← Chapters

ဆုမီတောင်

Vol. 12 Ch. 161

ဆုမီတောင်

Vol. 12 Ch. 161

" လိမ်လုံး တဲ့လား "

လောထျန်း အံ့အားသင့်သွားရသည်။

သူ့ဘေးမှ စိတ်ဝိဥာဥ်မီးတောက်အဘိုးအိုက မြန်မြန်ဝင်ပြော၏။

" အမှန်ပဲ ။ ဒီနေရာက မနေ့ညကမှ ရုတ်တရက် ပေါ်လာတာ ။ အစကတော့ ကျုပ်တို့က မသေမျိုးရဲ့ဂူ လို့ ထင်ပြီး အချိန်မဆွဲဘဲ မြန်မြန်ဝင်ခဲ့ကြတာပဲ "

" ဒီနေရာကိုရောက်ဖို့အတွက် ကျုပ်ရဲ့ တစ်ဘဝလုံး စုဆောင်းလာခဲ့တဲ့ ပစ္စည်းတစ်ခုကို မီးလောင်ကျွမ်းခံခဲ့ရတယ် ။ ချန်းကျန်းကျီကလဲ ယွမ်ပေါက်ကွဲဆေးလုံးကို သုံးခဲ့ရတယ်။ သေသွားတဲ့ မူစန်းထုံတောင်မှ  သူ့ဘဝသက်တမ်း နဲ့ ကျင့်ကြံခြင်းအဆင့်တွေကို အထိခိုက် ခံခဲ့သေးတယ် "

" အစကတော့ ကျုပ်တို့က အထဲမှာမသေမျိုးရဲ့ အမွေအနှစ်ကို ဖုံးထားတယ် ထင်နေခဲ့ကြတာမို့ စွန့်လွှတ်ရလဲ တန်ပါတယ်ဆိုပြီး ဆက်ဝင်လာခဲ့ကြတာပဲ။ ဒါပေမယ့် အစီအမံထဲမှာ ဘာရှိနေလဲ သခင်လေး ခန့်မှန်းကြည့်ပါဦး .. "

လောထျန်းက ပြန်မဖြေနိုင်ခင်မှာပင် သူ ဆက်ပြော၏။

" ဝက်လက်တစ်ချောင်းဗျ .. စားလက်စ ဝက်လက်တစ်ချောင်း ၊ သခင်လေး ယုံနိုင်လား "

တစ်ဖက်မှ လောထျန်းမှာ မည်သို့မှ ပြန်မပြောဘဲ ရှက်ရွံ့အပြစ်ကင်းသည့် မျက်နှာလေးဖြင့် ရှိနေသည်။

သူသည် ယခုကဲ့သို့ ဖြစ်လာအောင် တမင်ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ အစီအမံများကို လေ့ကျင့်နေခဲ့ရုံသာ ဖြစ်ပါသည်။ ဤနေရာကို မသေမျိုး၏ ဂူ အဖြစ် သတ်မှတ်ကြလိမ့်မည်ဟု သူ မည်သို့ တွေးမိပါမည်နည်း။

" အင်း ..စွန့်လွှတ်ခဲ့ရတာတွေအတွက်တော့ နှမျောစရာပေါ့ဗျာ ။ဒီအကြောင်းကို တခြားသူတွေကို ပြောပြန်ရင်လဲ ဘယ်သူကမှ ကျုပ်တို့ကို ယုံကြမှာမဟုတ်ဘူး ။ ဆိုတော့ ..ဒီနိုင်ငံတင်မကဘူး ၊ တခြားနိုင်ငံက လူတွေပါ ဒီကိုလာပြီး သေကြရဦးမယ် ထင်ပါတယ် "

နန်ရွှေဖုန်းက သက်ပြင်းချ၍ ဆိုလိုက်သည်။

ထိုစကားကို ကြားသောအခါ လောထျန်းက ရုတ်တရက် ပြော၏။

" ဒါဆို ဒီက အစီအမံတွေအားလုံးကို ချိုးဖျက်လိုက်မယ်လေ "

