← Chapters

အခန်း (၅၄၇-၅၄၉)

Vol. 37 Ch. 547-549

အခန်း (၅၄၇-၅၄၉)

Vol. 37 Ch. 547-549

လုံရှီးတောင်သည် မြောက်ပိုင်းတောရိုင်းဒေသတွင် လူသိများသည့် ဟေးလုံလင်အရပ်တွင် တည်ရှိသည်။

ဟေးလုံလင်အရပ်သည် မဟာရှားနိုင်ငံ၏ တောင်ဘက်တွင်တည်ရှိပြီး မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲ ကျင်းပသည့်နေရာလည်း ဖြစ် သည်။

ကျန်းချန်က မီးလျှံသားရဲကိုစီးပြီး လုံရှီးတောင်သို့ ခရီးထွက်လာစဥ် အချိန်ကို အလဟဿ မကုန်ဆုံးစေရန် မီးလျှံသားရဲ၏ ကျောပေါ်တွင် ကျင့်ကြံခြင်းများကို ပြုလုပ်နေခဲ့သည်။

ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းသည် သဘာ၀စွမ်းအားဖွင့်ခြင်းနယ်ပယ် န၀မအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီး စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်သို့ ရောက်ရန် အနည်းငယ်သာလိုအပ်တော့သည်။

ကျန်းချန်က ကျင့်ကြံခြင်း အတွေ့အကြုံ ရမှတ်များကို ရယူကာ စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်ကို အမြန်ဆုံးရောက်ရှိရန် ကြိုးစားနေခဲ့သည်။

ဤသို့ဖြင့် သုံးရက်အကြာတွင် ကျန်းချန်သည် မဟာရှားနိုင်ငံကနေ ဟေးလုံလင် အရပ်ဒေသသို့ ရောက်ရှိလာခဲ့သည်။

ဟေးလုံလင် အရပ်ဒေသသည် မြောက်ပိုင်းတောရိုင်းဒေသတွင် ထူးခြားသော ပထ၀ီ၀င်အနေအထားရှိပြီး မြောက်ပိုင်းတောရိုင်းဒေသ တစ်ခုလုံး၏ အရှုပ်ထွေးဆုံး နေရာလည်း ဖြစ်သည်။

ထိုနေရာတွင် အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးနေရသည့် ကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိ၏။

ထိုကျင့်ကြံသူများသည် ဟေးလုံလင် အရပ်ဒေသကို ထွက်ပြေးလာပြီးနောက်တွင် ဂိုဏ်းများကို တည်ထောင်ခဲ့ကြသည်။

ထိုကဲ့သို့ ကျင့်ကြံသူများထဲတွင် သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူများပင် ပါ၀င်၏။

ဟေးလုံလင် အရပ်ဒေသ၏ ရှုပ်ထွေးလှသည့် အခြေအနေကြောင့် မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်းပင် ဟေးလုံလင် အရပ်ဒေသကို မျက်စိတစ်ဖက် မှိတ်ထားရုံသာ တတ်နိုင်ခဲ့သည်။

ဆိုရလျှင် မြောက်ပိုင်းတောရိုင်းဒေသရှိ ဂိုဏ်းကြီးသုံးဂိုဏ်း၏ ထိန်းချုပ်မှု အပြည့်အ၀မရှိသည့် ဟေးလုံလင် အရပ်ဒေသသည် အလွန်အမင်း ရှုပ်ထွေးနေသည်မှာ မဆန်းပေ။

ဟေးလုံလင်တွင် အခြေခံ ကန့်သတ်ချက်များမရှိဘဲ အားကြီးသူက အားနည်းသူကို စားစတမ်း ဟူသော ဆောင်ပုဒ်သည် ဟေးလုံလင်၏ တစ်ခုတည်းသော ဥပဒေလည်း ဖြစ်၏။

