လိမ်လုံးကြီး
Vol. 12 Ch. 160
သေချာပေါက် သေရမည်တဲ့လား ..
လောထျန်း ရှက်သွားကာ မျက်နှာပင် နီလာ၏။
" ဒီဟာက အဲ့လောက်တောင် အစွမ်းထက်လို့လားဗျာ၊ သခင်ကြီးက တုကျဲ့အဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ပဲလေ "
လောထျန်းက ပြောလိုက်သည်။
အဘိုးအိုမှာ ချောင်းဆိုးနေပြီးနောက် အောင့်သက်သက်ပြုံး၍ ပြန်ပြော၏။
"တုကျဲ့အဆင့် တဲ့လား .. တုကျဲ့အဆင့်ကလဲ ဒီ ဓားအစီအမံရှေ့ရောက်တော့ ဟာသတစ်ခုလို ဖြစ်သွားခဲ့ရတာပါပဲကွာ။။ ဒီဓားအစီအမံရဲ့ အစွမ်းမျိုးကို ငါ့ဘဝမှာ အခုတစ်ခါပဲ တွေ့ဖူးသေးတယ်။ ဒီအစီအမံကို လုပ်ခဲ့တဲ့သူက ထိပ်တန်းအဆင့် အစွမ်းရှိတဲ့ မသေမျိုး ဓားသမားတစ်ယောက်ပဲ ဖြစ်ရမယ်ကွ။ မဟုတ်ရင် ဒီလိုဓားအစီအမံမျိုးကို လုံးဝ လုပ်နိုင်မှာ မဟုတ်ဘူး "
လောထျန်း၏ မျက်နှာ နီသွားပြီး လက်ယမ်း၍ မြန်မြန်တားလိုက်သည်။
" ကျုပ်ကိူ ဆက်မချီးမွမ်းပါနဲ့တော့ သခင်ကြီးရယ် "
သူ့စကားကို ကြားသည်နှင့် အဘိုးအိုက မျက်နှာချက်ချင်းညိုသွားကာ ပြောသည်။
" ဘာဖြစ်လို့လဲ .. မင်းက ငါပြောတာကို မယုံလို့လား။ မိတ်ဆွေလေး .. ငါ့အစွမ်းက မလုံလောက်ဘူး ဆိုပေမယ့် ငါ့အမြင်ကတော့ အကောင်းကြီး ရှိပါသေးတယ်ကွ။ဒီအစီအမံရဲ့ ပိုင်ရှင်က အင်မတန် ထူးခြားပြီး အစွမ်းထက်တဲ့ ပါရမီရှင်တစ်ယောက်ပဲ ဖြစ်ရမယ်။ သူ့ရဲ့ ဓားအပေါ် နားလည်ပုံက သာမာန်လူလို လုံးဝ မဟုတ်ဘူး .. (နောက်ထပ် ချီးကျူးစကားလုံး ၃ ထောင်ခန့် ) "
အဘိုးအို၏ ဆက်တိုက် ချီးမွမ်းစကားများကို နားထောင်နေရင်း လောထျန်း ပိုပို၍ ရှက်လာသည်။
နောက်ဆုံးတွင်မူ .. သူ ဆက်နားမထောင်နိုင်တော့ဘဲ ဦးညွှတ်အရိုအသေပေး၍ ပြောလိုက်၏။
" ဟုတ်ပါပြီ ၊ ကျေးဇူးအများကြီး တင်ပါတယ် သခင်ကြီး ။ ဒီမှာပဲ ဒဏ်ရာတွေပျောက်အောင် ကုသပြီး အေးဆေးမှ ပြန်ထွက်သွားပေါ့ဗျာ "
သူက ထိုသို့ ပြောပြီးသည်နှင့် ဓားအစီအမံထဲသို့ ဝင်လိုက်သည်။
" ဟင် .. လူငယ်လေး ၊ မဝင်နဲ့ .."
