လျှို့ဝှက်ဆန်းကြယ် စိတ်စွမ်းအင်ဆေးရည်
Vol. 12 Ch. 168
" အဖိုးတန်ဆုံး ရတနာ ကိုးခု .. "
လောထျန်း၏ အသွင်ကမူ နားမလည်နိုင်ဟန် ဖြစ်နေဆဲပင် ။
နတ်ဆိုးမြေခွေးမှာ သူ့ကိုကြည့်ကာ အံ့အားသင့်နေ၏။
လောထျန်းသည် နတ်ဆိုးတစ်သောင်းလွင်ပြင် သို့ပင် လာခဲ့သေးသည်ဖြစ်ရာ ဤနေရာရှိ နာမည်အကျော်ဆုံးသော ရတနာကိုးခုကို အဘယ့်ကြောင့် မသိနေရပါသနည်း။
သို့သော် လောထျန်းအသွင်က အမှန်တကယ် မသိသည့်ပုံ ပေါက်နေသည့်အတွက် နတ်ဆိုးမြေခွေး ပို၍ အံ့အားသင့်နေခြင်းပင်။
သူ ရှင်းပြလိုက်ရသည်။
" ဒီလိုဗျာ .. နတ်ဆိုးတစ်သောင်းလွင်ပြင်မှာ အဖိုးတန်ဆုံး သဘာဝ ရတနာတွေ ကိုးခု ရှိတယ်ဗျ ။ တစ်ခုစီတိုင်းကလဲ အစွမ်းတွေ တစ်မျိုးစီ ရှိကြတယ် ။ ဥပမာ ပြောရရင် ကျုပ်ရဲ့ ငါးရောင်ခြယ် နတ်ဆေးပင်က ဘယ်အဆိပ်ကိုမဆို ပျောက်အောင် ကုသပေးနိုင်တယ်။ ဒီ ခြင်္သေ့ဆီက လျှို့ဝှက်ဆန်းကြယ် စိတ်စွမ်းအင်ဆေးရည်ကတော့ စိတ်စွမ်းအင်ပင်လယ်ကို အားကောင်းလာပြီး အစွမ်းကိုပါ တိုးတက်လာအောင် လုပ်ပေးနိုင်တယ် "
" ဒီရတနာကြောင့်မို့လဲ ခြင်္သေ့ရဲ့အစွမ်းက ကျုပ်တို့ နတ်ဆိုးတစ်သောင်းလွင်ပြင်မှာ အကောင်းဆုံးတွေထဲက တစ်ခု ဖြစ်နေတာ "
ထိုရှင်းပြချက်ကို ကြားပြီးသောအခါတွင်မူ လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။
" အဲ့လိုလား .. စိတ်စွမ်းအင်ပင်လယ်ကို အားကောင်းလာအောင် လုပ်ပေးနိုင်ရင် ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ်မျိုးကိုလဲ ပိုအားကောင်းအောင် လုပ်နိုင်မှာပေါ့ ။ဒီဟာက ရှောင်ရှောင်းနဲ့ဆို ကွက်တိပဲ။ ကောင်းပြီလေ ၊ ငါ့ကို အဲ့ဆေးရည် ယူလာပေးရင် မင်းအသက်ကို ချမ်းသာပေးမယ် "
လောထျန်းက ထိုသို့ပြောကာ ခြင်္သေ့အား လွတ်ပေးလိုက်သည်။
" ကျေးဇူးတင်ပါတယ် သခင်လေး "
ခြင်္သေ့မှာ အသက်ဘေးမှ လွတ်မြောက်သွားသည့်အတွက် စိတ်သက်သာရာ ရသွားကာ ချက်ချင်းနောက်လှည့်၍ သူ့ဂူထဲသို့ ပြန်ပြေးဝင်သွား၏။
ခဏအကြာတွင်မူ ကျောက်စိမ်းပုလင်း ၂ လုံးကို ကိုင်ကာ ပြန်ရောက်လာပြီး လောထျန်းအား လက်နှစ်ဖက်ဖြင့် တရိုတသေ ကမ်းပေးလိုက်သည်။
" သခင်လေး ၊ ဒါ လျှို့ဝှက်ဆန်းကြယ် စိတ်စွမ်အင်ဆေးရည် ( ရွှယ်လင်ဆေးရည် ) ပါ "
သူ ပြောလိုက်သည်။
လောထျန်းက ရွှယ်လင်ဆေးရည်ကို ယူကာ အရင်ကြည့်လိုက်ပြီးနောက် ပုလင်းတစ်လုံးကို ဖွင့်၍ မော့သောက်လိုက်၏။
" ခဏလေးနေပါဦး သခင်လေး ၊ ဒီ ရွှယ်လင်ဆေးရည်က မလုပ်နိုင် ... "
ခြင်္သေ့က အလန့်တကြား အော်ဟစ်ကာ တားလိုက်သည်။
ရွှယ်လင်ဆေးရည်သည် စိတ်စွမ်းအင်ပင်လယ်ကို ပိုအားကောင်းလာစေသော်လည်း သူ့အစွမ်းက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။
သာမာန်သားရဲများဆိုလျှင် ၎င်းကို တစ်စက်ချင်းသာ သောက်ရဲကြပြီး ...
