← Chapters

နတ်ဆိုးတစ်သောင်းလွင်ပြင်

Vol. 12 Ch. 162

နတ်ဆိုးတစ်သောင်းလွင်ပြင်

Vol. 12 Ch. 162

" ဒါ ဆုမီတောင်လား .. ပထမတန်းအဆင့် လျှို့ဝှက်ဒေသ ပီသတာပဲ "

လောရုံမှာ သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ အံ့သြတုန်လှုပ်သွား၏။

သူ မဆိုထားဘိ ၊ လောထျန်းသည်ပင် တအံ့တသြ ဖြစ်နေရသည်။

အချို့လူများက ဆုမီတောင်အား နတ်သမီးနယ်မြေ၏ အပိုင်းအစတစ်ခုဟု ပြောကြသည်မှာ မဆန်းတော့ပါ။ ဆုမီတောင်သည် အမှန်တွင်လည်း ပြင်ပကမ္ဘာကြီးနှင့် အလွန်ခြားနားလှပေသည်။

" သခင်လေးလောထျန်း ရောက်လာပြီပဲ "

ထိုစဥ် ခပ်လှမ်းလှမ်းမှ စွန်းရှို့နှင့် ယင်ထျန်းလွေ့တို့က လောထျန်းအား တွေ့သွားပြီး သူ့ဆီသို့ လျှောက်လာ၏။

ယင်ထျန်းလွေ့မှာ လောထျန်းကို တွေ့သည်နှင့် သူ့မျက်နှာပေါ်၌ ကြောက်ရွံ့မှု အရိပ်အယောင်အချို့ ပေါ်လာသည်။

လောထျန်းက သူ့စိတ်အပေါ် လွှမ်းမိုးထားနိုင်သည်မှာ သိသာလှ၏။

လောထျန်းက စွန်းရှို့အား ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်သည်။

စွန်းရှို့သည် သူတို့ကို နေစရာ နေစရာပေးပြီး ကျွေးမွေးထားသူဖြစ်ရာ သူ့ကို မျက်နှာသာမပေး၍ မဖြစ်ပေ။

" ဒါနဲ့ သခင်လေးလောထျန်း ၊ ဒီတစ်ခေါက် ဆုမီတောင်ကို ဘာရချင်လို့ လာခဲ့တာလဲဗျ "

စွန်းရှို့က အပြုံးဖြင့် မေးလိုက်သည်။

လောထျန်းက တည်တည်ငြိမ်ငြိမ် ပြန်ဖြေ၏။

" ကျုပ်က အဝါရောင်ရေပူစမ်းက ရေပြာကို ရချင်လို့ဗျ ။ အဲ့ဒါကို ဘယ်မှာ ရှာလို့ရလဲဆိုတာ သခင်လေးစွန်းများ သိမလား "

ထိုစကားကို ကြားသောအခါ စွန်းရှို့က အံ့အားသင့်သွားဟန်ဖြင့် ပြောသည်။

" အဝါရောင် ရေပူစမ်း က ရေပြာလား .. အဲ့ဒါက အဝါရောင် ရေပူစမ်းပင်လယ် မှာပဲ ရနိုင်တာဗျ။အဲ့နေရာက အန္တရာယ်များလွန်းတယ်။ ဒါပေမယ့်  .. သခင်လေး လောထျန်းအတွက်တော့ ပြဿနာမရှိနိုင်ပါဘူးလေ။ ဒါနဲ့ .. အဲ့ရေပြာက အဆိပ်အရမ်းပြင်းတယ်လို့ ကျုပ် ကြားဖူးတယ် .. သခင်လေးလောထျန်းက အဲ့ဒါကို ဘယ်မှာသုံးဖို့လဲ "

" ကျင့်ကြံဖို့အတွက်ပါဗျာ "

လောထျန်းက တိုတိုတုတ်တုတ်ပင် ပြန်ဖြေသည်။

စွန်းရှို့မှာ ခဏတာမျှ စကားပြန်မပြောနိုင်ဘဲ ဖြစ်သွား၏။ ထိုအရာအား ကျင့်ကြံခြင်းတွင် မည်သို့အသုံးပြုမည်ကို သူ နားမလည်နိုင် ဖြစ်သွားရသည်။

ထို့နောက် သူက လောရုံဘက် ခေါင်းလှည့်ကြည့်ကာ မေးလိုက်သည်။

" ညီလေး လောရုံကရော .. ဘယ်လိုရတနာမျိုး ရချင်တာလဲ "

