အခန်း (၅၆၈-၅၇၀)
Vol. 38 Ch. 568-570
"အစ်ကိုကျန်း.. ဒီဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးကို လေလံ ဆက်ဆွဲဦးမှာလား"
ယွဲ့မူလင်က သူ့နံဘေးရှိ ကျန်းချန်ကို မျက်လုံးပြူးပြီး ကြည့်နေခဲ့သည်။
"ထိုက်ရှဂိုဏ်းက အစ်ကိုကျန်းချန်က အရမ်း ချမ်းသာတာပဲ"
ယေဘုယျအားဖြင့် ကျင့်ကြံသူများသည် သူတို့ ရရှိသည့် မှော်စွမ်းအင် ကျောက်တုံး အများစုကို ကျင့်ကြံခြင်း အတွက် ပြန်လည် အသုံးပြုကြ၍ လက်ထဲတွင် စုမိဆောင်းမိ မရှိကြပေ။
ထို့ကြောင့် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက်က သန်းနှင့်ချီသည့် မှော်စွမ်းအင် ကျောက်တုံးများကို ထုတ်နိုင်လျှင် ချမ်းသာသည်ဟု သတ်မှတ်နိုင်၏။
သို့သော် အစ်ကိုကျန်းချန်ကမူ မျက်တောင်ပင် မခတ်ဘဲ သန်းပေါင်းများစွာသော မှော်စွမ်းအင် ကျောက်တုံးများကို အသုံးပြုနေခဲ့သည်။
စွမ်းအင်သိပ်သည်းခြင်း အဆင့်နှင့် သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူအများစုပင် ထိုမျှလောက် ချမ်းသာမည် မဟုတ်ဟု သူမ ထင်မိသည်။
"မဟုတ်ဘူး.. ငါ့မှာ အဲဒီလောက်များတဲ့ မှော်စွမ်းအင်ကျောက်တုံးတွေ မရှိပါဘူး ညီမလေး"
ကျန်းချန်က ယွဲ့မူလင်တို့ အံ့ဩစေသည့်စကားကို ပြောခဲ့သည်။
"ငါ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ မှော်စွမ်းအင်ကျောက်တုံးက ငါလေလံဆွဲခဲ့တဲ့ ကောင်းကင်အဆင့် ဓားကျင့်စဥ် အတွက်တောင် မလုံလောက်ဘူး"
"ဘယ်လို"
ယွဲ့မူလင်ရဲ့ သမီးသုံးယောက်က ထိုစကားကို ကြားလျှင် ချက်ချင်းပင် မျက်နှာများ ဖြူဖျော့သွားကြသည်။
ဟေးလုံမြို့အခြေစိုက် နဂါးနက်ကုန်သွယ်ရေးအဖွဲ့။
ဤအဖွဲ့က သာမန်အဖွဲ့တစ်ဖွဲ့ မဟုတ်ပေ။
သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများပင် နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဥ်းများကို လိုက်နာကြ၏။
"အကိုကျန်းက လက်ထဲမှာ မှော်စွမ်းအင်ကျောက်တုံး မလုံလောက်ဘဲ လေလံဝင်ဆွဲခဲ့တယ် ဆိုတော့ အရေးယူခံရရင်ဘယ်လိုလုပ်မလဲ"
"ဟားဟား... စိတ်မပူပါနဲ့.. ငါ့မှာ အခု မှော်စွမ်းအင်ကျောက်တုံး မရှိပေမယ့် ဟိုဘက်က ကောင်လေးမှာရှိတယ်.. မကြာခင် ငါ့တံခါးဝထိ သူ့ လာပို့လိမ့်မယ်"
ကျန်းချန်က ပြုံး၍ ယွဲ့မူလင်တို့ကို ပြောလိုက်သည်။
သူ၏မျက်နှာထက်တွင် ညစ်ကျယ်ကျယ် အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့၏။
ယွဲ့မူလင်က ဉာဏ်ကောင်းသူဖြစ်၍ ခဏမျှ မှင်တက်သွားပြီးနောက်တွင် ချက်ချင်းဆိုသလို သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။
"အစ်ကိုကျန်း.. ဒီဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးက အကိုကျန်း ပစ္စည်း မဟုတ်လား"
"ဉာဏ်ကောင်းတယ်"
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွား၏။
"ကျန့်ချန် စျေးပေးခဲ့တဲ့ မှော်စွမ်းအင် ကျောက်တုံး သန်း၃၀က ငါ့အတွက် ကောင်းကင်အဆင့် ဓားသိုင်းကို ဝယ်ဖို့ မလုံလောက်သေးဘူး.. သူက ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးကို လိုချင်မှတော့ သူ့ကို ဖိအားပေးပြီး စျေးနှုန်းကို မြှင့်တင်ရမယ်"
"............"