လုံရှီးတောင်က ဟေးလုံလင်အရပ်တွင် တည်ရှိမှန်း ကျန်းချန်သိသော်လည်း လုံရှီးတောင်၏ တိကျသော တည်နေရာကို ကျန်းချန် မသိပေ။

"လုံရှီးတောင်ရဲ့ နေရာကိုသိရဖို့ အတွက် တစ်ယောက်ယောက်ကို မေးရတော့မယ် ထင်တယ်"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် မီးလျှံသားရဲကို အမိန့်ပေးကာ မြေပြင်ပေါ်သို့ဆင်းသက်လိုက်သည်။

ကျန်းချန် မြေပြင်ပေါ်သို့ ဆင်းသက်ခဲ့သောအချိန်တွင် ဘယ်ဘက်ရှိ မီတာရာနှင့်ချီဝေးသည့် သစ်တောအုပ်ထဲတွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ညီမလေး မူလင်.. ဒီသားရဲက အရမ်းကို အင်အားကြီးတယ်.. ငါတို့တွေ သူ့ကိုတားထားပေးမယ်.. နင်ထွက်ပြေးတော့"

"အမလျှို၊ အမကျောက်..ညီမလေး မပြေးဘူး.. အမတို့နဲ့အတူတူပဲ တိုက်ခိုက်မယ်"

"မဖြစ်ဘူး ညီမလေးမူလင်.. မင်းက အကြီးအကဲ မင်ယွဲ့ရဲ့ တပည့်ပဲ.. တကယ်လို့ နင်တစ်ခုခုဖြစ်သွားရင် ငါတို့က ထျန်းယွဲ့ဂိုဏ်းဆီ ပြန်ရောက်တဲ့အခါ အကြီးအကဲမင်ယွဲ့ကို ဘယ်လိုရှင်းပြရမှာလဲ"

"ထျန်းယွဲ့ဂိုဏ်းရဲ့ လူတွေလား.."

သစ်တောအုပ်ထဲမှ ဆွေးနွေးသံကိုကြားလျှင် ကျန်းချန်သည် မျက်ခုံးပင့်လိုက်သည်။

ထို့နောက်တွင် ချက်ချင်းဆိုသလို အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သစ်တောအုပ်ဆီသို့ လျှပ်တပြက် ရောက်ရှိသွားခဲ့သည်။

ခဏအကြာတွင် ကျန်းချန်သည် အလွန်မြင့်မားသည့် ရှေးဟောင်းသစ်ပင် တစ်ခုပေါ်တွင် ပေါ်လာခဲ့၏။

သူက အောက်ဘက်ရှိ အခြေအနေကို လေ့လာလိုက်ရာ ဓားရှည်ကို ကိုင်ဆွဲထားသော မိန်းကလေး သုံးယောက်သည် ဧရာမ မွန်းစတား သားရဲကြီးနှင့် အပြင်းအထန် တိုက်ခိုက်နေသည်ကို တွေ့ရှိခဲ့ရသည်။

မွန်းစတားသားရဲက သုံးပေခန့်မြင့်ပြီး ၀က်၀ံနှင့် ဆင်တူသည့် ခန္ဓာကိုယ်ရှိကာ သံမဏိကြေးခွံများဖြင့် ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည်။

ထိုကြေးခွံပေါ်တွင် မှိန်ဖျော့သော ခရမ်းရောင်အလင်းများ ထုတ်လွှတ်နေခဲ့၏။

"စတုတ္ထအဆင့် အထွတ်အထိပ် မွန်းစတားသားရဲ ဖြစ်တဲ့ ခရမ်းရောင် အစင်းကျား သံချပ်ဝတ် ဝက်ဝံပါလား.."