လောရုံက ခေါင်းကုတ်ပြီး ပြန်ဖြေ၏။

" ကျုပ် မသိဘူးဗျ ။ ကျုပ်က ဒီတိုင်း အကိုထျန်းကို အဖော်ပြုပေးဖို့သာ လိုက်လာခဲ့တာ ။ အင်း ..  တကယ်လို့ ရနိုင်ရင်တော့  စိတ်စွမ်းအင် ဆေးပင် တစ်မျိုးမျိုး ၊ ဒါမှမဟုတ် ခန္ဓာကိုယ်အစွမ်းကို တိုးစေနိုင်တဲ့ဟာ တစ်ခုခု လိုချင်တယ် "

စွန်းရှို့က ပြုံး၍ ပြောလိုက်သည်။

" အဲ့ဒါက လွယ်ပါတယ်။ နတ်ဆိုးတစ်သောင်းလွင်ပြင်မှာ နတ်ဘုရားသွေးရေအိုင်တစ်ခု ရှိတယ်ဗျ ။  အဲ့ထဲကို ရေဝင်ချိုးလိုက်တာနဲ့ ခန္ဓာကိုယ်အစွမ်းက အများကြီး တိုးတက်သွားလိမ့်မယ် ။ ညီလေးလော အဲ့ဘက်ကို သွားသင့်တယ် "

ထိုစကားကို ကြားသောအခါ လောရုံ၏ မျက်လုံးများ အရောင်လက်သွား၏။

" တကယ်ကြီးလား "

သူက ထိုသို့ပြောပြီးသည်နှင့် လောထျန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

လောထျန်းက တည်တည်ငြိမ်ငြိမ်ပင် ပြော၏။

" ငါ့ကို စိတ်မပူပါနဲ့ကွာ ။ မင်းအတွက် ကောင်းမယ့်ဟာကိုသာလုပ် ။ ဒီခရီးက မင်းအတွက် အတွေ့အကြုံပဲ "

လောရုံ ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။

" ဟုတ်ကဲ့ ။ ဒါဆို .. အဲ့ဒီ နတ်ဘုရားသွေးရေအိုင်ကို ဘယ်လိုသွားရမလဲဗျ "

စွန်းရှို့က ပြန်ပြော၏။

" ကောင်းတာပေါ့ဗျာ ၊ ကျုပ်လဲ အဲ့ဘက်ကို သွားမှာဆိုတော့ ညီလေးလောရုံက ကျုပ်နဲ့ လိုက်ခဲ့လို့ရတယ် "

ထိုသို့ပြောပြီးနောက် သူက လောရှောင်ရှောင်းဘက် လှည့်ကြည့်ကာ ထပ်မေးလိုက်သည်။

" ညီမလေးရှောင်ရှောင်းကရော .. ဘယ်လို ရတနာမျိး လိုချင်တာလဲ "

လောရှောင်ရှောင်းမှာ ခေတ္တမျှ မှင်သက်နေပြီးမှသာ ပြန်ဖြေ၏။

" ကျွန်မလား .. မသိဘူး ၊ ကျွန်မက ဒီကို အပျော် လိုက်လာတာ "

စွန်းရှို့တစ်ယောက် ဆွံ့အသွားရသည်။

ဆုမီတောင်ကို အပျော်လာတာတဲ့လား ...

၎င်းမှာ လူအများစု မရနိုင်သည့် အခွင့်အရေးတစ်ခုပင် ..

ထိုစဥ် လောထျန်းက ပြောလိုက်သည်။

" ရှောင်ရှောင်း ၊ နင် ပိုပြီးအစွမ်းထက်လာချင်ရင် နည်း ၂ နည်းရှိတယ် ။ ပထမတစ်နည်းက တခြားသူတွေနဲ့ တိုက်ခိုက်ပြီး တိုက်ခိုက်ရေးအတွေ့အကြုံတွေ ယူတာ ။ နောက်တစ်နည်းကတော့ စိတ်စွမ်းအင်ပင်လယ်ကို ပိုပြီး အစွမ်းထက်လာအောင် လုပ်ရတာ ။ အနည်းဆုံး စိတ်စွမ်းအင်တွေကို လွတ်လွတ်လပ်လပ် ပို့လွှတ်တာ ၊ လက်ခံတာမျိုး လုပ်လို့ရနိုင်တဲ့အထိ အစွမ်းထက်နေမှ ရမယ် "

လောရှောင်ရှောင်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကူ ပြန်ပြောသည်။

" တခြားသူတွေနဲ့ တိုက်ခိုက်တာက ကြောက်စရာကောင်းလွန်းတယ် ။ ကျွန်မ မလုပ်ချင်ဘူး။ ဒီတော့ စိတ်စွမ်းအင်ပင်လယ်ကိုပဲ ပိုအစွမ်းထက်လာအောင် လုပ်တော့မယ် "

ထိုစကားကို ကြားသောအခါ သူတို့ဘေးတွင် ရှိနေသည့် စွန်းရှို့တစ်ယောက် တံတွေးသီးမလိုပင် ဖြစ်သွား၏။

သူမက အခြားသူများကို ကြောက်စရာကောင်းသည်ဟု ပြောနေသည်လား ..

