသွားပြီး မေ့လဲကျတော့မလိုပင် ခံစားလိုက်ရသည်။

ဟွေ့ဖုန်းက ရုတ်တရက် ပြော၏။

" အားလုံး .. စိတ်မပူကြပါနဲ့ ။ ခင်ဗျားတို့ ပြောသလို ဒါ ဖြစ်မှ မဖြစ်နိုင်တာ။ ဒီ ဝက်လက်က သာမာန် ဝက်လက်တစ်ခု မဟုတ်ပဲနဲ့ ထူးခြားတဲ့ အမွေအနှစ်တစ်ခုခု ၊ ဒါမှမဟုတ် ရောဂါတွေ အားလုံးကို ပျောက်ကင်းစေတဲ့ မှော်ဆေး ဖြစ်ရင် ဖြစ်နေမှာ "

ထိုစကားကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေကြသူများ အနည်းငယ် အားတက်သွားကြပြန်သည်။

" ဟုတ်တယ် ၊  မသေမျိုးက အချိန်ကုန် လူပင်ပန်းခံ ၊ စွတ်စွမ်းအင်ကျောက်တုံးတွေ အများကြီး သုံးပြီးတော့ ဝက်လက်တစ်ချောင်းကို ဖွက်ထားစရာ အကြောင်းမရှိဘူး "

" အရင်ဆုံး ဝက်လက်ကို ဖြတ်ပြီး စားကြည့်လိုက်မယ် ။ အဲ့ကျရင် ဘယ်လိုလဲဆိုတာ သိရမှာပါ "

" ဒါ အဓိပ္ပါယ်ရှိတယ် ၊ အဲ့လိုပဲ လုပ်ကြတာပေါ့ "

ထိုသို့ ပြောပြီးနောက် သူတို့အားလုံး ဝက်လက်ရှိရာသို့ သွားလိုက်ကြသည်။

ချန်းကျန်းကျီက ဓားတစ်လက်ကို သုံး၍ ဝက်လက်အား ဖြတ်လိုက်၏။

ထို့နောက် အားလုံး တစ်ယောက်တစ်ပိုင်းစီယူကာ စားကြည့်လိုက်ကြသည်။

" ဘယ်လိုလဲ .. "

" စားလို့တော့ ကောင်းပါတယ်။ ဒါပေမယ့် .. တခြား ဘာမှလဲ ထူးထူးခြားခြား မခံစားရဘူး "

" ဒီဟာက .. သာမာန် ဝက်လက်တစ်ချောင်းများ ဖြစ်နေမလား .. "

" အင်း .. ကြည့်ရတာတော့ .. အဲ့လိုပဲနဲ့ တူတယ် "

အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် သူတို့လက်ထဲမှ ဝက်လက်အား မြေကြီးပေါ်သို့ တစ်ပြိုင်နက်တည်း ပစ်ချလိုက်ကြသည်။

" $%#&*   ဘာဖြစ်လို့ အဲ့လောက်တောင် လှည့်စားထားရတာလဲ "

" ဒီ မသေမျိုးက ရူးနေတာလား ၊ ဒီဟာလေးကို ဖွက်ဖို့ အဲ့လောက်များတဲ့ အစီအမံတွေနဲ့ ကာကွယ်ထားတယ်ပေါ့ "

" ခင်ဗျားကြီးက ကျုပ်ကို ခုလိုလှည့်စားချင်တယ်ပေါ့လေ ။ ကျုပ်က .. &%$#* "

အားလုံး ဒေါသတကြီး ဆဲဆိုလိုက်ကြသည်။

သူတို့မှာ ဤနေရာသို့ ရောက်ရန်အတွက် အဖိုးတန်ပစ္စည်းများ များစွာ အဆုံးရှုံးခံခဲ့ကြရ၏။

နောက်ဆုံးတွင် ..  ရလဒ်က ဝက်လက်တစ်ချောင်းတဲ့လား ..

အထူးသဖြင့် မူစန်းထုံမှာ နောက်ဆုံးတိုက်ခိုက်မှုကို လုပ်ရန်အတွက် သူ့သက်တမ်းထဲမှ နှစ်တစ်ရာကို ဆုံးရှုံးခဲ့ရပြီး ကျင့်ကြံခြင်း အဆင့်ငယ် တစ်ခုလည်း ကျသွားခဲ့ရသည်။

သို့သော် ရလာသည့် ရလဒ်မှာ .. ဝက်လက်တစ်ချောင်းပင် ..

