အခန်း (၅၄၄-၅၄၆)
Vol. 37 Ch. 544-546
နောက်ထပ်နှစ်ရက်ခန့် ကြာမြင့်သွားခဲ့သည်။
ကျန်းချန်သည် ကျန်းအိမ်တွင် တည်းခိုနေခဲ့၏။
သူက ကျန်းမိသားစု၏ အကာအကွယ် အစီအရင်ကို အဆင့်မြင့်ကာကွယ်ရေး အစီအရင်နှင့် အစားထိုးလိုက်ပြီး ကျန်းမိသားစုအတွက် ဆေးလုံးများစွာကို သန့်စင်ပေးခဲ့သည်။
ဤသို့ဖြင့် သုံးရက်တာ အချိန်သည် မသိမသာ လျှပ်တပြက်အတွင်း ကုန်လွန်သွားခဲ့၏။
တတိယမြောက်မနက်တွင် ကျန်းချန်သည် ကျန်းရှင်းနှင့်ကျန်းမိသားစု၀င်များကို ကျန်းမိသားစုခြံ၀င်းတွင် သိုင်းပညာများသင်ကြားပေးနေစဥ် ကျန်းမိသားစုမှ တပည့်တစ်ယောက်သည် ကျန်းချန်ဆီသို့ ရေးကြီးသုတ်ပြာ လျှောက်လာခဲ့သည်။
"ခေါင်းဆောင် မကောင်းတော့ဘူး.. စစ်ခုံကွမ်းက ဟုန်မိသားစုက လူတွေကိုခေါ်ပြီး စန်းရှန်မြို့ကို ရောက်ရှိလာခဲ့ပြီ"
ကျန်းမိသားစုတပည့်၏ စကားကိုကြားလျှင် ကျန်းရှင်းနှင့်အခြားသော ကျန်းမိသားစု၀င်တပည့်များ၏ မျက်နှာထက်တွင် စိုးရိမ်သော အသွင်အပြင်များ ဖြစ်ပေါ်လာခဲ့သည်။
စစ်ခုံကွမ်း ဆိုသည်မှာ လင်ယွင်စီရင်စု၏ အကျော်ကြားဆုံးကျင့်ကြံသူ ဖြစ်သည်။
လင်ယွင်စီရင်စုတွင် စစ်ခုံကွမ်း ဟူသောနာမည်သည် ပြိုင်ဘက်ကင်း ဟူသောအဓိပ္ပါယ်နှင့် အတူတူပင် ဖြစ်၏။
သူတို့ ကျန်းမိသားစုအနေဖြင့် ယနေ့တွင် စစ်ခုံကွမ်းကို မတားဆီးနိုင်ခဲ့လျှင် ဒုက္ခတောထဲ ရောက်ရှိသွားလိမ့်မည်မှာ သေချာသလောက်ပင်။
"နောက်ဆုံးတော့ ရောက်လာပြီပေ့ါ"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။
"ဒီလိုဆိုမှတော့ သူ့ကိုသွားတွေ့ကြစို့"
မဟာရှားနိုင်ငံသည် ထိုက်ရှဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင်ရှိ၍ ဤနေရာသည်လည်း ထိုက်ရှဂိုဏ်း၏ အာဏာသက်ရောက်သော နေရာတစ်ခုသာ ဖြစ်သည်။
သူက စစ်ခုံကွမ်း၏အင်အားကို လုံး၀မကြောက်ရွံ့ပေ။
ထိုက်ရှဂိုဏ်း၏ အတွင်းစည်းတပည့်ဖြစ်သည့် သူ၏
ရာထူးကြောင့် စွမ်းအင်သိပ်သည်းခြင်းအဆင့် ကျင့်ကြံသူပင် သူ့ကို တစ်စုံတစ်ခု လုပ်ချင်လျှင် ချိန်ဆရပေမည်။
ဆိုရလျှင် ကျန်းချန်သည် စစ်ခုံကွမ်းကဲ့သို့ သဘာ၀ စွမ်းအားဖွင့်ခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူကို လုံး၀ ဂရုမစိုက်ပေ။
ထိုအချိန်မှာပင် ငွေရောင်၀တ်စုံ၀တ် အဖိုးအို တစ်ယောက်သည် လူအုပ်စုတစ်စုကို ဦးဆောင်ကာ ကျန်းအိမ်တော်၏ အရှေ့ဘက် ခြံ၀င်းအထိ တိုက်ရိုက် ၀င်ရောက်လာသည်ကို မြင်တွေ့ခဲ့သည်။
ခြံ၀န်းထဲတွင် ကျန်းမိသားစု ကျင့်ကြံသူ တစ်ဒါဇင်ကျော်သည် မြေပြင်ပေါ်၌ သွေးအလိမ်းလိမ်းဖြင့် လဲကျနေခဲ၏။
ကျန်းခိုင်နှင့် ရွှယ်ရှောက်တို့ နှစ်ယောက်စလုံးပင် အတွင်းဒဏ်ရာ အပြင်းအထန် ရရှိနေခဲ့သည်။