အမှန်တွင်မူ အခြားသူများနှင့် တိုက်ခိုက်ရာတွင် သူမကသာ ကြေက်စရာအကောင်းဆုံး ဖြစ်ပါသည်။

သို့သော် စွန်းရှို့သည် သူ့ရင်ထဲမှ စကားများကို ထုတ်မပြောဘဲ ပြုံး၍သာ ဆိုလိုက်၏။

" စိတ်စွမ်းအင်ပင်လယ်ကို အစွမ်းပိုတိုးလာအောင် လုပ်ချင်ရင်တော့ နည်းလမ်းတစ်ခုရှိတယ် ။ ဒီမှာ ဟွမ်လင်မြက်ပင် လို့ခေါ်တဲ့ စိတ်စွမ်းအင်ဆေးပင်တစ်မျိုး ရှိတယ်ဗျ ။ ဒီဆေးပင်ကို စားလိုက်ရင် စိတ်စွမ်းအင်ပင်လယ်ကို အများကြီး တိုးတက်သွားစေနိုင်တယ်။ ဒါပေမယ့် ဒီဆေးပင်က ရှားလွန်းတော့ ရှာဖို့ တော်တော်ခက်လိမ့်မယ် "

သူ့စကားကြောင့် လောရှောင်ရှောင်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။

" ဘယ်လောက်ပဲခက်ခက် ကျွန်မ ဒီ ဟွမ်လင်မြက်ပင်ကို မရ ရအောင် ရှာမယ် "

၎င်းကို မြင်သောအခါ စွန်းရှို့ ပြုံးလိုက်သည်။

" ကောင်းပါပြီဗျာ ။ ဒီဆေးပင်က အရင်က ဆုမီတောင်နဲ့ သားရဲတစ်သောင်းလွင်ပြင်မှာ ပေါ်ခဲ့ဖူးတယ် ။ ဒါပေမယ့် ဆုမီတောင်က အခုထိ သေချာမဖွင့်သေးတော့ တောင်ကို တက်လို့ရဦးမှာ မဟုတ်ဘူး။ အရင် အတွေ့အကြုံတွေအရ ပြောရမယ်ဆိုရင် .. ဆုမီတောင်က ကန့်သတ်ချက်တွေအားလုံးကို ​ပြန်ရုတ်သိမ်းဖို့ အနည်းဆုံး သုံးရက်ကနေ ငါးရက်လောက်အထိ ကြာဦးမှာ "

" အဲ့မတိုင်ခင်တော့ သားရဲတစ်သောင်းလွင်ပြင်မှာပဲ သားရဲတွေ အမဲလိုက်တာမျိုး ၊ စိတ်စွမ်းအင်ဆေးပင်တွေရှာတာမျိုး လုပ်ပြီး ဆုမီတောင်အဖွင့်ကို စောင့်မှရမှာ။ ဒီလိုလုပ်ပါလား ..သခင်လေးလောထျန်းတို့ သုံးယောက်လုံး ကျုပ်နဲ့အတူ လိုက်ခဲ့ပြီး နတ်ဘုရားသွေးရေအိုင်မှာ ခန္ဓာကိုယ်အစွမ်း တိုးအောင် အရင်လုပ်ကြမယ်လေ ။ နောက် ဆုမီတောင်က ကန့်သန့်ချက်တွေအားလုံး ရုတ်သိမ်းသွားတော့မှ ကျုပ်တို့အားလုံး အတုတူ ဆုမီတောင်ကို သွားကြတာပေါ့ " 

သူက ထိုသို့ပြောပြီးသည်နှင့် လောထျန်းအား မသိမသာကြည့်ကာ အခြေအနေကို အကဲခတ်လိုက်သည်။

သို့သော် လောထျန်းက ခေတ္တမျှ စဥ်းစားနေပြီးနောက် ခေါင်းယမ်း၍ ပြန်ပြော၏။

" လောရုံနဲ့ ရှောင်ရှောင်းတို့ နှစ်ယောက်ပဲ သခင်လေးစွန်းတို့နဲ့အတူ လိုက်သွားကြပါ။ ကျုပ်က အဝါရောင် ရေပူစမ်းကို သွားလိုက်ဦးမယ် ။ ကျုပ် ပြန်လာမှ တွေ့ကြတာပေါ့ "

