စိတ်ဓာတ်ကျသွားသော လောထျန်း
Vol. 12 Ch. 165
ကောင်းကင်ယံတစ်ခွင်လုံး မြူမှုန်လေးများဖြင့် ခြုံလွှမ်းနေသဖြင့် မနက်ခင်း နေရောင်ခြည်က နွေးထွေးစွာ ဖြာကျနေသည်။
မြူမှုန်များကြားမှ သိမ်မွေ့တင့်တယ်လှသော လူတစ်ယောက်၏ နောက်ကျောကို လောထျန်း မြင်လိုက်ရ၏။
ထိုလူ၏ ဖြောင့်စင်းလှပaသော ဆံနွယ်ရှည်များက ဖြူဖွေးနေသည့် သူ့ကျောပြင် တစ်ခုလုံးနီးပါးကို ဖုံးလွှမ်းထားသည်။
သို့သော် ထိုလု၏ ခန္ဓာကိုယ်အပေါ်ပိုင်းက အဝတ်စားမဲ့ ဖြစ်နေသည်ကိုမူ မြင်နိုင်ပေသည်။
ရုတ်တရက် ထိုလူက လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းသွယ်လေးများဖြင့် နှင်းစက်တစ်ပွင့်ကို ကောက်ယူကာ လက်ချောင်းထိပ်လေးများဖြင့် တောက်လိုက်သည်။
နှင်းစက်လေးက မရေမတွက်နိုင်သော ရေမှုန်လေးများအဖြစ် ချက်ချင်း ပြောင်းသွားကာ ပန်းဝတ်မှုံလေးများသဖွယ် မျောလွင့်ပြီး သူ့ကိုယ်ပေါ်သို့ ကျလာ၏။ ထိုရေစက်မှုန်လေးများမှာ မနက်ခင်းနေရောင်၏ အလင်းအောက်တွင် တလက်လက်တောက်နေသဖြင့် သူ့ခန္ဓာကိုယ်အား မနက်ခင်း၏ အလင်းရောင်က လွှမ်းခြုံထားသကဲ့သို့ပင် ဖြစ်နေသည်။
သူ့လှုပ်ရှားမှုတိုင်းက အလှတရားတစ်မျိုးကို ဖြန့်ကျက်နေသယောင်ပင် ။
လောထျန်းနှင့် ရွှယ်လင်းလုံတို့ နှစ်ဦးလုံးမှာ ထိုမြင်ကွင်းကို အံ့သြမှင်သက်စွာ ကြည့်နေကြ၏။
ထိုအချိန်တွင် ..ထိုလူ၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း လှုပ်ရှားသွားကာ ရှေ့သို့ လှည့်လာသည်။
လောထျန်း၏ ရင် တဒုန်းဒုန်း ခုန်လာ၏။
ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အဝတ်အစားမဲ့နေသော ထိုလူက အမှန်တကယ် ရှေ့သို့ လှည့်လာတော့ပေမည်။
လောထျန်းမှာ ထိုလူအား မျက်တောင်ပင် မခတ်နိုင်ဘဲ စူးစိုက်ကြည့်နေမိသည်။
သူ့မြင်ကွင်းထဲသို့ ကြာစွယ်အလား ဖြူဖွေးချောမွတ်နေသည့် လက်မောင်းလေးများနှင့် ပိန်ပိန်သွယ်သွယ် ခါးလေး ဝင်လာ၏။
ထို့နောက် .. ရင်အစုံကို ဖုံးကွယ်ထားသည့် တစ်ပေခန့် ရှည်လျားသော ဆံနွယ်များ ..