ခြင်္သေ့သည်ပင် တစ်ခါသောက်လျှင် ဆယ်စက်သာ သောက်နိုင်ပေသည်။
ယခု လောထန်းက ဆေးရည်များစွာကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်ဖြစ်ရာ ဆေးရည်၏ အစွမ်းကြောင့် ပေါက်ကွဲသွားနိုင်ပါသည်။
သို့သော် .. ထိုအချိန်တွင် လောထျန်းက ပုလင်းတစ်ဝက်ခန့်ပင် သောက်ပြီးသွားပြီဖြစ်ရာ တားရန် နောက်ကျလွန်းသွားလေပြီ ။
အမွေးစိမ်းခြင်္သေ့က လောထျန်းအား အနည်းငယ် မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည်။ အကယ်၍ လောထျန်းကသာ ဆေးရည်၏ အစွမ်းကြောင့် ပေါက်ကွဲထွက်သွားခဲ့ပါက သူ့အတွက် ကောင်းသောအရာတစ်ခု မဟုတ်ပါလား ။
သို့သော် .. အချိန်အတန်ကြာ ကြည့်နေပြီးသည့်တိုင် လောထျန်းက မည်သို့မှ ဖြစ်သည့်ပုံ ပြမလာချေ ။
" သခင်လေး .. အဆင်ပြေရဲ့လား ၊ ဘယ်လို ခံစားနေရလဲ "
ခြင်္သေ့က သတိထား၍ မေးလိုက်သည်။
လောထျန်းက မျက်မှောင်ကြုံ့ကာ ပြန်ပြော၏။
" ဘယ်လိုမှ မခံစားရဘူး ။ ကြောင်လေး .. မင်း ငါ့ကို လာနောက်နေတာလား "
တခဏအတွင်း လူသတ်အရိပ်အငွေ့များ စုစည်းလာသည်။
ခြင်္သေ့ကြီးမှာ အလွန်ကြောက်လန့်သွားပြီး အမွေးများပင် ထောင်သွားကာ အလျင်အမြန် ပြောလိုက်သည်။
" မဟုတ်ပါဘူး သခင်လေး ။ ကျုပ် လိမ်ပြောခဲ့တာ မဟုတ်ပါဘူး ။ ဒီဟာက တကယ်ကို လျှို့ဝှက်ဆန်းကြယ် စိတ်စွမ်းအင်ဆေးရည်ပါ "
" ဒါဆို ငါက အခု ဘာလို့ ဘာမှ မဖြစ်ရတာလဲ "
လောထျန်းက မေးခွန်းပြန်ထုတ်လိုက်သည်။
ခြင်္သေ့ကြီးက ကူကယ်ရာမဲ့စွာ ပြန်ဖြေ၏။
" အဲ့ဒါတော့ .. ကျုပ်လဲ တကယ်ကို မသိတာပါ "
ထိုသို့ ပြောပြီးစဥ်မှာပင် ခြင်္သေ့ကြီးက တစ်စုံတစ်ခုကို တွေးမိသွားသည်။
တစ်ခါက သူတို့မျိုးနွယ်စုမှ အကြီးအကဲများ သူ့ကို ပြောခဲ့ဖူးသည့် စကားးတစ်ခုရှိပါသည်။
ရွှယ်လင်ဆေးရည်သည် လူအများစုအတွက် အသုံးဝင်လှသော်လည်း .. အသုံးမဝင်သည့် အခြေမနေ တစ်ခုတော့ ရှိပါသည်။
၎င်းမှာ တစ်ဖက်လူ၏ စိတ်စွမ်းအင်ပင်လယ်က အဆုံးစွန်သော ပမာဏအထိ တိုးတက်အားကောင်းထားပြီးသား ဖြစ်နေပါက ထပ်၍ မတိုးတက်နိုင်တာ့ ဆိုသည့်အချက်ပင် ။
သို့သော် ထိုသို့သော အခြေအနေမျိုးမှာ သီအိုရီ သဘောတရားအရသာ ရှိသည်ဟုလည်း အကြီးအကဲများက ပြောခဲ့သေး၏။
ဒဏ္ဍာရီကျော် အစွမ်းထက်သူများကပင် ထိုအဆင့်ထိ လုံးဝ မရောက်ခဲ့ဖူးကြပါချေ ။
ယခု သူ့ရှေ့တွင် ရှိနေသော လောထျန်း၏ စိတ်စွမ်းအင်ပင်လယ်က ဤမျှ အစွမ်းထက်နေခြင်း ဖြစ်နိုင်သည်လား ...
