အမြီးခြောက်ချောင်း နတ်ဆိုးမြေခွေး
Vol. 12 Ch. 164
နတ်ဆိုးအရောင်အဝါကို ခံစားမိလိုက်သည်နှင့် ရွှယ်လင်းလုံ၏ မျက်နှာလေး ချက်ချင်း ဖြူဖျော့သွားကာ သူမ၏ နှုတ်ခမ်းများလည်း တဆတ်ဆတ် တုန်ယင်လာသည်။
" ဒါ .. အမြီးခြောက်ချောင်း နတ်ဆိုးမြေခွေးရဲ့ အရောင်အဝါပဲ "
သူမက ဆိုသည်။
ထိုစကားကို ကြားသောအခါ သူ့ဘေးတွင် ရပ်နေသည့် လောထျန်းက မျက်ခုံးပင့်ကြည့်လိုက်သည်။
" အမြီးခြောက်ချောင်း နတ်ဆိုးမြေခွေး .. မင်းပြောတဲ့ နတ်ဆိုးဘုရင်က သူပေါ့ "
ရွှယ်လင်းလုံ ခေါင်းညိတ်ပြလိုက်၏။
" အမှန်ပဲ ။ ဒီ နတ်ဆိုးမြေခွေးရဲ့ အစွမ်းက အရမ်းကြောက်စရာကောင်းတယ်ရှင့် "
" နတ်ဆိုး မြေခွေးတဲ့လား .. "
လောထျန်း ရေရွတ်လိုက်သည်။ သူ့ စိတ်ထဲတွင် အမြီးများ ၊ အမွေးထူထူ နားရွက်များနှင့် နတ်ဆိုးအမျိုးသမီးတစ်ဦး၏ ပုံရိပ် ဖြတ်ပြေးသွား၏။
" ဟုတ်တယ်ရှင့် ။ ဒီ နတ်ဆိုးမြေခွေးက ကြောက်စရာကောင်းတဲ့ ကျင့်ကြံခြင်းမျိုး ရှိထားရုံတင်မကဘူး ၊ သူ့ရဲ့ စွမ်းရည်တွေကလဲ အင်မတန် ကြောက်စရာကောင်းတယ်။ ပြီးတော့ သူ့ဆီမှာ လူတွေ သဘောကျလာစေတဲ့ ဆွဲဆောင်မှုအရမ်းရှိတယ် "
ရွှယ်လင်းလုံက စကားဆက်သည်။
" ဆွဲဆောင်မှုရှိတယ် .. "
လောထျန်း၏ စိတ်ထဲတွင် ထိုနတ်ဆိုးမြေခွေးမလေး၏ ပုံရိပ်က ယခင်ကထက် ရုပ်လုံးပိုပေါ်လာသည်။
" ဟုတ်တယ်။ ပြီးတော့ သူက နတ်ဆိုးသားရဲတစ်ကောင် ဆိုတဲ့အတိုင်း သူ့အပြုအမူက အရိုင်းဆန်ပြီးတော့ အရမ်းလဲ ရက်စက်တယ်ရှင့် "
ရွှယ်လင်းလုံက ဆက်ပြောလိုက်သည်။
" အရိုင်းဆန်တယ် .. "
လောထျန်း၏ အတွေးထဲမှ နတ်ဆိုးမြေခွေးမလေး၏ ပုံရိပ်မှာ ပြီးပြည့်စုံလု နီးပါး ဖြစ်နေလေပြီ။
" မင်းပြောတာတွေကို နားထောင်ပြီးတော့ သူ့ကို တွေ့ဖို့ ကျုပ် စောင့်တောင် မစောင့်နိုင်တော့ဘူး "
လောထျန်းက ပြောလိုက်သည်။
ရွှယ်လင်းလုံ ခေါင်းညိတ်လိုက်၏။
" ဒါနဲ့ ကျွန်မတို့ အရှိန်တင်ပြီး မြန်မြန်သွားမှဖြစ်မယ် ။မဟုတ်ရင် ကျွန်မရဲ့ ဒေါ်လေးနဲ့ မမတို့တွေ ... "