" ဟင် .. "
လောထျန်း ရုတ်တရက် အံ့အားသင့်သွားပြီး သူ့မျက်လုံးကို လက်ဖြင့် ပွတ်ကာ သေချာအောင် ထပ်ကြည့်လိုက်သည်။
သူ့ရှေ့ရှိ လူ၏ မျက်နှာမှာ မျက်လုံးသေးသေး ၊ နှာခေါင်းကြီးကြီး ဖြစ်နေပြီး နှာခေါင်းထဲမှ အမွေးများကလည်း ရှည်လွန်းသဖြင့် အပြင်သို့ပင် ထွက်နေ၏။ မျက်နှာတစ်ခုလုံးတွင်လည်း ကျောက်ပေါက်ရာကဲ့သို့ အပေါက်များက အပြည့်ပင် ။ သူ့မျက်နှာသွင်ပြင်မှာ ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက်အသွင် ပေါက်နေသည်။
ထိုအချိန်တွင် ..လောထျန်းရင်ထဲမှ တစ်စုံတစ်ခု ပြိုကွဲသွားသည့်အသံကို ကြားလိုက်ရသလိုပင် ။
ထို့နောက် သူက ရွှယ်လင်းလုံဘက်သို့ မယုံနိုင်စွာ လှည့်ကြည့်ကာ မေးလိုက်၏။
" အဲ့လူက မင်းပြောတဲ့ အမြီးခြောက်ချောင်း နတ်ဆိုးမြေခွေးလား "
ရွှယ်လင်းလုံ ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ်ရှင့် "
လောထျန်းက ထပ်မေး၏။
" အထီးလား "
ရွှယ်လင်းလုံက ပြန်ဖြေလိုက်သည်။
" တစ်ချက်တည်း ကြည့်ရုံနဲ့တောင် သိသာပါတယ်ရှင် "
လောထျန်းသည် မျက်နှာကို လက်ဖြင့်အုပ်ကာ မြေကြီးပေါ်တွင် ရုတ်တရက် ထိုင်ချလိုက်၏။
" လောထျန်း .. ဘာဖြစ်လို့လဲဟင် "
ရွှယ်လင်းလုံ လန့်သွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။
လောထျန်းဆီမှ ခပ်တိုးတိုးအသံလေး ထွက်လာ၏။
" ဘာမှ မဟုတ်ပါဘူးဗျာ ၊ အိမ်မက်လေး ပြိုကွဲသွားလို့ပါ "
တဖက်မှ နတ်ဆိုးမြေခွေးကမူ သူ ရှေ့သို့ လှည့်လှည့်ချင်း လောထျန်းက မြေကြီးပေါ်၌ ထိုင်ချလိုက်သည်ကို တွေ့သွားပြီး ပြုံးလိုက်သည်။
" ဟားဟား .. လူသားကောင်လေး ၊ မင်းက ငါ့ရဲ့ သြဇာကြီးတဲ့ပုံစံကို တွေ့ပြီး ကြောက်သွားတာလားကွ ။ ငါ့ကို ကြည့်ရုံနဲ့တောင် အဲ့လောက်ကြောက်သွားရတယ်ပေါ့။ မင်းတို့ လူသားမျိုးနွယ်က တော်တော်ပျော့ညံ့တာပဲ "
သူက ထိုသို့ပြောပြီးသည်နှင့် လောထျန်းဆီသို့ လျှောက်သွားလိုက်သည်။
သို့သော် ..
ချွှင် ..
ရွှယ်လင်းလုံက လောထျန်းရှေ့တွင် ရုတ်တရက် ဝင်ရပ်ကာ လက်ကို ဝေ့ယမ်းလိုက်၏။ရေခဲဓားပေါင်း မြောက်များစွာ ရုတ်ချည်း ထွက်ပေါ်လာသည်။
" နတ်ဆိုးမြေခွေး ..ဒီနားကို တိုးမလာခဲ့နဲ့နော် "
သူမက ဒေါသတကြီး အော်လိုက်သည်။
အမြီးခြောက်ချောင်း နတ်ဆိုးမြေခွေးမှာ သူမကို ကြည့်ကာ အံ့သြသွားဟနန်ဖြင့် ပြော၏။
" ဟင် .. ထင်တောင်မထားထားဘူး ၊ မင်းတို့ လူသားမိန်းမတွေက တော်တော်လေး ရဲရင့်ကြတာပဲ "
ထို့နောက် သူက လောထျန်းကို ကြည့်ကာ စကားဆက်လိုက်သည်။
" အဲ့ဒါနဲ့ ဆန့်ကျင်ဘက် ၊ ဒီလူသားကောင်လေးကတော့ ငကြောက်ကြီး ဖြစ်နေတယ် "
" ဒါပေမယ့် အရေးမကြီးပါဘူးလေ ။ မင်းတို့အားလုံးက ငါ့ရဲ့ မျိုးဆက်တွေအတွက် အစာဖြစ်ကြရမှာပဲ "
သူက ထိုသို့ပြောပြီးနောက် လက်တစ်ဖက်ကို ဆန့်ထုတ်၍ လောထျန်းအား ဖမ်းဆုပ်ရန် ပြင်လိုက်သည်။
ချွှင် ..