ကျန်းချန်က တစ်ချက်ကြည့်လိုက်သည်နှင့် မွန်းစတားသားရဲ၏ ဇစ်မြစ်ကို သိလိုက်သည်။

ခရမ်းရောင်အစင်းကျား သံချပ်ဝတ်ဝက်ဝံသည် စတုတ္ထအဆင့် မွန်းစတားသားရဲများထဲတွင် အထွတ်အထိပ် သားရဲအမျိုးအစား ဖြစ်သည်။

သူ၏ အားသာချက်မှာ ကာကွယ်ရေးစွမ်းအား အလွန်အမင်း ကောင်းမွန်ခြင်း ဖြစ်၏။

စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်အောက်တွင် ခရမ်းရောင်အစင်းကျား သံချပ်ဝတ်ဝက်ဝံ၏ အကာအကွယ်ကို ချိုးဖျက်နိုင်သည့် သဘာ၀စွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ အနည်းငယ်မျှသာ ရှိသည်ဟုပင် ဆိုနိုင်သည်။

ထို့အပြင် ထျန်းယွဲ့ဂိုဏ်းမှ အမျိုးသမီး တပည့်သုံးယောက်ထဲတွင် စွမ်းအားအကြီးဆုံးသူသည် သဘာ၀စွမ်းအားဖွင့်ခြင်းန၀မအဆင့် အစောပိုင်းကိုသာ ရောက်ရှိသေး၍ ခရမ်းရောင်အစင်းကျား သံချပ်ဝတ်ဝက်ဝံ၏ ပြိုင်ဘက် မဟုတ်သည်မှာ ထင်ရှားနေ၏။

ကျန်းချန် ကြည့်နေဆဲအချိန်မှာပင် ခရမ်းရောင်အစင်းကျားသံချပ်ဝတ် ဝက်ဝံသည် ရုန့်ရင်းသော တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်ကာ ထျန်းယွဲ့ဂိုဏ်းမှ အမျိုးသမီးနှစ်ယောက်ကို လွင့်စင်စေခဲ့သည်။

"အမလျှို.. အမကျောက်.."

ထိုမြင်ကွင်းကိုမြင်လျှင် အငယ်ဆုံး မိန်းကလေး၏ လှပသော မျက်နှာလေးသည် ပြောင်းလဲသွားခဲ့သည်။

သူမက အလျင်အမြန်ပင် ရှေ့ထွက်ကာ ဓားရှည်ကို ဝှေ့ရမ်း၍ ခရမ်းရောင်အစင်းကျား သံချပ်ဝတ် ဝက်ဝံကို တိုက်ခိုက်လိုက်သည်။

အခန်း (၅၄၇) ပြီး၏။

အခန်း (၅၄၈)

မိန်းကလေး၏ ဓားသိုင်းက အင်အားကြီးမားသော ဓားသိုင်းတစ်ခု ဖြစ်ပုံရသည်။

သို့သော်လည်း သူမ၏ ကျင့်ကြံခြင်းမှာ အားနည်းလွန်းပြီး သဘာ၀စွမ်းအားဖွင့်ခြင်း နယ်ပယ် သတ္တမအဆင့် ခွန်အားသာရှိ၏။

အကယ်၍ သူမက ဓားသိုင်းကို အပြည့်အဝ ထုတ်ဖော်နိုင်ခဲ့သည့်တိုင် ခရမ်းရောင်အစင်းကျား သံချပ်ဝတ် ဝက်ဝံ၏ အမွေးကိုပင် ထိခိုက်စေမည် မဟုတ်ပေ။

"ဝေါင်း.."

မိန်းကလေး၏ ဓားချက်က ခရမ်းရောင်အစင်းကျား သံချပ်ဝတ် ဝက်ဝံကို မထိခိုက်စေခဲ့သော်လည်း သံချပ်ဝတ် ဝက်ဝံကို လုံး၀ ဒေါသထွက်စေခဲ့သည်။

ခရမ်းရောင်အစင်းကျား သံချပ်ဝတ်ဝက်ဝံ ဟိန်းဟောက်လိုက်ပြီးနောက်တွင် လေထုကို ထိုးဖောက်ကာ မိန်းကလေး ဆီသို့ အလျင်အမြန် ပြေး၀င်သွားခဲ့သည်။

"ညီမလေး မူလင်.. ဒီကနေ မြန်မြန်ထွက်သွားတော့"

