ငါးရောင်ခြယ် နတ် ဆေးပင်
Vol. 12 Ch. 166
အနီးတဝိုက်မှ သားရဲများအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြပြီး ချက်ချင်း ပြေးထွက်သွားကြသည်။ ခဏအကြာတွင်မူ စိတ်စွမ်းအင်ဆေးပင်များ တပွေ့တပိုက်ဖြင့် ပြန်ရောက်လာကြ၏။
" ငါ့ကို မြန်မြန်ပေးစမ်း ။ ဒီ စိတ်စွမ်းအင်ဆေးပင်တွေက ဒဏ်ရာတွေကို ကုသဖို့ပါ "
နတ်ဆိုးမြေခွေးက သားရဲများထံမှ ဆေးပင်လက်တစ်ဆုပ်စာကို ခပ်မြန်မြန်ဆွဲယူကာ ရွှယ်လင်းလုံအား လက်နှစ်ဖက်ဖြင့် တရိုတသေ ပေးလိုက်သည်။
" ဒီ ဆေးပင်တွေကို သူတို့နှစ်ယောက်ကို ပေးလိုက်ပါ မိန်းကလေး "
နတ်ဆိုးမြေခွေးက တလေးတစား ဆက်ပြော၏။
ရွှယ်လင်းလုံက ထိုဆေးပင်များကို ယူကာ သေချာစစ်ဆေးကြည့်လိုက်သည်။ ထို့နောက် အဆိပ်မရှိမှန်း သေချာသွားမှသာ သူ့ဒေါ်လေးဆရာနှင့် အမတို့အား ပေးလိုက်၏။
ထိုဆေးပင်များမှာ အမှန်တွင်လည်း ဒဏ်ရာများကို ကုသရာ၌ အံ့သြစရာကောင်းလောက်အောင် ပင် အကျိုးရှိပါသည်။
ဆေးပင်များကို စားပြီးသွားသည်နှင့် အမျိုးသမီးနှစ်ယောက်၏ ကိုယ်ပေါ်မှ ဒဏ်ရာများက လျင်မြန်စွာ သက်သာလာကြ၏။
အစောပိုင်းတွင် အသက်ပင် အနိုင်နိုင်ရှုနေခဲ့ရသည့် အခြေအနေမှလည်း အချိန်တိုအတွင်း တိုးတက်လာသည်။
မကြာမီမှာပင် သူတို့နှစ်ဦး၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာကြသည်။
" လင်းလုံ "
ရွှယ်လင်းလုံ၏ ဒေါ်လေးမှာ ရွှယ်လင်းလုံအား မြင်လိုက်မှသာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။
သို့သော် ..ထိုအချိန်မှာပင် နတ်ဆိုးမြေခွေးကို တွေ့သွားကာ ချက်ချင်း ထထိုင်လိုက်သည်။
" ရှင် ..ရှင် .. "
သူမသည် နတ်ဆိုးမြေေခွေးအား လက်ညိုးတထိုးထိုးဖြင့် တုန်ယင်နေ၏။
နတ်ဆိုးမြေခွေးက ချက်ချင်း ပြုံး၍ ပြောလိုက်သည်။
" အမ် .. သခင်မကြီး ..ခုနက ကိစ္စက နားလည်မှုလွဲတာပါဗျာ ။ နားလည်မှုလွဲသွားတာပါ "
တစ်ဖက်အမျိုးသမီးက တစ်ခုခုပြောလာပြီး ၊လောထျန်း ထပ်မံတိုက်ခိုက်လာမည်ကို သူ အလွန်ကြောက်ရွံ့နေ၏။
ထိုအချိန်မှာပင် ရွှယ်လင်းလုံက အကျိုးအကြောင်းကို အတိုချုံ့၍ ရှင်းပြလိုက်သည်။
