အခန်း (၅၄၁-၅၄၃)
Vol. 37 Ch. 541-543
ရုတ်တရက် ထွက်ပေါ်လာသောအသံကြောင့် ပတ်၀န်းကျင်ရှိလူအားလုံး အံ့အားသင့်သွားကြသည်။
ထိုခဏမှာပင် ဟုန်ဖန်း၏ရှေ့၌ ပုံရိပ်တစ်ခုသည် တစ္ဆေတစ်ကောင်ကဲ့သို့ လျှပ်တပြက် ပေါ်ပေါက်လာခဲ့သည်။
ရုတ်တရက် ပေါ်ပေါက်လာသည့် ရင်းနှီးသောပုံရိပ်ကို မြင်လျှင် ကျန်းမိသားစု၀င်များ ဖြစ်ကြသည့် ကျန်းခိုင်နှင့်ရွှယ်ရှောက်တို့၏ မျက်လုံးများတွင် ပျော်ရွှင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
တစ်နှစ်ကြာပြီးနောက်တွင် သူတို့ ကျန်းမိသားစု၏ ခေါင်း ဆောင် ကျန်းချန်သည် အဆုံးသတ်၌ စန်းရှန်မြို့ကိုပြန်ရောက်လာခဲ့ပြီ မဟုတ်ပါလား။
"ကောင်လေး မင်းဘယ်သူလဲ.. ဘာလို့ ငါတို့ ဟုန်မိသားစုကို အနှောင့်အယှက်ပေးနေတာလဲ"
ဟုန်ဖန်းက သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသည့် ကျန်းချန်ကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက သူ၏ရှေ့ရှိ လျှို့၀ှက်ဆန်းကြယ်သော လူငယ်ဆီကနေ အကြောင်းအရင်းကို မသိရဘဲ အန္တရာယ်ရှိသည့် အငွေ့အသက် တစ်ခုကို ခံစားခဲ့ရသည်။
"ငါက ကျန်းမိသားစုရဲ့ ခေါင်းဆောင်ကျန်းချန်ပဲ"
ကျန်းချန်၏အကြည့်က ဟုန်ကျန်းနှင့် တခြားလူများကို လွှမ်းခြုံသွားခဲ့သည်။
သူ၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အငွေ့တစ်ခု ရှိနေခဲ့၏။
"တစ်ကနေ တစ်ဆယ်အတွင်း ရေပြီးလို့ မထွက်သွားရင် မင်းတို့အားလုံး သေရလိမ့်မယ်"
"မင်းက လင်ယွင်ကျောင်းတော်မှာ နံပါတ်တစ်ပါရမီရှင် အဖြစ် ကျော်ကြားတဲ့ ကျန်းချန်လား.. ငါလင်ယွင်ကျောင်းတော်မှာ မင်းနာမည်ကို မကြာခဏကြားဖူးတယ်.. ဒီနေ့ ငါဟုန်ဖန်းက မင်းဆီကနေ သင်ယူမယ်.. မင်းက ကောလဟာလတွေ အတိုင်း တကယ်ပဲ အင်အားကြီးမားရဲ့လား ဆိုတာ ကြည့်ရသေးတာပေါ့"
စကားဆုံးသည်နှင့် ဟုန်ဖန်းသည် သူ့ တစ်ကိုယ်လုံး၏ အရှိန်အ၀ါကို ချက်ချင်းပင် အထွတ်အထိပ် အဆင့်အထိ မြှင့်တင်လိုက်သည်။
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး ဟုန်ဖန်းကို လုံး၀ ဂရုမစိုက်ခဲ့ပေ။
သူက အေးစက်စက် အမူအရာဖြင့် နှုတ်ကနေ ဂဏန်းများကိုသာ ရေရွတ်နေခဲ့၏။
"တစ်ဆယ်.. ကိုး.. ရှစ်"
ကျန်းချန်၏ မောက်မာသောအသွင်အပြင်သည် ဤနေရာတွင်ရှိနေသည့် လူတိုင်း၏ နှလုံးသားကို နက်နက်ရှိုင်းရှိုင်း တုန်လှုပ်စေခဲ့သည်။