အစောပိုင်းက ခရမ်းရောင်အစင်းကျား သံချပ်ဝတ် ဝက်ဝံ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသည့် စီနီယာအမနှစ်ယောက်သည် သူတို့၏ ဂျူနီယာညီမလေးကို စိုးရိမ်ကာအလျင်အမြန် အော်ဟစ်လိုက်ကြသည်။

မိန်းကလေးတွင် တိုက်ခိုက်ရေး အတွေ့အကြုံ မရှိသည်မှာ ထင်ရှားနေ၏။

သူမက သူမဆီသို့ ပြေး၀င်လာသည့် ခရမ်းရောင်အစင်းကျားသံချပ်ဝတ် ဝက်ဝံကို ထိတ်လန့်စွာ ကြည့်နေခဲ့၏။

သူမ၏ လှပသော မျက်နှာလေးက ချက်ချင်းပင် ဖြူဖျော့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးပင် တုန်ယင်သွားခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်ကာ ကျန်းချန်က ခေါင်းခါလိုက်ပြီး ချက်ချင်းဆိုသလို လေဆန္ဒကို ထုတ်ဖော်ကာ မိန်းကလေး၏ ရှေ့တွင် ပေါ်လာခဲ့၏။

ထို့နောက်တွင် ခရမ်းရောင်အစင်းကျား သံချပ်ဝတ်ဝက်ဝံကို လက်သီးဖြင့် ထိုးချလိုက်ရာ ကျန်းချန်၏ လျှပ်စီးလိုမြန်ဆန်သည့် လက်သီးချက်သည် ခရမ်းရောင်အစင်းကျား သံချပ်ဝတ် ဝက်ဝံ၏ ၀မ်းဗိုက်ကို ထိမှန်သွားခဲ့သည်။

ချက်ချင်းဆိုသလို ခရမ်းရောင်အစင်းကျား သံချပ်ဝတ်ဝက်ဝံ၏ ဧရာမခန္ဓာကိုယ်သည် နောက်ပြန် လွင့်စင်သွားခဲ့ပြီး ဥက္ကာပျံတစ်စင်းကဲ့သို့ မြေပြင်ပေါ်သို့ ဒုန်းခနဲ ပြုတ်ကျသွားခဲ့သည်။

"ဝေါင်း"

ထို့နောက်တွင် ခရမ်းရောင်အစင်းကျား သံချပ်ဝတ် ဝက်ဝံသည် ကောင်းကင်ကိုကြည့်ကာ ဟိန်းဟောက်လိုက်ပြီး မြေပြင်ပေါ်ကနေ ထရပ်ကာ ကျန်းချန်ကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။

ကျန်းချန်က ချီယန် သန္ဓေမူလသိုင်းခန္ဓာ၏ သွေးစွမ်းအားနှင့် လက်သီးဆန္ဒကို တစ်ချိန်တည်းမှာပင် ထုတ်ဖော်လိုက်သည်။

မကြာခင်မှာပင် သူ၏ ရွှေရောင်လက်သီးချက်သည် ခရမ်းရောင်အစင်းကျား သံချပ်ဝတ် ဝက်ဝံ၏ ဦးခေါင်းကို ထိမှန်သွားခဲ့၏။

"ကလစ်"

အရိုးကျိုးသည့်အသံက တိတ်ဆိတ်သော သစ်တောထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။

ခရမ်းရောင်အစင်းကျား သံချပ်ဝတ်ဝက်ဝံက နာကျင်စွာအော်ဟစ်လိုက်ပြီး သူ၏ ဧရာမခန္ဓာကိုယ်သည် နောက်တစ်ကြိမ် လွင့်စင်သွားခဲ့သည်။