ရွှယ်လင်းလုံက အံကြိတ်ကာ သူမ၏ ရေခဲဓားများဖြင့် တစ်ဖက်လူ၏ လက်ကို ခုတ်လိုက်၏။
သို့သော် သူမ၏ ဓားများက နတ်ဆိုးမြေခွေး၏ လက်အနီးသို့ မရောက်ခင်မှာပင် အစွမ်းထက်သော အရောင်အဝါတစ်ခု၏ ဖြိုခွဲခြင်းကို ခံလိုက်ရတော့သည်။
နတ်ဆိုးမြေခွေး၏ လက်က လောထျန်း၏ ခေါင်းအား ဖမ်းဆုပ်ခါနီးဆဲဆဲမှာပင် ..
ဘုန်း ..
လောထျန်းက သူ့လက်တစ်ဖက်ကို ဆန့်ထုတ်ကာ နတ်ဆိုးမြေခွေး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။
" ဟင် .. မင်းက ခုခံရဲနေသေးတယ်ပေါ့လေ ။ ဒီလိုဆိုတော့လဲ မင်းရဲ့ လက်ချောင်းတွေကို အရင်ချိုးရတော့မှာပေါ့ "
နတ်ဆိုးမြေခွေးက အပြုံးဖြင့် ပြောလိုက်ပြီး စိတ်စွမ်းအင်ကိုသုံး၍ လောထျန်း၏ လက်ချောင်းများကို ချိုးရန် ကြိုးစားလိုက်သည်။
သို့သော် .. သူ့အစွမ်းကို ထုတ်သုံးလိုက်သည့်တိုင် လောထျန်းက မည်သို့မှ မတုန့်ပြန်လာချေ။
" ဟင် .. မင်းက "
နတ်ဆိုးမြေခွေးမှာ အံ့သြမှင်သက်သွား၏။
ထိုအချိန်မှာပင် လောထျန်းက နတ်ဆိုးမြေခွေး၏ လက်အား သူ့လက်ဖြင့် ဆွဲဆိတ်လိုက်သည်။
ဖျောင်း ..