နန်ရွှေဖုန်းမှာ ခေတ္တမျှ အံ့သြမှင်သက်နေပြီးမှသာ အောင့်သက်သက်ပြုံး၍ ပြောလိုက်သည်။

" ဖယ်ဖို့က အဲ့လောက်လွယ်ပါ့မလား သခင်လေးရဲ့ ။ ဒီမှာရှိတဲ့ အစီအမံက အစွမ်းမျိုးကို ကျုပ်ဘဝမှာ ဒီတစ်ကြိမ်ပဲ တွေ့ဖူးသေးတာ။ ဒီဟာက ထျန်းယွမ်အင်ပါယာ တစ်ခုလုံးမှာ တစ်ခုတည်းသော ဒဏ္ဍာရီကျော် တစ်ထောင့်ချိုး မသေမျိုး အစီအမံနဲ့တောင် ယှဥ်လို့ရမယ်ထင်တယ် "

" တစ်ထောင့်ချိုး မသေမျိုး အစီအမံ .. အဲ့ဒါ ဘာလဲဗျ "

လောထျန်းက သိချင်စိတ်ဖြင့် မေးသည်။

နန်ရွှေဖုန်းက ရှင်းပြ၏။

" အဲ့ဒါက လွန်ခဲ့တဲ့ နှစ်ထောင်ချီအကြာတုန်းက ဆုမီတောင်မှာ ထျန်းယွမ်အင်ပါယာရဲ့ တော်ဝင်မိသားစုက ရှာတွေ့ခဲ့တဲ့ ပျက်စီးနေတဲ့ အစီအမံပုံကြမ်း တစ်ခုပဲဗျ ။ အဲ့ဒီ အစီအမံပုံကြမ်းက ပျက်စီးနေတာတောင် မယုံနိုင်စရာ ကောင်းလောင်အောင်ကို အစွမ်းထက်တယ် "

" ထျန်းယွမ်အင်ပါရဲ့ တော်ဝင်မိသားစုက ဖုန့်လင်းဒေသမှာ အင်အားအကြီးဆုံး အင်ပါယာသုံးခုထဲက တစ်ခုဆိုတဲ့ ဂုဏ်ပုဒ်ရလာအောင် ဒီအစီအမံပုံကြမ်းကို အားကိုးပြီးတော့ပဲ နေရာစုံက လူတွေအများကြီးကို သတ်ခဲ့တာဗျ "

လောထျန်းက ခေါင်းအသာ ညိတ်လိုက်သည်။

" အဲ့လိုလား "

နန်ရွှေဖုန်းက စကားဆက်၏။

" ချုံပြောရရင်တော့ဗျာ .. ဒီက အစီအမံက ကြောက်စရာကောင်းလွန်းတော့ ချိုးဖျက်ဖို့ လွယ်မယ်မထင်ဘူး "

လောထျန်းက ပြန်ပြောသည်။

" တကယ်တော့ အဲ့လောက်အခက်ကြီး မဟုတ်ဘူးဗျ "

နန်ရွှေဖုန်းက လောထျန်းအား အံ့သြတကြီး ကြည့်၏။

" ဟင်.. သခင်လေးက ဒီ အစီအမံတွေအကြောင်းကို သိထားတာလား "

လောထျန်းက ကိုးရိုးကားရားနိုင်စွာ ပြန်ဖြေသည်။

" ဟို ..နည်းနည်းတော့ သိတယ် "

လောထျန်းက ထိုသို့ပြောပြီးသည်နှင့် သူ့လက်ဖြင့် အစီအမံအချို့ ပြုလုပ်လိုက်သည်။

များစွာသော စွမ်းအင်လှိုင်းလုံးများက အရပ်မျက်နှာပေါင်းစုံမှ တမဟုတ်ချင်း ထွက်ပေါ်လာကြ၏။