အဘိုးအိုမှာ လောထျန်းက အစီအမံထဲသို့ ဝင်သွားသည်ကို တွေ့သည်နှင့် အော်၍ တားရန် ကြိုးစားလိုက်သည်။
သို့သော် သူ အနည်းငယ် လှုပ်လိုက်သည်နှင့် သူ့ကိုယ်မှ ဒဏ်ရာက ဆိုးဆိုးရွားရွား နာကျင်လာသဖြင့် ငြိမ်ငြိမ်သာ ပြန်ထိုင်နေလိုက်ရ၏။
တစ်ဖက်တွင်မူ လောထျန်းတစ်ယောက် ဓားအစီအမံထဲသို့ ဝင်လိုက်သည်နှင့် အစီအမံလေထုထဲမှ ဓားကမ္ဘာက ချက်ချင်းအသက်ဝင် စုစည်းလာပြီး သူ့ပေါ်သို့ ဓားများ ကျလာသည်။
လောထျန်းက ၎င်းကို မော့ပင် မကြည့်ဘဲ လက်တစ်ဖက်ယမ်း၍ ပြော၏။
" ဝေးဝေးသွားကြ "
ကောင်းကင်ယံတွင် ရှိနေသော ဓားအရိပ်များက ချက်ချင်းပင် အရပ်မျက်နှာပေါင်းစုံသို့ လွင့်ပျံသွားကြသည်။
မကြာမီမှာပင် လောထျန်းသည် ဓားအစီအမံအား ဖြတ်ကျော်၍ အခြားတစ်ဖက်သို့ ရောက်လာ၏။
" တော်သေးတာပေါ့ကွာ .. ဒီမှာ ဘယ်သူမှ မရှိဘူး "
သူ သက်ပြင်းချလိုက်သည်။
သို့သော် ထိုအချိန်မှာပင် သူ အံ့သြမှင်သက်သွားရပြန်သည်။
အဘယ့်ကြောင့်ဆိုသော် ရှေ့ဘက်မှ အစီအမံ နှစ်ခုရှေ့ရှိ မြေကြီးပေါ်တွင် နက်စောက်သော ချို့ခွက်များ များစွာ ရှိနေသည်ကို မြင်လိုက်ရသောကြောင့်ပင်။
ထိုအရာများမှာ အစီအမံထဲမှ တစ်ယောက်ယောက် ပြန်ခုန်ထွက်လာသည့် အရာများ ဖြစ်သည်မှာ သေချာပါသည်။
" တစ်ယောက်ယောက်က ဒီထိတောင် ရောက်လာခဲ့တာလား ။ သွားကြည့်ရမယ် "
လောထျန်းသည် ဘာကိုမှ စဥ်းစားမနေဘဲ အစီအမံထဲသို့ ချက်ချင်း တိုးဝင်လိုက်သည်။
ဂျုန်း ...
အစီအမံထဲရှိ လေထုထဲတွင် ကောင်းကင်ယံမှ မိုးကြိုးက လောထျန်းအပေါ်သို့ ကျလာ၏။
သို့သော် ..
ဝီ ..
