အစိမ်းရောင် အမွေးများနှင့် ခြင်္သေ့
Vol. 12 Ch. 167
" အဝါရောင် ရေပူစမ်း ပင်လယ်ကို လိုက်ပို့ရမှာ .."
သူ့စကားကို ကြားသည်နှင့် နတ်ဆိုးမြေခွေးမှာ တွန့်ဆုတ်ဆုတ် ဖြစ်သွားသည်။
သို့သော် လောထျန်း၏ အေးစက်စက်အကြည့်ကြောင့် မည်သို့မှ မတတ်နိုင်ဘဲ ခေါင်းညိတ်၍သာ သဘောတူလိုက်ရ၏။
ထို့နောက်တွင်မူ သူ့အသွင်အမှန်ဖြစ်သည့် အမြီးခြောက်ချောင်း မြေခွေးနီတစ်ကောင်အဖြစ် အသွင်ပြောင်းကာ လောထျန်းကို ကျောပေါ်တင်၍ အဝါရောင် ရေပူစမ်းပင်လယ်ဆီသို့ ဦးတည် ခရီးနှင်လိုက်သည်။
သူ့ကျောပေါ်တွင် ထိုင်နေသည့် လောထျန်းက အဝေးတစ်နေရာသို့ လှမ်းကြည့်ကာ မေး၏။
" အမြီးခြောက်ချောင်း ၊ မင်းက အဝါရောင် ရေပူစမ်းကို သွားဖို့ ဘာလို့အဲ့လောက် တွန့်ဆုတ်နေရတာလဲ။ အဲ့နေရာက ဘယ်လို အန္တရာယ်မျိုး ရှိတာမို့လဲ "
နတ်ဆိုးမြေခွေးက အောင့်သက်သက်ပြုံးကာ ပြန်ပြောသည်။
" သခင်လေး .. အမှန်အတိုင်း ပြောရရင်တော့ ကျုပ်လဲ မသိဘူးဗျ "
" ဟင် .. မင်း မသိဘူး "
လောထျန်း အံ့အားသင့်သွားရသည်။
ထိုနတ်ဆိုးမြေခွေးမှာ ဤနေရာမှ နဆ်ဆိုးလုရင်တစ်ပါး ဖြစ်ပါသည်။ ဆုမီတောင်ရှိသည့် ဤကမ္ဘာငယ်သည် အလွန်ကြီးမားကျယ်ပြန့်သည် မှန်သော်ငြား တုကျဲ့အဆင့် ၈ ကျင့်ကြံခြင်း ရှိသည့် နတ်ဆိုးသားရဲတစ်ကောင်အတွက် ကြီးမားလွန်းသည်ဟု မဆိုသာပါ ။
ထိုစဥ် လောထျန်းက သူ့စကားအား မယုံနိုင်ဟန် ဖြစ်နေသည်ကို နတ်ဆိုးမြေခွေး ၊ လျိုဝေ့ တွေ့သွားကာ ရုတ်ချည်း ထိတ်လန့်သွားပြီး ပြော၏။
" သခင်လေး .. ကျုပ် လိမ်ပြောနေတာ မဟုတ်ပါဘူးဗျာ။ တကယ်ကို မသိတာပါ။ ပြီးတော့ အဝါရောင်ရေပူစမ်း ပင်လယ်က ကျုပ်တို့သားရဲတွေအတွက် တားမြစ်နယ်မြေတစ်ခုဗျ "
" ကျုပ်ငယ်ငယ်ကတော့ အဲ့ဒီနေရာနဲ့ ပတ်သက်တဲ့ဒဏ္ဍာရီတွေ အများကြီးကို ကျုပ်တို့ မျိုးနွယ်စုက အကြီးအကဲတွေဆီကနေ တဆင့်ကြားဖူးတယ်။ တချို့သားရဲတွေ ပြောတာတော့ အဝါရောင် ရေပူစမ်းပင်လယ်မှာ ထာဝရအသက်ရဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားတယ်တဲ့ ။ တချို့ကလဲ အဲ့နေရာက မသေမျိုးတွေရဲ့ သင်္ချိုင်းဂူလို့ ပြောကြတယ် ။ တချို့ကျတော့ အဲ့ဒီအောက်မှာ ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်စီးနိုင်စွမ်းရှိတဲ့ နတ်ဆိုးတစ်ကောင်ကို မြှုပ်နှံထားတယ်လို့လဲ ပြောကြတယ် "