နတ်ဆိုးမြေခွေး၏ လက်တစ်ဖက်မှာ ရုတ်ချည်း လိမ်ကောက်သွား၏။
" အား ... "
သူ့ထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် လောထျန်းက ခေါင်းကို ဖြည်းဖြည်းချင်း မော့၍ အမြီးခြောက်ချောင်း နတ်ဆိုးမြေခွေးအား ကြောက်မက်ဖွယ် အေးစက်စက် မျက်နှာထားဖြင့် ကြည့်လိုက်သည်။
" မင်းက တော်တော်ရွံစရာကောင်းတဲ ကောင်ပဲ ။ သေသွားဖို့ပဲ ထိုက်တန်တဲ့ကောင် ။ ဘယ်တော့မှ ထပ်မွေးမလာရင် အကောင်းဆုံးပဲ "
လောထျန်းက တစ်လုံးချင်း ပြော၏။
နတ်ဆိုးမြေခွေးမှာ လောထျန်းလက်မှ ထွက်ပြေးရန် အားကုန်သုံး၍ ကြိုးစားရုန်းလိုက်သည်။
သို့သော် .. တစ်ဖက်မှ လောထျန်းသည် သံမဏိဖြင့် ပြုလုပ်ထားသည့်အလား သူကြိုးစားသမျှ တစ်ခုမှ အရာမထင်ပါချေ။
လောထျန်း၏ အစွမ်းမှာ အလွန်အစွမ်းထက်လှပြီး ကြောက်မက်ဖွယ် အလွန်ကောင်းနေ၏။
ထိုအချိန်မှသာ သူ့ရှေ့တွင် ရှိနေသည့် လောထျန်းသည် သာမာန်ကျင့်ကြံသူတစ်ယောက် မဟုတ်မှန်း နတ်ဆိုးမြေခွေး သဘောပေါက်သွားရသည်။
ထိုလူ၏ အစွမ်းမှာ သူ့ထက် အဆများစွာပင် သာလွန်နေပေသည်။
" မင်း ..မင်းက ဘယ်သူလဲ "
နတ်ဆိုးမြေခွေးမှာ လောထျန်းကို ကြည့်ကာ ကြောက်လန့်တုန်လှုပ်နေ၏။
လောထျန်းက သူ့ကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်ကာ အေးစက်စက် ပြန်ပြောသည်။
" ငါဘယ်သူလဲ ဟုတ်လား .. ငါက မင်းကြောင့် နာကျင်သွားရတဲ့သူပဲ "
" ဟင် .. ငါက မင်းကို ဘယ်တုန်းက နာကျင်အောင် လုပ်လိုက်မိလို့လဲ ။ မင်းကို ငါ အခုမှ ပထမဆုံး တွေ့ဖုးတာလေ "
" မဟုတ်မှလွဲရော ..ဟိုနှစ်ယောက်က မင်းမိတ်ဆွေတွေများလား .. ။ ငါ သူတို့ကို ချက်ချင်း လွှတ်ပေးပါ့မယ်ကွာ ။ ကျေးဇူးပြုပြီး ငါ့ကို သွားခွင့်ပေးပါ "
နတ်ဆိုးမြေခွေးက တောင်းပန်ငိုယိုလိုက်သည်။
" ပါးစပ် ပိတ်ထားစမ်း "
လောထျန်းက ပါးစပ်ဟကာ ကျယ်လောင်စွာ အော်လိုက်၏။
ကြောက်မက်ဖွယ် ကောင်းလှသည့် သု့အော်သံကြောင့် နတ်ဆိုးမြေခွေးမှာ သတိမေ့ လဲကျလုမတတ်ပင် ဖြစ်သွားရသည်။
" မင်းကိုယ်မင်းလဲ ပြန်ကြည့်စမ်းပါဦး ။ နတ်ဆိုးမြေခွေးတစ်ကောင် ဖြစ်နေပြီးတော့ ...မရှက်ဘူးလား။တခြားသူတွေရဲ့ နတ်ဆိုးမြေခွေးတွေဆိုရင် ဆက်စီကျတာတို့ ၊ မဟုတ်ရင် ဘုရင်မတို့လို ပုံမျိုးတွေ ။ မင်းကျမှ ဘယ်လိုဖြစ်နေတာလဲ "
" ဆက်စီကျတာတို့၊ ဘုရင်မတို့ပုံမျိုး မဟုတ်ရင်လဲ ထားလိုက်ဦး ၊ငါ နားလည်နိုင်သေးတယ် ။ ဒါပေမယ့် အခုတော့ မင်းက အဝတ်အစားကိုတောင် ကောင်းကောင်းမွန်မွန် မဝတ်တတ်ဘူး "
" ကဲ ...အဝတ်အစားလဲ ကောင်းကောင်းမဝတ်တတ်လို့ ဆိုရင်လဲ ရသေးတယ် ၊ ငါ နားလည်ပေးလိုက်ဦးမယ်။ဒါပေမယ့် မင်းဟာက အဝေးကနေပြီးတော့ လူတွေကို လှည့်စားပြီး တခြားသူတစ်ယောက်လို မရှိတာကို အရှိထင်အောင် မြူဆွယ်နေတာ ။ မင်း လူဘယ်နှယောက်လောက်ရဲ့ ခံစားချက်တွေကို ပြိုကွဲအောင် လုပ်ပြီးသွားပြီလဲ "