ထိုသို့ ပြောနေရင်းမှာပင် ရွှယ်လင်းလုံ၏ မျက်လုံးထဲ၌ စိုးရိမ်စိတ်များ အထင်းသား ပေါ်လာသည်။ ထို့နောက် သူမက ခြေထောက်အောက်မှ နှင်းကြာပွင့်ကု အရှိန်တင်ကာ ဆက်သွားလိုက်၏။
ကြီးမားကျယ်ပြန့်သည့် သင်္ချိုင်းမြေနေရာတစ်ခုတွင် ပျက်စီးအိုဟောင်းနေသည့် သင်္ချိုင်းဂူများ အတန်းလိုက် ရှိနေကြပြီး အရိုးချည်းသက်သက်သာ ရှိသည့် သစ်ပင်များလည်း ဟိုတစ်စု ၊ ဒီတစ်စုရှိနေကြသည်။
လိမ်ကောက်နေသည့် သစ်ပင်တစ်ပင်တွင်မူ အမျိုးသမီးနှစ်ယောက် ( အသက်ငယ်ငယ် မိန်းမပျိုတစ်ယောက်နှင့် အသက်ကြီးကြီး အမျိုးသမီးတစ်ဟောက် ) တို့ကို တွဲလောင်း ချိတ်ဆွဲထားပြီး သူတို့ နှစ်ယောက်လုံး၏ ခန္ဓာကိုယ်များက သွေးများဖြင့် ရွှဲနေ၏။
ထိုနှစ်ယောက်လုံးမှာ အသက်ကိုပင် ခက်ခက်ခဲခဲ ရှူနေကြရတာ သူတို့အသွင်ကို ကြည့်ရုံဖြင့် ရက်ရက်စက်စက် နှိပ်စက်ခံထားကြရမှန်း မြင်နိုင်မည်ဖြစ်သည်။
ထိုနှစ်ယောက်ရှေ့တွင်မူ လက်ထဲ၌ ကြိမ်ကြာပွတ်တစ်ချောင်းကို ကိုင်ထားသည့် နတ်ဆိုးမိန်းမငယ်တစ်ယောက် ရပ်နေကာ သူတို့အား တရွှမ်းရွှမ်း ရိုက်နေ၏။
" နင်တို့ အပြင်လူတွေက တော်တော်အတင့်ရဲကြတာပဲ ။ အခု ဘာကိစ္စနဲ့ ငါ့ပိုင်နက်ထဲကို ဝင်လာရဲကြတာလဲ "
" ဒီ နေရာက လူသားတွေအတွက် တားမြစ်နယ်မြေတစ်ခုဆိုတာကို နင်တို့အကြီးအကဲတွေက မပြောလိုက်ဘူးလား "
" မျက်လုံးဖွင့်ပြီး သေချာကြည့်စမ်း ။ ဟိုနားက ပျက်စီးနေတဲ့ ဂူတွေက နင်တို့ လူသားမျိုးနွယ်ထဲက ကိုယ့်ကိုကိုယ် စိတ်ကြီးဝင်ပြီး ဦးနှောက်နဲ့ မစဥ်းစားတတ်ကြတဲ့ တုကျဲ့အဆင့် ကျင့်ကြံသူတွေရဲ့ ဂူတွေပဲ "
" အခု နင်တို့နှစ်ယောက်ထဲမှာ တစ်ယောက်က ကွေ့ရှအဆင့် ၈ နဲ့ ၊ နောက်တစ်ယောက်က ကောင်းကင်ထိန်းချုပ်အဆင့်မှာပဲ ရှိသေးတယ် ။ ဒါနဲ့များတောင် ဒီနေရာကို လာရဲကြတယ်ပေါ့ ။ သေဆုံးခြင်း ဆိုတဲ့စာလုံးရဲ့ အဓိပ္ပါယ်ကိုရော နားလည်ကြရဲ့လား "