"ကျန်းချန် မင်းသိပ်ပြီး မောက်မာမနေနဲ့"
ကျန်းချန်က သူ့ကို လုံး၀ လျစ်လျူရှုထားသည်ကို မြင်လျှင် ဟုန်ဖန်း၏ အမူအရာသည် အေးစက်သွားခဲ့သည်။
သူက လက်၀ါးများကို အလျင်အမြန် ဝှေ့ရမ်းလိုက်ပြီး သူ၏ မူလဘူတအဆင့် စွမ်းအားဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်က သူ့ဆီသို့ ဦးတည်လာသည့် မူလဘူတ စွမ်းအင်ကို တည်ငြိမ်စွာ ကြည့်နေခဲ့၏။
ဟုန်ဖန်း၏ မူလဘူတစွမ်းအင်သည် သူ၏နဖူးနှင့် သုံးပေအောက်သို့ ရောက်လာသောအခါတွင် ကျန်းချန်သည် သူ၏ လက်၀ါးကို ဆန့်ထုတ်ကာ ရင်ဆိုင်လိုက်သည်။
ချက်ချင်းဆိုသလို ဟုန်ဖန်း၏ မူလဘူတစွမ်းအင်သည် ကျန်းချန်၏ ချေမှုန်းခြင်းကို ခံလိုက်ရသည်။
ထို့နောက် ကျန်းချန်က လက်တစ်ဖက်ကို အသာအယာ ဝှေ့ရမ်းလိုက်ရာ ဟုန်ဖန်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး ကြိုးပျက်သည့် စွန်တစ်ကောင်နှယ် မီတာအနည်းငယ် အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။
"မင်း..မင်း.."
ဟုန်ဖန်းက အံ့အားသင့်စွာဖြင့် ကျန်းချန်ကို စိုက်ကြည့်နေခဲ့၏။
သူ၏ မျက်လုံးထဲတွင် ကြောက်လန့်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လွန်ခဲ့သည့်တစ်နှစ်က လင်ယွင်ကျောင်းတော်ကို ၀င်ရောက်ခဲ့သည့် ပါရမီရှင်ကျန်းချန်သည် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သူ၏ မူလဘူတအဆင့် ခွန်အားဖြင့်ပင် ကျန်းချန်၏ လှုပ်ရှားမှုကို မတားဆီးနိုင်ခဲ့ချေ။
ကျန်းချန်က သူ၏သား ဟုန်ဖန်းကို ဒဏ်ရာပြင်းထန်စွာ ရရှိစေခဲ့သည်ကိုမြင်လျှင် ဟုန်ကျန့်၏ အမူအရာသည် အေးစက်သွားခဲ့သည်။
သူက ကျန်းချန်ကို ကြည့်ကာ ပြင်းထန်စွာ ပြောခဲ့သည်။
"ကျန်းချန်.. မင်းက ကျန်းမိသားစုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ဂျူနီယာ တစ်ယောက်ကို ဒီလောက်အထိ နှိပ်စက်တာ မလွန်လွန်းဘူးလား"
"ပထမတစ်ချက်.. မင်းတို့ အစောပိုင်းက သဘောတူလိုက်တာက အသက်နှစ်ဆယ်အောက် တပည့်နှစ်ယောက်ကို ယှဥ်ပြိုင်ဖို့စေလွှတ်မယ် ဆိုတာပဲ.. ငါက ဒီနှစ်မှာ အသက်ဆယ့်ရှစ်နှစ်တောင် မပြည့်သေးဘူး.. ဒါကြောင့် ငါ သူနဲ့ တိုက်ခိုက်တာက တရားနည်းလမ်းကျတယ်...ဒုတိယတစ်ချက်.. ဒါက ငါတို့ကျန်းမိသားစုရဲ့ နယ်မြေဖြစ်တဲ့ စန်းရှန်မြို့ပဲ.. ငါက စည်းကမ်းတွေကို မလိုက်နာရင်တောင် မင်းက ဘာလုပ်နိုင်မှာမို့လဲ"