" ကဲ .. မင်း သေသင့်သလား ၊ မသေသင့်ဘူးလား ငါ့ကို ပြောစမ်း "
လောထျန်းက မေးခွန်းထုတ်ကာ နတ်ဆိုးမြေခွေးအား ပါးရိုက်လိုက်သည်။
နတ်ဆိုးမြေခွေးသည် အစပိုင်းတွင် သူ့လျှို့ဝှက်စွမ်းရည်အချို့ကို သုံး၍ သူ့ခန္ဓာကိုယ်ကို ကာကွယ်ပြီး လောထျန်း၏ တိုက်ခိုက်မှုကို ခုခံရန် တွေးထားသေး၏။
သို့သော် .. လောထျန်းက တစ်ချက် ရိုက်လိုက်ရုံဖြင့်ပင် သု့ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်သည့် စွမ်းအင်များအားလုံးမှာ အဖျက်ဆီးခံလိုက်ရတော့သည်။
ထို့နောက်တွင်မူ တိုက်ခိုက်မှုအားလုံးကို သူ့ကိုယ်ဖြင့် ခုခံရန်သာ ရှိပေတော့သည်။
လောထျန်းက လေးငါးချက်မျှ ရိုက်ပြီးသွားသည့် အချိန်တွင်မူ သူ့မျက်နှာနှင့် ခေါင်းတစ်ခုလုံးမှာ ဖူးယောင်နေပြီး သူ့တစ်ကိုယ်လုံးလည်း တုန်ယင်နေတော့၏။
" ငါ တောင်းပန်ပါတယ်ကွာ ၊ ခုချက်ချင်း အင်္ကျီဝတ်လိုက်ပါ့မယ် "
နတ်ဆိုးမြေခွေးက မျက်နှာငယ်လေးဖြင့် တောင်းပန်လိုက်သည်။
လောထျန်းသည် နောက်ဆုံးမှသာ သူ့လက်ထဲမှ နတ်ဆိုးမြေခွေးကို လွှတ်ပေးလိုက်ပြီး မြေပြင်သို့ ပစ်ချလိုက်၏။
နတ်ဆိုးမြေခွေးမှာ တစ်စက္ကန့်မျှပင် အချိန်မဆွဲရဲဘဲ ချက်ချင်း အဝတ်အစားရှာကာ လဲလိုက်ပြီး လောထျန်းအား ကြောက်ကြောက်ရွံ့ရွံ့ ကြည့်လိုက်သည်။
" လောထျန်း .. "
ထိုအချိန်တွင် ရွှယ်လင်းလုံထံမှ စကားသံ ထွက်လာသည်။
လောထျန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။
" ဟိုကောင် .. သစ်ပင်ပေါ်က နှစ်ယောက်ကို အောက်ချပေးလိုက်စမ်း "
နတ်ဆိုးမြေခွေးမှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူ့အနီးတဝိုက်မှ သားရဲများဘက်သို့ ချက်ချင်းလှည့်၍ အော်လိုက်သည်။
" အောက်ချပေးကြစမ်း "
သားရဲများ အားလုံးမှာလည်း အကြောက်ကြီး ကြောက်နေကာ ချက်ချင်း အမိန့်နာခံလိုက်ကြ၏။
မကြာမီအချိန်မှာပင် သစ်ပင်ပေါ်မှ လူနှစ်ယောက် အောက်သို့ ရောက်လာကြသည်။
" ဒေါ်လေးဆရာ ၊ မမ "
သေလုမျောပါး ဖြစ်နေကြသည့် ထိုနှစ်ယောက်ကို ကြည့်ကာ ရွှယ်လင်းလုံထံမှ ဝမ်းပမ်းတနည်း ခေါ်သံ ထွက်လာ၏။ ထို့နောက် သူမက နတ်ဆိုးမြေခွေးအား ဒေါသတကြီး လှည့်ကြည့်လိုက်သည်။
သူမထံမှ ထိုသို့ အကြည့်ခံလိုက်ရသဖြင့် နတ်ဆိုးမြေခွေးမှာ တစ်ကိုယ်လုံး တုန်ယင်သွားပြန်၏။
သူသည် ရွှယ်လင်းလုံကို မကြောက်သော်လည်း လောထျန်းကိုမူ အလွန် ကြောက်ပါသည်။
ရွှယ်လင်းလုံနှင့် လောထျန်းတို့ကြားတွင် ထူးခြားသည့် ဆက်ဆံရေးမျိုး ရှိထားသည်မှာ သိသာလှပေရာ ..
