ရွှယ်လင်းလုံ၏ ကယောက်ကရက်စိတ်
Vol. 12 Ch. 163
မိန်းမပျိုမှာ လောထျန်းကို တွေ့သည်နှင့် မျက်လုံးများ ရုတ်ချည်း အရောင်လက်သွားသည်။
သို့သော် .. ထိုအချိန်မှာပင် သူမ ဒဏ်ရာအပြင်းအထန် ရထားသဖြင့် နှင်းကြာပွင့်ကို သေချာ မထိန်းချုပ်နိုင်တော့ဘဲ အောက်သို့ ကျတော့မလို ဖြစ်သွား၏။
သူမ ဟန်ချက်ပြန်ထိန်းပြီး ကြည့်လိုက်သည့် အချိန်တွင်မူ အစောက လောထျန်းရှိနေခဲ့သည့် နေရာ၌ ဟင်းလင်းပြင်လေထုသာ ရှိနေတော့သည်ကို မြင်လိုက်ရသည်။
" အင်း .. ငါ စိတ်စွဲပြီး မြင်ယောင်တာနဲ့ တူပါတယ် "
" အရင်ကလဲ အဲ့လိုပဲ မြင်ယောင်နေတာဆိုတော့ "
" ခုတော့ ..ဒီ အမှိုက်တွေရဲ့ စော်ကားတာကို ခံမယ့်အစား သေပဲ သေလိုက်မယ် "
" ဒါပေမယ့် .. ငါ မသေခင် သူနဲ့ နောက်တစ်ကြိမ်လောက် ထပ်တွေ့ချင်သေးတယ် "
" မျက်နှာလေးတစ်ခြမ်းပဲ မြင်ရရင်တောင် ကျေနပ်ပါတယ် "
" ဒါပေမယ့် ... "
" ခုတော့ .. နောက်ကျသွားခဲ့ပြီ .. "
" နှုတ်ဆက်ခဲ့ပါတယ် လောထျန်းရယ် "
မိန်းမပျို၏ မျက်လုံးတွင် မျက်ရည်များ ရုတ်ချည်း ပြည့်လာသည်။ ထို့နောက် သူမက လက်ဆန့်၍ ဓားတစ်လက်ကို ဆွဲထုတ်လိုက်ပြီး သူမ၏ လည်မျိုကို ပြန်ထိုးရန် ရွယ်လိုက်၏။
သို့သော် ..
ဝုန်း ..
လက်တစ်ဖက်က သူမ၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်လာသည်။
" ဟင် .. "
မိန်းမပျို အံ့အားသင့်သွားပြီး ချက်ချင်း ခေါင်းမော့ကြည့်လိုက်၏။
ထိုအချိန်တွင် သူမရှေ့တည့်တည့်၌ ရပ်နေသည့် လောထျန်း၏ မျက်နှာကို မြင်လိုက်ရတော့သည်။
သူမ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခါနီး တားလိုက်သူမှာ လောထျန်း ဖြစ်နေခဲ့ပေသည်။
" လောထျန်း .. တကယ်ပဲ ရှင်လားဟင် ။ ကျွန်မ အိမ်မက် မက်နေတာများလား ။ ရှင်.. ကျွန်မအော်သံကို ကြားပြီး ကျွန်မကိုကယ်ဖို့ လာခဲ့တာလား "
မိန်းမပျိုက လောထျန်းကို စိုက်ကြည့်ကာ တုန်ယင်နေသော အသံလေးဖြင့် မေးလိုက်သည်။
လောထျန်းက မိန်းမပျိုကို ပြန်ကြည့်ကာ စဥ်းစားနေဟန်ဖြင့် ပြော၏။
" မင်းက .. ရှို့လင်းလုံ မဟုတ်လား "