ထိုစဥ် တဖက်မှ လောထျန်းမှာ သူ့လက်မှ ရွှယ်လင်ဆေးရည်ပုလင်းကို မျက်မှောင်ကြုံ့၍ ကြည့်နေပြီးနောက် နတ်ဆိုးမြေခွေးဘက် လှည်ကြည့်ကာ ပြောလိုက်သည်။
" မြေခွေး ၊ လာစမ်းသောက်ကြည့်ပါဦး ။ ဒီဟာက အစစ်လား အတုလား "
နတ်ဆိုးမြေခွေးက မည်သို့မှ စောဒက မတက်ဘဲ ချက်ချင်း ပုလင်းကိုယူကာ ဆေးရည် အနည်းငယ်ကို မော့လိုက်သည်။
" သခင်လေး .. ကျုပ် .. "
နတ်ဆိုးမြေခွေးသည် ခြင်္သေ့ကြီး မည်သို့မှ မပြောနိုင်သေးခင်မှာပင် ဆေးရည်ကို မြိုချလိုက်၏။
ထိုဆေးရည်ထဲတွင် အစက်ပေါင်း ရာချီ၍ ပါနေသည်။
ဝီ...
ရုတ်ချည်းပင် နတ်ဆိုးမြေခွေး၏ ခန္ဓာကိုယ်ပေါ်ရှိ အပေါက်များ အားလုံးဆီမှ လေပူများ ထွက်လာပြီး သု့မျက်လုံးများ ၊ နှာခေါင်းပေါက်များနှင့် ပါးစပ်မှ သွေးများ စီးကျလာ၏။
" ချီး ..ဘာတွေ ဖြစ်သွားတာလဲ "
လောထျန်း လန့်ပင် လန့်သွားရသည်။
ထိုစဥ် ခြင်္သေ့ကြိးက မကျေမနပ် အကြည့်ဖြင့် ရှင်းပြ၏။
" သခင်လေး ၊ ဒီဆေးရည်က အင်မတန် အစွမ်းထက်တယ်။ တစ်ခ့တည်းနဲ့ အများကြီး သောက်လိုက်မိရင် ခန္ဓာကိုယ်ကို ဒုက္ခဖြစ်စေနိုင်တယ်ဗျ ။ ဒါပေမယ့် သူ ဒီအခြေအနေကို တောင့်ခံထားနိုင်ရင်တော့ သူ့အတွက် အများကြီး အကျိုးရှိမှာပါ "
ထိုအချိန်မှသာ လောထျန်း သဘောပေါက်သွား၏။
" ငါ နားလည်ပြီ ။ ဒါဆို မင်းက ငါ့ကို လိမ်ခဲ့တာ မဟုတ်ဘူးပေါ့ "
ခြင်္သေ့ကြီးမှာမူ အလွန်အမင်း မကျေမနပ် ဖြစ်သွားသည်။
ဤသို့ဖြင့် ဆယ့်ငါးမိနစ် ကြာပြီးနောက်တွင်.. နတ်ဆိုးမြေခွေး ပြန်တည်ငြိမ်သွားတော့သည်။
သူက သက်ပြင်းရှည်ကြီး တစ်ခုကို မှုတ်ထုတ်ကာ ပြောလိုက်၏။
" ကျုပ်က သေတော့မယ်လို့တောင် ထင်နေခဲ့တာဗျာ "
လောထျန်းက သူ့ကို ကြည့်ရင်း တခွိခွိရယ်ကာ မေးလိုက်သည်။
" အခု ဘယ်လိုခံစားရလဲ ။ မင်းရဲ့ စိတ်စွမ်းအင်ပင်လယ် ပိုအားကောင်းလာပြီလား "
နတ်ဆိုးမြေခွေးက မျက်လုံးမှိတ်ကာ ခေတ္တမျှ နေလိုက်ပြီးနောက် ခေါင်းညိတ်၍ ပြန်ပြော၏။
" ကျုပ် အများကြီး ပိုအစွမ်းထက်လာတယ်ဗျ ။ ဒါပေမယ့် ဒဏ်ရာလဲ ဆိုးဆိုးဝါးဝါး ရထားတယ် ။ ကျုပ် ပြန်သက်သာအောင် ခနလောက် နားမှ ဖြစ်မယ်ဗျ "
လောထျန်းက ခေါင်းညိတ်လိုက်သည်။