" ဒါပေမယ့် ဘယ်ဟာက အမှန်လဲ ဆိုတာကိုတော့ ကျုပ် တကယ် မသိဘူး။ကျုပ်သိတာ တစ်ခုကတော့ အဲ့ဒီ အဝါရောင်ရေပူစမ်းပင်လယ်မှာ ထူးဆန်းတဲ့ အရာတွေ ဖြစ်တယ်ဆိုတာပဲ ။ ပြီးတော့ အဲ့ပင်လယ်ကမ်းစပ်မှာတောင် သားရဲတွေ ဘာအကြောင်းကြောင့်မှန်း မသိရဘဲ မကြာခဏ သေသွားတတ်ကြတယ် "
" အဲဒီပင်လယ်ရဲ့ ရေနက်ထဲကိုတော့ သက်တမ်းကုန်ခါနီး နတ်ဆိုးတွေကပဲ ကံစမ်းတဲ့အနေနဲ့ တစ်ခါတလေ သွားတတ်ကြတာဗျ ။ ဒါပေမယ့် ဘယ်သူမှတော့ အသက်ရှင်ရက် ပြန်ထွက်မလာနိုင်ကြဘူး "
နတ်ဆိုးမြေခွေး၏ ပြောစကားများကို နားထောင်ပြီးနောက် လောထျန်း အလွန်အံ့အားသင့်သွားရ၏။
အဝါရောင်ရေပူစမ်းပင်လယ်တွင် ထိုသို့သော လျှို့ဝှက်ချက်မျိုး ရှိနေလိမါ့မည်ဟု သူ ထင်မထားခဲ့ပါ ။
" ဒါဆို ၊ ဆုမီတောင်ကရော .. ။ အဲ့တောင်ပေါ်မှာရော ဘယ်လို လျှို့ဝှက်ချက်မျိုးတွေ ရှိလဲ "
လောထျန်းက သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
" ဆုမီတောင်လား .. ကျုပ် မသိဘူးဗျ "
နတ်ဆိုးမြေခွေးက ပြန်ဖြေ၏။
လောထျန်း၏ မျက်နှာ ချက်ချင်း သုန်မှုန်သွားသည်။
နတ်ဆိုးမြေခွေးက ဘာကိုမှ မသိသည့်အတွက် သူအနည်းငယ် ဒေါသထွက်သွား၏။
နတ်ဆိုးမြေခွေးမှာလည်း ပုံမှန်မဟုတ်သည့် အခြေအနေကို သတိထားမိသွားသဖြင့် အသည်းအသန် ရှင်းပြရှာသည်။
" ကျုပ် တကယ်ကို မသိတာပါဗျာ ။ကျုပ်တို့ နတ်ဆိုးတစ်သောင်းလွင်ပြင်က နတ်ဆိုးသားရဲတွေက ဆုမီတောင်ကို မွေးကတည်းက တက်လို့မရတာဗျ ။ ကျုပ်တို့တွေ နှစ်တိုင်း တောင်နားကို ကပ်ဖို့ ကြိုးစားကြပေမယ့် အမြဲတမ်း မမြင်ရတဲ့အစွမ်းတစ်ခုကနေ တည်နေရာရွှေ့ပြောင်းတာကို ခံရပြီးတော့နတ်ဆိုးတစ်သောင်းလွင်ပြင်ကိုပဲ ပြန်ရောက်လာကြတာ "
" ဒါတင်မကသေးဘူး ၊ ကျုပ်တို့တွေက ဒီကနေ နေရာရွှေ့ချင်ရင်တောင် ရွှေ့လို့မရပါဘူးဗျာ။ ဆိုတော့ ကျုပ်တို့မှာ ဘဝသက်တမ်းတစ်လျှောက်လုံး နတ်ဆိုးတစ်သောင်းလွင်ပြင်ကနေ ငေးကြည့်ရုံပဲ တတ်နိုင်တာ "
လောထျန်း အနည်းငယ် အံ့အားသင့်သွားရပြန်သည်။
ဤကမ္ဘာငယ်တွင် လျှို့ဝှက်ချက်များ များလှပါတကား ..