သူမက ထိုသို့ ပြောနေရင်း ထက်ထဲမှ ကြိမ်ကြာပွတ်ဖြင့် အကြိမ်ရေအနည်းငယ် ထပ်ရိုက်လိုက်ပြန်သည်။
သစ်ပင်တွင် တွဲလောင်းချိတ်ဆွဲခံထားရသည့် နှစ်ယောက်မှာ အရိုက်ခံနေသည့်တိုင် အော်ဟစ်ငိုကြွေးရန်ပင် အားအင်မကျန်တော့ပါချေ။
" အမကြီး .. တော်ပါတော့ဗျာ ။ ဆက်ရိုက်နေရင် သွေးတွေ အကုန် ကုန်သွားလိမ့်မယ်။ အဲ့ကျရင် စားလို့ အရသာရှိတော့မှာ မဟုတ်ဘူး "
အနီးနားမှ သားရဲတစ်ကောင်က အော်ပြောလိုက်သည်။
" ဟုတ်တယ် အမကြီး ။ သူတို့ကို အောက်ချပေးပါတော့ဗျာ .. ကျုပ်တို့ စားချင်လှပြီ "
အခြားသားရဲများကလည်း ဝင်ပြောလိုက်ကြသည်။
သို့သော် .. ထိုအမျိုးသမီးက နှုတ်ခမ်းတွန့်ပြုံးလိုက်ပြီး ပြောလာ၏။
" စားရမှာပေါ့ ၊ ဘာတွေ လောနေကြတာလဲ ။ အခုက နှစ်ယောက်ပဲရှိတာဆိုတော့ အားလုံးအတွက် လောက်မှာ မဟုတ်ဘူး "
အနီးမှ သားရဲတစ်ကောင်က မေးလိုက်သည်။
" ဒါဆို ကျုပ်တို့တွေ ဘာလုပ်သင့်တယ်လို့ အမကြီးထင်လဲ "
နတ်ဆိုးမိန်းမငယ်က ရယ်သွမ်းသွေးကာ ပြန်ပြောလိုက်သည်။
" ခုနက မိန်းကလေးတစ်ယောက်ကို တမင် လွှတ်ပေးလိုက်တယ် မဟုတ်ဘူးလား။အဲ့ကောင်မလေးက ဒီနှစ်ယောက်ကို ကယ်ဖို့ လူတွေအများကြီးကို ထပ်ခေါ်ပြီး ရောက်လာလိမ့်မယ် ။အဲ့အချိန်ကျရင်သာ အားလုံးကို အမိဖမ်းလိုက်ကြတာပေါ့ ။ ဒါဆို အားလုံးအတွက် စားစရာ အသားတွေ လုံလောက်သွားလိမ့်မယ် "
" အမကြီးက တကယ်ကို ဉာဏ်အမျှော်အမြင်ကြီးတာပဲ "
" အမကြီးက တကယ် အံ့သြစရာပဲဗျာ "
သားရဲများစွာပင် အော်ဟစ်ချီးမွမ်းလိုက်ကြသည်။
ထိုအချိန်မှာပင် ..
ဝီ ...
နတ်ဆိုးအမျိုးသမီးအနီးမှ ကျောက်စိမ်းပြားတစ်ခု အရောင်လက်လာ၏။
နတ်ဆိုးအမျိုးသမီးက ၎င်းကို မျက်မှောင်ကြုံ့ကြည့်ကာ ပြောလိုက်သည်။
" ဒီကိုတောင် ရောက်နေကြပြီပဲ ။ အားလုံး အသင့်ပြင်ထားကြဟေ့ ၊ ဧည့်သည်အသစ်လေးတွေကို ကြိုရမယ် "
" ဟေး .. "
သားရဲများ အော်ဟစ်လိုက်ကြသည်။
ထိုစဥ် တောအုပ်၏ အခြားတစ်ဖက်၌ ...