ထို့နောက် မြေပြင်ထက်သို့ ပြုတ်ကျလာခဲ့ရာ တွင်းနက်ကြီးတစ်ခုပင် ဖြစ်၍သွားခဲ့သည်။

ခရမ်းရောင်အစင်းကျား သံချပ်ဝတ်ဝက်ဝံသည် ခဏမျှ ရုန်းကန်ပြီးနောက်တွင် လုံး၀ကို ငြိမ်သက်သွားခဲ့၏။

ထိုမြင်ကွင်းကိုမြင်လျှင် ထျန်းယွဲ့ဂိုဏ်းမှ အမျိုးသမီး တပည့်သုံးယောက်လုံးသည် အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြသည်။

"အရမ်းကို အင်အားကြီးမားလွန်းတာပဲ"

သဘာ၀စွမ်းအားဖွင့်ခြင်း အဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် အမျိုးသမီးက ကျန်းချန်ကို ကြည့်ကာ တအံ့တသြ ရေရွတ်လိုက်သည်။

သဘာ၀စွမ်းအားဖွင့်ခြင်းနယ်ပယ် န၀မအဆင့်ရှိ နောက်ထပ် အမျိုးသမီး တစ်ယောက်ကလည်း ခေါင်းညိမ့်၍ ထောက်ခံလိုက်၏။

သူမ၏အမူအရာက အလွန်အမင်း အံ့အားသင့်နေပုံရ၏။

ဤလူငယ်က သူတို့နှင့် သက်တူရွယ်တူလောက်သာ ရှိပုံရသော်လည်း ခရမ်းရောင်အစင်းကျား သံချပ်ဝတ် ဝက်ဝံကို လက်သီးတစ်ချက်တည်းဖြင့်ပင် သတ်ပစ်နိုင်သည့် စွမ်းရည်ရှိနေသည် မဟုတ်ပါလား။

ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ အင်အားမျိုးသည် သူတို့၏ ထျန်းယွဲ့ဂိုဏ်းတွင် ပြိုင်ဘက်ကင်းပါရမီရှင် အနည်းငယ်တွင်သာ ရှိသော စွမ်းရည်မျိုး ဖြစ်၏။

ကျန်းချန်က ခရမ်းရောင်အစင်းကျား သံချပ်ဝတ် ဝက်ဝံကို လက်သီးတစ်ချက်တည်းဖြင့် ပေါ့ပေါ့ပါးပါး ဖြေရှင်းပြီးနောက်တွင် သူ့ခန္ဓာကိုယ်တွင် ကပ်ငြိနေသည့် ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး ထျန်းယွဲ့ဂိုဏ်းမှ အမျိုးသမီးသုံးယောက် ဆီသို့လျှောက်လာခဲ့သည်။

"ကျွန်မက ထျန်းယွဲ့ဂိုဏ်းရဲ့ တပည့်လျှိုချင်ပါ.. ကျွန်မတို့ညီအစ်မသုံးယောက်ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ဒီက သခင်လေးရဲ့နာမည်ကို သိလို့ရမလား"

သဘာ၀စွမ်းအားဖွင့်ခြင်းနယ်ပယ် န၀မအဆင့် ကျင့်ကြံသူ ဖြစ်သည့် ထျန်းယွဲ့ဂိုဏ်း၏ တပည့်မက ရှေ့သို့ အလျင်အမြန်တက်လာပြီး ကျန်းချန်ကို ကျေးဇူးတင်စကား ပြောဆိုခဲ့သည်။

"နည်းနည်းလောက်ပဲ အားစိုက်လိုက်ရတာပါ.. မင်းတို့အဲဒီလောက်ထိ အားနာမနေပါနဲ့"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြုံးလိုက်သည်။

"ငါ့နာမည်က ကျန်းချန်ပါ.. ငါက ထိုက်ရှဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ"

"ရှင်က ကျန်းချန်ဆိုတော့ ထိုက်ရှဂိုဏ်းရဲ့ ပိုင်နက်ထဲမှာရှိတဲ့မဟာရှားနိုင်ငံက ကျန်းချန်လား.. ထျန်းယွဲ့ဂိုဏ်းမှာ ရှိစဥ်က စီနီယာအမ ချင်းရွှယ်က ရှင့်အကြောင်း ပြောတာကို ကြားဖူးတယ်"