လောထျန်း ထိုသို့ တွေးနေစဥ်မှာပင် နတ်ဆိုးမြေခွေးက အသည်းအသန် ပြေးလွှားနေရာမှ ရပ်တရက် ရပ်လိုက်၏။
" သခင်လေး .. ကျုပ်တို့ ဒီလမ်းကနေ ရှေ့ဆက်သွားလို့ မရဘူး။ တခြားဘက်ကပဲ လှည့်ပြီးသွားကြတာပေါ့ "
လောထျန်း အံ့အားသင့်သွားကာ ရှေ့သို့ လှမ်းကြည့်လိုက်သည်။ သူတို့ရှေ့တွင်မူ မည်သည့် အတားအဆီးမှ ရှိမနေဘဲ အပင်များ ပေါများစွာ ပေါက်ရောက်နေသည့် ကွင်းပြင်တစ်ခုသာ ရှိနေ၏။
သူ မျက်မှောင်ကြုံ့သွားကာ မေးလိုက်သည်။
" ဘာလို့ ရှေ့ဆက်သွားလို့ မရတာလဲ "
နတ်ဆိုးမြေခွေးက ပြန်ဖြေသည်။
" ရေ့က အမွေးစိမ်း ခြင်္သေ့ဘုရင် ရဲ့ ပိုင်နက်ပဲဗျ ။ ကျုပ်နဲ့ သူနဲ့ အရင်တည်းက ပြဿနာတွေ တက်ထားဖူးတာမို့ သူ့ပိုင်နက်ထဲကို သွားလိုက်ရင် မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်သွားမှာ စိုးလို့ပါ "
လောထျန်းက မျက်မှောင်ကြုံ့လျက် ဆက်မေး၏။
" ဒီနေရာကို ကွင်းပြီးသွားရင် အချိန်ဘယ်လောက် ထပ်ကြာမှာလဲ "
နတ်ဆိုးမြေခွေးက အချိန်ယူတွက်ချက်ပြီး ပြန်ဖြေသည်။
" တစ်နာရီလောက်ပဲ ကြာမှာဗျ "
လောထျန်းက ချက်ချင်း ခေါင်းယမ်းကာ ပြောလိုက်သည်။
" တစ်နာရီက ကြာလွန်းတယ်။ ငါ့မှာ အဲ့လောက် အချိန်မရှိဘူး "
" ဒါဆို .. ဘယ်လိုလုပ်စေချင်လဲ သခင်လေး "
နတ်ဆိုးမြေခွေးက ပြန်မေး၏။
" ဒီတိုင်း တည့်တည့်သာ သွားလိုက်။ ဖြစ်လာတဲ့ကိစ္စတွေ ငါ အကုန်ရှင်းမယ် "
လောထျန်း၏ စကားကို ကြားသောအခါ နတ်ဆိုးမြေခွေးက အလွန်ပျော်သွားဟန်ဖြင့် ပြန်ပြောသည်။
" သခင်လေးရ့ ဆန္ဒအတိုင်း ဖြစ်စေရပါမယ် "
ထို့နောက် သူက ချက်ချင်းပင် အမြန်ဆုံးနှုန်းဖြင့် ရှေ့သို့ ပျံသန်းသွားလိုက်သည်။
ထိုစဥ် .. ဂူတစ်ခုအတွင်း၌ ..