မိန်းမပျို၏ မျက်နှာလေးက အံ့အားသင့်နေဟန် ပြောင်းသွားကာ ပြန်ပြောသည်။
" ကျွန်မနာမည် ရှေ့ဆုံးစာလုံးက ရွှယ် ပါ "
လောထျန်းမှာ ထိုအချိန်မျသာ မှတ်မိသွား၏။
" အာ ..ဟုတ်သားပဲ ။ ကျုပ် အခု မှတ်မိပြီ ၊ ရွှယ်လင်းလုံ "
မှန်ပါသည် ။ သူ့ရှေ့တွင် ရောက်နေသည့် မိန်းမပျိုမှာ ကျီရွှယ်နန်းတော်မှ ရွှယ်လင်းလုံပင် ။
သူမသည် ထျန်းယွမ်အင်ပါယာသို့ လာခဲ့စဥ်က ဟဲ့ဒုံမြို့သိူ့ မသွားဘဲ သူမတို့ဂိုဏ်းမှ အကြီးအကဲများနှင့်အတူ အခြားမြို့တစ်မြို့သို့သာ သွားခဲ့၏။ ထို့နောက် ..ထိုမြို့မှတဆင့် ဆုမီတောင်သို့ ဝင်လာခဲ့ခြင်း ဖြစ်ပါသည်။
ယခု နောက်ဆုံးတွင်မူ သူမ လောထျန်းနှင့် တွေ့ရလေပြီ။
ရွှယ်လင်းလုံမှာ လောထျန်း၏ မျက်နှာလေးကို ကြည့်နေရင်း ရင်ထဲမှ နွေးထွေးသွားသကဲ့သို့ ခံစားလိုက်ရ၏။
" သူက ဒီတစ်ခေါက် ငါ့က်ု စိတ်သက်သာရာရပြီး ရယ်အောင်လို့ ငါ့နာမည်ကို တမင်သက်သက် အမှားပြောလိုက်တာနဲ့တူတယ်။ သူက တကယ်အကာင်းဆုံးပဲ .. "
ထိုစဥ် .. သူမနောက်သို့ လိုက်နေခဲ့သည့် လူကြီးနှစ်ယောက်သည်လည်း လောထျန်းအား တွေ့သွားပြီး ရွှယ်လင်းလုံနှင့် လောထျန်းတို့ ထွက်မပြေးနိုင်စေရန် ဘယ်တစ်ဖက် ၊ ညာတစ်ဖက် လမ်းပိတ်ထားလိုက်ကြသည်။
" ဟေ့ .. ကောင်လေးချောချောလေးတစ်ယောက်ပါလား ။ သူက ဘယ်သူလဲ ။ မင်းရဲ့ ရည်းစားလား "
ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်က ရွှယ်လင်းလုံအား မေးလိုက်သည်။
ရွှယ်လင်းလုံ မျက်နှာချက်ချင်းရဲသွားကာ ဒေါသတကြီး ပြန်ပြော၏။
" ရှင်တို့တွေ ..ပေါက်ကရတွေ လျှောက်ပြောမနေကြနဲ့ "
လူကြီးက မျက်မှောင်ကြုံ့သွားပြီး လောထျန်းကို ကြည့်ကာ ပြောလိုက်သည်။
" ကောင်လေး .. မင်း ဘယ်သူလဲဆိုတာ ငါတို့ စိတ်မဝင်စားဘူး။ အခု ..မင်းကို အခွင့်အရေးတစ်ခုပေးမယ် ။ ဒီ မိန်းကလေးကို ထားခဲ့ပြီး ထွက်သွားလိုက်။ မဟုတ်လို့ကတော့ မင်းဘဝတစ်လျှောက်လုံးကို ဆိုးဆိုးရွားရွားအသက်ရှင်ပြီး ဆိုဆိုးရွားရွား သေသွားရအောင် လုပ်ပေးမယ် "
ဝုန်း ..ဝုန်း ..