ယွဲ့မူလင်တို့ သုံးယောက်က ခဏမျှ စကားမပြောနိုင်အောင် ဖြစ်သွားခဲ့သည်။
"အစ်ကို ကျန်းက စျေးနှုန်းကို တစ်ခါတည်း အများကြီး ထပ်မြှင့်လိုက်လို့ ကျန့်ချန်က လက်လျှော့လိုက်ရင် ဘယ်လိုလုပ်မလဲ"
ယွဲ့မူလင်က မျက်မှောင်ကြုတ်ပြီး စိုးရိမ်တကြီး ပြောခဲ့သည်။
ကျန်းချန်က ဤကဲ့သို့ မလိမ့်တပတ်ဖြင့် ဈေးတိုးမြှင့်နေသည်မှာ အန္တရာယ် အလွန်များ၏။
ကျန့်ချန်သာ လေလံအပြိုင်ဆွဲခြင်းကို လက်လျှော့လိုက်လျှင် ကျန်းချန်အတွက် အကျိုးဆက်သည် အမှန်တကယ် မတွေးဝံ့စရာပင် မဟုတ်ပါလား။
"စိတ်မပူပါနဲ့.. သူလက်မလျှော့ပါဘူး"
ကျန်းချန်၏ မျက်နှာထက်တွင် ယုံကြည်မှုအပြည့်ရှိသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
သာမန်လူတစ်ယောက်က ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးကို ရရှိရန် အသည်းအသန်ဖြစ်မည် မဟုတ်သော်လည်း ကျန့်ချန်လို ဓားသိုင်းပါရမီရှင် တစ်ယောက်အတွက်မူ ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံး၏ ဆွဲဆောင်မှုကို ဘယ်လိုနည်းနဲ့မှ ခံနိုင်မည်မဟုတ်ပေ။
"သန်း၇၀နဲ့ ငါးသိန်း.. နောက်ထပ် သန်း၇၀နဲ့၆သိန်း ထပ်မြှင့်နိုင်ရင် ဒီဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးက မင်းရဲ့ပစ္စည်းပဲ"
ကျန်းချန်၏ စကားသံ အဆုံးသတ်သည်နှင့် ကျန့်ချန်က ထိုစျေးနှုန်းကို ပေးကာ လေလံကို ရရှိသွားခဲ့သည်။
ကျန်းချန်က မျက်နှာချင်းဆိုင်မှ ကျန့်ချန်ကို ပြုံး၍ ကြည့်လိုက်သည်။
သူ၏ စကားသံက လူတိုင်း၏ နားထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
"ဒီလောက် ငွေအများကြီး သုံးစွဲပေးတဲ့အတွက် ညီနောင်ကျန့်ကို ကျေးဇူးတင်ပါတယ်.. ညီနောင်ကျန့်က ကောင်းကင်အဆင့် ဓားသိုင်း အတွက် ပေးချေဖို့ လုံလောက်အောင် ကူညီပေးခဲ့တယ်"
"ဒီဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးကို လေလံတင်ခဲ့တာက ကျန်းချန်လား"
လူတိုင်းက ကျန်းချန်၏ စကားကို ကြားလျှင် အံ့အားသင့်သွားကြသည်။
ဤကောင်လေးသည် အခုလေးတင် အသုံးပြုခဲ့သည့် လှည့်ကွက်ကိုပင် ထပ်လုပ်နေခဲ့သည်။
သူက သူလေလံတင်မည့် ပစ္စည်းများကို တမင်တကာ လေလံအပြိုင်လိုက်ဆွဲပြီး တခြားသူများ၏ မှော်စွမ်းအင် ကျောက်တုံးများကို လှည့်စားခဲ့၏။
ဤတစ်ကြိမ်တွင် ကျန်းချန်ကြောင့် နတ်ဓားဂိုဏ်းမှ ကျန့်ချန်သည် သန်းပေါင်းများစွာသော မှော်စွမ်းအင် ကျောက်တုံးများ အပိုကုန်ကျခဲ့ရသည်။
"လေလံပွဲမှာ ဒီကောင်လေးက ထျန်းယွဲ့ဂိုဏ်းနဲ့ နတ်ဓားဂိုဏ်းရဲ့ ပါရမီရှင်တွေကို လှည့်စားခဲ့တယ်လား"
"အံ့ဩစရာပဲ.. ဒီနတ်ဆိုးလေးက သိပ်အံ့သြဖို့ကောင်းတယ်"
အခန်း(၅၆၈) ပြီး၏
အခန်း(၅၆၉)
"မင်း တော်တော် ကောက်ကျစ်တာပဲ.. ငါ့ရဲ့ မှော်စွမ်းအင်ကျောက်တုံးတွေကိုတောင် လှည့်စားရဲတယ်"
ကျန့်ချန်က အလွန်ပင် ဒေါသထွက်နေခဲ့၏။