အစိမ်းရောင် အမွေးများနှင့် ခြင်္သေ့တစ်ကောင်က စပျစ်ရည်တစ်ခွက်ကို အိပ်ရင်း သောက်နေ၏။ သူ့ဘေးပတ်ပတ်လည်တွင်လည်း မရေမတွက်နိုင်အောင် များလှသည့် စိတ်စွမ်းအင်ဆေးပင်များ ရှိနေကြသည်။
ထို့နောက် .. သူ့မျက်လုံးများ ရုတ်တရက် ပွင့်လာကာ ဂူအပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။
" ဒေါင်းဇားမြေခွေးကောင်ပါလား ၊ ဒီကောင်က ဘာအချိုးချိုးတာလဲ ။ ဆုမီတောင် ဖွင့်တဲ့အချိန်မှာ မိုက်မိုက်ကန်းကန်း ကိစ္စမျိုးတွေ မလုပ်ဖို့ သဘောတူထားရဲ့သားနဲ့ ။ အခု ဒီကောင်က ငါ့ပိုင်နက်ထဲကို ပျော်ပျော်ရွှင်ရွှင်ပုံနဲ့တောင် လာလိုက်သေးတယ် ။ ဒါ ..ငါ့စကားကို အလေးမထားဘူး ဆိုတဲ့ အဓိပ္ပါယ်ပဲ "
ဝုန်း ..
မြေနိုးလေး မင်းအသေပဲ
ကျယ်လောင်သော အသံတစ်သံနှင့်အတူ အစောက သူ အိပ်ရင်း သောက်နေခဲ့သည့် ကျောက်ပြားမှာ ကျိုးကြေသွားတော့သည်။
သူ့ကိုယ်ကြီးကလည်း ဂူအပြင်သို့ တဟုန်ထိုး ရောက်လာသည်။
" ဟိုမှာပဲ "
အမွေးစိမ်း ခြင်္သေ့ဘုရင်သည် အဝေးမှပင် နတ်ဆိုးမြေခွေး၏ အနံ့ကို အာရံခံမိသွားပြီး ကျယ်လောင်စွာ ဟိန်းလိုက်သည်။
မကြာမီမှာပင် လောထျန်းနှင့် နတ်ဆိုးမြေခွေးတို့ အနှောင့်ယှက် ခံလိုက်ရတော့၏။
' အမြီးခြောက်ချောင်းကောင် ၊ မင်းက ဒီတစ်ခေါက် ငါ့ပိုင်နက်ထဲကို ဘာကိစ္စနဲ့ လာခဲ့ရတာလဲ ။ မင်း သေချင်နေတာလား "
အမွေးစိမ်း ခြင်္သေ့ဘုရင်က အဝေးမှ လှမ်းအော်လိုက်သည်။ သူ့အာ်သံမှာ မိုးချုန်းသံကြီးအလား ကျယ်လောင်လှ၏။
နတ်ဆိုးမြေခွေးက မျက်မှောင်ကြုံ့ကာ ပြန်ပြောလိုက်သည်။
" ခြင်္သေ့ ၊ ငါ့လမ်းကို မပိတ်ထားနဲ့ ။ငါကရော မင်းပိုင်နက်ထဲကို လာချင်တယ် ထင်လို့လား ။ အခု ငါက ဒီသခင်ကြီး သွားချင်တဲ့နေရာကို လိုက်ပို့နေတာကွ "
" သခင်ကြီး .. "
သူ့စကားကြောင့် ခြင်္သေ့ကြီး အံ့သြသွားရ၏။ ထိုအချိန်မှသာ နတ်ဆိုးမြေခွေး၏ ကျောပေါ်တွင် ရှိနေသော လောထျန်းအား သူ သတိထားမိသွားသည်။