စကားဆုံးသည်နှင့် လူကြီးနှစ်ယောက်က သူတို့၏ အရောင်အဝါများကို တစ်ပြိုင်နက်တည်းနီးပါး ထုတ်လွှတ်လိုက်ကြ၏။
သူတို့နှစ်ယောက်လုံးမှာ ကွေ့ရှအဆင့်သို့ ရောက်ထားကြလေပြီ ။
" ဟား ဟား .. ကောင်လေး .. တွေ့လား ၊ ငါတို့နှစ်ယောက်လုံးက ကွေ့ရှအဆင့်ကို ရောက်ထားပြီးပြီကွ။ ဒီလိုအဆင့်နဲ့ အစွမ်းမျိုးကို မင်းဘဝ သက်တမ်း တလျှောက်လုံး ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူး "
နှစ်ယာက်ထဲမှ တစ်ယောက်က ပြောလိုက်သည်။
" အမှန်ပဲ ။ အခုချက်ချင်း ငါတို့ရှေ့မှာ ဒူးထောက်ပြီးတော့ ငါတို့ကို အကိုကြီး လို့ခေါ်ပြီး အကြိမ်တစ်ရာ အရိုအသေပေးရင် မင်းကို ဒီတိုင်း သွားခွင့်ပေးလိုက်မယ် ။ မဟုတ်လို့ကတော့ .. ဘာဖြစ်မလဲ မင်း သိပါတယ် "
ထိုလူကြီးနှစ်ယောက်မှာ သူတို့ထက် အစွမ်းနိမ့်ကြသည့် လူငယ်များကိုသတ်ပြီး သူတို့နှလုံးသားများအား ဖျက်ဆီးချင်နေကြသည်မှာ သိသာပါသည်။
ယခုလည်း ရွှယ်လင်းလုံအား စိတ်အားငယ်ပြီး ကူကယ်ရာမဲ့စွာ ခံစားရစေရန် လောထျန်းကို အရှက်ခွဲ စော်ကားနေကြခြင်းဖြစ်၏။
သို့သော် ..
" မင်းတို့ ပြောလို့ပြီးပြီလား "
လောထျန်းက ထိုနှစ်ယောက်ကိုကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
" ဟင် .. "
လူကြီးနှစ်ယောက်မှာ မည်သို့ ပြန်ပြောရမည်မသိဘဲ ကြောင်သွားကြ၏။
ထို့နောက်တွင်မူ ..
ဘုန်း ..
လောထျန်းက ထိုနှစ်ယာက်ထဲမှ တစ်ယောက်ကို လက်ညိုးဖြင့် ထိုးလိုက်ရာ ထိုလူ၏ ခန္ဓာကိုယ် ချက်ချင်းပေါက်ကွဲထွက်သွားပြီး အမှုန်များအဖြစ်သို့ ပြောင်းသွားရတော့၏။
" ဟင် .. "
ကျန်တစ်ယာက်မှာမူ ထိုမြင်ကွင်းကို တွေ့လိုက်ရသည်နှင့် အလွန်ကြောက်လန့်သွားကာ ချက်ချင်းနောက်လှည့်၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် .. သူ နောက်လှည့်လိုက်သည့် အချိန်မှာပင် လောထျန်းက သူ့ရှေ့သို့ ရောက်နေသည်ကို မြင်လိုက်ရတော့သည်။
" မင်း ဘယ်တုန်းက .. "
သူ လောထျန်းအား အံ့သြတကြီး ကြည့်ကာ တစ်ခုခုမေးရန် ပြင်လိုက်သော်လည်း ..
ရုတ်တရက် .. ခေါင်းတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ထို့နောက်တွင်မူ ခေါင်းပြတ်နေသည့် ခန္ဓာကိုယ်တစ်ခုက လေထဲမှ ပြန်ကျလာသည်ကို သူ မြင်လိုက်ရသည်။
သို့သော် .. ထိုခေါင်းမဲ့ ခန္ဓာကိုယ်က သူနှင့် ရင်းနှီးနေသကဲ့သို့ အဘယ့်ကြောင့် ခံစားနေရပါသနည်း။
၎င်းက သူ့ခန္ဓာကိုယ်ပေလား ..
မှန်ပါသည် ၊ ၎င်းမှာ သူ့အလောင်းပင် ..