လောထျန်းကိုယ်မှ အကာအကွယ်ရွှေရောင်အလင်းတန်းက အလိုအလျောက် လင်းလက်လာသည်။ ကောင်းကင်ဘုံ အပြစ်ပေးခြင်းမိုးကြိုးမှာ ထိုရွှေရောင်အလင်းတန်းကို ထိလိုက်သည်နှင့် ချက်ချင်း ပျောက်ကွယ်သွားတော့၏။
" ဒီထဲမှာ ဘယ်သူမှ မပိတ်မိနေတာ တော်သေးတာပေါ့ "
လောထျန်း ခေါင်းညိတ်လိုက်ပြီး နောက်သို့ပြန်ဆုတ်ကာ တစ်ဖက်မှ စိတ်စွမ်းအင် မီးတောက်အစီအမံဘက်သို့ ထပ်ဝင်သွားလိုက်သည်။
အထဲတွင်မူ စိတ်စွမ်းအင် မီးတောက်တစ်ခုဖြစ်သည့် ဓမ္မဒိ မီးတောက်အစစ် တောက်လောင်နေ၏။ သိူ့သော် .. ၎င်းမှာလည်း လောထျန်းအနီးသို့ လုံးဝ မကပ်နိုင်ချေ။
" အင်း .. ကြည့်ရတာ ဒီထဲမှာလဲ ဘယ်သူမှ မပိတ်မိနေဘူးနဲ့တူတယ် "
လောထျန်းက သက်ပြင်းရှည်ကြီး ချကာ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။
မကြာမီမှာပင် သူ စိတ်စွမ်းအင်မီးတောက်အစီအမံ၏ အပြင်ဘက်သို့ ရောက်လာ၏။
သို့သော် ..အပြင်သို့ ရောက်သည်နှင့် သူ အံ့အားသင့်သွားရပြန်သည်။
" ဟင် .. ဒီမှာ လူတွေ ရှိနေတာပဲ "
သူ အံ့သြတကြီး ရေရွတ်လိုက်၏။
သူနှင့် မလှမ်းမကမ်းတွင် မူစန်းထုံနှင့် ကျန်လူများက တင်ပျဥ်ခွေထိုင်လျက် ဒဏ်ရများကို ကုသနေကြသည်။
ထိုလူများရှေ့မှ အလင်းတန်းဖြူ အစီအမံကမူ ကျိုးပျက်နေလေပြီ ။
ထိုစဥ် .. တစ်ဖက်မှ ကျင့်ကြံသူ ခြောက်ယောက်ကလည်း လောထျန်းကို သတိထားမိသွားကာ သူတို့ရင်ထဲမှ အေးစက်စက် အငွေ့အသက်တစ်ခုကို ခံစားလိုက်ကြရသည်။
ဤလမ်းကို သူတို့ကိုယ်တိုင် ဖြတ်လာခဲ့ကြသည်ဖြစ်ရာ အစီအမံများက မည်မျှအစွမ်းထက်ကြောင်း သူတို့ အသိဆုံးပင် ။
သူတို့ ၆ ယောက် အားလုံး စုပေါင်းကာ လာခဲ့စဥ်တွင်ပင် ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်ခဲ့ကြရပြီး ဤနေရာသို့ ခက်ခက်ခဲခဲ ရောက်လာခြင်း ဖြစ်သည်။ သူတို့အားလုံး နီးပါးမှာလည်း သေလုမျောပါး အခြေအနေများနှင့် ရင်ဆိုင်ခဲ့ကြရ၏။
သို့သော် .. သူတို့ရှေ့မှ လူငယ်ကမူ တစ်ယောက်တည်း လာခဲ့ခြင်းဖြစ်ဟန်ပင် ။
ထို့အပြင် .. သူ့အဝတ်အစားများကို ကြည့်ရသည်မှာလည်း အနည်းငယ်မျှပင် တွန့်ကြေမနေဘဲ မည်သည့်ဒုက္ခမျိုးမှ ကြုံခဲ့ရဟန် မတူပေ။
၎င်းက မည်သည့် အဓိပ္ပါယ်ပါနည်း။
" သိုင်းသမားလေးရဲ့ နာမည်က ဘယ်လိုခေါ်သလဲ "