ထိုစွမ်းအင်လှိုင်းများက တောင်ကြားထဲတွင် ရှိနေသည့် အစီအမံများ အားလုံးဆီသို့ ထိုးဖောက်ဝင်သွားကြသည်။ အစီအမံများက ချက်ချင်း စတင်ပြိုကွဲလာ၏။

ထိုမြင်ကွင်းကို ကြည့်နေသည့် လူများအားလုံးမှာ တုန်လှုပ်အံ့သြသွားကြရပြန်သည်။

သူတို့၏ အသက်ကိုပင် ခြွေယူလုနီးပါး အစွမ်းထက်ခဲ့ကြသည့် အစီအမံများက လောထျန်းရှေ့၌ ထိုသို့အလွယ်တကူ ပျက်စီးသွားကြသည်လား။

မည်မျှ အစွမ်းထက်သည့် လူပါနည်း ..

ထိုစဥ် ဟွေ့ဖုန်းက တဖြည်းဖြည်းချင်း ပြိုကွဲနေသည့် အစီအမံများကို ကြည့်ကာ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ပြော၏။

" အားလုံး .. ကျုပ်တို့တွေ ဒီမှာ ကြာကြာဆက်နေလို့ မဖြစ်ဘူးနော် ။ တခြားသူတွေ ကျုပ်တို့ကို မြင်သွားလို့ မဖြစ်ဘူး "

နန်ရွှေဖုန်းကလည်း အသိပြန်ဝင်လာပြီး ပြောသည်။

" သူပြောတာ မှန်တယ် ။ တစ်ယောက်ယောက်သာ ကျုပ်တို့ကို တွေ့သွားရင် ရှင်းပြလို့ ရမှာမဟုတ်ဘူး။ ကျုပ်တို့တွေ ဝက်လက်တစ်ချောင်းကိုပဲ တွေ့ခဲ့တာလို့ ပြောရင် ဘယ်သူမှ ယုံကြမှာ မဟုတ်ဘူးဗျ ။ ကျုပ်တို့ လိမ်နေတယ်ပဲ ထင်ကြမှာ "

" အမှန်ပဲ .. သွားကြစို့ "

ထိုသို့ ပြောပြီးသည်နှင့် သူတို့အားလုံးက အစီအမံအပြင်ဘက်မှ လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ လူအုပ်နှင့် ဝေးရာ အခြားဘက်သို့ ထွက်ပြေးသွားလိုက်ကြသည်။

အခြားတစ်ဖက်ရှိ အစီအမံအပြင်ဘက်မှ လူအုပ်မှာ အစီအမံလေထု ပြိုကွဲလာသည်ကို မြင်သည်နှင့် ချက်ချင်း ပြေးဝင်လာကြ၏။

" မသေမျိုးဂူက ဘယ်မှာလဲ .. ရတနာတွေရော "

" ဘာတွေ ဖြစ်နေတာလဲ ။ ဒီမှာ ဘာဖြစ်လို့ ဘာတစ်ခုမှ ရှိမနေရတာလဲ။ တစ်ယောက်ယောက်က အရင် လက်ဦးသွားလို့လား "

" ဟိုမှာ ..အလောင်း ... "

" ဟင် .. ဒါ မူစန်းထုံရဲ့ အလောင်းပဲ "

" ဘယ်လို ..မူစန်းထုံ အသတ်ခံလိုက်ရတာလား။ ဘယ်သူ သတ်လိုက်တာလဲ "

" မေးနေစရာ လိုသေးလို​့လားကွာ ။ မသေမျိုးရဲ့ အမွေအနှစ်အတွက် သတ်လိုက်တာ ဖြစ်မှာပေါ့။ လူတွေဆီ သတင်းမပေါက်အောင် နှုတ်ပိတ်လိုက်တာထင်တယ် "