သူမစကားကို နားထောင်ပြီးသွားသည့်အခါ အမျိုးသမီးကြီး၏ မျက်နှာပေါ်တွင် အံ့သြတုန်လှုပ်မှုက အထင်းသား ပေါ်လာသည်။
သူမသည် လောထျန်းအကြောင်းကို ယခင်ကတည်းက ကြားဖူးထားပြီး ထျန့်ရှန့်သိုင်းပြိုင်ပွဲမှ လောထျန်း၏ လုပ်ဆောင်ချက်များကိုပါ သိထားကာ သူသည် အလွန်အစွမ်းထက်သူတစ်ယောက်မှန်းလည်း သိထားပြီး ဖြစ်ပါသည်။
သို့သော် ..ယခုလောက် အစွမ်းထက်နေလိမ့်မည်ဟုမူ ထင်မထားခဲ့ပါ။
တုကျဲ့အဆင့် ၈ ရှိသည့် အမြီးခြောက်ချောင်း နတ်ဆိုးမြေခွေးက လောထျန်း၏ အရိုက်ကို ခံခဲ့ရကာ ယခုအခြေနေ ဖြစ်နေရသည်တဲ့လား ။
" သခင်လေးလောထျန်းက ဘယ်မှာလဲ ။ ဒေါ်လေးကိုယ်တိုင် သူ့ကို ကျေးဇူးတင်ချင်တယ် "
သူမက ပြောလိုက်သည်။
" သူက ..ဟိုမှာ "
ရွှယ်လင်းလုံက လက်ညိုးညွှန်ပြ၏။
လောထျန်းမှာ ထိုအချိန်တွင် ရွှယ်လင်းလုံအနား၌ ရပ်နေပြီး စိတ်နဲ့ကိုယ် မကပ်ဟန် ရှိနေသည်။
နတ်ဆိုးမြေခွေးကြောင့် သူ စိတ်ထိခိုက်သွားခဲ့ရသည်မှာ သိသာပေသည်။
" သခင်လေးလောထျန်း ၊ ကျွန်မရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်မ အရိုအသေ ပြုပါရစေ "
အမျိုးသမီးကြီးက ခက်ခက်ခဲခဲ ထရပ်ကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။
" အာ ..ရပါတယ်ဗျာ ၊အသေးအမွှားကိစ္စလေးပါ ။ ခုလိုကြီး အရိုအသေပေးဖို့ မလိုပါဘူး "
လောထျန်းက သာမာန်ကာလျှံကာသာ ပြန်ပြော၏။
အမျိုးသမီးကြီးမှာခေတ္တမျှ ကြောင်အအ ဖြစ်သွားပြီးမှ ပြုံး၍ ပြောလိုက်သည်။
" ဟို .. သခင်လေးလောထျန်း ၊ ကျွန်မ တစ်ခုလောက် တောင်းဆိုလို့ ရမလား "
လောထျန်းက သူမအပြောကို ဆက်မစောင့်ပဲ ပြောလိုက်သည်။
" ခင်ဗျားက ဒီကို ခင်ဗျားတို့ ဂိုဏ်းချုပ်ကြီးအတွက် လိုအပ်တဲ့ စိတ်စွမ်းအင်ဆေးပင် ရှာဖို့ လာတာမဟုတ်လား ။ နတ်ဆိုးမြေခွေး ၊ အဲ့ဆေးပင်ကို သွားယူပေးလိုက် "
လောထျန်း၏ မျက်လုံးများမှာ နဆ်ဆိုးမြေခွေးကို ကြည့်နေစဥ်အတွင်းအမုန်းများဖြင့် ပြည့်နေသည်။
အမျိုးသမီးကြီးမှာ လောထျန်းက ထိုကိစ္စကို သိနေသည့်အတွက် အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။
သို့သော် သူမ ဘေးသို့ လှည့်ကြည့်လိုက်သောအခါ ရွှယ်လင်းလုံကို တွေ့သွားပြီး အားလုံးကို သဘောပေါက်သွားရ၏။