ထို့နောက် သူက လောထျန်းအား ခေါင်းစ ခြေဆုံး သေချာကြည့်ကာ လှောင်ပြုံးဖြင့် ပြော၏။
" မြေခွေးကောင်၊ မင်းက တော်တော်သုံးစားမရတဲ့ကောင်ပဲ ။ မင်းက အစွမ်းနိမ့်မှန်း ငါ အစောကတည်းကတော့ သိပြီးသားပါ။ ဒါပေမယ့် ခုလို လူသားတစ်ယောက်ရဲ့ စီးတော်ယာဥ် ဖြစ်လာတဲ့အထိ အစွမ်းနိမ့်နေလိမ့်မယ်လို့တော့ ငါ မထင်ထားခဲ့ဘူး "
" ပြီးတော့ မင်းကျောပေါ်က ဆံပင်ဝါဝါနဲ့ လူသားကောင်လေးက အခုမှ စိတ်စွမ်းအင်စုဆောင်းခြင်းအဆင့်မှာပဲ ရှိသေးတယ်။ မင်းက နတ်ဆိုးတစ်သောင်းလွင်ပြင်က ငါတို့ နတ်ဆိုးမျိုးနွယ်စုကို အရှက်ခွဲနေတာပဲ "
သူတို့ နတ်ဆိုးမျိုးနွယ်၏ မျက်လုံးထဲတွင်မူ နတ်ဆိုးတစ်ကောင်သည် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်၏ စီးတော်ယာဥ် ဖြစ်လာခြင်းကပင် လက်ခံရန် ခက်ခဲနေပြီဖြစ်သည်။
သို့သော် .. အစွမ်းနိမ့်သူတစ်ယောက်၏ စီးတော်ယာဥ် ဖြစ်လာလျှင်မူ သူတို့ မျိုးနွယ်စုတစ်ခုလုံးအတွက် အမှန်တကယ် အရှက်ရစရာကြီးပင် ။
၎င်းမှာ အိမ်မွေးတိရိစ္ဆာန်တစ်ကောင် နှင့် ဘာခြားတော့မည်နည်း။
ထိုစဥ်.. .နတ်ဆိုးမြေခွေး၏ မျက်လုံးများ ဒေါသကြောင့် အရောင်လက်သွားကာ အေးစက်စက် ပြန်ပြော၏။
" ခြင်္သေ့ကောင် ၊ အဓိပ္ပါယ်မရှိတဲ့ စကားတွေ ဆက်မပြောနဲ့ ။ ဒီ သခင်လေးက ဘယ်လောက်အစွမ်းထက်လဲဆိုတာ မင်း မသိဘူးနော် "
ခြင်္သေ့က သူ့ကိုကြည့်ကာ လှောင်ပြုံးဖြင့် ပြောသည်။
" ဘာကွ .. မင်းက အခုထိ ကိုယ့်ကိုကိုယ် ကာကွယ်ချင်သေးတယ်ပေါ့လေ ။ မင်းလူက အစွမ်းထက်တယ် .. ဟုတ်လား ။ သုက ဘယ်လောက်အစွမ်းထက်နိုင်မှာ မို့လို့လဲ ။ မင်းက ငါ့ကို အကန်းများ ထင်နေတာလား "
မြေခွေးနတ်ဆိုးကလည်း အေးစက်စက် ပြန်ချေပ၏။
" မင်းက တကယ်လဲ ကန်းနေတာပဲ "
ခြင်္သေ့၏ မျက်လုံးများတွင် အေးစက်စက်အလင်းတန်းတစ်ခု လင်းလက်သွားသည်။
" ဟား ဟား .. မင်းက သူ့ကို အစွမ်းထက်တယ်လို့ ပြောနေမှတော့ မင်း ကြည့်ရအောင်လို့ ဒီကောင့်ကို ငါ့လက်ချည်းသက်သက်နဲ့ကို သတ်ပြဦးမယ် "
ဝုန်း ..