"ကျန်းခိုင်.. ငါမင်းကို နောက်ဆုံး အခွင့်အရေးတစ်ခုပေးမယ် ငါ့တပည့်ရဲ့ ဒန်တျန်ကို ဖျက်ဆီးခဲ့တဲ့သူကို ချက်ချင်း ငါ့ဆီလွှဲပေးစမ်း...မဟုတ်ရင် ဒီနေ့က မင်းတို့ ကျန်းမိသား စုရဲ့ အဆုံးသတ်မဲ့နေ့ပဲ"
ငွေရောင်၀တ်စုံ၀တ် အဖိုးအို၏ လူသတ်ငွေ့လွှမ်းသော လေသံသည် လူတိုင်း၏နားထဲကို ရောက်ရှိသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သဘာ၀စွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ခွန်အားသည် နေရာတိုင်းကို လွှမ်းခြုံသွားခဲ့၏။
ထိုအင်အားနှင့် ပထမဆုံး ထိခိုက်ခံခဲ့ရသည့်လူမှာ ကျန်းခိုင် နှင့် ရွှယ်ရှောက်တို့ နှစ်ယောက်ပင် ဖြစ်သည်။
သူတို့၏ နှလုံးသားများက တုန်လှုပ်သွားပြီး သူတို့၏ အသက်ရှုသံပင် မချောမွေ့တော့ဟု ခံစားခဲ့ရသည်။
"ဟားဟား.. အဖိုးကြီး.. မင်း တကယ်ပဲ ငါတို့ ကျန်းမိသားစုကို အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရမယ် ထင်နေတာလား.. ငါဒီမှာရှိနေသမျှ ကျန်းမိသားစု၀င်တွေရဲ့ ဆံချည်တမျှင်ကိုတောင် မင်းထိလို့ရမှာ မဟုတ်ဘူး"
ခြံ၀င်းထဲတွင် ခပ်ထေ့ထေ့ရယ်သံတစ်ခုက လွင့်ပျံလာခဲ့သည်။
ငွေရောင်၀တ်စုံ၀တ် အဖိုးအိုက အသံလာရာဆီသို့ ကြည့်လိုက်ရာ လူငယ်လေးတစ်ယောက်က ကျန်းအိမ်တော်ထဲကနေ ဖြည်းညင်းစွာ လျှောက်ထွက်လာသည်ကို မြင်တွေ့ခဲ့ရသည်။
"ကောင်လေး..မင်းဘယ်သူလဲ"
ထိုခဏတွင် ငွေရောင်၀တ်စုံ၀တ် အဖိုးအို၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"ဒီကောင်လေးက သဘာ၀စွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူပဲ"
ငွေရောင်၀တ်စုံ၀တ် အဖိုးအိုက ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို အတိအကျ မမြင်နိုင်ခဲ့သော်လည်း သဘာ၀ စွမ်းအားဖွင့်ခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူမှာသာ ရှိသည့် အရှိန်အ၀ါကို ကျန်းချန်ထံတွင် ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။
"မင်းငါ့ကို ရှာနေတာ မဟုတ်လား အဖိုးကြီး.. မင်းတပည့်ရဲ့ ဒန်တျန်ကို ဖျက်ဆီးခဲ့တဲ့ တရားခံက ငါပဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
"ကောင်းတယ် သိပ်ကောင်းတယ်..ကောင်လေး.. ငါစစ်ခုန်ကွမ်းရဲ့ တပည့်ကို မင်းလုပ်ချင်တိုင်း လုပ်လို့မရဘူး.. သေဖို့သာ ပြင်ထားလိုက်တော့"
ငွေရောင်၀တ်စုံ၀တ် အဖိုးအိုက ဒေါသတကြီး ရေရွတ်လိုက်ပြီး သူ၏လက်၀ါးဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်ကမူ လက်နှစ်ဖက်ကို နောက်ပစ်ကာ စစ်ခုန်ကွမ်းကို တည်ငြိမ်စွာသာ ကြည့်နေခဲ့သည်။
ထို့နောက် သူ့ထံကနေ အေးစက်စက် ခနဲ့သံ တစ်သံ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
"ဟမ့်.. သဘာ၀စွမ်းအားဖွင့်ခြင်း နယ်ပယ် စတုတ္ထအဆင့် ခွန်အားလောက်နဲ့ ငါ့ရှေ့မှာ ဟိတ်ဟန်လာထုတ်ရဲတယ်.. ထွက်သွားလိုက်စမ်း.."