" ကြည့်ရတာ ဒီရွှယ်လင်ဆေးရည်က တကယ်ကို အဖိုးတန်တဲ့ ရတနာတစ်ခုပဲ ။ ကြောင်လေး ၊
အခု ပေးထားတဲ့ဟာက နည်းလွန်းတယ် ။ နောက်ထပ် ဒီလိုပုလင်းမျိုး ၃ ၊ ၄ ရာလောက် သွားထပ်ရှာခဲ့ "
" ပုလင်းပေါင်း သုံး ၊ လေးရာ "
ခြင်္သေ့ကြီး မျက်ဖြူလန်ကာ မေ့လဲကျလုမတတ်ပင် ဖြစ်သွားသည်။
" သခင်လေး ၊ ရွှယ်လင်တေးရည်က တစ်နှစ်မှာမှ ပျမ်းမျှ အစက် လေး ၊ ငါး ဆယ်လောက်ပဲ တွေ့ရတာဗျ ။ ဒီ ပုလင်း ၂ လုံးက ကျုပ် လွန်ခဲ့တဲ့ နှစ်ရာကျော်အတွင်းမှာ စုဆောင်းထားသမျှ အကုန်ပါပဲဗျာ "
ခြင်္သေ့ကြီးက ငိုယိုရင်း ပြောလိုက်သည်။
သူ့စကားကြောင့် လောထျန်း လန့်သွား၏။
" ဟင် .. ဒီပစ္စည်းက အဲ့လောက် အဖိုးတန်တာလား "
သူက ထိုသို့ပြောပြီးနောက် နတ်ဆိုးမြေခွေးဘက် ချက်ချင်းလှည့်ကြည့်ကာ ဒေါသတကြီး ပြော၏။
" မင်းကို အဲ့လောက်အများကြီး သောက်ဖို့ ဘယ်သူက ပြောလို့လဲ '
နတ်ဆိုးမြေခွေးမှာ ငိုချလုမတတ်ပင် ဖြစ်သွားသည်။
" သခင်လေးပဲ ကျုပ်ကို တိုက်ခဲ့တာ မဟုတ်ဘူးလား "
လောထျန်းက မျက်မှောင်ကြုံ့ကာ ထပ်ပြောလိုက်သည်။
" ဒီပစ္စည်းကတောင် အဲ့လောက်ကောင်းတာဆိုတော့ ကျန်တဲ့ ရတနာ ၇ ခုကလဲ အဖိုးတန်မှာပဲပေါ့ "
နတ်ဆိုးနှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။
လောထျန်းက လက်ခုပ်တစ်ချက်တီးကာ ပြောလိုက်သည်။
" ဆုမီတောင်က အကန့်အသတ်တွေ အားလုံး ဖယ်ရှားဖို့ကလဲ ရက်နည်းနည်းလောက် လိုသေးတာဆိုတော့ ဒီအခွင့်အရေးကို အသုံးချပြီး ကျန်တဲ့ ရတနာ ၇ ခုကို သွားယူကြတာပေါ့။ မင်းတို့ နှစ်ယောက်က ငါနဲ့ လိုက်ခဲ့ "
ထိုစကားကို ကြားသောအခါ နတ်ဆိုးမြေခွေးက မည်သို့မှ မနေသော်လည်း ခြင်္သေ့ကြီးကမူ အောင့်သက်သက် မျက်နှာ ဖြစ်သွား၏။
သူသည် အရိုက်ခံခဲ့ရသည့်အပြင် သူ့အသက်ကိုလည်း ရွှယ်လင်ဆေးရည် ၂ ပုလင်းနှင့် လဲလှယ်ခဲ့ရသေးသည်။ ယခု လောထျန်းနောက်လိုက်အဖြစ်ပါ ဆက်လိုက်သွားရမည်တဲ့လား .. ။
ထိုသို့ ဖြစ်လာမည်ကိုသာ သူ ကြိုသိခဲ့ပါက ဂူအတွင်းမှ လုံးဝ ထွက်လာမိမည် မဟုတ်ချေ ။ သူ့ကို ရိုတ်ပုတ်ပြီး ထွက်ခိုင်းလျှင်ပင် ထွက်မည်မဟုတ်ပါ ။
သို့သော် ..ယခုတွင်မူ .. သူ ငြင်းရန်လည်း မတတ်နိုင်တော့ပေ ။