ကျန်းချန်က ဟုန်ကျန့်ကို တည်ငြိမ်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"မင်းမှာအချိန်သိပ်မရှိတော့ဘူး အခုနေစန်းရှန်မြို့ထဲကနေ မထွက်သွားရင် မင်းတစ်သက်လုံးနောင်တရစေရမယ်လို့ ငါကတိပေးတယ်"
"ဟားဟား ရယ်စရာကောင်းလိုက်တာ"
ကျန်းချန်၏ စကားကိုကြားလျှင် ဟုန်ကျန့်၏ မထီမဲ့မြင် ရယ်သံသည် လေထဲတွင် ပျံ့နှံ့လာခဲ့သည်။
"လင်ယွင်စီရင်စုရဲ့ လင်ယွင်မြို့စားအိမ်တော်ကတောင် ငါ့ကို နောင်တရစေလိမ့်မယ်လို့ မပြောရဲဘူး.. မင်းတို့ ကျန်းမိသားစုက ဘာမို့လို့လဲ.. အစကတော့ မင်းတို့ ကျန်းမိသားစုကို ရှင်သန်ဖို့ လမ်းကြောင်းတစ်ခုကို ချန်ထားပေးမလို့ပဲ.. ဒါပေမဲ့ မင်းတို့က ဒီလောက်အထိ လူပါး၀နေမှတော့ ငါ့အနေနဲ့ လင်ယွင်စီရင်စုကနေ ကျန်းမိသားစုကို မောင်းထုတ်ပေးရတော့မှာပေါ့"
အခန်း(၅၄၁) ပြီး၏။
အခန်း(၅၄၂)
ဟုန်ကျန့်၏ မထီမဲ့မြင်ပြုသော ရယ်သံသည် ကျန်းချန်၏ အမူအရာကို လုံး၀ မပြောင်းလဲစေခဲ့ပေ။
သူက အေးစက်သောလေသံဖြင့် ဆက်လက် ရေတွက်နေဆဲပင်။
"သုံး..နှစ်..တစ်"
သူ၏ စကားသံဆုံးသည်နှင့် ကျန်းချန်သည် သူ၏ လက်၀ါးကို မြှောက်လိုက်ရာ ခမ်းနားထည်၀ါသော အင်အားတစ်ခုသည် တက်ကြွစွာ ထွက်ပေါ်လာခဲ့သည်။
"ဒါ.. ဒါက သဘာ၀စွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူရဲ့ ခွန်အားပဲ...ဒီကောင်လေးက သဘာ၀စွမ်းအားဖွင့်ခြင်းနယ်ပယ်ကို ရောက်ရှိသွားပြီတဲ့လား"
ကျန်းချန်ထံမှ ကြောက်မက်ဖွယ်ရာ အင်အားကိုကြည့်ရင်း ဟုန်ကျန့်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်၏ စွမ်းအားကို တားဆီးရန်အတွက် သူ၏ မူလဘူတသတ္တမအဆင့် စွမ်းအားကို အစွမ်းကုန်လှုံ့ဆော်လိုက်သည်။
သို့သော်လည်း သူ၏ မူလဘူတနယ်ပယ်အဆင့် စွမ်းအားသည် ကျန်းချန်၏ စွမ်းအားကို လုံး၀ မခုခံနိုင်ခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်း သူ၏ မူလဘူတအဆင့် စွမ်းအားကို ကျန်းချန်၏ စွမ်းအားက ၀ါးမျိုသွားခဲ့သည်။
"၀ုန်း"
ကျန်းချန်၏စွမ်းအားက ဟုန်ကျန့်၏ မူလဘူတ စွမ်းအားကို ၀ါးမျိုပြီးနောက်တွင် ဟုန်ကျန့်၏ ခန္ဓာကိုယ်ထဲကို တိုက်ရိုက်စီး၀င်သွားခဲ့၏။
"ဝေါ့.."