အခန်း (၅၄၄)ပြီး၏။
အခန်း (၅၄၅)
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက် မမြင်နိုင်သော စွမ်းအားဖြင့် စစ်ခုံကွမ်းကို ဖိနှိပ်ထားခဲ့သည်။
ထို့ကြောင့် ကျန်းချန်ဆီကို ပြေး၀င်လာသည့် စစ်ခုံကွမ်း၏ ပုံရိပ်သည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
သူ၏မျက်နှာက ရုတ်တရက် ဖြူဖျော့သွားခဲ့ပြီး သူ၏ပုံရိပ်ကို တည်ငြိမ်အောင် လုပ်ဆောင်ရန် ခြေဆယ်လှမ်းခန့် နောက်ဆုတ်လိုက်ရသည်။
ထိုမြင်ကွင်းကြောင့် ခြံ၀န်းထဲတွင် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
လင်ယွင်စီရင်စု၏နံပါတ်တစ် ကျင့်ကြံသူဖြစ်သည့် သဘာ၀စွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်ကို ရောက်ရှိနေသည့် စစ်ခုံကွမ်းသည် ကျန်းချန်၏ ခွန်အားကြောင့် နောက်ဆုတ်လိုက်ရသည်။
ကျန်းခိုင်နှင့် ရွှယ်ရှောက်တို့ပင် ကျန်းချန်က ဤမျှလောက်အထိ အင်အားကြီးမားနေမည်ဟု မထင်ထားခဲ့ပေ။
"မင်း.. မင်းဘယ်သူလဲ"
စစ်ခုံကွမ်းက စိတ်လှုပ်ရှားမှုကို အတင်းအကြပ် ထိန်းချုပ်ကာ ကျန်းချန်ကို မေးခွန်းထုတ်လိုက်သည်။
ကျန်ချန်းကို ကြည့်နေသည့် သူ၏အိုမင်းသော မျက်၀န်းထဲတွင် ကြောက်လန့်သော အရိပ်အယောင်ကို မကြုံစဖူး ဖော်ပြနေခဲ့၏။
ဤကောင်လေးက အရှိန်အ၀ါဖြင့်ပင် သူကဲ့သို့ သဘာ၀စွမ်းအားဖွင့်ခြင်းနယ်ပယ် စတုတ္ထအဆင့်ကို နောက်ဆုတ်သွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။
ဆိုရလျှင် ဤကောင်လေး၏ အင်အားသည် လုံး၀ သာမန်မဟုတ်ပေ။
"ငါဘယ်သူလဲဆိုတာ မင်းသိစရာမလိုဘူး"
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောခဲ့သည်။
"မင်းက ငါတို့ ကျန်းမိသားစုရဲ့ ပိုင်နက်ထဲမှာ ငါ့ရဲ့ ကျန်းမိသားစု၀င်တွေကို ဒဏ်ရာရစေခဲ့တယ်...ဒီကိစ္စကို ငါ့ကို ရှင်းပြသင့်တယ်လို့ မင်းမထင်ဘူးလား"
ထိုစကားကိုကြားလျှင် စစ်ခုံကွမ်း၏ အမူအရာသည် အေးစက်သွားခဲ့၏။
သူက ကျန်းချန်ကိုကြည့်ကာ အော်ငေါက်လိုက်သည်။
"ကောင်လေး မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလှချည်လား..ငါဘယ်သူလဲ ဆိုတာ မင်းသိရဲ့လား"
"သိသားပဲ.. မင်းက လင်ယွင်စီရင်စုရဲ့ နံပါတ်တစ်ကျင့်ကြံသူ စစ်ခုံကွမ်း မဟုတ်လား"
ကျန်းချန်က လက်ပိုက်၍ မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။