သူတို့အတွက် ဆုံးရှုံးမှုက ကြီးမားလွန်းလှပေသည်။

ထိုအချိန်တွင် မူစန်းထုံမှာ ဒေါသထွက်လွန်း၍ သွေးအန်ကာ မေ့လဲကျသွားတော့၏။

အခြားသူများမှာလည်း သိပ်မထူးခြားလှပါ။ သူတို့အားလုံး မြေကြီးပေါ်တွင် ခေါင်းငိုက်စိုက်ချ၍သာ ထိုင်နေကြသည်။

ဤသို့ဖြင့် အချိန် အတန်ကြာသွားပြီးမှသာ ဟွေ့ဖုန်းက စကားစလိုက်သည်။

" ဒီကိစ္စက အပြင်ကို သတင်းပေါက်လို့ မရဘူးနော်"

နန်ရွှေဖုန်းကလည်း ခေါင်းညိတ်၍ ပြော၏။

" အမှန်ပဲ ၊ ဒါကြီးက ..ရှက်စရာကောင်းလွန်းတယ် "

သူတို့အားလုံးမှာ မိမိနိုင်ငံအတွင်းတွင်သာမက အခြားနိုင်ငံများတွင်ပါ နာမည်ကျော် ကျင့်ကြံသူများ ဖြစ်ကြပါသည်။ အကယ်၍ .. အပြင်လူများသာ သူတို့လူစု ယခုကဲ့သို့ လှည့်စားခံခဲ့ကြရကြောင်း သိသွားခဲ့ပါက သူတိူ့အရှက်ကွဲသွားရပေလိမ့်မည်။

" ဒါပေမယ့် .. နောက်ကိစ္စတစ်ခုလဲ ရှိနေသေးတယ် "

ဟွေ့ဖုန်းက စကားဆက်သည်။

" အခု .. ဘယ်လို ပြန်ထွက်ကြမလဲ "

သူတို့ ဝင်လာစဥ်ကပင် ပစ္စည်းများစွာ စတေးခဲ့ပြီဖြစ်ရာ ယခု ပြန်ထွက်ရန် မလွယ်ကူတော့ပါချေ။

ဤနေရာရှိ အစီအမံများမှာ ရှုပ်ထွေးလှပြီး ကောင်းကင်နှင့် မြေကြီးကိုပါ ရောယှက်ထားသဖြင့် လေထဲမှ ဘေးကင်းစွာ ပျံသန်းသွား၍ မရသလို မြေပြင်ခရီးမှလည်း သွားရန် မဖြစ်နိုင်ပါ။

" အရင်ဆုံး ကျုပ်တို့ကိုယ်က ဒဏ်ရာတွေကိုပဲ ကုကြတာပေါ့ဗျာ ။ အားလုံး သက်သာပျောက်ကင်းသွားမှပဲ ဒီကနေထွက်ဖို့ အတူတူ နည်းလမ်းရှာကြမယ် "

နန်ရွှေဖုန်းက ပြောလိုက်သည်။

သူတို့လူစုမှာ အခြားရွေးချယ်စရာလည်း မရှိတော့သဖြင့် တင်ပျဥ်ခွေထိုင်၍သာ အတွင်းအား သုံးပြီူ ဒဏ်ရာများအား တိတ်တဆိတ် ကုသလိုက်ကြတော့သည်။

ဤသို့ဖြင့် မကြာခင်မှာပင် .. နေလုံးကြီး ထွက်လာပြီး သူတို့ပေါ်သို့ နေရောင်ခြည် ဖြာကျလာ၏။

ထိုစဥ် ... နေရောင်က အခန်းတစ်ခု၏ ပြတင်းပေါက်မှတဆင့် လောထျန်းမျက်နှာပေါ်သို့ ကျလာသည်။

" ဟင် .. မနက်ရောက်သွားပြီလား "

လောထျန်း၏ မျက်လုံးများ ပွင့်လာပြီး ပျင်းရိစွာ အကြောဆန့်လိုက်သည်။

" အင်း .. မနက်စာ စားပြီးရင် အစီအမံတွေ သွားလေ့ကျင့်ရမယ် ။ မနေ့က အများကြီး လုပ်ကြည့်ထားပေမယ့် နည်းနည်း လိုအပ်ချက် ရှိနေတုန်းပဲလို့ ခံစားနေရတယ် "

သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ထို့နောက်တွင်မူ သူသည် မနက်စာကို ခပ်သွက်သွက်စားလိုက်ပြီး မြို့ထဲမှ တစ်ယောက်တည်း ထွက်လာကာ ယမန်နေ့က သွားခဲ့သည့် တောင်ကြားသို့ပင် ပြန်သွားလိုက်၏။

သို့သော် .. သူ တောင်ကြားရှေ့သို့ ရောက်သည်နှင့် အံ့သြစရာ မြင်ကွင်းက ဆီးကြိုနေသည်။

အဘယ့်ကြောင့်ဆိုသော် တောင်ကြားအပြင်ဘက်တွင် လူများစွာ စုရုံးနေသည်ကို မြင်လိုက်ရသောကြောင့်ပင်။

" ဟေ့လူ ... ဘာတွေ ဖြစ်နေတာလဲဗျ "

လောထျန်းက သူ့အနီးမှ လူတစ်ယောက်အား စူးစမ်းကြည့်လိုက်သည်။

ထိုလူက သူ့ကို လှည့်ကြည့်ကာ ပြန်ပြော၏။

" မင်း မသိသေးဘူးလား ။ မနေ့ညက ဒီနေရာမှာ မသေမျိုး ဂူတစ်လုံး ပေါ်လာတယ်ကွ။ ငါကြားတာတော့ ဒီ မသေမျိုး ချန်ထားခဲ့တဲ့ လမ်းကြောင်းအတိုင်း လိုက်သွားနိုင်ရင် သူ့ရဲ့ အမွေအနှစ်ကို ရပြီး အံ့သြစရာ အစွမ်းမျိုး ရသွားလိမ့်မယ်တဲ့ "

ထိုလူကြီးက စိတ်လှုပ်ရှားစွာ ပြောနေသော်လည်း လောထျန်းမှာမူ အံ့သြမှင်သက်နေသည်။

" မသေမျိုးဂူ ဟုတ်လား  . ဒီသတင်းက အမှန်ဟုတ်ပါ့မလား "

လောထျန်းက အံဘသြတကြီး မေးလိုက်သည်။

တစ်ဖက်လူက သူ့အား ဒေါသတကြီး ပြန်ရန်တွေ့၏။

" ငါက မင်းကို ဘာကိစ္စ လိမ်ပြောရမှာလဲ။ ဟိုမှာကြည့်လေ .. ဟိုနားလေးက အစီအမံက မသေမျိုး ချန်ထားခဲ့တဲ့ လမ်းကြောင်းကို ဖုံးဖို့ သုံးထားတဲ့ အစီအမံပဲ ။ လူတွေ တော်တော်များများတောင် အစီအမံနဲ့ ရင်ဆိုင်ဖို့ အထဲဝင်သွားကြပြီ "

" ဒါပေမယ့် မင်းမှာ အနည်းဆုံး ကွေ့ရှအဆင့်လောက်မှ အစွမ်းမရှိရင် အနားမကပ်ဖို့ ငါ အကြံပေးလိုက်မယ်။ အစောတုန်းက လူတချို့က ကိုယ့်အစွမ်းကိုယ် မသိဘဲ အစီအမံထဲ ဝင်သွားကြသေးတယ်ကွ ။ ဒါပေမယ့် ခဏနေတော့ သူတို့ကိုယ်က အရိုးတွေ အများကြီး ကျိုးပြီး ပြန်ထွက်လာရတာ။ တချို့ဆိုရင် အထဲမှာတောင် သေကြတော့မလို့ "

" ကွေ့ရှအဆင့်က အစွမ်းထက် ကျင့်ကြံသူတွေတောင် အစီအမံထဲရောက်ပြီး စက္ကန့်ပိုင်းလေးပဲ ခံနိုင်ကြတာ "

ထိုစကားကို ကြားသောအခါ လောထျန်းတစ်ယောက် ကြက်သေသေသွား၏။

မသေမျိုးဂူသို့ သွားသည့် အစီအမံလမ်းများတဲ့လား ..