" အင် .. ဟုတ်ကဲ့ပါ အကိုထျန်း ။ သေချာ ဂရုစိုက်ဦးနော် "

လောရုံက ပြောလိုက်သည်။

လောထျန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် စွန်းရှို့ဘက် ကြည့်ကာ ပြော၏။

" အကိုစွန်း ၊ ကျုပ်သွားနေတဲ့ အချိန်အတွင်းမှာ ဒီနှစ်ယောက်ကို ဂရုစိုက်ပေးဖို့ တောင်းဆိုပါတယ် "

စွန်းရှို့က သူ့ရင်ဘတ်သူ လက်တင်ကာ အပြုံးဖြင့် ပြန်ပြောလိုက်သည်။

" စိတ်မပူပါနဲ့ သခင်လေးလောထျန်း ။ ဒီတစ်ခေါက် ဆုမီတောင် ခရီးမှာ ကျုပ်ကို ကာကွယ်ပေးဖို့အတွက် ကျုပ်အဖေက တုကျဲ့အဆင့် ကျင့်ကြံသူ လေးယောက်ကို တောင် ငှားထားတာဗျ ။ ဆိုတော့ သူတို့တွေရဲ့ လုံခြုံရေးအတွက် ဘာမှ စိတ်မပူပါနဲ့ "

လောထျန်း အံ့အားသင့်သွား၏။ ထိုအချိန်မှသာ စွန်းရှို့နောက်တွင် ဘေးချင်းယှဥ် ရပ်နေကြသည့် လူကြီးလေးယောက်ကိုလည်း သူ သတိထားမိသွားသည်။

တုကျဲ့အဆင့် ကျင့်ကြံသူ လေးယောက်ကိုပင် ငှားထားနိုင်သည်တဲ့လား ။ စွန်းရှို့မှာ အမှန်တကယ်ပင် ချမ်းသာကြွယ်ဝလှပေသည်။

သို့သော် စွန်းရှို့၏ စကားကို ကြားသောအခါ တုကျဲ့အဆင့် ကျင့်ကြံသူ လူကြီးလေးယောက်ထဲမှ တစ်ယောက်က မျက်မှောင်ကြုံ့၍ ပြောလာ၏။

" စွန်းရှို့ ၊ မင်းအဖေ ပေးထားတဲ့ပိုက်ဆံက မင်းတစ်ယောက်တည်းကိုပဲ ကာကွယ်ပေးဖို့လေ ။ တခြားသူတွေအတွက် မပါဘူး "

စွန်းရှို့ကလည်း မျက်မှောင်ကြုံ့ကာ ပြန်ပြောသည်။

" ကျုပ် ပိုပေးမယ်ဗျာ "

ထိုအချိန်မှသာ တုကျဲအဆင့် လူကြီးက ခေါင်းညိတ်လိုက်သည်။

" ကောင်းပါပြီ ။ ဒါပေမယ့် ဟိုကောင်လေးကတော့ အဝါရောင် ရေပူစမ်းကို သွားရင် သေမှာပဲ ။ သူ့ကိုတော့ မကာကွယ်ပေးနိုင်ဘူးနော် "

သူက ထိုသို့ပြောပြီးနောက် လောထျန်းအား အထင်သေးဟန်ဖြင့် ကြည့်လိုက်သေး၏။

အခြားလူကြီးတစ်ယောက်ကလည်း ခေါင်းညိတ်ကာ ဝင်ပြောသည်။

" ဟုတ်တယ်ကွ ။ ငါ့ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့တောင် အဲဒီရေပူစမ်းထဲကို သေချာ သတိမထဘဲ ဝင်မိရင် သေသွားနိုင်တယ် ။ ကောင်လေး .. မင်း လက်လျှော့လိုက်သင့်တယ်နော် "

လောထျန်းကမူ သူတို့အပြောကို ဂရုမစိုက်ဘဲ လောရုံနှင့် အခြားသူများကိုသာ ကြည့်၍ ပြောလိုက်သည်။

" မင်းတို့နှစ်ယောက်က သခင်လေးစွန်းတို့နဲ့ ရက်နည်းနည်းလောက် နေခဲ့ကြဦး ။ ငါ လုပ်စရာ ကိစ္စလေးတွေ ပြီးသွားတာနဲ့ မြန်နိုင်သမျှ အမြန်ဆုံး ပြန်လာခဲ့မယ် "

လောထျန်းသည် စကားဆုံးသည်နှင့် ချက်ချင်းတည်နေရာရွှေ့ပြောင်းကာ နေရာမှ ပျောက်ကွယ်သွား၏။

" တော်တော်မြန်တဲ့ ရွှေ့ကွက်ပါလား "

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် စွန်းရှို့နောက်မှ လူကြီးလေးယောက်လုံး မျက်လုံးပြူးသွားကြသည်။

အစပိုင်းတွင်မူ သူတို့သည် လောထျန်းအား အထင်သေးနေခဲ့ကြသော်လည်း ...