"မင်းရဲ့ ဂုဏ်ပုဒ်က တခြားသူတွေကို ကြောက်ရွံ့စေပေမဲ့ ငါ့အတွက်တော့ အသုံး၀င်မှာမဟုတ်ဘူး"
"ကောင်လေး.. မဟာရှားနိုင်ငံက ထိုက်ရှဂိုဏ်းရဲ့နယ်မြေ ဖြစ်တယ် ဆိုတာကို မင်းသိရဲ့လား"
စစ်ခုံကွမ်းက မောက်မာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ငါက ထိုက်ရှဂိုဏ်းကပဲ.. မင်းငါ့ကို တစ်ခုခု လုပ်ဆောင်ရဲရင် မင်းက ထိုက်ရှဂိုဏ်းရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်"
"အဲဒီလိုလား"
စစ်ခုံကွမ်း၏ စကားကိုကြားလျှင် ကျန်းချန်သည် ရယ်စရာကောင်းသည့် ပြက်လုံးတစ်ခုကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူက ပြုံးရွှင်သော မျက်နှာထားဖြင့် စစ်ခုံကွမ်းကို ကြည့်ကာ ပြောလိုက်သည်။
"မထင်မှတ်ပဲ ဒီတစ်ခေါက် လင်ယွင်စီရင်စုကို ပြန်ရောက်လာတာ ဂိုဏ်းတူတွေ အချင်းချင်း တွေ့ဆုံနိုင်ခဲ့တာပဲ.. ဒါကို ကံကြမ္မာလို့ပဲ ပြောရမလား"
"ဘယ်လို..မင်းကလည်း ထိုက်ရှဂိုဏ်းရဲ့ တပည့်ပဲလား"
ကျန်းချန်၏ စကားကိုကြားလျှင် စစ်ခုံကွမ်း၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး နဖူးကနေ ချွေးစေးများပင် စီးကျလာခဲ့သည်။
စစ်ခုံကွမ်းသည် ငယ်စဥ်က မထင်မှတ်ဘဲ ထိုက်ရှဂိုဏ်းထဲကို ၀င်ရောက်နိုင်ခဲ့၏။
သို့သော်လည်း သူ၏ပါရမီက အကန့်အသတ် ရှိနေခဲ့သည်။
စစ်ခုံကွမ်းသည် ထိုက်ရှဂိုဏ်း၏ အပြင်စည်းတွင် အသက်၂၅နှစ်အထိ နေခဲ့သော်လည်း သဘာ၀စွမ်းအားဖွင့်ခြင်းနယ်ပယ်အဆင့်ကို မရောက်ရှိခဲ့၍ ထိုက်ရှဂိုဏ်းကနေ နှင်ထုတ်ခံခဲ့ရသည်။
ယခု သူက ထိုက်ရှဂိုဏ်း၏နာမည်ကို အားကိုးနေခဲ့သည်။
ဤကောင်လေးသာ အမှန်တကယ် ထိုက်ရှဂိုဏ်း၏တပည့် ဖြစ်နေခဲ့လျှင် သူ၏လိမ်ညာမှုသည် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်စေလိမ့်မည် မဟုတ်ပါလော။
"အဖိုးကြီး မင်းက ထိုက်ရှဂိုဏ်းက ဆိုမှတော့ ဒီပစ္စည်းကို သိမယ်လို့ထင်တယ်"
ကျန်းချန်က သူ၏သက်သေခံတံဆိပ်ပြားကို ထုတ်ကာ စစ်ခုံကွမ်းကို ပစ်ပေးလိုက်၏။
သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။
"မင်း..မင်းက အတွင်းစည်းတပည့်လား"
စစ်ခုံကွမ်းက ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး မျက်နှာတစ်ခုလုံး ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။