ထိုအချိန်မှသာ သူ့ခေါင်းက လောထျန်း၏ လက် ချက်ဖြင့် အဖြတ်ခံလိုက်ရပြီး လေထဲတွင် လွင့်နေသည်ကို သူ သိလိုက်ရတော့၏။
" သေစမ်း "
လောထျန်းက တိုတိုတုတ်တုတ် တစ်ခွန်းတည်း ပြောလိုက်သည်။
ထို့နောက် ..
ဘုန်း ...
လူကြီး၏ခေါင်းမှာ အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်သွားတော့သည်။
ကွေ့ရှအဆင့် ကျင့်ကြံသူ သခင်ကြီးနှစ်ယောက်လုံး သေသွားခဲ့ရလေပြီ။
" လောထျန်း .."
ခပ်လှမ်းလှမ်းမှနေ၍ ထိုမြင်ကွင်းကို ကြည့်နေသည့် ရွှယ်လင်းလုံမှာမူ တစ်ကိုယ်လုံး တုန်ယင်နေသည်။
သို့သော် .. ၎င်းက ကြောက်ရွံ့မှုကြောင့် မဟုတ်ပါ ၊ စိတ်လှုပ်ရှားနေ၍သာ ဖြစ်ပါသည်။
" သူက ငါ အရှက်ခွဲ ခံနေရတာကို တွေ့သွားလို့ အရမ်းဒေါသထွက်သွားတာနဲ့တူတယ် "
" ဟီး ..ပျော်လိုက်တာ .. "
ရွှယ်လင်းလုံသည် ရုတ်တရက် ခေါင်းတစ်ခုလုံး လေးလံသွားပြီး ခြေထောက်များ ပေါ့သွားသကဲ့သို့ ခံစားလိုက်ရကာ ခြေမခိုင်တော့ဘဲ လဲကျမလို ဖြစ်သွားသည်။
ထိုစဥ် လောထျန်းက သူမနောက်တွင် ရုတ်တရက် ပေါ်လာကာ သူမကို ပျင်းပျင်းရိရိ လှမ်းပွေ့ထားလိုက်သည်။
" အား .. "
ရွှယ်လင်းလုံမှာ အသံစူးစူးဖြင့် အော်ကာ မေ့လဲကျလုမတတ်ပင် ဖြစ်သွား၏။
" ဟေ့ .. မင်း ဘာတွေ ဖြစ်နေတာလဲ ။ ဒဏ်ရာဆိုးဆိုးဝါးဝါး ရထားတာလား "
လောထျန်းက မေးလိုက်သည်။
" ကျွန်မ .. အဆင်ပြေပါတယ် "
ရွှယ်လင်းလုံ၏ အသံမှာ ခြင်သံလေးအလား တိုးတိတ်သွားပြီး သူမ၏ မျက်နှာလေးမှာလည်း ရုတ်ချည်း နီရဲလာ၏။
သူမ ကလေးဘဝအရွယ် လွန်လာပြီးချိန်မှစ၍ ယောကျ်ားတစ်ယောက်၏ ပွေ့ဖက်ခြင်းကို ခံရသည်မှာ ယခုက ပထမဆုံးအကြိမ် ဖြစ်ပါသည်။
ထို့အပြင် .. သူမကို ပွေ့ဖက်လာသူကလည်း... သူ ဖြစ်နေသည် ။
ထိုလူကြောင့် သူမ ဘာကိုမှ အာရုံမစူးစိုက်နိုင် ဖြစ်နေခြင်းပင် ..