သူရော နတ်ဆိုးမြေခွေးပါ လောထျန်း၏အမိန့်ကို တိတ်တဆိတ် နာခံရုံသာ ရှိပေတော့၏။
မကြာမီမှာပင် .. လူတစ်ယောက်နှင့် သားရဲကြီးနှစ်ကောင်တို့ ရွှံ့အိုင်ကြီး တစ်ခုဆီ ရောက်လာကြသည်။
" သခင်လေး ၊ ဒီနေရာကို စောင့်ကြပ်နေတဲ့သူက အသက်ကြီးကြီး လိပ်အိုကြီး တစ်ကောင်ပဲဗျ ။ သူ့ရဲ့ တိုက်ခိုက်စွမ်းရည်က သာမာန်လောက်ပဲ ဆိုပေမယ့် ခုခံစွမ်းရည်ကတော့ နတ်ဆိုးဘုရင်တွေထဲမှာ သေချာပေါက် အစွမ်းအထက်ဆုံးပဲ "
" သူ စောင့်ကြပ်နေတဲ့ ရတနာကတော့ ရွှမ်ဝူ မသေမျိုး မြေ လို့ခေါ်တယ် ။ အဲ့ဒါက လက်နက်တွေကို သန့်စင်ပေးတဲ့ ပစ္စည်းတစ်မျိုးပဲဗျ ။ လက်နက်လုပ်တဲ့နေရာမှာသာ ဒီဟာကို သုံးရင် ခုခံနိုင်စွမ်းကို အများကြီး တိုးတက်စေလိမ့်မယ် "
နတ်ဆိုးမြေခွေးက လောထျန်းအား ရှင်းပြလိုက်သည်။
လောထျန်းက ခေါင်းညိတ်ကာ ပြော၏။
" ကောင်းပြီ ၊ သူ့ကို ထွက််လာခိုင်းလိုက် '
နတ်ဆိုးမြေခွေးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ကျယ်လောင်စွာ အော်လိုက်သည်။
" လိပ်အဘိုးကြီး ၊ ကျုပ်ကို ထွက်လာတွေ့ပါဦး "
ထိုစဥ် လိပ်အိုကြီးမှာ ရွှံ့အိုင်၏ ကြမ်းပြင်ပေါ်တွင် လဲလျောင်းလျက် နေနေ၏။
အမှန်တွင်မူ နတ်ဆိုးမြေခွေးနှင့် အမွေးစိမ်းခြင်္သေ့တို့ ရောက်လာသည်ကို သူ သတိထားမိပြီး ဖြစ်သည်။
သို့သော် သူသည် မွေးကတည်းက အရာရာကို သတိထားတတ်သူ ဖြစ်သဖြင့် နတ်ဆိုးဘုရင် ၂ ယောက် အတူတူလာသည်ကို မြင်သောအခါ သူ့အား အတူတကွ တိုက်ခိုက်ရန် လာခဲ့သည် ထင်သဖြင့် မည်သို့မှ မလုပ်ဘဲ ကြောက်ကြောက်နဲ့သာ ပုန်းနေခဲ့၏။
ထို့အပြင် သူ၏ အကာအကွယ် အစွမ်းမှာလည်း အံ့သြစရာ ကောင်းလှသည်ဖြစ်ရာ သူ ဦးနှောက်မဲ့သည့် အရာမျိုး မလုပ်မချင်း ထိုနှစ်ယောက်က သူ့ကို ထိ၍ရမည် မဟုတ်ပေ ။
ယခု နတ်ဆိုးမြေခွေး၏ စကားကို ကြားသည့်အခါတွင်မူ သူ့အတွေးက ပိုသေချာသွားတော့သည်။
" ဟမ့် .. ကလက်တက်တက် မြေခွေးကောင် နဲ့ နံစော်နေတဲ့ ခြင်္သေ့ကောင် ပါလား ။ မင်းတို့ ပြောစရာရှိရင် ဒီကနေပဲပြော ။ ငါ့ကို သတ်မယ်ဆိုရင်တောင် ငါ ထွက်လာမှာ မဟုတ်ဘူး "
လိပ်အဘိုးကြီးက အော်လိုက်သည်။
စာစဉ်ပြီး၏