နန်ရွှေဖုန်းက ချက်ချင်း မေးခွန်းထုတ်လိုက်သည်။
လောထျန်းက သူ့ကို လှည့်ကြည့်လိုက်ပြီး ပြန်ဖြေ၏။
" ကျုပ်လား ..ကျုပ်နာမည်က လောထျန်း "
လောထျန်းသည် အစောကတည်းက ဖုံးကွယ်ထားရန် အစီအစဥ် မရှိသဖြင့် ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။
ထိုနာမည်ကို ကြားသောအခါတွင်မူ နန်ရွှေဖုန်း တစ်ကိုယ်လုံး တုန်ယင်သွား၏။ ချန်းကျန်းကျီကလည်း ချက်ချင်း ခေါင်းမော့ကြည့်လာသည်။
သူတို့နှစ်ဦးလုံးမှာ လောထျန်းအား မျက်တောင်ပင် မခတ်ဘဲ သေချာ စိုက်ကြည့်နေကြ၏။
ကျန်လူများကမူ ထိုနှစ်ယောက်က အဘယ့်ကြောင့် ယခုကဲ့သို့ ဖြစ်နေရသည်ကို နားမလည်ဘဲ ထူးထူးဆန်းဆန်း ကြည့်လိုက်ကြသည်။
ထိုအချိန်မှာပင် နန်ရွှေဖုန်းက ဦးညွှတ်အရိုအသေပေး၍ ပြောလာ၏။
" တဆိတ်လောက် မေးခွင့်ပြူပါဗျာ ၊ သခင်လေးက ယဲ့ဖုန်းနိုင်ငံက လောထျန်းလား "
လောထျနက ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ် ၊ သခင်ကြီးက ကျုပ်ကို သိလို့လား "
နန်ရွှေဖုန်းက ပြုံး၍ ပြန်ပြောသည်။
" ကျုပ်က သခင်လေးရဲ့ နာမည်ကို ကြားဖူးပြီးသားပါ ။ သခင်လေးက ဘယ်လိုလုပ်ပြီး အဲ့လောက် လွယ်လွယ်ကူကူ ဝင်လာနိုင်တာလဲလို့ ကျုပ်က အံ့သြနေတာ ။ အခုတော့ သခင်လေးလောထျန်း ဖြစ်နေတာကိုး "
ဟောင်လင်ရှို့က သူ့ဘက် လှမ်းကြည့်ကာ စိတ်မရှည်နိုင်တော့ဟန်ဖြင့် ပြောလာ၏။
" သခင်ကြီး .. ဘာတွေ ပြောနေတာလဲဗျ ။ ဒီလူငယ်က ဘယ်သူလဲဆိုတာ ကျုပ်တို့နဲ့လဲ မိတ်ဆက်ပေးဦးလေ '
နန်ရွှေဖုန်းက အပြုံးဖြင့် ပြောပြလိုက်သည်။
" ဟား ဟား .. ဒီ သခင်လေးက ကမ္ဘာကြီးရဲ့ ပါရမီရှင်တစ်ယောက်ပဲဗျ။ ကျုပ်က ဒီတစ်ခေါက် သူနဲ့ တွေ့ချင်လို့ ဟဲ့ဒုံမြို့ကို တမင်လာခဲ့တာ "
လောထျန်းမှာ ထိုစကားကြောင့် အံ့အားသင့်သွားပြီး ပြန်မေး၏။
" ကျုပ်နဲ့ တွေ့ချင်လို့ .. သခင်ကြီးက ဘယ်သူလဲဗျ "
နန်ရွှေဖုန်းက သူ့ကိုယ်သူ ချက်ချင်း မိတ်ဆက်သည်။
" ကျုပ်နာမည်က နန်ရွှေဖုန်းလို့ ခေါ်ပါတယ်။ ကျုပ်က ကျို့ရှင်နိုင်ငံက နိုင်ငံတော်အဆင့် ပညာရှင်တစ်ယောက်ပါ။လွန်ခဲ့တဲ့ရက်က ကျုပ် မိတ်ဆွေတစ်ယောက်က တိမ်ပင်လယ် စားသောက်ဆိုင်မှာ ရှိနေခဲ့တော့ သခင်လေးလောထျန်းရဲ့ နတ်ဘုရားအစွမ်းကို တွေ့ခဲ့ရတယ်ဗျ ။ ပြီးတော့ သခင်လေး လောထျန်းက ယွမ်ချွေကို သတ်ခဲ့တဲ့အပြင် အစွမ်းထက်တဲ့သူတွေအများကြီးကိုလဲ အလွယ်တကူ ဖမ်းချုပ်နိုင်ခဲ့သေးတယ်။ ကျုပ်က သူ့ကို အထင်ကြီး လေးစားသွားလို့ သူ့ကို တွေ့ဖို့ လာခဲ့တာပဲ "