သူမရင်ထဲတွင်မူ ထိုသို့သော ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုကို အပြင်လူအား ပြောပြခဲ့သည့်အတွက် ရွှယ်လင်းလုံကို အပြစ်တင်ချင်သွားသည်။
သို့သော် ..လက်ရှိအခြေအနေတွင် ထိုစကားမျိုး ပြောရန် မလွယ်ပါချေ။
နတ်ဆိုးမြေခွေးမှာ လောထျန်းစကားကို ကြားသည်နှင့် အနည်းငယ်ပင် လျစ်လျူမရှုရဲဘဲ ချက်ချင်း ခေါင်းညိတ်၏။
" ဟုတ်ကဲ့ ၊ ဘယ်လိုဆေးပင်မျိုး လိုအပ်ပါသလဲ "
အမျိုးသမီးကြီးက ပြောလိုက်သည်။
" ငါးရောင်ခြယ် နတ်ဆေးပင်ပါ "
နတ်ဆိုးမြေခွေးမှာ ထိုစကားကြောင့် အံ့သြမှင်သက်သွားပြီး ပြောလာ၏
" ဒီ ဆေးပင်က .... "
လောထျန်းက သူ့ကို မျက်မှောင်ကြုံ့ကြည့်ကာ မေးလိုက်သည်။
" ဘာလဲ ၊ ပြဿနာရှိလို့လား "
နတ်ဆိုးမြေခွေးမှာ လောထျန်းအကြည့်ကို မြင်သည်နှင့် တစ်ကိုယ်လုံး တုန်ယင်သွားပြီး အကြောက်အကန် ငြင်းလိုက်သည်။
" မရှိပါဘူးဗျာ ၊ မရှိပါဘူး ။ ဟိုကောင်တွေ .. ငါးရောင်ခြယ် နတ်ဆေးပင် ချက်ချင်း သွားယူကြစမ်း "
ဤသို့ဖြင့် အချိန်အတန်ငယ် အတွင်းမှာပင် နတ်ဆိုးသားရဲတစ်ကောင် ပြန်ရောက်လာပြီး သူတို့အနီးသို့ ဖြည်းဖြည်းချင်း ချဥ်းကပ်လာ၏။ သူ့လက်ထဲတွင်မူ ငါးရောင်ခြယ်အလင်းတန်းနှင့် မှော်ဆေးပင်တစ်ပင် ပါလာသည်။
နတ်ဆိုးမြေခွေးမှာ ၎င်းကို ကြည့်ကာ စိတ်ဆင်းရဲသွား၏။
ထိုမှော်ဆေးပင်မှာ အလွန်အဖိုးတန်လှသည့် ဆေးပင်တစ်ပင် ဖြစ်ပါသွည်။
အစပိုင်းတွင် သူသည် တုကျဲ့အဆင့် ၉ ရောက်သည့်အချိန်၌ ထိုဆေးပင်ကို စားရန် စီစဥ်ထားခဲ့သေး၏။
သို့သော် .. ယခုတွင်မူ ၎င်းက အခြားသူများ၏ လက်ထဲသို့သာ ရောက်ရပေတော့မည်။
အမျိုးသမီးကြီးမှာ ငါးရောင်ခြယ် နတ်ဆေးပင်ကို မြင်သည်နှင့် မျက်လုံးများ အရောင်လက်သွားသည်။
" နတ်ဆိုးဘုရင်က ဒီဆေးပင်ကိုတောင် ယူပေးခဲ့တာဆိုတော့ ကျွန်မတို့ကြားက ပြဿနာကို ကြေအေးလိုက်ကြတာပေါ့ရှင် "
သူမက ဆိုလိုက်သည်။
ထိုစကားကို ကြားမှသာ နတ်ဆိုးမြေခွေး စိတ်သက်သာရာရပြီး သက်ပြင်းချနိုင်သွား၏။
" ကောင်းတာပေါ့ဗျာ ။ ခုချိန်က စပြီးတော့ ဖြစ်ခဲ့တဲ့ကိစ္စတွေကို အတိတ်မှာပဲ ထားပြီး မိတ်ဆွေအဖြစ်နဲ့ ရှေ့ဆက်ကြတာပေါ့ "