" သူ ငါ့ကို ဖက်ထားတယ် ၊ သူ ငါ့ကို ဖက်ထားတယ် .. ။ သူက ငါ့ကို .... လုပ်ချင်တာများလား "
" ဒါပေမယ့် ..မဖြစ်ပါဘူးလေ ။ ငါ အပျိုစင်ဘဝကို ထိန်းသိမ်းလာတာ နှစ်တွေဒီလောက်တောင် ကြာနေခဲ့ပြီပဲ ။ ပြီးတော့ ဆရာကလဲ မှာထားတယ် ၊ မှော်အစွမ်းတွေကို မကျွမ်းကျင်မချင်း .. လုပ်လို့ မရဘူးတဲ့ "
" ဒါပေမယ့် .. သူက တကယ်ကြီး ဆန္ဒရှိနေရင် ဘယ်လိုလုပ်မှာလဲ ။ သူ့ကို ငြင်းလိုက်ရမှာလား "
" မမ တစ်ယောက်က ပြောတာတော့ .. အရမ်း နာတယ်တဲ့ .. "
" ဟင် .. ငါ ဘာတွေ တွေးနေတာလဲ "
ထိုစဥ်မှာပင် ရွှယ်လင်းလုံ၏ ခေါင်းက နောက်သို့ လှန်သွားပြီး သူမ၏ နှာခေါင်းမှ သွေးများ ထွက်ကျလာကာ သတိမေ့လဲကျသွားတော့သည်။
" ဟေ့ .. ဘာတွေဖြစ်နေတာလဲ။ သတိထားဦးလေ "
လောထျန်းက သူမကိုယ်ကို လှုပ်ကာ ခေါ်လိုက်သည်။
ဤသို့ဖြင့် အချိန် အတန်ကြာသွားပြီးမှသာ ရွှယ်လင်းလုံ သတိပြန်ရလာပြီး နိုးလာသည်။
" ရွှယ်လင်းလုံ ၊ သတိပြန်ရပြီလား ။ ခုနတုန်းက ဟိုနှစ်ယောက်က မင်းနောက်ကို ဘာလို့ လိုက်နေကြတာလဲ "
လောထျန်းက မေးလိုက်သည်။
ရွှယ်လင်းလုံ၏ မျက်နှာလေးမှာ ရှက်သွေးကြောင့် နီရဲနေဆဲပင် ။
သို့သော် ..လောထျန်း၏ မေးခွန်းကို ကြားလိုက်ရသည့် အချိန်တွင်မူ သူမ ရုတ်တရက် တုန်လှုပ်သွား၏။
" အို ..မဖြစ်ဘူး ။ ကျွန်မ အရေးကြီးဆုံး ကိစ္စတစ်ခုကို မေ့တော့မလို့ ။လောထျန်း ကျွန်မ တောင်းဆိုပါတယ် ၊ ကျေးဇူးပြုပြီး ကျွန်မရဲ့ ဒေါ်လေးနဲ့ အမကို ကယ်ပေးပါရှင် .. နော် "
ရွှယ်လင်းလုံက မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။
ထို့နောက်တွင်မူ လောထျန်းနှင့် ရွှယ်လင်းလုံတို့သည် နှင်းကြာပွင့်ပေါ်တွင် ဘေးချင်းယှဥ်ရပ်လျက် နတ်ဆိုးတစ်သောင်းလွင်ပြင် တောနက်ထဲသို့ ဦးတည်သွားနေကြသည်ကို တွေ့ရမည်ဖြစ်သည်။
" ဒါဆို .. မင်းက စိတ်စွမ်းအင်ဆေးပင်ယူဖို့ နတ်ဆိုးဘုရင်တစ်ယောက်ရဲ့ ပိုင်နက်ထဲကို ဝင်သွားမိတာပေါ့ "
လောထျန်းက မေးလိုက်သည်။
ရွှယ်လင်းလုံက ခေါင်းညိတ်ပြကာ ပြန်ပြော၏။