" ထျန်းလန်နိုင်ငံက မူ မိသားစုက မိသားစုကြီး တစ်ခုပဲကွ။ ဒီလိုမိသားစုက လူကိုတောင် သတ်လိုက်တာဆိုတော့ မသေမျိုးရဲ့ အမွေအနှစ်က ဘယ်လောက်အဖိုးတန်တယ်ဆိုတာကို ပြလိုက်တာပဲ "

လူများမှာ အလောင်းနားတွင် ဝိုင်းအုံလာပြီး သူတို့ ထင်ရာကို တစ်ယောက်တစ်ခွန်း ထင်ကြေးပေးလိုက်ကြသည်။ မကြာမီမှာပင် သူတို့အားလုံးပေါင်းကာ ဇာတ်လမ်းတစ်ပုဒ်လုံးကို ဖန်တီးလိုက်ကြတော့သည်။

ထိုဇာတ်လမ်းတွင် မူစန်းထုံနှင့် သူ့ချစ်သူတို့ နှစ်ဦးသည် မသေမျိုး၏ ဂူကို ရှာတွေ့သွားခဲ့ကြပြီး အသက်အန္တရာယ်ကိုပင် မမှုဘဲအမွေအနှစ်ကို ရအောင်ယူခဲ့ကြသည်ဟု ဆို၏။

ထို့နောက် .. နောက်ဆုံး အရေးအကြီးဆုံး အချိန်တွင်မူ သူ့ချစ်သူက သူ့နောက်ကျောကို ဓားဖြင့်ထိုးကာ အမွေအနှစ် ပစ္စည်းများအား လုယူသွားခဲ့သဖြင့် မူစန်းထုံတစ်ယောက် အမုန်းတရားများအပြည့်ဖြင့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

သူတို့ပြောနေကြသည့် ဇာတ်လမ်းမှာ ယုံချင်စရာ ကောင်းလွန်းလှသဖြင့် အဖြစ်မှန်ကို မသိသူများအဖို့ ၎င်းကိုသာ ယုံမိကြမည်ဖြစ်သည်။

ထိုစဥ် သူတို့နှင့် သိပ်မဝေးသည့် တောင်စောင်းတစ်ခုတွင် လောထျန်းနှင့် နန်ရွှေဖုန်းတို့ ဘေးချင်းယှဥ် ရပ်နေကြ၏။

နန်ရွှေဖုန်းက လောထျန်းကို ကြည့်ကာ သေချာဦးညွှတ် အရိုအသေပေး၍ ပြောလိုက်သည်။

" သခင်လေးလောထျန်း ၊ ထျန်းယွမ်အင်ပါယာနဲ့ ဘေးပတ်ပတ်လည် နိုင်ငံတွေအားလုံးရဲ့ကိုယ်စား သခင်လေးကို ကျေးဇုးတင်ပါတယ်။ သခင်လေးသာ ဒီ အစီအမံတွေကို မဖျက်ဆီးခဲ့ဘူးဆိုရင် လူတွေဘယ်လောက်များများ ဒီနေရာကို လာပြီး အခွင့်ကောင်းကို ရှာကြရင်းနဲ့ အသက်တွေဆုံးရှုံးကြရမလဲ မသိဘူး "

တာအိုသိုင်းသမားများ ဖြစ်ကြသည့် ဟွေ့ဖုန်းနှင့် ဟွေ့ယွီတို့ကလည်း ခေါင်းညိတ်၍ ဆိုလိုက်ကြသည်။

" သခင်လေးလောထျန်းရဲ့ အများကို အကျိုးပြုချင်တဲ့ စိတ်ကတော့ တကယ် ဘာနဲ့မှ နှိုင်းယှဥ်လို့တောင် မရပါဘူး "

လောထျန်းမှာ ထိုလူများကို ကြည့်ကာ မည်သို့ လုပ်ရမည်မသိ ဖြစ်သွား၏။

ထိုအစီအမံများကို ဖန်တီးခဲ့သူမှာ သူကိုယ်တိုင်ပင်ဖြစ်ကြောင်းအားလုံးကို ပြောပြလိုက်ချင်ပါသည်။