" လောထျန်း ၊ ရန်သူကတော့ ကျွန်မတို့ရဲ့ ရှေ့တည့်တည့်မှာပဲ ။ အခု ဘာဆက်လုပ်ကြမလဲ ။ တိတ်တိတ်လေး ခိုးဝင်သွားကြမလား "
ရွှယ်လင်းလုံက လောထျန်းကိုကြည့်ကာ ကြောက်ရွံ့တုန်လှုပ်စွာ မေးလိုက်သည်။
ယခင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် သူမ စိတ်ဒဏ်ရာ ရနေခဲ့လေပြီ ။
သို့သော် .. လောထျန်းက ခေါင်းယမ်း၍ ပြန်ပြော၏။
"ခိုးဝင်ဖို့ မလိုပါဘူးဗျာ ။ ဒီတိုင်းပဲ လမ်းလျှောက်သွားကြတာပေါ့ "
" ဟင် ..ကောင်းပါပြီ "
ရွှယ်လင်းလုံမှာ ကြောက်ရွံ့နေသဖြင့် လောထျန်းပြောသည့်အတိုင်းသာ ခေါင်းညိတ်လက်ခံလိုက်ပြီး သူ့နောက်မှ လိုက်ဝင်သွားလိုက်သည်။
လောထျန်းကမူ လမ်းလျှောက်နေရင်း နတ်ဆိုးမြေခွေးမ၏ ရုပ်သွင်က မည်သို့ရှိမည်ကို စိတ်ထဲမှ မှန်းဆကြည့်နေသည်။
မကြာမီမှာပင် သူတို့နှစ်ဦး တောအုပ်ကို ဖြတ်ကျော်လာခဲ့ပြီး ရာမ သင်္ချိုင်းမြေ တစ်ခုဆီသို့ ရောက်လာကြသည်။
" ဒေါ်လေးဆရာ .. မမ "
ရွှယ်လင်းလုံသည် သစ်ပင်ပေါ်တွင် တွဲလောင်း ချိတ်ဆွဲခံထားရသော လူနှစ်ယောက်ကို မြင်သည်နှင့် အဝေးမှ ကြောက်လန့်တကြား လှမ်းအော်၏။
ထိုနှစ်ယောက်မှာ ရွှယ်လင်းလုံ၏ အသံကို ကြားမှသာ မျက်လုံးများ ခက်ခက်ခဲခဲ အားယူ ဖွင့်လိုက်ကြသည်။
" လင်းလုံ ၊ မလာနဲ့ ... သွား .. "
အသက်ကြီးကြီး အမျိုးသမီးက အံကြိတ်ကာ လှမ်းပြော၏။
" ဒေါ်လေးဆရာ .. "
ရွှယ်လင်းလုံက တစ်စုံတစ်ခု လှမ်းပြောရန် ပြင်လိုက်စဥ်မှာပင် ..
ရွှမ်း ..
သစ်ပင်ပေါ်မှ အမျိုးသမီးမှာ ကြိမ်ကြာပွတ်ဖြင့် အရိုက်ခံလိုက်ရပြန်သည်။
" ပါးစပ်ပိတ်ထားစမ်း ၊ နင့်ကို ငါ စကားပြောဖို့ ခွင့်ပြုထားလို့လား "
နတ်ဆိုးမိန်းမငယ်က အေးစက်စက် မျက်နှာဖြင့် ပြောလိုက်သည်။
" စုန်းမ .. အခုချက်ချင်း ရပ်လိုက် "
၎င်းကို မြင်လိုက်ရသည့် ရွှယ်လင်းလုံတစ်ယောက် အလွန်ဒေါသထွက်သွား၏။
ထို့နောက် သူမ လှုပ်ရှားရန် ပြင်လိုက်စဥ်မှာပင် နတ်ဆိုးမိန်းမငယ်က လက်တစ်ဖက်ကို ဆန့်ထုတ်၍ သူမ၏ ဒေါ်လေးဆရာအား ဓားဖြင့် ရွယ်ထားသည်ကို မြင်လိုက်ရသည်။