ထိုစကားကို ကြားသောအခါ မူစန်းထုံ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းများ ရုတ်ချည်း လင်းလက်သွား၏။
" ယွမ်ချွေကို သတ်ခဲ့တယ် ..ဟုတ်လား ။ မူကျိုးနဲ့ မူဖုန်းကိုရော မင်းပဲ သတ်ခဲ့တာလား "
မူစန်းထုံက အေးစက်စက်အသံဖြင့် မေးလိုက်သည်။
လောထျန်းကမျက်မှောင်အနည်းငယ် ကြုံ့သွားကာ ပြန်ဖြေသည်။
" မူဖုန်း လား .. ဟုတ်တယ်ဗျ ၊ ကျုပ် သူ့ကို သတ်ခဲ့တာ ။ ခင်ဗျားက ဘယ်သူလဲ "
ထိုအဖြေကို ရသည်နှင့် မူစန်းထုံက ချက်ချင်း မတ်တပ်ထရပ်ကာ ပြော၏။
" ဟားဟား ..ဘာမှတောင် အားမစိုက်လိုက်ရဘဲနဲ့ အဆင်သင့်ကို လာတွေ့တာပဲ။ ငါက သူတို့အတွက် လက်တုန့်ပြန်ပေးဖို့ ဟဲ့ဒုံမြို့ကို လာခဲ့တာ ။ မင်းကို ဒီမှာ လာတွေ့လိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး "
" သိပ်ကောင်းတယ် ။ မင်းကို အချိန်ကုန်ခံပြီး လိုက်ရှာစရာ မလိုတော့ဘူးပေါ့ကွာ။ ကောင်လေး .. မင်းသာ ငါနဲ့ မနေ့က တွေ့ခဲ့ရင် ပျော်ပျော်ကြီး သေရင်သေသွားရမှာပဲ ။ ဒီနေ့မှ ငါနဲ့လာတွေ့တာ မင်း ကံဆိုးတာပေါ့ကွာ။ ငါက ဒေါသထွက်လွန်းလို့ ဘယ်သူ့ကို ဒေါသပုံချရမလဲမသိ ဖြစ်နေတာ။ အခုတော့ မင်းကိုပဲ ပုံချရတော့မှာပေါ့ "
မူစန်းထုံက ထိုသို့ပြောလိုက်ပြီးနောက် ဒေါသတကြီး ညာသံပေးကာ လောထျန်းဆီသို့ ပြေးဝင်သွားလိုက်သည်။
" မလုပ်နဲ့ .. "
ထိုအခြင်းကို မြင်လိုက်သော နန်ရွှေဖုန်းက တားရန် ကြိုးစားလိုက်၏။
သို့သော် ..ထိုအချိန်မှာပင် ..
ဝုန်း ..
မူစန်းထုံ၏ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ပေါ်လာသည်။
မူစန်းထုံမှာ မယုံနိုင်စွာဖြင့် သူ့ရင်ဘတ်ကို ငုံ့ကြည့်၏။ ထို့နောက်တွင်မူ .. သူ မြေကြီးပေါ်သို့ လဲကျကာ သေဆုံးသွားရတော့သည်။
ထိုမြင်ကွင်းကြောင့် အားလုံး အံ့သြတုန်လှုပ်သွားကြကုန်၏။
သူတို့အားလုံးမှာ အစွမ်းအရာတွင်သာမက ကျင့်ကြံခြင်းအဆင့်တွင်ပါ တန်းတူနီးပါး ရှိကြသူများဖြစ်သည်။