ဟုန်ကျန့်၏ ပါးစပ်ကနေ သွေးများက အရူးအမူး အန်ထွက်လာခဲ့ပြီး လူတစ်ကိုယ်လုံးကလည်း မီတာအနည်းငယ်အကွာအထိ လွင့်စင်ကာ နောက်ထပ် အသက်မရှုတော့ပေ။
သူတို့၏ရှေ့မှ တုန်လှုပ်ခြောက်ခြားစရာကောင်းသော မြင် ကွင်းသည် ပတ်၀န်းကျင်ရှိ လူတိုင်းကို အသက်ရှုမ၀သလို ဖြစ်စေခဲ့၏။
"ဒီကျန်းချန်က အရမ်းကြမ်းတာပဲ"
"ဟုန်ကျန့်က ဟုန်မိသားစုရဲ့ ခေါင်းဆောင်ဖြစ်ပြီး မူလဘူတ သတ္တမအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ.. ဒီလိုလူမျိုးကိုတောင် ကျန်းချန်က ပေါ့ပေါ့ပါးပါး ဖြေရှင်းနိုင်ခဲ့တယ်.. လွန်ခဲ့တဲ့တစ်နှစ်က စန်းရှန်မြို့ကို တုန်လှုပ်စေခဲ့တဲ့ ပြိုင်ဘက်ကင်း ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. သူက တကယ်ပဲ သာမန်လူတစ်ယောက် မဟုတ်ဘူး"
"........."
ကျန်းချန်က မူလဘူတ သတ္တမအဆင့် ကျင့်ကြံသူဖြစ်သည့် ဟုန်ကျန့်ကို တစ်ကွက်တည်းဖြင့် သတ်ပစ်လိုက်သည်ကို မြင်လျှင် ကျန်းခိုင်၊ ရွှယ်ရှောက်နဲ့ အခြားသူများသည် မှင်တက်သွားခဲ့ကြသည်။
ကျန်းချန်၏ တိုက်ပွဲ၀င်စွမ်းရည်က အလွန်အမင်း အစွမ်း ထက်မှန်း သိထားသော်လည်း ဤမျှလောက်အထိ အစွမ်းထက်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
သဘာ၀စွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ဆိုသည်မှာ
မဟာရှားနိုင်ငံ၏ လင်ယွင်စီရင်စုတွင် ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခု ဖြစ်သည်။
"ကျန်းချန် မင်းငါ့ရဲ့အဖေကို သတ်ရဲတယ်လား.. မေပယ်ရွက်မြို့က ငါတို့ဟုန်မိသားစုက မင်းတို့ ကျန်းမိသားစုနဲ့ ကမ္ဘာမကြေပဲ.. မင်းတို့စောင့်နေလိုက်.. မင်းတို့ ကျန်းမိသားစုကို ငါဘယ်တော့မှ အလွှတ်ပေးမှာမဟုတ်ဘူး"
ဟုန်ဖန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ချက်ချင်းဆိုသလို ဟုန်ကျန့်၏ အလောင်းကိုကောက်ယူကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
သို့သော်လည်း ဟုန်ဖန်း တစ်ဖက်သို့ လှည့်လိုက်သည်နှင့် ကျန်းချန်၏ ပုံရိပ်သည် တစ္ဆေတစ်ကောင်နှယ် သူ၏ရှေ့တွင် ပေါ်လာခဲ့၏။
"ကျန်းချန် မင်းဘာလုပ်ချင်တာလဲ"
သူ၏ရှေ့တွင် ကျန်းချန်ကိုမြင်လျှင် ဟုန်ဖန်း၏ အမူအရာသည် ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