သူက ကျန်းချန်ကို အလျင်အမြန်ဦးညွတ်ကာ ကပျာကယာ ပြောလိုက်သည်။
"ဒီအဖိုးကြီးက အမြင်မရှိခဲ့ဘူး..ကျေးဇူးပြုပြီး ငါ့ရဲ့ အပြစ်အတွက် ခွင့်လွှတ်ပေးပါ"
စစ်ခုံကွမ်းက ထိုစကားကို ပြောလိုက်ပြီးနောက် ကျန်းချန်၏ သက်သေခံ တံဆိပ်ပြားကို ကျန်းချန်ထံ လေးလေးစားစား ပြန်ပေးလိုက်သည်။
"ဒါ..ဒါက ဘယ်လိုမြင်ကွင်းမျိုးလဲဟ"
သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ဟုန်မိသားစုမှ လူတိုင်းသည် လုံး၀ကို အံ့အားသင့်နေခဲ့ပြီး မျက်နှာများ အလွန်တရာ ဖြူဖျော့သွားခဲ့ကြသည်။
ကျန်းခိုင်နှင့်ရွှယ်ရှောက်တို့ ကဲ့သို့ ကျန်းမိသားစု၀င်များပင် သူတို့၏ ရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့်သွားကြ၏။
ယခင်က ရန်လိုခဲ့သည့် စစ်ခုံကွမ်းသည် လက်ရှိအချိန်တွင် ကျန်ချန်၏ဘေး၌ လက်အောက်ငယ်သား တစ်ယောက်လို ရှိနေလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
"တံဆိပ်ပြားတစ်ခုထဲနဲ့ အခြေအနေကို ဒီလိုမျိုး တုန်လှုပ်ခြောက်ခြားစရာ ကောင်းလောက်တဲ့အထိ ပြောင်းလဲပစ်လိုက်တာလား.. တကယ်ကို မယုံနိုင်စရာပဲ"
အခန်း (၅၄၅) ပြီး၏။
အခန်း (၅၄၆)
"ဆရာ.. ဒီကောင်က ကျွန်တော့်ရဲ့ဒန်တျန်ကို ဖျက်ဆီးလိုက်တယ်.. ဆရာ သူ့ကို အမြန်ဆုံးသတ်ဖို့ ကူညီပေးပါ"
ထိုအခိုက်တွင် ဟုန်ဖန်းသည် စစ်ခုံကွမ်းကိုကြည့်ကာအော်ဟစ်လိုက်သည်။
"ဟုန်ဖန်း..မင်းတိတ်တိတ်နေစမ်း.."
စစ်ခုံကွမ်းက ဟုန်ဖန်းကို အော်ငေါက်၍ အေးစက်စွာကြည့်လိုက်သည်။
"မင်းကများ သခင်လေးကျန်းကို စော်ကားရဲတယ်.. ငါစစ်ခုံကွမ်းမှာ မင်းလိုတပည့် အခုကစပြီး မရှိတော့ဘူး.. နောက်နောင် ငါစစ်ခုံကွမ်းက ဟုန်မိသားစုနဲ့ ဘယ်တော့မှ မပတ်သက်တော့ဘူး"
စစ်ခုံကွမ်းအတွက် ဟုန်ဖန်းသည် တစ်ဦးတည်းသော တပည့် ဖြစ်သည်။
သို့သော်လည်း ထိုက်ရှဂိုဏ်း၏ အတွင်းစည့်တပည့် ကျန်းချန်သည် သူစော်ကားနိုင်သည့်သူမျိုး မဟုတ်ပေ။
ယခု ဟုန်မိသားစုက ကျန်းချန်ကို စော်ကားလိုက်ရာ သူ့အနေဖြင့် ဟုန်မိသားစုနှင့် ကင်းကွာနေမှသာ အသက်ရှင်ဖို့ အခွင့်အရေးကို ရရှိနိုင်မည် မဟုတ်ပါလော။
"ဒီလူတွေရဲ့ ဒန်တျန်တွေကို ဖျက်ဆီးလိုက်ပါ.. ပြီးရင် မေပယ်ရွက်မြို့မှာ ငါတို့ကျန်းမိသားစုရဲ့ အာဏာကို တည်တံ့စေရမယ်.. ပြဿနာရှိလား"