" အတိအကျ ပြောရရင်တော့ အဲ့နတ်ဆိုးဘုရင်က အမြီးခြောက်ချောင်း နတ်ဆိုးမြေခွေးတစ်ကောင်ပဲရှင့် ။ သုက နတ်ဆိုးတစ်သောင်းလွင်ပြင်မှာရှိတဲ့ အစွမ်းအထက်ဆုံး နတ်ဆိုး ကိုးကောင်ထံက တစ်ကောင်ပေါ့ ။ ပြီးတော့ သူက တုကျဲ့အဆင့် ၈ ကို ရောက်ထားတဲ့ အစွမ်းထက် နတ်ဆိုးဘုရင် တစ်ယောက်ပဲ။ သူ့အစွမ်းက အင်မတန် နက်နဲပြီး ကြောက်စရာကောင်းတယ်။ ထျန်းယွမ်အင်ပါယာက အစွမ်းထက်တဲ့ သူတွေတောင် သူ့ပိုင်နက်ထဲကို လွယ်လွယ်နဲ့ ခြေမချရဲကြဘူး "
လောထျန်းက သူမကို ကြည့်ကာ မေးလိုက်သည်။
" မင်းက ဒါတွေအားလုံး သိထားတာတောင် သွားရဲသေးတယ်ပေါ့ "
ရွှယ်လင်းလုံက အံကြိတ်ကာ ပြန်ပြောသည်။
" တခြားနည်း မရှိတော့ဘူးရှင့် ။ အဲ့စိတ်စွမ်းအင်ဆေးပင် အမျိုးအစားက အဲ့တစ်နေရာတည်းမှာပဲ တွေ့နိုင်တာ ။ ပြီးတော့ ကျွန်မဆရာရဲ့ အသက်ကိုကယ်ဖို့ အဲ့ဆေးပင်ကို ရမှဖြစ်မှာ "
" မင်းဆရာရဲ့ အသက်ကို ကယ်ဖို့ ..ဟုတ်လား "
လောထျန်းက စိတ်ဝင်တစား ဆက်မေး၏။
ရွှယ်လင်းလုံက ခေတ္တမျှ တုန့်ဆိုင်းနေပြီးနောက်မှသာ ပြန်ဖြေသည်။
" ဟုတ်တယ်ရှင့် ။ကျီရွှယ်နန်းတော်ရဲ့ သခင်မကြီး ၊ ကျွန်မရဲ့ ဆရာက ထူးဆန်းတဲ့ အဆိပ်တစ်မျိုးနဲ့ အဆိပ်ခတ်ခံထားရတာ ။ ဒီ ဆေးပင်ကိုသာ မရဘူးဆိုရင် သူ ကြာကြာအသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူး။ လောထျန်း .. ကျွန်မအခု ပြောခဲ့တဲ့ကိစ္စက ကျီရွှယ်နန်းတော်ရဲ့ ထိပ်သီးလျှို့ဝှက်ချက်တစ်ခုမို့ ဘယ်ကိုမှ သတင်းပေါက်ကြားလို့ မဖြစ်ဘူးနော် "
ထိုစကားကြောင့် လောထျန်း အံ့အားသင့်သွားရကာ မေးလိုက်သည်။
" ဒါကို ကျုပ်ကို ဘာလို့ ပြောပြနေတာလဲ "
ရွှယ်လင်းလုံက ပြန်ပြော၏။
" ဘာလို့လဲဆိုတော့ ကျွန်မ ရှင့်ကို ယုံလို့ပေါ့ "
လောထျန်း ခေါင်းကုတ်လိုက်ရသည်။
" အင်း .. ဒီခံစားချက်ကြီးကို မကြိုက်လိုက်တာ "
" ဟင် .."
ရွှယ်လင်းလုံတစ်ယောက် နားမလည်နိုင် ဖြစ်သွားရသည်။
လောထျန်းက သုန်မှုန်နေသည့် မျက်နှာဖြင့် ဆက်ပြော၏။
" လျှို့ဝှက်ချက်တစ်ခုကို သိထားပြီး ဘယ်သူ့ကိုမှ ပြောပြလို့မရတဲ့ ခံစားချက်ကြီးက ဘယ်လောက်ဆိုးရွားလဲ သိရဲ့လား "
" အ .. "
ရွှယ်လင်းလုံမှာ မည်သို့ ပြန်ပြောရမည်မသိဘဲ ဆွံ့အသွားသည်။
ထိုစဥ်မှာပင် ..
ဘုန်း ..
ခပ်လှမ်းလှမ်း၌ အစွမ်းထက်သော နတ်ဆိုးအရောင်အဝါတစ်ခု ထွက်ပေါ်လာသည်။