"ငါက မင်းကို တစ်ဆယ်အထိ အချိန်ပေးခဲ့ပေမဲ့ မင်းက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားခဲ့ဘူး.. အခု အချိန်ပြည့်သွားခဲ့ပြီ .. မင်းထွက်သွားချင်ရင်တောင် ငါသဘောတူသလား ဆိုတာကို မေးမြန်းရမယ်.. စန်းရှန်မြို့က ငါတို့ကျန်းမိသားစုရဲ့ ပိုင်နက်ပဲ.. မင်းတို့လာချင်သလိုလာပြီး သွားချင်သလို သွားလို့ရတဲ့နေရာမဟုတ်ဘူး...အခု မင်းကိုငါ နောက်ဆုံး အခွင့်အရေးတစ်ခုပေးမယ်.. မင်းရဲ့ ဒန်တျန်ကိုဖျက်ဆီးမယ်ဆိုရင် မင်းရဲ့အသက်ကို ငါချမ်းသာပေးလိုက်မယ်"
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်သောမျက်၀န်းများဖြင့် ဟုန်ဖန်းတို့ လူစုကို စိုက်ကြည့်နေခဲ့သည်။
"ကျန်းချန် မင်း ငါ့ကို အနိုင်ကျင့်ဖို့ မကြိုးစားနဲ့"
ဟုန်ဖန်းက ကျန်းချန်ကို ပြင်းထန်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"ငါ့ရဲ့ဆရာက လင်ယွင်စီရင်စုရဲ့ နံပါတ်တစ် ကျင့်ကြံသူ စစ်ခုံကွမ်းပဲ.. မင်း ငါ့ကို အနိုင်ကျင့်ရဲရင် လင်ယွင်စီရင်စု တစ်ခုလုံးမှာ မင်းတို့ ကျန်းမိသားစုအနေနဲ့ ခြေချစရာ နေရာတောင် ရှိတော့မှာ မဟုတ်ဘူး"
"ဟက်.. မင်းက အပြောတော့ကြီးသားပဲ.. မင်းရဲ့ဆရာက လင်ယွင်စီရင်စုရဲ့ နံပါတ်တစ်ကျင့်ကြံသူ မပြောနဲ့.. မဟာရှားနိုင်ငံရဲ့ နံပါတ်တစ်ကျင့်ကြံသူ ဖြစ်နေရင်တောင် မင်းရဲ့ဒန်တျန် ငါဖျက်ဆီးမှာကို မတားဆီးနိုင်ဘူး"
စကားဆုံးသည်နှင့် ကျန်းချန်က ဟုန်ဖန်း၏ ဒန်တျန် ရှိနေသည့်နေရာကို လက်၀ါးဖြင့် ရိုက်ချလိုက်သည်။
"မလုပ်ပါနဲ့"
ထိုအခိုက်တွင် ဟုန်ဖန်း၏ အမူအရာသည် ကြောက်ကြောက်လန့်လန့် ဖြစ်နေခဲ့သည်။
သူက ခုခံဖို့ လုပ်ဆောင်ခဲ့သော်လည်း ကျန်းချန်၏ ခမ်းနားသောစွမ်းအင်သည် သူ၏ ဒန်တျန်ကို ထိမှန်သွားခဲ့သည်။
ထိုခဏတွင် ဟုန်ဖုန်း၏ နှုတ်ကနေ ရုတ်တရက် နာကျင်စွာ ညီးညူလိုက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ ဒန်တျန်နှင့် သွေးကြောအားလုံးကို ကျန်းချန်က ဖျက်ဆီးပစ်လိုက်ချေပြီ။
အခန်း(၅၄၂) ပြီး၏။
အခန်း (၅၄၃)
"ဆရာကြီး ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ.. ကျွန်တော်တို့က သူတို့ရဲ့အမိန့်တွေကိုပဲ လိုက်နာရတာပါ.. ကျွန်တော်တို့ရဲ့ ခွေးအသက်ကို ချမ်းသာပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ကျန်းချန်က ဟုန်မိသားစု၏ခေါင်းဆောင် ဟုန်ကျန့်ကို သတ်ပြီး ပါရမီရှင်ဟုန်ဖန်းကို အသုံးမ၀င်သည့် လူတစ်ယောက်အဖြစ် ပြောင်းလဲလိုက်သည်ကို မြင်လျှင် ၎င်းတို့နှင့်အတူ လိုက်ပါလာသည့် ဟုန်မိသားစု၀င် အားလုံးသည် ကြောက်လန့်သွားခဲ့သည်။
သူတို့က မြေပြင်ပေါ်တွင် ဒူးထောက်ချကာ ကျန်းချန်ကို တောင်းပန်နေကြ၏။