သို့သော် သူတို့ကိုယ်မှ ဒဏ်ရာများကိုကြည့်ရင်း သူတို့ဆုံးရှုံးခဲ့ရသည့် မှော်လက်နက်နှင့် အဖိုးတန်ပစ္စည်းများအကြောင်းကို တွေးမိကာ အဖြစ်မှန်ကို မပြောဘဲ တိတ်တဆိတ် နေလိုက်ခြင်းကသာ ကောင်းမည်ဟု သူ ဆုံးဖြတ်ချက် ချလိုက်၏။

" ဒါ ဘယ်ကျင့်ကြံသူမဆို လုပ်သင့်တဲ့ ကိစ္စပါဗျာ "

လောထျန်းက ပြောလိုက်သည်။

အားလုံး သက်ပြင်းများ ချလိုက်ကြပြန်သည်။

ထို့နောက် .. လောထျန်းက ချောင်းအနည်းငယ် ဟန့်ကာ ပြော၏။

" သခင်ကြီးတို့ ၊ ကျုပ် ဒီမှာ တခြားလုပ်စရာလေး ရှိနေတာမို့ အရင်သွားဖို့ ခွင့်ပြုကြပါဦး ။ သခင်ကြီးတို့အားလုံးလဲ ဒဏ်ရာတွေ အသီးသီးရထားကြတာဆိုတော့ ပြန်ပြီး အနားယူလိုက်ကြပါဦးဗျာ "

ထို့နောက်တွင်မူ သူတို့အားလုံး အပြန်အလှန် ကျေးဇူးတင် နှုတ်ဆက်စကားဆိုကာ ထွက်ခွာသွားခဲ့ကြသည်။

အားလုံး ထွက်သွားပြီးမှသာ လောထျန်းက သူ့နဖူးမှ ချွေးများကို သုတ်လိုက်သည်။

" ချီး .. ငါက ဒီတိုင်း အစီအမံတွေကို လေ့ကျင့်နေတာကို ခုလိုကြီး ဖြစ်သွားရတယ်လို့ကွာ ။ အင်း ..ဆုမီတောင်ကို သွားပြီးတော့ ပျောင်ပိုင်မြို့ကို ပြန်ရောက်မှပဲ အစီအမံတွေ ဆက်လေ့ကျင့်တော့မယ်။ အဲ့မှာဆို ယဲ့ထုံလင်းလဲ ရှိနေတာဆိုတော့ ငါမသိတာတွေ သေချာပြော​ပြပေးနိုင်မှာပဲ "

လောထျန်းက ထိုသို့တွေးကာ တည်နေရာရွှေ့ပြောင်း၍ ဟဲ့ဒုံမြို့ထဲ ပြန်လာခဲ့လိုက်တော့သည်။

သူသည် နောက် ၆ ရက်ကို ပျင်းရိစွာပင် ဖြတ်သန်းခဲ့ရ၏။

ဤသို့ဖြင့် ဆုမီတောင် ဖွင့်သည့်ရက်သို့ ရောက်လာခဲ့လေပြီ ။

ထိုနေ့မနက် အစောပိုင်းကတည်းကပင် ဟဲ့ဒုံမြို့ကောင်းကင်ယံထက်၌ မှိန်ဖျော့သော အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး တံလျှပ် လက်နေသကဲ့သို့ မြင်ကွင်းမျိုးကိုလည်း တစ်ခါတရံ မြင်တွေ့ရ၏။

ထိုအရာများအားလုံးမှာ ဆုမီတောင် ဖွင့်တော့မည့် လက္ခဏာများ ဖြစ်ပါသည်။

ဟဲ့ဒုံမြို့ထဲရှိ လမ်းများပေါ်တွင်လည်း လူများ မရှိသလောက်ပင် ဖြစ်နေ၏။

ဆုမီတောင်သို့ ဝင်ခွင့်မရကြသည့် လူများသည်ပင် ဝင်ပေါက်အနီး၌ စုဝေးကာ အံ့သြဖွယ် ထိုမြင်ကွင်းကို သွားကြည့်နေကြသည်။

မကြာမီပင် စိတ်စွမ်းအင် အလင်းတန်းတစ်ခုက ကောင်းကင်ယံမှ ကျလာပြီး ဟဲ့ဒုံမြို့အား ဖြန့်ကျက်ထားလိုက်သည်။

ဘုန်း ...