ကျန်းချန်က သူ့နံဘေးမှ စစ်ခုံကွမ်းကို ကြည့်ကာ မေးလိုက် သည်။
"ပြသနာမရှိဘူး..လုံး၀မရှိဘူး သခင်လေးကျန်း"
စစ်ခုံကွမ်းက အလျင်အမြန် ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် ငါးမိနစ်မပြည့်ခင်မှာပင် ကျန်းမိသားစုကို ရောက်လာခဲ့သည့် ဟုန်မိသားစုမှ အကြီးအကဲအားလုံး၏ ကျင့်ကြံခြင်းများကို စစ်ခုံကွမ်းသည် ဖျက်ဆီးပစ်လိုက်သည်။
သူတို့၏ အရှေ့မှမြင်ကွင်းက ကျန်းခိုင်နှင့် ရွှယ်ရှောက်တို့ အပါအ၀င် ကျန်းမိသားစု၀င်များကို စိတ်လှုပ်ရှားစေခဲ့သည်။
"ခေါင်းဆောင်ကျန်းက အရမ်းကြမ်းတာပဲ"
လင်ယွင်စီရင်စု၏ နံပါတ်တစ် ကျင့်ကြံသူဖြစ်သည့် စစ်ခုံကွမ်းသည် ကျန်းချန်၏ အမိန့်ကို နာခံပြီး ဟုန်မိသားစု အဖွဲ့၀င်အားလုံး၏ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်ခဲ့သည်။
ထို့အပြင် ကျန်းချန်သည် မေပယ်ရွက်မြို့ကို ကျန်းမိသားစုက ထိန်းချုပ်နိုင်ရန် အတွက် အကူအညီပေးရန်လည်း တောင်းဆိုခဲ့သည်။
စစ်ခုံကွမ်း၏ အကူအညီဖြင့်ဆိုလျှင် ကျန်းမိသားစုသည် တစ်ညတည်းဖြင့် မေပယ်ရွက်မြို့ကို အလွယ်တကူ ထိန်းချုပ်နိုင်ပြီး ကျန်းမိသားစု၏ လက်အောက်ခံ မြို့အဖြစ် ပြောင်းလဲနိုင်မည် မဟုတ်ပါလား။
"စစ်ခုံကွမ်း..ဒီနေ့ ငါ မြောက်ပိုင်းတောရိုင်းဒေသရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲကို တက်ရောက်ဖို့အတွက် လုံရှီးတောင်ကို ထွက်ခွာရမယ်.. ငါအချိန်တော်ကြာတဲ့အထိ မဟာရှားနိုင်ငံကို ပြန်လာဖြစ်မှာ မဟုတ်ဘူး.. မင်းက ကျန်းမိသားစုရဲ့အကြီးအကဲရာထူးကို ယူပြီး ငါ့ကိုယ်စား ကျန်းမိသားစုကို စောင့်ရှောက်နိုင်မယ်လို့ ငါမျှော်လင့်တယ်"
ကျန်းချန်က စစ်ခုံကွမ်းကို လေးနက်စွာကြည့်၍ ပြောလိုက်သည်။
ဤတစ်ကြိမ် ကျင်းပမည့် ဂိုဏ်းကြီးသုံးဂိုဏ်း ပြိုင်ပွဲကို တက်ရောက်ပြီးနောက်တွင် ရှောင်တုလီနှင့်အတူ မြောက်ပိုင်းတောရိုင်းဒေသကနေ ထွက်ခွာမည် ဖြစ်၍ မည်သည့်အချိန်မှ ပြန်လာနိုင်မည်မှန်း မသိပေ။
ယနေ့တွင် သူ၏ ကျန်းမိသားစုသည် အလွန်တရာ အားနည်း နေသေး၏။
သဘာ၀စွမ်းအားဖွင့်ခြင်း စတုတ္ထအဆင့်ကျင့်ကြံသူ ဖြစ်သည့် စစ်ခုံကွမ်း၏ အကာအကွယ်ရှိလျှင် ကျန်းမိသားစုသည် လင်ယွင်စီရင်စု၌ သေချာပေါက်ပို၍ ဘေးကင်းလိမ့်မည် မဟုတ်ပါလော။