ကျန်းချန်၏ မိတ်ဆက်စကားကို ကြားလျှင် အငယ်ဆုံးမိန်းကလေးသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"မင်းက မုန့်ချင်းရွှယ်ရဲ့ ဂျူနီယာညီမလေးလား"

ကျန်းချန်က ခဏမျှ မှင်တက်သွားခဲ့သည်။

သူ၏ မျက်၀န်းထဲတွင် ၀မ်းသာသော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူက မုန့်ချင်းရွှယ်၏ အကြောင်းကို မေးမြန်းရန် ထိုသုံးယောက်ဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် အငယ်ဆုံးမိန်းကလေးက မုန့်ချင်းရွှယ်၏ ဂျူနီယာညီမလေး ဖြစ်နေမည်ဟု မည်သူသိနိုင်ပါမည်နည်း။

ယင်းမှာ သူ့ကိုမထင်မှတ်သည့် အံ့အားသင့်မှုတစ်ခုကို အမှန်တကယ် ပေးစွမ်းနိုင်ခဲ့သည်။

အခန်း(၅၄၈)ပြီး၏။

အခန်း (၅၄၉)

"ဟုတ်ပါတယ်.. စီနီယာအမ ချင်းရွှယ်နဲ့ ကျွန်မက ထျန်းယွဲ့ဂိုဏ်းက သိုင်းသခင်နယ်ပယ်အဆင့် အကြီးအကဲ မင်ယွဲ့ရှင်းရဲ့ တပည့်တွေပါ"

မိန်းကလေးက ချိုသာစွာပြုံး၍ ပြောလိုက်သည်။

"အကိုကျန်း ကျွန်မနာမည်က ယွဲ့မူလင်ပါ.. ဒီနှစ်ယောက်တော့ ကျွန်မရဲ့စီနီယာအမတွေ ဖြစ်တဲ့ အမ လျှိုချင်နဲ့ အမ ကျောက်ယွင်ရှန်းပါ"

"မင်္ဂလာပါ"

ကျန်းချန်က ပြုံး၍ အမျိုးသမီးနှစ်ယောက်ကို နှုတ်ဆက်လိုက်သည်။

"ဒါနဲ့ ထျန်းယွဲ့ဂိုဏ်းထဲမှာ မုန့်ချင်းရွှယ်ရဲ့အခြေအနေကဘယ်လိုရှိလဲ"

"အမချင်းရွှယ်က ကျွန်မတို့ ထျန်းယွဲ့ဂိုဏ်းရဲ့ နှစ်တစ်ရာအတွင်းမှာ ရှားရှားပါးပါး ပေါ်ပေါက်ခဲ့တဲ့ ပါရမီရှင်တစ်ယောက်ပဲ.. ထျန်းယွဲ့ဂိုဏ်းကို ၀င်ရောက်ပြီး တစ်နှစ်အကြာမှာပဲ အမချင်းရွှယ်က ထျန်းယွဲ့ဂိုဏ်းရဲ့ အစစ်အမှန် တပည့်တစ်ယောက်ဖြစ်လာခဲ့တယ်.. ရက်အနည်းငယ်အကြာမှာ ကျင်းပမဲ့ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲမှာ အကိုကျန်း သူ့ကို တွေ့နိုင်မှာပါ"

ယွဲ့မူလင်က ပြုံး၍ ပြောလိုက်သည်။

ကျန်းချန်က ခေါင်းညိမ့်လိုက်ပြီး ယွဲ့မူလင်တို့ သုံးယောက်ကို အံ့သြသောအကြည့်ဖြင့် ကြည့်လိုက်သည်။

"မင်းတို့ကလည်း ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲမှာဆင်နွှဲဖို့ ဒီကိုလာခဲ့တာလား"