ခြင်္သေ့က ထိုသို့ပြောပြီးနောက် လေထဲသို့ ပျံတက်ကာ လောထျန်းအား လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်ရန် ကြိုးစားလိုက်၏။
လောထျန်းကမူ နတ်ဆိုးမြေခွေး၏ ကျောပေါ်တွင်သာ အေးအေးလူလူ ထိုင်နေပြီး ခြင်္သေ့ကို မော့ကြည့်နေသည်။ ထို့နောက် သူ့ဘယ်လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်၏။
ဘုန်း ...
ခြင်္သေ့ကြီးမှာ လေထဲ၌ ရှိနေစဥ်မှာပင် ရွှေရောင်လက်ကြီးတစ်ဖက်၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရတော့၏။
' ဟင် .. "
ခြင်္သေ့မှာ ရုတ်တရက် လန့်သွားကာ ရွှေရောင်လက်ကြီးဆီမှ လွတ်မြောက်ရန် အားကုန်သုံး၍ ကြိုးစားလိုက်သည်။ သို့သော် .. သူ မည်မျှပင် ကြိုးစားစေကာမူ ရွှေရောင်လက်ကြီးက မှုပင် မမှုပါချေ။
လောထျန်းက အဖမ်းခံထားရသည့် ခြင်္သေ့ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
" ကြောင်လေး .. ခုနတုန်းက မင်း ငါ့ကို အော်နေတာလား "
ထိုသို့ပြောပြီးသည်နှင့် သူ့လက်ဝါးထဲသို့ အားအနည်းငယ် ထည့်လိုက်သေး၏။
" အား .. "
ခြင်္သေ့ကြီးဆီမှ နာကျင်စွာ အော်ဟစ်သံ ရုတ်ချည်း ထွက်ပေါ်လာသည်။
သူ့တစ်ကိုယ်လုံးရှိ အရိုးများအားလုံး ကျိုးသွားတော့မည်ကဲ့သို့လည်း ခံစားလိုက်ရ၏။
" သခင်လေး .. သခင်လေး .. ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါဗျာ "
ခြင်္သေ့ကြိးထံမှ ငိုယိုတောင်းပန်သံ ထွက်လာတော့သည်။
နတ်ဆိုးမြေခွေးက လိမ်ညာပြောနေခဲ့ခြင်း မဟုတ်ကြောင်းကိုလည်း ယခုမှသာ သူ နားလည်လိုက်ရတော့၏။
သူ့ရှေ့မှ လောထျန်းမှာ အမှန်တကယ် ကြောက်စရာကောင်းလောက်အောင်ပင် အစွမ်းထက်လှပေသည်။
" မင်း အသက်ကို ချမ်းသာပေးရမယ် .. ဟုတ်လား ။ ငါက ဘာလို့ ချမ်းသာပေးရမှာလဲ "
လောထျန်းက အေးစက်စက်သာ ပြန်ပြောလိုက်သည်။
ခြင်္သေ့ကြီးမှာရွှေရောင်လက်ဝါးထဲမှ ကြိုးစား ရုန်းကန်နေရင်း ပြော၏။
" သခင်လေး ..လျှို့ဝှက်ဆန်းကြယ် စိတ်စွမ်းအင်ဆေးရည်ကို ကျုပ်ရဲ့ လက်နှစ်ဖက်နဲ့ သခင်လေးကို ဆက်သပါ့မယ် "
" အဲ့ဒါက ဘာလဲ "
လောထျန်းက နားမလည်ဟန်ဖြင့် မေးလိုက်သည်။
နတ်ဆိုးမြေခွေးက ဝင်ရှင်းပြ၏။
" သခင်လေး .. လျှို့ဝှက်ဆန်းကြယ် စိတ်စွမ်းအင်ဆေးရည် ဆိုတာ နတ်ဆိုးတစ်သောင်းလွင်ပြင်မှာရှိတဲ့ အကောင်းဆုံး ရတနာ ကိုးခုထဲက တစ်ခုပဲဗျ "