"ဒီကနေထွက်သွားကြ.. မင်းတို့ရဲ့ ဟုန်မိသားစုကို မေပယ်ရွက်မြို့ကနေ လုံး၀ မပျောက်ကွယ်သွားစေချင်ရင် ငါတို့ကျန်းမိသားစုကို လာမရှုပ်နဲ့လို့ မင်းတို့ လူတွေကို မှာထားလိုက်"
ကျန်းချန်က သူ၏လက်ကို ဝှေ့ရမ်းရင်း ပြောလိုက်သည်။
"ဟုတ်.. ဟုတ်ကဲ့ပါ"
ဟုန်မိသားစုမှ ကျင့်ကြံသူများသည် ဟုန်ဖန်းနှင့် ဟုန်ကျန့်တို့၏ ခန္ဓာကိုယ်များကို သယ်ဆောင်ကာ စန်းရှန်မြို့ကနေ အလျင်အမြန် ထွက်သွားခဲ့ကြသည်။
ဟုန်မိသားစုမှလူများ ထွက်သွားပြီးနောက်တွင် ကျန်းခိုင်နှင့် ရွှယ်ရှောက်တို့သည် ဟုန်မိသားစု၏ တပည့်များနှင့် အတူ ကျန်းချန်ကို ဦးညွတ်ခဲ့ကြ၏။
"ခေါင်းဆောင် ကျန်းမိသားစုကို ပြန်လာတာ ကြိုဆိုပါတယ်"
"ဦးလေးခိုင် ဒီလောက်အထိ အလေးအနက်လုပ်ဖို့ မလိုပါဘူး"
ကျန်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီးနောက် ကျန်းခိုင်နှင့် ကျန်းမိသားစု၀င်များကို အကဲခတ်လိုက်သည်။
"ကျွန်တော်ထွက်သွားတဲ့ တစ်နှစ်အတွင်းမှာ ဦးလေးခိုင်တို့ရဲ့အင်အားတွေ အများကြီး တိုးတက်လာခဲ့တဲ့ပုံပဲ"
တစ်နှစ်ကြာပြီးသည့်နောက်တွင် ကျန်းခိုင်နှင့် ရွှယ်ရှောက်တို့နှစ်ယောက်လုံးသည် မူလဘူတအဆင့်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
အထူးသဖြင့် ပါရမီထူးချွန်သည့် သွေးမိစ္ဆာရွှယ်ရှောက်သည် မူလဘူတ စတုတ္ထအဆင့်ကိုပင် ရောက်ရှိသွားခဲ့သည်။
ထို့အပြင် ကျန်းမိသားစု၌ ချီကာကွယ်ရေးနယ်ပယ် န၀မအဆင့်ကျင့်ကြံသူ အများအပြားပင် ရှိနေပါသေး၏။
ဤကဲ့သို့သော အင်အားသည် မူလက ကျန်းမိသားစုထက် အဆပေါင်းများစွာ အင်အားကြီးမားသည်မှာ သေချာသလောက်ပင်။
"ဒါက ခေါင်းဆောင်ထားပေးခဲ့တဲ့ ဆေးလုံးတွေကြောင့်ပါ.. ဒီဆေးလုံးတွေကြောင့်ပဲ ကျန်းမိသားစုက ဒီလောက်ထိမြန်မြန်ဆန်ဆန် တိုးတက်ခဲ့တာပဲ.. ဒါပေမဲ့ မေပယ်ရွက်မြို့က ဟုန်မိသားစုနဲ့ နှိုင်းယှဥ်ရင်တော့ ကျွန်တော်တို့ ကျန်းမိသားစုက အများကြီး အားနည်းပါသေးတယ်"
ထို့နောက်တွင် ကျန်းခိုင်က ခါးသီးစွာပြုံး၍ ကျန်းချန်ကို ပြောလိုက်သည်။
"အကယ်၍ခေါင်းဆောင်သာ အချိန်မီ ပြန်ရောက်မလာရင် ကျွန်တော်တို့ ကျန်းမိသားစုက ဒုက္ခတောထဲ ရောက်သွားမှာအမှန်ပဲ"
ထိုစကားကိုကြားလျှင် ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်လိုက်သည်။
"မေပယ်ရွက်မြို့က ဟုန်မိသားစုရဲ့အခြေအနေက ဘယ်လိုလဲ"
မေပယ်ရွက်မြို့သည် စန်းရှန်မြို့နှင့် ကပ်လျက် တည်ရှိ၍ ကျန်းချန်သည် မေပယ်ရွက်မြို့မှ ဟုန်မိသားစုအကြောင်းကို အနည်းငယ် သိထားခဲ့သည်။
ကျန်းမိသားစုက စန်းရှန်မြို့ကို ထိန်းချုပ်ခဲ့သောအချိန်တွင် မေပယ်ရွက်မြို့မှ ဟုန်မိသားစု၏ အင်အားသည် ကျန်းမိသားစုထက်ပင် ပို၍ အားနည်းခဲ့သည်။