ကျန်းချန်ကို ကြည့်နေသည့် သူ၏ မျက်လုံးများသည် မီးဝင်းဝင်း တောက်နေခဲ့သည်။
နတ်ဓားဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်အနေဖြင့် ကျန့်ချန်၏ အဆင့်အတန်းသည် အလွန်မြင့်မား၏။
သက်တူရွယ်တူများ ထဲတွင် သူကသာ အမြဲတစေ တခြားသူများကို အနိုင်ကျင့်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ရွယ်တူ ကောင်လေးတစ်ယောက်ကြောင့် ဤမျှလောက် ဆိုးရွားသည့် အခြေအနေကို ရောက်ရှိခဲ့၏။
အကယ်၍ ဤနေရာသာ နဂါးနက်ကုန်သွယ်ရေးခန်းမ မဟုတ်ခဲ့လျှင် သူက ကျန်းချန်ကို ဓားဖြင့် ချက်ချင်း ခုတ်သတ်မိမည် ဖြစ်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ တုံ့ပြန်ပြောဆိုလိုက်သည်။
"လေလံပွဲမှာ လှည့်ကွက်တွေသုံးတာက ထုံးစံပဲ.. ဘာမှ မတရားတာ မရှိဘူး"
ကျန့်ချန်၏ မျက်လုံးများက အေးစက်နေခဲ့သည်။
"မင်း ငါ့ကို နောက်တစ်ကြိမ် မတွေ့ဖို့ ဆုတောင်းထားတာ ပိုကောင်းလိမ့်မယ်.. မဟုတ်ရင် မင်း ဒီနေ့ စော်ကားခဲ့တာကို ဆယ်ဆ ပြန်ပေးဆပ်စေမယ်"
"စိတ်မပူပါနဲ့.. မင်း ငါ့ကို နှစ်ရက်အတွင်း ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲမှာ တွေ့ရမှာပါ"
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
"ဒါပေမယ့် ဆယ်ဆ ပြန်လည် ပေးဆပ်စေဖို့ကတော့ မင်းမှာ စွမ်းရည်ဘယ်လောက်ရှိသလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်"
"မင်းလည်း ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ တပည့်ဖြစ်နေမယ်လို့ မထင်ထားမိဘူး"
ကျန့်ချန်၏ မျက်လုံးများက အနည်းငယ် ကျုံ့သွားခဲ့သည်။
သူက ကျန်းချန်ကို အေးစက်စွာ ပြောလိုက်၏။
"ကောင်းပြီ.. ဂိုဏ်းသုံးဂိုဏ်း သိုင်းပြိုင်ပွဲမှာ မင်းကို ငါ စောင့်နေမယ်"
ကျန့်ချန်က ထိုစကားကို ပြောပြီးနောက်တွင် လောဖုန် အပါအဝင် နတ်ဓားဂိုဏ်း၏တပည့်များကို ဦးဆောင်ကာ နောက်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။
"ဂျူနီယာညီလေး ကျန်းချန်.. မင်းကို အချိန်အတော်ကြာ မတွေ့ရပေမဲ့ မင်းက ပါရမီရှင်တွေကို လွှမ်းမိုးနိုင်တုန်းပါလား"
"ဒီနေ့ လေလံပွဲမှာ နတ်ဓားဂိုဏ်းရဲ့ နံပါတ်တစ်ပါရမီရှင် စိတ်ဓာတ်ကို ချိုးနှိမ်နိုင်ခဲ့တဲ့ ဂျူနီယာညီလေးရဲ့ လုပ်ဆောင်ချက်က ငါ့ရဲ့ အမြင်ကို တကယ်ပဲ ဖွင့်ပေးခဲ့တယ်"
ဤအချိန်တွင် ထိုက်ရှဂိုဏ်း၏ နံပါတ်တစ် အစစ်အမှန်တပည့်လင်ကျုံသည် ကျန်းချန်ကို ပြုံး၍ ကြည့်ကာ နှုတ်ဆက်လိုက်၏။
လင်ကျုံ၏ စကားကိုကြားလျှင် လေလံအိမ် တစ်ခုလုံး ဆူညံသွားခဲ့သည်။
"လခွမ်း.. ဒီကောင်လေးက ထိုက်ရှဂိုဏ်းရဲ့ တပည့်လား"
"ထိုက်ရှဂိုဏ်းရဲ့ အစစ်အမှန် တပည့် ငါးယောက်ထဲမှာ ကျန်းချန်ဆိုတဲ့ နာမည်နဲ့ ဘယ်သူ့ကိုမှ မကြားဖူးဘူး.. ဒီကောင်လေးက ဘယ်တုန်းက ထွက်ပေါ်လာတာလဲ"
"............."