"သခင်လေးကျန်းရဲ့ အမိန့်ကို လိုက်နာပါ့မယ်"
စစ်ခုံကွမ်းက ချက်ချင်းဆိုသလို ၀မ်းသာအားရ ပြန်ဖြေလိုက်သည်။
သူက ထိုက်ရှဂိုဏ်း၏ အပြင်စည်းတွင် နေခဲ့ရသော်လည်း ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲတွင် ပါ၀င်နိုင်သည့် အဓိပ္ပါယ်ကို ကောင်းစွာသိသည်။
ဆိုရလျှင် ဂိုဏ်းကြီးသုံးဂိုဏ်း၏ သိုင်းပြိုင်ပွဲကို ထိုက်ရှဂိုဏ်း၏ ကောင်းကင်စာရင်းဝင် တပည့်၂၀ဦးသာ ပါ၀င်ခွင့်ရှိ၏။
ကျန်းချန်က ဂိုဏ်းကြီးသုံးဂိုဏ်း ပြိုင်ပွဲတွင် ပါ၀င်နိုင်ပုံထောက်လျှင် ထိုက်ရှဂိုဏ်း၏ အတွင်းစည်း၌ ထူးချွန်သော ပါရမီရှင် အနည်းငယ်ထဲမှ တစ်ယောက် ဖြစ်ကြောင်း သက်သေပြရန် လုံလောက်နေပြီ မဟုတ်ပါလား။
ထိုကဲ့သို့ ထိုက်ရှဂိုဏ်း၏ ပါရမီရှင်အတွက် အမှုထမ်းရခြင်းသည် သူ့အတွက် အလွန်တရာပင် ဂုဏ်ယူစရာကောင်းလှ၏။
"ကျန်းအိမ်တော်ကို ကောင်းကောင်းဂရုစိုက်ပေးပါ.. နောက်တစ်ခေါက် ပြန်လာရင် မင်းကို ငါ ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်"
ကျန်းချန်က စစ်ခုံကွမ်းကို တည်ငြိမ်စွာ ပြောလိုက်သည်။
"အဲဒီအချိန်ကျရင် မင်းအနေနဲ့ စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်ကို အဆင့်တက်ချင်တယ် ဆိုရင်တောင် ငါမင်းကို ကူညီပေးနိုင်တယ်"
"ခေါင်းဆောင် စိတ်ချပါ.. စစ်ခုံကွမ်းက ကျန်းမိသားစုကို အစွမ်းကုန် ကြိုးစားပြီး စောင့်ရှောက်ပါ့မယ်"
စစ်ခုံကွမ်းက တလေးတစား ပြောလိုက်သည်။
ကျန်းချန်က ခေါင်းညိမ့်လိုက်ပြီး နံဘေးရှိ ကျန်းခိုင်ဆီသို့ သူ့အကြည့်ကို ချက်ချင်း လွှဲလိုက်သည်။
"ဦးလေးခိုင်.. ကျန်းမိသားစုကို ဦးလေးဆီပဲ အပ်ထားခဲ့မယ်"
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် သားရဲယဥ်ပါးခြင်းအိတ်ကို လက်၀ါးဖြင့် တစ်ချက် ပုတ်လိုက်ရာ သားရဲယဥ်ပါးခြင်း အိတ်ထဲကနေ မီးလျှံသားရဲက တိုက်ရိုက်ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်သည် မီးလျှံသားရဲ၏ ကျောပေါ်သို့ ခုန်တက်လိုက်၏။
ထို့နောက်တွင် မီးလျှံသားရဲသည် အနီရောင်အလင်းအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ထဲကို ၀င်ရောက်ကာ မကြာခင်မှာပင် ကျန်းခိုင်နှင့် အခြားသူများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
အခန်း (၅၄၆)ပြီး၏။