သို့သော်လည်း တစ်နှစ်အတွင်း ဟုန်မိသားစုသည် ကျန်းမိသားစုထက် ပိုပြီး လျင်မြန်စွာပင် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
မူလဘူတနယ်ပယ် သတ္တမအဆင့်ကို ရောက်ရှိနေသည့် ဟုန်ကျန့်တစ်ယောက်တည်းကိုပင် ကျန်းမိသားစုက မယှဥ်နိုင်သည်မှာ ထင်ရှားနေ၏။
ကျန်းချန်က ဟုန်မိသားစုအကြောင်း မေးမြန်းသည်ကို ကြားလျှင် ကျန်းခိုင်သည် သူသိထားသမျှကို အလျင်အမြန် ပြောပြခဲ့သည်။
လွန်ခဲ့သည့်တစ်နှစ်က ဟုန်မိသားစု၏ သခင်လေးဟုန်ဖန်းသည် လင်ယွင်စီရင်စု၏ နံပါတ်တစ်ကျင့်ကြံသူ စစ်ခုံကွမ်းနှင့်တွေ့ဆုံခဲ့ပြီး စစ်ခုံကွမ်း၏ တပည့်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
ထို့နောက်တွင် စစ်ခုံကွမ်းသည် ဟုန်မိသားစု၏ အကြီးအကဲချုပ် ဖြစ်လာခဲ့၏။
စစ်ခုံကွမ်း ရှိနေသည့်အတွက် ဟုန်မိသားစုသည် လင်ယွင်စီရင်စုတွင် အင်အားအကြီးဆုံး မိသားစုအဖြစ် လျင်မြန်စွာ ဖြစ်တည်လာခဲ့ပြီး လင်ယွင်မြို့စား စံအိမ်ကပင် ၎င်းတို့ကိုကြောက်ရွံ့ခဲ့ရသည်။
ဤတစ်ခေါက်တွင် ကျန်းမိသားစုသည် ရွှယ်စန်းတောင်တွင် ကျောက်သလင်း သတ္တုတွင်းတစ်ခုကို တွေ့ရှိခဲ့ရာ ဟုန်မိသားစုသည် သူတို့၏ အင်အားကို အားကိုးပြီး သိမ်းပိုက်ရန် ကြံစည်ခဲ့သည်။
ကံကောင်းစွာဖြင့် ကျန်းချန်က အချိန်မီရောက်ရှိလာခဲ့ပြီး ကျန်းမိသားစု၏ ဒုက္ခများကို ဖြေရှင်းပေးခဲ့သည်။
"ခေါင်းဆောင်..စစ်ခုံကွမ်းက လင်ယွင်စီရင်စုရဲ့ နံပါတ်တစ်ကျင့်ကြံသူ တစ်ယောက်ပဲ.. ဒါ့အပြင် သူက သဘာ၀စွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်ကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက ရောက်ရှိနေခဲ့တယ်.. ဒီလူက စိတ်သဘောထား သေးသိမ်တယ်လို့ ကောလဟာလရှိတယ်.. ခေါင်းဆောင်က သူ့တပည့်ဟုန်ဖန်းရဲ့ ဒန်တျန်ကို ဖျက်ဆီးလိုက်တဲ့အတွက် သူခေါင်းဆောင်ကို လုံး၀ အလွှတ်ပေးမှာ မဟုတ်လောက်ဘူး"
ထိုစကားကို သွေးမိစ္ဆာရွှယ်ရှောက်ကလည်း ခေါင်းတညိမ့်ညိမ့်ဖြင့် ထောက်ခံနေခဲ့သည်။
"ဟားဟား..လင်ယွင်စီရင်စုရဲ့ နံပါတ်တစ်ကျင့်ကြံသူက အင်အား ဘယ်လောက်ကြီးမားလဲဆိုတာ ငါသိချင်သေးတယ် သူ ငါတို့ကျန်းအိမ်ကို အမြန်ဆုံး လာရောက်ဖို့ ငါမျှော်လင့်တယ်...ဒါမှ ငါကိုယ်တိုင် သူ့ဆီကို သွားဖို့ မလိုတော့ဘူးပေါ့"
ထိုစကားကိုပြောနေသည့် ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ငါ.. ကျန်းအိမ်ကနေ သူအသေလာခံမဲ့နေ့ကို စောင့်နေမယ်"
အခန်း(၅၄၃) ပြီး၏။