၎င်းကို မြင်ပြီးနောက်တွင်မူ လောထျန်းက သာမာန်လူတစ်ယောက်မဟုတ်မှန်း သိသွားကြတော့၏။

စွန်းရှို့က သူ့နောက်မှ လူများကိုကြည့်ကာ စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်သည်။

အကယ်၍ ထိုလူများကသာ သူ့အဖေ ငွေကြေးများစွာ အကုန်အကျခံ၍ ငှားထားသူများ မဟုတ်ပါက သူ အားလုံးကို အစောအတည်းက ဆူပူကြိမ်းမောင်းလိုက်ပြီဖြစ်သည်။

ထိုစဥ် .. လောထျန်းသည် နတ်ဆိုးတစ်သောင်းလွင်ပြင် ထဲသို့ ရောက်နေပြီး ဟိုဟိုဒီဒီ တည်နေရာရွှေ့ပြောင်းနေ၏။

နာရီဝက်ခန့် ကြာသွားပြီးနောက်တွင်မူ ..

" မဟုတ်သေးပါဘူး.. အကွာအဝေးအရဆိုရင် ငါ ခုချိန် နတ်ဆိုးတစ်သောင်းလွင်ပြင်ကို ကျော်နေရမှာလေ ။ဒါပေမယ့် ..ဘာဖြစ်လို့ ဆုမီတောင်ကနေ အဝေးကြီး မရောက်သေးသလို ခံစားနေရတာလဲ "

လောထျန်းက သူ့နောက် မလှမ်းမကမ်းမှ ဆုမီတောင်ကို ကြည့်ကာ စဥ်းစားခန်း ဝင်လိုက်သည်။

" ငါ လမ်းပျောက်နေပြန်တာများလား "

ထိုအချိန်မှာပင် ...

" ဟားဟား .. အရှုံးပေးလိုက်ပါတော့ကွာ ၊ မင်း ထွက်ပြေးလို့ မရပါဘူး "

သူနှင့် အနီးမဝေး တစ်နေရာမှ အသံတစ်သံ ထွက်ပေါ်လာသည်။

" ဟုတ်တယ် ၊ ဒီကို မြန်မြန်လာပြီး ငါတို့ ညီအကိုတွေအတွက် ပျော်စရာလေးတွေ လာဖန်တီးပါဦးကွ "

နေက်အသံတစ်သံလည်း ထွက်ပေါ်လာ၏။

" ဟင်.."

လောထျန်း အံ့အားသင့်သွားပြီး အသံလာရာဘက် လှည့်ကြည့်လိုက်သည်။ နှင်းကြာပွင့်ပေါ်တွင် ရပ်နေသည့် အဖြူရောင်အဝတ်စားများ ဝတ်ဆင်ထားသော မိန်းမပျိုတစ်ဦးက အလွန်လျင်မြန်သည့် အရှိန်ဖြင့် သူရှိသည့်ဘက်သို့ ပျံသန်းလာနေ၏။

သူမ၏ အနောက်ဘက်တွင်မူ သက်လတ်ပိုင်းအရွယ် လူကြီး နှစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်ရယ်မော၍ လိုက်လာကြသည်။

မိန်းမပျိုသည် အလွန်ချောမောလှပသော မျက်နှာလေးရှိပြီး သူမ၏ အသားအရည်မှာလည်း ဖြူဖွေးနေ၏။  သူမ၏ ပုခုံးတွင်မူ သွေးကွက်တစ်ခု ပေကျံနေသည်။

ထိုစဥ် မိန်းမပျိုမှာ မလှမ်းမလှမ်းရှိ လောထျန်းအား ရုတ်တရက် တွေ့သွားပြီး သူမ၏ စိတ်ပျက်အားလျော့နေသည့် မျက်နှာထက်တွင် မျှော်လင့်ချက်အလင်းတန်းလေးတစ်ခု ပေါ်လာ၏။

All Chapters