ကျန်းချန်က ထိုက်ရှဂိုဏ်းကို မကြာသေးခင်ကမှ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
သူက အောင်းထျန်းခွေ့ကို အနိုင်ရခဲ့သော်လည်း ဤကိစ္စက ပြင်ပတွင် မပျံ့နှံ့ခဲ့ပေ။
ထို့အပြင် ကျန်းချန်က ရှောင်တုလီ၏ တပည့် ဖြစ်လာသည့်အတွက် ထိုက်ရှဂိုဏ်းသည် ကျန်းချန်ကို အောင်းထျန်းခွေ့၏ အစစ်အမှန်တပည့်နေရာအား အစားထိုးဖို့ ခွင့်မပြုခဲ့ချေ။
ထို့ကြောင့် ထိုက်ရှဂိုဏ်း၏ တပည့်တွေက လွဲလျှင် အပြင်လူအနည်းငယ်ကသာ ကျန်းချန်လို ပါရမီရှင်တစ်ယောက် ထိုက်ရှဂိုဏ်းတွင် ရှိမှန်း သိကြသည်။
လူတိုင်း၏ တုန်လှုပ်ချောက်ချားသော အကြည့်များအောက်တွင် ကျန်းချန်သည် လင်ကျုံနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ကောင်းကင်အဆင့်ဓားကျင့်စဥ်အတွက် ကျသင့်သမျှကို ရှင်းရန် သွားရောက်ခဲ့၏။
အရာအားလုံး ပြီးစီးပြီးနောက်တွင် ကျန်းချန်သည် ယွဲ့မူလင်တို့နှင့် အတူ လေလံပွဲကနေ ထွက်လာခဲ့သည်။
မူလက ကျန်းချန်သည် ဟေးလုံမြို့ကနေ လုံရှီးတောင်ကို တိုက်ရိုက် ထွက်ခွာဖို့ စီစဉ်ခဲ့သော်လည်း ယွဲ့မူလင်တို့ သုံးယောက်ကို သက်ညှာကာ ဟေးလုံမြို့တွင် တစ်ညထပ်နားရန် ဆုံးဖြတ်ခဲ့၏။
တည်းခိုခန်းကို ပြန်ရောက်လျှင် ဘာမှ လုပ်စရာမရှိသည့်အတွက် ကျန်းချန်သည် သူဝယ်ယူခဲ့သည့် မပြည့်စုံသော ကောင်းကင်အဆင့် ဓားသိုင်းကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
ကျန်းချန်က ကျမ်းလိပ်ကို ဖြန့်၍ အနည်းငယ် ကြည့်လိုက်သည်နှင့် ကျန်းချန်၏ စိတ်ထဲတွင် ချက်ချင်းဆိုသလို သာယာသော သတိပေးသံက မြည်လာခဲ့၏။
"ဒင်.. မပြည့်စုံတဲ့ ကောင်းကင်အဆင့် ဓားကျင့်စဥ်၊ ကောင်းကင်ခုတ်ပိုင်းဓားသိုင်းကို ကြည့်ရှုရင်း အဆတစ်ရာ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်း.. သင်က ကောင်းကင်အဆင့် ဓားကျင့်စဥ်၊ ကောင်းကင်ခုတ်ပိုင်းဓားသိုင်းရဲ့ အပြည့်အစုံဗားရှင်းကို နားလည်သွားပါပြီ"
စနစ်၏ ရင်းနှီးသော သတိပေးချက်ကို နားထောင်ပြီးနောက်တွင် သူ့စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည့် ကောင်းကင်ခုတ်ပိုင်းဓားသိုင်းကို ခံစားမိပြီး ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။