မူစန်းထုံသည် လက်ရှိတွင် အခြေအနေ အကောင်းကြီး မဟုတ်ဘဲ အစွမ်းနှင့် ကျင့်ကြံခြင်းအဆင့် အနည်းငယ် လျော့နေသည့်တိုင် အလွန်အစွမ်းထက်သော လူတစ်ယောက် ဖြစ်နေဆဲပင်။
သို့သော် .. ထိုသို့ အစွမ်းထက်သူ တစ်ယောက်က လောထျန်း၏ သိုင်းကွက်တစ်ကွက်ကိုပင် မခုခံနိုင်ခဲ့ဘူးတဲ့လား ။
၎င်းက မည်သို့သော အဓိပ္ပါယ်ပါနည်း။
လောထျန်းက မူစန်းထုံအား စက္ကန့်ပိုင်းအတွင်း သတ်နိုင်သည် ဆိုလျှင် သူတို့အားလုံးကိုလည်း စက္ကန့်ပိုင်းအတွင်းပင် သတ်နိုင်သည်မှာ သိသာပေသည်။
သူတို့ထဲမှ .. အထူးသဖြင့် ချန်းကျန်းကျီမှာ အံ့သြလွန်း၍ ကြက်သေသေနေသည်။
သူတို့ဂိုဏ်းမှ ညီငယ်တစ်ယောက်သည် ယမန်နေ့က လောထျန်း၏ အဖမ်းအဆီးကို ခံခဲ့ရ၏။
လောထျန်းက ထိုလူအား နောက်ဆုံးတွင် လွတ်ပေးခဲ့သည့်တိုင် ၎င်းမှာ သူတို့ဂိုဏ်းအတွက် အရှက်ရစရာ ကိစ္စတစ်ခုဖြစ်သည်ဟု ချန်းကျန်းကျီ ခံစားခဲ့ရသည်။
ထို့ကြောင့်လည်း သူက သူတို့ဂိုဏ်းမှ ညီငယ်နှင့် ဂိုဏ်းအတွက် မျက်နှာပြန်ရစေရန်အလို့ငှာ လောထျန်းကို စိန်ခေါ်ရန် လာခဲ့ခြင်းပင်။
သို့သော် .. ယခု လောထျန်း၏ တိုက်ခိုက်မှုကို မြင်လိုက်ရပြီးနောက်တွင်မူ သူ့ တိုက်ခိုက်လိုစိတ်များ လုံးဝ ပျောက်ကွယ်သွားခဲ့ရလေပြီ ။
လောထျန်းအား အနိုင်တိုက်ရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်း သူ သိလိုက်ရပြီဖြစ်သည်။
" လာပြန်ပြီလား မူမိသားစု ၊ တစ်ေယာက်ပြီးတစ်ယောက် မပြီးနိုင်တော့ဘူး။ ကြည့်ရတာ မင်းတို့ တစ်မိသားစုလုံးကို ဖျက်ဆီးပစ်ဖို့ အခွင့်အရေး ရှာရတော့မယ်နဲ့တူတယ် "
လောထျန်းက မျက်မှောင်ကြုံ့ကာ ပြောလာ၏။
ထိုစကားကြောင့် အနားတွင် ရှိနေသူများ လန့်သွားကြရပြန်သည်။
ထျန်းလန်နိုင်ငံမှ မူ တစ်မိသားစုလုံးကို ဖျက်ဆီးပစ်မည်တဲ့လား ..
အကယ်၍ အခြားတစ်ယောက်ကသာ ထိုသို့ ပြောလာပါက သူတို့ ၎င်းကို ဟာသတစ်ခုအဖြစ်သာ မြင်မိမည် မလွဲပါ။
သို့သော် .. ယခု ထိုစကားကို ပြောလာသူက လောထျန်း ဖြစ်နေရာ သူတို့ မူမိသားစုအား အနည်းငယ်ပင် သနားသွားကြသည်။
ထိုစဥ် နန်ရွှေဖုန်းက နဖူးမှ ဇောချွေးကို သုတ်ကာ ပြော၏။
" အမ် .. သခင်လေးလောထျန်းက ဒီကို မသေမျိုးရဲ့ဂူအတွက် လာခဲ့တာ မဟုတ်လား။ ဒါပေမယ့် ကံဆိုးတာက ဒီ မသေမျိုးရဲ့ဂူက လိမ်လုံးကြီးတစ်ခု ဖြစ်နေတယ်ဗျ ။ အထဲမှာဘာမှ မရှိဘူး "