ဤနေရာတွင် မည်သို့သောအရာများ ဖြစ်နေပါသနည်း။

" ဟာ .. မဖြစ်ဘူး ၊ ငါ အထဲဝင်ပြီး ကြည့်မှရမယ်။ ငါက အခုမှ အစီအမံကို လေ့ကျင့်နေတုန်းဆိုတော့ တခြားသူတွေကို သတ်နိုင်လောက်တဲ့အထိ ငါ့အစီအမံက အစွမ်းထက်ဦးမှာ မဟုတ်ပါဘူး။ ဟုတ်တယ်မလား "

လောထျန်း ထိုသိူ့တွေးကာ အစီအမံဆီသို့ လျှောက်ဝင်သွားလိုက်သည်။

" ဟေ့ .. ဟေ့ .. ကောင်လေး ၊ အဲ့ဘက်ကို မသွားနဲ့လေ "

လူကြီးက ထွက်ခွာသွားသည့် လောထျန်း၏ နောက်ကျောကို ကြည့်ကာ အော်လိုက်သည်။

သို့သော် လောထျန်းက မည်သို့မှ ပြန်မပြောဘဲ ရှေ့သို့သာ ဆက်လျှောက်သွားသဖြင့် ထိုလူကြီး ခေါင်းယမ်းလိုက်၏။

" အင်း .. လူတွေက စကားကောင်းကောင်းပြောရင် နားမထောင်ကြဘူး။ ဒီနေ့ခေတ်လူငယ်တွေက ပိုတောင်ဆိုးသေးတယ်။ အားလုံးက သူတို့ကိုယ်သူတို့ အင်မတန်အစွမ်းထက်တဲ့သူတွေလို့ ထင်နေကြတာ။ နံရံနဲ့ ဝင်တိုက်မိမှဘဲ ရပ်ကြမယ့်လူတွေပဲ "

ထိုစဥ် .. တစ်ဖက်မှ လောထျန်းက မြေဆွဲအား အစီအမံထဲသို့ ခြေချလိုက်သည်။

သူ အထဲရောက်သည်နှင့် သူ့နားလေးတွင် မလှုက်မယှက် လဲနေကြသည့် လူဆယ်ယောက်ကျော်အား မြင်လိုက်ရ၏။

" ဟင်..ခင်ဗျားတို့တွေ အဆင်ပြေကြရဲ့လား "

လောထျန်းက ထိုလူများဆီသို့ အပြေးသွားကာ မေးလိုက်သည်။

လဲကျနေသည့် ထိုလူများ အားလုံးမှာ ကွေ့ရှအဆင့် ကျင့်ကြံသူများ ဖြစ်ကြပါသည်။

သူတို့သည် မြေဆွဲအားကြောင့် စိစိညက်ညက် ​ကြေမသွားကြသော်လည်းမြေပြင်မှ မခွာနိုင် ၊ မလှုပ်နိုင်ဘဲ ခက်ခက်ခဲခဲ တောင့်ခံနေကြရ၏။

သူတို့၏ အခြေအနေကို ကြည့်ပါက မကြာမီအချိန်အတွင်း စိစိညက်ညက် အခြေခံကြရတော့မည်မှာ သိသာပေသည်။

လောထျန်း ပြေးလာသည်ကို မြင်သောအခါတွင်မူ သူတို့အားလုံး အံ့သြမှင်သက်သွားကြ၏။

" မင်းက .. ဘာဖြစ်လို့ မင်းအပေါ်  ဘာမှမသက်ရောက်တဲ့ပုံမျိုး ဖြစ်နေတာလဲ "

သူတိူ့ထဲမှ တစ်ယောက်က စကားလုံး တစ်လုံးချင်းချီ အားယူကာာ လောထျန်းအား ခက်ခက်ခဲခဲ မေးလိုက်သည်။

ထိုမေးခွန်းကြောင့် လောထျန်း အံ့အားသင့်သွား၏။

" ဘာသက်ရောက်မှုကို ပြောတာလဲ "

" မြေဆွဲအားလေ "

ထိုလူကြီးက ပြန်ပြောသည်။

လောထျန်းက ရုတ်တရက် သတိရသွားဟန်ဖြင့် ပြော၏။

" အော် .. မြေဆွဲအားကို ပြောတာလား။ ပုံမှန်ထက်တော့ နည်းနည်းလေးပေမယ့် ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူးဗျာ ။ ကျုပ် ခံနိုင်ပါသေးတယ်။ လောလောဆယ် ဒါကို ခဏထားလိုက်ပါဦး ။ ကျုပ် ခင်ဗျားကို အပြင်ရောက်အောင် ပို့ပေးမယ်။ အပြင်ရောက်သွားရင် အပြင်ကလူတွေကို အထဲမှာ ဘယ်မသေမျိုးရဲ့ အမွေအနှစ်မှ မရှိဘူးလို့ ပြောပေးပါ "