"အကိုကျန်းက ရယ်စရာပြောတတ်တာပဲ.. ကျွန်မတို့ရဲ့ ခွန်အားနဲ့ ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲမှာ ပါ၀င်ဖို့ ဘယ်လိုလုပ်အရည်အချင်း ရှိမှာလဲ"

ယွဲ့မူလင်က လျှာတစ်လစ် ထုတ်ပြကာ ပြောလိုက်သည်။

"ဆရာက ထန်းယွဲ့ဂိုဏ်းမှာပဲ လေ့ကျင့်ပြီးနေခဲ့ဖို့ အမိန့်ပေးခဲ့ပေမဲ့ ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲကို ကြည့်ချင်တဲ့အတွက် စီနီယာ အမနှစ်ယောက်နဲ့ အတူ ခိုးထွက်လာခဲ့တာပဲ"

"ကောင်းပြီလေ.. ငါလည်း ဂိုဏ်းသုံးဂိုဏ်းသိုင်းပြိုင်ပွဲကို တက်ရောက်ဖို့အတွက် ရောက်လာတာ ဆိုတော့ ငါတို့တွေ လုံရှီးတောင်ကို အတူတူ သွားကြတာပေါ့"

ဤမိန်းကလေးသည် ဟေးလုံလင်အရပ်ကို ခိုးထွက်လာသည်အထိ တကယ်ကို အတင့်ရဲလွန်းသည်။

ဟေးလုံလင်အရပ်သည် ကျားနှင့်နဂါးများ ရောထွေးနေသည့်နေရာဖြစ်ပြီး ယွဲ့မူလင်တို့ သုံးယောက်၏ ခွန်အားဖြင့်ဆိုလျှင် ဤနေရာတွင် ရှိနေသည်မှာ အလွန်ပင် အန္တရာယ်များ၏။

ယွဲ့မူလင်က မုန့်ချင်းရွှယ်၏ ဂျူနီယာညီမလေး ဖြစ်နေခဲ့ရာ ကျန်းချန်သည် ယွဲ့မူလင်းတို့ သုံးယောက်ကို အန္တရာယ်ကြား၌ ပစ်ထားခဲ့မည် မဟုတ်ပေ။

"အကိုကျန်း ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲ ကျင်းပဖို့ ရက်အနည်းငယ် လိုသေးတယ်.. အခုက ညနေပိုင်း ရောက်လာပြီဆိုတော့ လုံရှီးတောင်ကို ခရီးဆက်နိုင်တော့မှာမဟုတ်ဘူး.. ကျွန်မတို့တွေ အရင်ဆုံး ဟေးလုံမြို့ကို သွားပြီး အနားယူကြရင် ဘယ်လိုလဲ.. မနက်ဖြန်မှပဲ လုံရှီးတောင်ကို သွားကြတာပေါ့"

ထိုအချိန်တွင် လျှိုချင်က ရုတ်တရက် ၀င်ပြောခဲ့သည်။

ကျန်းချန်က ထိုအဆိုကို ခေါင်းညိမ့်၍ ထောက်ခံလိုက်သည်။

"ကောင်းပြီလေ ဒါဆိုငါတို့တွေ ဟေးလုံမြို့ကိုသွားကြစို့"

"အကိုကျန်း ခဏလေးနေပါဦး.."

ယွဲ့မူလင်က သူမ၏ လက်ညှိုးဖြင့် ခရမ်းရောင်အစင်းကျားသံချပ်၀တ် ၀က်၀ံ၏ အလောင်းကို ညွှန်ပြကာ ကျန်းချန်ကိုပြောလိုက်သည်။

"အကိုကျန်း ဒီခရမ်းရောင်အစင်းကျား သံချပ်၀တ်၀က်၀ံမှာတန်ဖိုးရှိတဲ့ ပစ္စည်းတွေ အများကြီးရှိတယ်"

"မင်းလိုချင်ရင် သွားယူလိုက်လေ.. ဒါက မင်းအတွက် ငါ့ရဲ့လက်ဆောင်ပဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။