သူက ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ် အပြင်နောက်ထပ် ကောင်းကင်အဆင့်ကျင့်စဥ် အသစ်တစ်ခုကို ကျွမ်းကျင်သွားခဲ့သည်။
လူတစ်ယောက်က ကောင်းကင်အဆင့် ကျင့်စဥ် နှစ်မျိုးကို ကျွမ်းကျင်သည်မှာ မြောက်ပိုင်းတောရိုင်းဒေသ တစ်ခုလုံးမှာပင် ဒုတိယတစ်ယောက် ရှာတွေ့ဖို့ ခက်ခဲလိမ့်မည် မဟုတ်ပါလား။
အခန်း(၅၆၉) ပြီး၏
အခန်း(၅၇၀)
နောက်တစ်နေ့ မနက်အစောပိုင်းတွင် ကျန်းချန်နှင့် ယွဲ့မူလင်တို့ သုံးယောက်သည် ဟေးလုံမြို့ကနေ ထွက်ခွာ၍ လုံရှီးတောင်ကို တိုက်ရိုက် ဦးတည်ခဲ့ကြသည်။
လုံရှီတောင်က ဟေးလုံမြို့နှင့် အလွန်နီးပြီး အကွာအဝေးက မိုင်တစ်ရာပင် မပြည့်ပေ။
မကြာခင်မှာပင် ကျန်းချန်သည် နဂါးရစ်သလို လိမ်ခွေပြီး ကြမ်းတမ်းမတ်စောက်သော တောင်တစ်ခုအောက်သို့ ရောက်လာခဲ့၏။
မြောက်ပိုင်းတောရိုင်းဒေသ၏ ဒဏ္ဍာရီလာနေရာတစ်ခု ဖြစ်သည့် လုံရှီးတောင်။
ဒဏ္ဍာရီအရ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ဤနေရာသည် နဂါးတစ်ကောင်၏ နေထိုင်ရာနေရာ ဖြစ်ခဲ့သည်။
နှစ်ပေါင်းရာချီ အပင်ပန်းခံ ကျင့်ကြံပြီးနောက်တွင် ရေနဂါးသည် နောက်ဆုံးတွင် ကပ်ဘေးကို ကျော်လွှားပြီး နဂါးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
ဤနေရာက မြောက်ပိုင်းတောရိုင်းဒေသ၏ အထင်ကရနေရာတစ်ခုလည်း ဖြစ်သည်။
ထို့ကြောင့် မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်းသည် သူတို့၏ သိုင်းပြိုင်ပွဲကို ကျင်းပရန် လုံရှီးတောင်ကို ရွေးချယ်ခဲ့ကြသည်။
၎င်းတို့က သူတို့၏ ပါရမီရှင် တပည့်များကို ပိုးတုံးလုံးကနေ လိပ်ပြာကဲ့သို့ ပြောင်းလဲပြီး မြောက်ပိုင်းတောရိုင်းဒေသ၏ ဒဏ္ဍာရီလာ နဂါးကဲ့သို့ ဖြစ်လာနိုင်မည်ဟု မျှော်လင့်ခဲ့ကြ၏။
သိုင်းပြိုင်ပွဲကို လုံရှီးတောင်မှာ ကျင်းပသောကြောင့် ဂိုဏ်းကြီး သုံးဂိုဏ်း စလုံးသည် လုံရှီးတောင်တွင် စခန်းအသီးသီးချကာ ရှိနေခဲ့ကြသည်။
လုံရှီးတောင်ကို ရောက်သည်နှင့် ကျန်းချန်သည် ထိုက်ရှဂိုဏ်း၏စခန်းသို့ အရင်မပြန်ဘဲ ယွဲ့မူလင်တို့ သုံးယောက်နှင့် အတူ ထျန်းယွဲ့ဂိုဏ်း၏စခန်းသို့ လိုက်သွားခဲ့၏။