ထို့နောက်တွင်မူ ကျယ်လောင်သော အသံတစ်သံနှင့်အတူ လူတစ်ယောက်က တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။

ထိုလူမှာ ဆုမီတောင်သို့ ဝင်ခွင့်ကဒ်ကို အားသုံး၍ အရယူရန် ကြိုးစားနေခြင်းပင် ..

သို့သော် သူ စတင်တိုက်ခိုက်လိုက်သည်နှင့် တစ်ဖက်လူက သူ့အား ချက်ချင်း ပြန်ဖိနှိပ်လာ၏။

ဆုမီတောင်သို့ ဝင်ခွင့်ရထားသည့် လူများမှာ သာမာန်လူများ မဟုတ်ကြပေရာ ထိုသို့ အလွယ်တကူ တိုက်ခိုက်ရန် ဖြစ်နိုင်ပါမည်လား ။

မကြာမီမှာပင် ဝင်ခွင့်ရထားသူများက စိတ်စွမ်းအင် အလင်းတန်းများအောက်သို့ ဝင်လိုက်ကြရာ ထိုလူများအားလုံး လေထဲတွင် မျောလွင့်သွားကြသည်။ ထို့နောက်တွင်မူ အားလုံး နေရာမှ ပျောက်ကွယ်သွားပြီး ဆုမီတောင်ထဲသို့ ဝင်ရောက်သွားကြတော့သည်။

" အကိုထျန်း ..ကျုပ်တို့လဲ သွားကြမလား "

လောရုံက လောထျန်းအား မေးလိုက်သည်။

လောထျန်းက ခေါင်းညိတ်ပြလိုက်၏။ ထို့နောက်တွင်မူ သူတို့သုံးယောက်သား စိတ်စွမ်းအင်အလင်းတန်းရှိရာသို့ လျှောက်သွားကာ ရှေ့မှ လူများအတိုင်း ဆုမီတောင်သို့ ဝင်သွားလိုက်ကြသည်။

အချိန်အတန်ငယ်ကြာ လေထဲတွင် မျောနေပြီး နောက်တွင်မူ သူတို့အားလုံး နေရာသစ်တစ်ခုဆီသို့ ရောက်သွားကြ၏။

သူတို့ရှေ့တွင် ထောင်၊ သောင်းချီသော တောင်တန်းများ ၊ ချောက်ကမ်းပါးများ ၊ သက်တန့်များ ဖြာထွက်နေသည့် မြူမှုန်တိမ်တိုက်များ ရှိနေပြီး နေ ရော လ ပါ လင်းလက်တောက်ပနေသည်။

လေထဲတွင်မူ အလွန်ကြီးမား လှပသည့် တောင်ကြီးတစ်လုံး ရှိနေ၏။ ထိုတောင်ဆီမှ တစ်ခါတရံ နဂါးအော်သံများနှင့် ဖီးနစ်ငှက်များ တေးသီသံတို့ကို ကြားကြပြီး အရိပ်များကလည်း မျောလွင့်ကခုန်နေကြသည်။ ၎င်းကို ကြည့်ရသည်မှာ ကမ္ဘာပေါ်မှ နေရာတစ်ခုနှင့်ပင် မတူပါချေ။

ထိုတောင် ရှေ့တွင်မူ ဧရာမ မော်ကွန်းတိုင်ကြီး တစ်ခုရှိနေကာ ၎င်းအပေါ်၌ 'ဆုမီတောင်' ဆိုသည့် စာလုံးသုံးလုံးကို ရေးထွင်းထား၏။

All Chapters