အကယ်၍ ရွှယ်လင်းလုံကသာ လောထျန်းအား တစ်ခုခု ပြောလိုက်ပါက ၊ လောထျန်း ဒေါသထွက်သွားပြီး သူ့အား ထပ်တိုက်ခိုက်လာလျှင် မည်သို့ လုပ်ရပါမည်နည်း။
" မျိုးမစစ်ကောင်တွေ .. လူတွေကို ရိုက်ရမယ်လို့ မင်းတို့ကို ဘယ်သူက ပြောထားတာလဲ ။ ဒီအခြေအနေထိ ရောက်အောင်တောင် ရိုက်ရတယ်လို့ ။ မင်းတို့ကောင်တွေအားလုံးကို ခွင့်လွှတ်ပေးလို့ မဖြစ်တော့ဘူး "
နတ်ဆိုးမြေခွေးက သူ့လူများဘက် လှည့်ကာ လက်သီးလက်မောင်းတန်း၍ အော်လိုက်သည်။
သားရဲများအားလုံးမှာ အံ့သြမှင်သက်သွားကြ၏။
" အရှင်မင်းမြတ် .. အရှင်မင်းမြတ်ပဲ ကျုပ်တို့ကို လုပ်ခိုင်း ... "
သားရဲတစ်ကောင်က ကြောက်ကြောက်ရွံ့ရွံ့ စကားစလိုက်သည်။
သို့သော် သူ့စကား မဆုံးခင်မှာပင် နတ်ဆိုးမြေခွေးက သူ့အား အသေရိုက်သတ်လိုက်တော့၏။
" အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့ ။ ဒါတွေအားလုံးက မင်းအပြစ်တွေပဲ ..ခွေးကောင် ။ မင်းက သေချင်နေတာ "
သူက ထိုသို့ ဟန်ရေးပြပြီးနောက် ရွှယ်လင်းလုံဘက် လှည့်ကာ ပြောလိုက်သည်။
" မိန်းကလေး ၊ ကျုပ် တောင်းပန်ပါတယ် ။ ကျုပ်လက်အောက်က သားရဲတွေက မောက်မာပြီး ဦးနှောက်မဲ့ကြလို့ ခုလို ဖြစ်သွားရတာပါ ။ အခု ၊ဒီကောင်တွေကို ကျုပ် သင်ခန်းစာ ကောင်းကောင်းကြီး တစ် ခုပေးလိုက်ပြီ "
ရွှယ်လင်းလုံက သူ့အား အရူးတစ်ယောက်သဖွယ် ကြည့်လိုက်သည်။
နတ်ဆိုးမြေခွေးမှာ ထိုအကြည့်ကြောင့် ကြောက်သွားရပြန်ပြီး အနီးနားမှ နတ်ဆိုးသားရဲများအားလုံးကို ချက်ချင်း အော်လိုက်၏။
" ဒီလူတွေရဲ့ ဒဏ်ရာတွေကို ကုဖို့ ဆေးပင်တွေ သွားရှာကြစမ်း ။အကောင်းတကာ့ အကောင်းဆုံး ဆေးပင်တွေကိုပဲ လိုချင်တယ် ။ နားလည်လား "