" မိန်းကလေး ၊ မလှုပ်နဲ့နော် ။ နင် ရှေ့ကို ခြေတစ်လှမ်း တိုးလာတာနဲ့ ငါက သူ့ဗိုက်ကို ပွင့်သွားအောင် လုပ်ပစ်မှာ "
ထိုနတ်ဆိုးမိန်းမငယ်က ရွှယ်လင်းလုံအား လှောင်ပြုံးဖြင့်ကြည့်ကာ ပြောလိုက်သည်။
ထိုအခြင်းအရာကို မြင်လိုက်ရသည့် ရွှယ်လင်းလုံမှာ ခြေလှမ်းကို ချက်ချင်းရပ်ကာ မည်သို့ လုပ်ရမည်မသိ ဖြစ်သွား၏။
ထိုအချိန်မှာပင် နတ်ဆိုးမိန်းမငယ်က လောထျန်းအား ပြုံး၍ ကြည့်လိုက်သည်။ သို့သော် .. သူမ မျက်နှာပေါ်မှ အပြံုးက အချိန်တိုအတွင်း မှေးမှိန်ပျောက်ကွယ်သွားပြီး မျက်မှောင်တဖြည်းဖြည်း ကြုံ့သွား၏။
" ငါက နင့်ကို အကူအညီသွားတောင်းဖို့ လွှတ်ပေးလိုက်တာကို နင်က နင့်လင်ငယ်ကို သွားခေါ်လာတယ်ပေါ့လေ။ ဘာလဲ .. ငါတို့ကို လျှော့တွက်ထားတာလား "
ထို့နောက် သူမက လောထျန်းအား စူးစူးရှရှစိုက်ကြည့်ကာ ဆက်ပြောသည်။
" ဒါပေမယ့် .. ဒီကောင်လေးက တော်တော်တော့ သတ္တိကောင်းတာပဲ ။ ဒီနေရာကိုတောင် လာရဲတာဆိုတော့ ။ငါ သိချင်လို့ မေးပါဦးမယ် ၊ အခု ဘာတွေ တွေးနေလဲ ပြောစမ်းပါဦး ။ ကြောက်နေတာလား ၊ ဒါမှမဟုတ် နောင်တ ရနေတာလား "
သူမက ထိုသို့ ပြောပြီးသည်နှင့် လောထျန်းဆီမှ အဖြေကို စောင့်နေဟန်ဖြင့် သူ့အား စိုက်ကြည့်နေ၏။
သို့သော် .. ထိုအချိန်တွင် လောထျန်းသည် မျက်မှောင်ကြုံ့နေပြီး သူ့မျက်နှာတွင်လည်း စိတ်ပျက်မှုက အထင်းသား ပေါ်နေသည်။
" ဒီ .. အမျိုးသမီးက ရုပ်ရည်ကလဲ သာမာန်ပဲ ။ ခန္ဓာကိုယ်အချိုးအစားကလဲ ကောင်းမနေဘူး "
လောထျန်း ပြောကာ ခေါင်းယမ်းလိုက်သည်။
သူ့စကား ဆုံးသည်နှင့် ထိုနေရာတွင် ရှိနေကြသည့် လူများရော သားရဲများပါ အံ့သြမှင်သက်သွားကြကုန်၏။
အချိန်အတန်ငယ် ကြာပြီးနောက်တွင်မူ နတ်ဆိုးမိန်းမငယ်က ဒေါသတကြီး အော်လာသည်။
" ကောင်လေး .. မင်း ဘာစကားပြောလိုက်တယ် ။ မင်းကို ငါ အသေကို ရိုက်သတ်ပစ်ဦးမယ် "
တစ်ဖက်မှ ရွှယ်လင်းလုံမှာလည်း အံ့သြမှင်သက်နေပြီး လောထျန်းကို ကြည့်ကာ မေး၏။
" ရှင် ..ဘာပြောလိုက်တာလဲ "
လောထျန်းက နတ်ဆိုးအမျိုးသမီးကို လက်ညိုးထိုးကာ ပြန်ပြောလိုက်သည်။