လောထျန်းက ထိုသို့ပြောပြီးသည်နှင့် လူကြီးကို ကောက်ချီ၍ အစီအမံလေထု အပြင်ဘက်သို့ လွှဲပစ်လိုက်သည်။

ထို့နောက် ကျန်လူများ အားလုံးကိုလည်း ထိုနည်းအတိုင်း အပြင်သို့ ထုတ်ပေးလိုက်၏။

" အင်း .. အဲ့လောက်ဆို ပြဿနာ မရှိလောက်တော့ပါဘူး "

လောထျန်း ထိုသို့တွေးပြီးနောက် မြေဆွဲအား အစီအမံကို ဖြတ်၍ တစ်ဖက်သို့ ဆက်သွားလိုက်သည်။ ထို့နောက်တွင်မူ ဓားအစီအမံ ရှေ့သို့ ရောက်လာ၏။

ထိုစဥ် ..လောထျန်း မျက်မှောင်ကြုံ့သွားရပြန်သည်။

ဓားအစီအမံ အပြင်ဘက်တွင် တစ်ကိုယ်လုံး သွေးများ ရွှဲနေကြသည့် အစွမ်းထက် ကျင့်ကြံသူ လူကြီး လေးဦး ရှိနေကာ ထိုင်သူကထိုင် ၊ လှဲသူကလှဲဖြင့် ဒဏ်ရာများကို အတွင်းအားသုံး၍ ကုသနေကြ၏။

ထိုလေးယောက်ထဲမှ တစ်ယောက်မှာ တုကျဲ့အဆင့် ၁ ရှိသူဖြစ်ပြီး ကျန်သုံးယောက်ကမူ ကွေ့ရှအဆင့်၉ ရှိထားကြသူများ ဖြစ်သည်။ သူတို့အားလုံးမှာ အတော်အတန် အစွမ်းထက်ကြသူများပင်။

" ဟို..ခင်ဗျားတို့အားလုံး အဆင်ပြေကြရဲ့လား "

လောထျန်း မေးလိုက်သည်။ သူ အပြစ်ရှိသကဲ့သို့လည်း ခံစားနေရ၏။

ထိုလူများက ဓားအစီအမံကြောင့် ဒဏ်ရာရထားကြသည်မှာ သိသာသည် မဟုတ်ပါလား။

တုကျဲ့အဆင့်က ကျင့်ကြံသူက မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ပြီး လောထျန်းကို ကြည့်ကာ ပြောသည်။

" မိတ်ဆွေလေး .. ရှေ့ကို ဆက်မသွားနဲ့နော် ။ ရှေ့က အစီအမံက တကယ့် ငရဲပဲကွ "

ထိုစကားကို ကြားသောအခါ လောထျန်း၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားပြီး မေးလိုက်သည်။

" အထဲမှာ တစ်ယောက်ယောက်များ သေသွားသေးလားဗျ "

သူသည် လူပေါင်းများစွာကို သတ်ဖူးခဲ့သော်လည်း ထိူလူ အများစုမှာ သူ့ကို စော်ကားရန်စခဲ့ကြများ နှင့် ယုတ်မာသော လုပ်ရပ်မျိုးစုံကို လုပ်ခဲ့ကြသူများ ဖြစ်ပါသည်။

သို့ဖြစ်ရာ ယခုကဲ့သို့ အကြောင်းအရင်း မရှိဘဲ သူ့ကြောင့် တခြားသူများ သေကြရသည့် အဖြစ်မျိုးကို သူ လက်မခံနိုင်ပါ။

တုကျဲ့အဆင့် ကျင့်ကြံသူက ခေါင်းယမ်းလိုက်သည်။

" သေတဲ့သူတော့ မရှိဘူးကွ ။ ငါက မြန်မြန်နောက်ဆုတ်ပြီး ဒီလူတွေနဲ့အတူ ထွက်ပြေးလာတာ။ဒါပေမယ့် .. ငါ မင်းကို ရှေ့ဆက်မတိုးဖို့တော့ အကြံပေးချင်တယ်။ အစီအမံထဲကို ဝင်လိုက်တာနဲ့ မင်း သေချာပေါက် သေသွားလိမ့်မယ် "

All Chapters