သူက စတုတ္ထအဆင့် မွန်းစတားသားရဲ၏ ပစ္စည်းများကို အမှန်တကယ် ဂရုမစိုက်ခဲ့ပေ။

"ကျေးဇူးတင်ပါတယ် အကိုကျန်း"

ယွဲ့မူလင်က ချိုသာစွာ ပြုံးလိုက်ရာ သူမ၏ ကွေးညွှတ်သော မျက်ခုံးလေးသည် လခြမ်းပုံစံ ဖြစ်သွားခဲ့သည်။

သူမက စီနီယာအမ နှစ်ယောက်နှင့်အတူ ခရမ်းရောင်အစင်းကျား သံချပ်၀တ်၀က်၀ံဆီမှ ပစ္စည်းများကို ကောက်ယူရန် သွားတော့မည့်အချိန်တွင် ကျန်းချန်သည် သူမ၏ လက်ကို ဆွဲထားလိုက်၏။

"ခဏလေးနေဦး ဒီကို လူတချို့ လာနေတယ်"

ယွဲ့မူလင်တို့ သုံးယောက်သည် ကျန်းချန်၏ စကားကိုကြားလျှင် ချက်ချင်းဆိုသလို အသင့်အနေအထား ဖြစ်သွားကြသည်။

ထိုအခိုက်တွင် လူတစ်ဒါဇင်ကျော်သည် သူတို့၏ မြင်ကွင်းတွင် ထွက်ပေါ်လာခဲ့သည်။

ထိုလူအုပ်စုထဲမှ အင်အားအနည်းဆုံးသူပင် သဘာ၀စွမ်းအားဖွင့်ခြင်း နယ်ပယ် သတ္တမအဆင့်တွင် ရှိ၏။

အထူးသဖြင့် ၎င်းတို့ကို ဦးဆောင်လာသည့် အမာရွတ်နှင့်လူ၏ အရှိန်အ၀ါသည် သာမန်သဘာ၀စွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူထက် များစွာ ကျော်လွန်နေပြီး စွမ်းအင်သိပ်သည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်မှာ ထင်ရှားနေသည်။

"ခေါင်းဆောင်.. ဟိုမှာ ခရမ်းရောင်အစင်းကျား သံချပ်၀တ် ၀က်၀ံရဲ့ အလောင်းတစ်ခုရှိနေတယ်"

"ခရမ်းရောင်အစင်းကျားသံချပ်၀တ်၀က်၀ံရဲ့ ခန္ဓာကိုယ်တင် မဟုတ်ဘူးဟ.. ချစ်စရာကောင်းတဲ့ ကြက်မလေးသုံးကောင်လည်း ရှိနေတာပဲ"

"ဟားဟား ငါတို့ရဲ့ကံတရားက အတော်လေး ကောင်းမွန်လာပုံရတယ်"

"......."

သူတို့ရှေ့မှ ရုန့်ရင်းသော အသွင်အပြင်ရှိသည့် လူတစ်ဒါဇင်ကျော်ကို ကြည့်ရင်း ယွဲ့မူလင်တို့ သုံးယောက်၏ လှပသော မျက်နှာလေးသည် ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့သည်။

"စိတ်မပူပါနဲ့ ငါဖြေရှင်းနိုင်ပါတယ်"

ကျန်းချန်က ယွဲ့မူလင်၏ ပုခုံးကို ခပ်ဖွဖွပုတ်လိုက်သည်။

ထို့နောက် သူက ဖြည်းညှင်းစွာဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။

သူ၏ တည်ငြိမ်သောအသံသည် တောအုပ်ထဲတွင် တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။

"အားလုံးပဲ မသေချင်သေးဘူးဆိုရင် ဒီနေရာကနေ ထွက်သွားကြပါ.. နောင်တမရချင်ဘူးဆိုရင် ထွက်သွားတာက အကောင်းဆုံး ဖြစ်လိမ့်မယ်"

အခန်း (၅၄၉) ပြီး၏။

All Chapters