သူ ပြန်ပြောလိုက်သည်။
လက်ရှိတွင် သူ့အသက် ဘေးကင်းလုံခြုံရန်သာ အရေးကြီးဆုံးမဟုတ်ပါလား ။
အမျိုးသမီးကြီးကလည်း သဘောတူစွာ ခေါင်းညိတ်၏။
ထို့နောက် သူမက လောထျန်းကိုကြည့်ကာ ပြောလိုက်သည်။
" သခင်လေးလောထျန်း ၊ သခင်လေးရဲ့ ကြင်နာတတ်တဲ့ စိတ်ထားအတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင် ။ ဆုမီတောင် ပြန်ပိတ်သွားတဲ့အခါကျရင် ကျွန်မတို့ရဲ့ ကျီရွှယ်နန်းတော်ကို လာခဲ့ဖို့လဲ ဖိတ်ခေါ်ပါတယ် ။ အဲ့ကျရင် ဂိုဏ်းချုပ်ကြီးလဲ သခင်လေးကို ကျေးဇူးတင်စကား ပြောချင်နေမှာ "
လောထျန်းက ခေတ္တမျှ စဥ်းစားကာ ခေါင်းညိတ်လိုက်သည်။
" ကျုပ် အချိန်ရရင် လာခဲ့ပါ့မယ် ။ ဒါနဲ့ အခု ခင်ဗျားတို့ ဘာဆက်လုပ်ကြမှာလဲ "
အမျိုးသမီးကြီးက ပြန်ဖြေ၏။
" ကျွန်မတို့ ဆုမီတောင်ကို လာခဲ့ရတဲ့ အဓိက ရည်ရွယ်ချက်က ဒီဆေးပင်ကို ရှာဖို့ပဲ ။ အခု ဆေးပင်လဲ ရသွားပြီဆိုတော့ တခြားဘာမှ ထွေထွေထူးထူး မရှိတော့ဘူး "
" အင်း .. ဒီနှစ်ယောက်နဲ့အတူ ဆုမီတောင် ခြေရင်းမှာပဲ ခဏသွားနေပြီး အကန့်အသတ်တွေ အကုန် ဖယ်ရှားပေးတဲ့အထိ စောင့်နေတာပဲ ကောင်းမယ်ထင်တယ် ။ တကယ်လို့ အဲ့မှာ အခွင့်ကောင်းမျိုးနဲ့ ကြုံလာရင်တော့ အကာင်းဆုံးပေါ့ ။ ဒါပေမယ့် မကြုံလာရင်လဲ အရမ်းကြီးတော့ ပြဿနာမရှိပါဘူး ။ နောက် ဆုမီတောင် ပိတ်သွားမှ ဂိုဏ်းကို ပြန်ကြမယ် "
သူမ၏ စကားဆုံးသောအခါ လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပါတယ်ဗျာ "
ရွှယ်လင်းလုံက ရုတ်တရက် မေးလာ၏။
" လောထျန်း ၊ ရှင်ကရော အခုဘယ်ကိုသွားမှာလဲ "
လောထျန်းက အဝေးသို့ လှမ်းမျှော်ကြည့်ကာ ပြန်ဖြေသည်။
" ကျုပ်က အဝါရောင် ရေပူစမ်းပင်လယ်ကို အရင်သွားမလို့ ။ ပြီးမှပဲ ဆုမီတောင်ကို သွားမှာ "
" အဝါရောင် ရေပူစမ်းပင်လယ် .. "
ထိုစကားကို ကြားသည်နှင့် အမျိုးသမီးကြီးသာမက အနီးနားတဝိုက်တွင် ရှိနေကြသည့် သားရဲအပေါင်းပါ လန့်သွားကြသည်။
လောထျန်းက အားလုံး ဖြစ်သွားကြသည့် မျက်နှာကို ကြည့်ကာ တအံ့တသြ မေးလိုက်သည်။
" ဘာလို့လဲ .. ပြဿနာတစ်ခုခု ရှိလို့လား "