" ဒီတစ်ယောက်က အမြီးခြောက်ချောင်း နတ်ဆိုးမြေခွေးလား ။ ရှက်စရာ ကောင်းလိုက်တာ ။ ဒီလိုပုံကြီးကို ဘာလို့ ဆွဲဆောင်မှု ရှိတယ်တို့ အရိုင်းဆန်တယ်တို့ ပြောရတာလဲ "
" ဟင် .. ငါ ဆက်ပြီး သည်းမခံနိုင်တော့ဘူး ။ မင်းကို အသေကိုက်သတ်ပစ်မယ် "
နတ်ဆိုးမိန်းမငယ်မှာ ဒေါသူပုန် ထသွား၏။
" အမကြီး ၊ စိတ်လျှော့ပါဗျာ ။ ဒီကောင့်ရဲ့ ရန်စစကားကို အလေးထားမနေပါနဲ့ "
အနီးမှ သားရဲများက ဝိုင်းတားလိုက်ကြသည်။
ထိုစဥ် ခဏတာ အံ့သြမှင်သက်နေခဲ့သည့် ရွှယ်လင်းလုံက ပြောလိုက်သည်။
" မဟုတ်ဘူးရှင့် ။ အဲ့ဒီ မိန်းကလေးက နတ်ဆိုးမြေခွေး မဟုတ်ဘူး။ သူက နတ်ဆိုးမြေခွေးရဲ့ လက်အောက်က ခေါင်းဆောင်ငယ်တစ်ယောက်ပဲ "
ထိုစကားကို ကြားသောအခါ လောထျန်း၏ မျက်လုံးများ အရောင်ပြန်လက်သွားကြသည်။
" အော် .. အဲ့လိုလား ၊ ကျုပ်လဲ ထင်တော့ထင်ပါတယ် ။ နတ်ဆိုးမြေခွေးက အဲ့လိုကြီးတော့ မဖြစ်နိုင်ဘူးလို့ "
" ခွေးကောင် .. "
နတ်ဆိုးမိန်းမငယ် မှာ ဒေါသမထိန်းနိုင်တော့ဘဲ ပေါက်ကွဲသွားပြီး သူမကို ဆွဲထား ၊ တားထားကြသည့် သားရဲများကို ဖယ်ကာ လောထျန်းဆီသို့ ပြေးဝင်လာ၏။
သို့သော် .. ထိုအချိန်မှာပင် ..
" ကျောက်စိမ်းမြေခွေး "
ဆွဲဆောင်မှုရှိသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
နတ်ဆိုးမိန်းမငယ်သည် ထိုအသံကို ကြားသည်နှင့် တစ်ကိုယ်လုံး တုန်သွားပြီး အစောက ရက်စက်ကြမ်းကြုတ်နေခဲ့သည့် သူမအသွင်မှာလည်း ချက်ချင်းပြောင်းသွား၏။
ထို့နောက် သူမက ဒူးတစ်ဖက်ထောက်၍ အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
" အရှင်မင်းမြတ် "
အနီးတဝိုက်မှ အခြားသားရဲများကလည်း ချက်ချင်းး ဒူးထောက်၍ သူတို့၏ ဘုရင်ကို အရိုအသေ ပေးလိုက်ကြသည်။
" လောထျန်း .. အဲ့တစ်ယောက်ပဲ ။ ဒေါ်လေးဆရာနဲ့ မမတို့က သူ့သိုင်းကွက် တစ်ချက်တည်းနဲ့ ရှုံးနိမ့်သွားခဲ့ကြရတာ "
ရွှယ်လင်းလုံက လောထျန်း၏ အင်္ကျီစကို ဆွဲကာ ကြောက်ရွံ့စွာ ပြောလိုက်သည်။
လောထျန်းက အားလုံးအရိုအသေပေးနေကြသည့်ဘက်သို့ လှည့်ကြည့်လိုက်သည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့သွေးများပင် ဗလောင်ဆူသွားရ၏။