အမျိုးသမီးကြီးက ပြောလိုက်သည်။
" ကျွန်မ ကြားတာတော့ အဝါရောင် ရေပူစမ်းပင်လယ်က အရမ်းကို အန္တရာယ်များတဲ့ နေရာတစ်ခုပဲတဲ့ ။ သားရဲတစ်သောင်းလွင်ပြင်ထက်တောင် ပိုအန္တရာယ်များတယ်လို့ ပြောကြတယ် ။ သခင်လေးလောထျန်း အဲ့ကိုသွားချင်တာ သေချာရဲ့လား "
လောထျန်းက ခေါင်းညိတ်ကာ ပြန်ပြော၏။
" ကျုပ် အဲ့ကို သွားမှဖြစ်မှာ "
သူ့စကားကြောင့် အမျိုးသမီးကြီး သက်ပြင်းချလိုက်သည်။
" အဲ့လိုဆိုတော့လဲ ကျွန်မ စကားတွေအများကြီး မပြောတော့ပါဘူး ။ သခင်လေး လောထျန်း ဘေးအန္တရာယ်ကင်းပါစေလို့ ဆုတောင်းပေးပါတယ် "
လောထျန်းက အပြုံးဖြင့် ပြန်ပြောသည်။
" ကျေးဇူးတင်ပါတယ် "
ထိုစဥ် အမျိုးသမီးကြီးဘေးတွင် ရှိနေသည့် ရွှယ်လင်းလုံက ရုတ်တရက် ပြောလာ၏။
" ကျွန်မလဲ ရှင်နဲ့အတူ လိုက်ခဲ့မယ် "
အားလုံးက သူမကို အံ့သြတကြီး ကြည့်လိုက်ကြသည်။
အမျိုးသမီးကြီးက မျက်မှောင်ကြုံ့၍ ပြော၏။
" မဖြစ်ဘူး ၊ အဝါရောင်ရေပူစမ်းပင်လယ်က အန္တရာယ်များလွန်းတယ် ။ နင် လိုက်သွားရင် သခင်လေးလောထျန်းအတွက် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေမှာ "
ရွှယ်လင်းလုံမှာ တစ်ခုခု ပြောချင်နေသေးသော်လည်း မည်သို့မှ မပြောနိုင်လဲ ခေါင်းလေးသာ ငုံ့သွားရသည်။
ထိုစဥ် တစ်ဖက်မှ လောထျန်းက ပြုံး၍ ပြောလာ၏။
" ကဲ .. ကျုပ်တို့တွေ ဒီမှာ အကြာကြီး ဆက်မနေသင့်ဘူး။ ခင်ဗျားတို့က ဆုမီတောင်ခြေကို အရင်သွားလိုက်ကြပါ ။ အဲ့မှာက ပိုလုံခြုံလိမ့်မယ် "
" ကောင်းပါပြီ ၊ ဒါတို ကျွန်မတို့ကို အရင်သွားခွင့်ပြုပါဦး။ သခင်လေးလောထျန်း ၊ သေချာဂရုစိုက်ပါရှင် "
အမျိုးသမီးကြီးက နှုတ်ဆက်စကားဆိုလိုက်သည်။
ထို့နောက်တွင်မူ ရွှယ်လင်းလုံ၏ အကူအညီနှင့်အတူ သူမတို့သုံးယောက် ဆုမီတောင်ခြေသို့ ဖြည်းဖြည်းချင်း လျှောက်သွားကြ၏။
ရွှယ်လင်းလုံမှာ ခြေလှမ်းအနည်းငယ် လှမ်းပြီးတိုင်း လောထျန်းရှိနေသည့် အနောက်ဘက်သို့ လှည့်ကြည့်လာသည်။
သူမဘေးမှ အမျိုးသမီးကြီးမှာ ထိုအခြင်းအရာကို ကြည့်ကာ ရင်ထဲမှ သက်ပြင်းခိုးချလိုက်၏။
" ရွှယ်လင်းလုံ "
" ရှင် .. ဒေါ်လေးဆရာ "
" ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ ဆရာတွေရဲ့ လမ်းညွှန်မှုတွေကို မမေ့နဲ့နော် "
အမျိုးသမီးကြီးက ပြောလိုက်သည်။
ရွှယ်လင်းလုံ ဇက်ပုသွားကာ ခေါင်းလေး ငုံ့သွားသည်။
" ဟုတ်ကဲ့ .. ကျွန်မ သဘောပေါက်ပါတယ် "
အမျိုးသမီးကြီးက သူမကို စိတ်မကောင်းဟန်ဖြင့် ကြည့်ကာ ခေါင်းယမ်း၍ ဆက်ပြောသည်။
" ဒေါ်လေးက မင်းကို အချစ်အကြောင်း မစဥ်းစားစေချင်တာ မဟုတ်ဘူး။ ဒါပေမယ့် .. မင်းရဲ့ အရည်အချင်းနဲ့ ခန္ဓာကိုယ်အစွမ်းတွေက ထူးခြားလွန်းလို့ ပြောနေရတာကွဲ့ ။ ကျီရွှယ်နန်းတော်မှာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်အတွင်း ပြီးပြည့်စုံအောင် ကျင့်ကြံဖို့ အခွင့်အရေး ရခဲ့ကြတဲ့သူဆိုလို့ သမီးက ၂ ယောက်မြောက်ပဲ ။အဲ့မတိုင်ခင်တော့ ဘယ်စည်းကိုမှ ကျော်လို့မဖြစ်ဘူး။ စည်းပေါ်ကို ခြေလှမ်းတစ်လှမ်းတောင် လှမ်းလို့ မရဘူးကွယ် "
ရွှယ်လင်းလုံ၏ မျက်နှာလေး အနည်းငယ် နီသွားကာ ခေါင်းညိတ်လိုက်သည်။
" ဟုတ်ကဲ့ပါ "
ထိုစဥ် အခြားတစ်ဖက်ရှိ ဂုသင်္ချိုင်းကြီးရှေ့၌...
ရွှယ်လင်းလုံနှင့် အခြားသူများ ထွက်သွားပြီးနောက် နတ်ဆိုးမြေခွေးက လောထျန်းကို သတိထားကြည့်ကာ ပြောလိုက်သည်။
" သခင်လေး ၊ ကျေးဇူးပြုပြီး ဂရုစိုက်သွားပါ "
လောထျန်းက နတ်ဆိုးမြေခွေးဘက်သို့ လှည့်၍ စိုက်ကြည့်လိုက်သည်။ သူ့ရင်ထဲတွင် ဒေါသလှိုင်းများ လိမ့်တက်လာပြီး နတ်ဆိုးမြေခွေးအား အသေရိုက်သတ်ပစ်ချင်စိတ် ပေါက်လာပြန်၏။
" ငါ့ကို အဝါရောင်ရေပူစမ်းပင်လယ်ကို လိုက်ပို့စမ်း "
လောထျန်းက အေးစက်စက် ပြောလိုက်သည်။
(လောထျန်း ဘာလို့ စိတ်ဆိုးနေတာကို စာဖတ်သူတွေ နားမလည်တာဖြစ်မှာစိုးလို့ ရှင်းပြပါရစေ။ အမြီးကိုးချောင်းမြေခွေးမျိုးနွယ်တွေက နတ်သမီးရှုံးအောင်လှကြပြီး ရမ္မက်လည်းကြီးကြပါတယ်။ တရုတ်သမိုင်းမှာ နာမည်ကျော် အမြီးကိုးချောင်းမြေခွေး တချီဟာ အင်မတန်မှာကို ချောမောလွန်းလှတာကြောင့် မြင်သူတိုင်းက ချစ်မြတ်နိုးကြပါတယ်။ ခုလည်း အမြီးခြောက်ချောင်းမြေခွေးဆိုတော့ အရမ်းချောတဲ့ စော်လေးကို တွေ့ရမယ်လို့ သူက ထင်ခဲ့မိတာပါ။ အထင်နဲ့အမြင်မှားပြီး ကြေကွဲသွားရတော့တာပါပဲ)