မုန့်ချင်းရွှယ်ကို ထျန်းယွဲ့ဂိုဏ်း၏ ကျင့်ကြံသူ တစ်ယောက်က မုန့်မိသားစုကနေ အတင်းအကျပ် ခေါ်ဆောင်သွားပြီးကတည်းကပင် ကျန်းချန်သည် သူ၏ အစေခံမလေးနှင့် တစ်နှစ်ပတ်လုံး မတွေ့ခဲ့ရပေ။
အခုအခါ ယွဲ့မူလင်တို့ သုံးယောက်သည် မုန့်ချင်းရွှယ်နှင့် တွေ့ပေးရန် သူ့ကို ခေါ်သွားခဲ့သည်။
ဆယ်မိနစ်ကျော်ကြာပြီးနောက်တွင် ကျန်းချန်တို့သည် ထျန်းယွဲ့ဂိုဏ်း စခန်းချသည့်နေရာသို့ ရောက်လာခဲ့၏။
"ဂျူနီယာညီမလေးယွဲ့.. မင်းဘယ်လိုလုပ်ပြီး လုံရှီးတောင်ကို ရောက်လာတာလဲ"
စခန်းတံခါးဝရှိ တံခါးစောင့်ဖြစ်သည့် တပည့်နှစ်ယောက်သည် ယွဲ့မူလင်နှင့် ရင်းနှီးပုံရ၏။
သူတို့က သူတို့ရှေ့တွင် ပေါ်လာသည့် ယွဲ့မူလင်ကို အံ့ဩသော အကြည့်ဖြင့် ကြည့်နေခဲ့ကြသည်။
ယွဲ့မူလင်က ချိုသာစွာ ပြုံး၍ ပြန်ဖြေလိုက်သည်။
"စီနီယာအစ်ကို နှစ်ယောက်... ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲက မြောက်ပိုင်းတောရိုင်းဒေသမှာ ငါးနှစ်မှ တစ်ကြိမ်ပဲ ကျင်းပတာလေ.. ကျွန်မက သိုင်းပြိုင်ပွဲကို ကြည့်ချင်လို့ အမလျှိုတို့နဲ့အတူ လိုက်လာခဲ့တာပါ"
"ကဲ ရောက်လာပြီဆိုမှတော့ အထဲဝင်သွားလိုက်ဦး"
ထျန်းယွဲ့ဂိုဏ်း၏ တပည့်နှစ်ယောက်က ခါးသီးစွာ ပြုံးလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ဤကောင်မလေးသည် လုံရှီးတောင်ကို ဘေးကင်းစွာ ရောက်လာခဲ့သည်။
မဟုတ်လျှင် သူမ၏ဆရာ ဖြစ်သည့် အကြီးအကဲ မင်ယွဲ့ရှင်းသည် အကြီးအကျယ် သောင်းကျန်းလိမ့်မည် ဖြစ်၏။
"ကျေးဇူးတင်ပါတယ် အစ်ကိုတို့"
ယွဲ့မူလင်က ထျန်းယွဲ့ဂိုဏ်း၏ တပည့်နှစ်ယောက်ကို ကျေးဇူးတင်စကားပြောပြီးနောက် ကျန်းချန်ကိုပါ ခေါ်သွားရန် ပြင်လိုက်သည်။
"ရပ်လိုက်စမ်း"
ထိုအချိန်တွင် ထျန်းယွဲ့ဂိုဏ်း၏ တပည့်နှစ်ယောက်သည် ယွဲ့မူလင်၏ နောက်ရှိ ကျန်းချန်ကို တွေ့သွားခဲ့သည်။
သူတို့၏ သတိရှိသော အကြည့်သည် ကျန်းချန် ကိုယ်ပေါ်သို့ ချက်ချင်း ကျရောက်သွားခဲ့၏။
"မင်းက ငါတို့ထျန်းယွဲ့ဂိုဏ်းရဲ့ တပည့် ဟုတ်ပုံမရဘူး"
"အစ်ကို နှစ်ယောက်.. ဒါက ထိုက်ရှဂိုဏ်းက အစ်ကို ကျန်းချန်ပါ.. အစ်မချင်းရွှယ်ရဲ့ မိတ်ဆွေ တစ်ယောက်ပါပဲ"
ယွဲ့မူလင်က အလျင်အမြန် ပြောခဲ့သည်။
"အစ်ကိုကျန်းက အစ်မချင်းရွှယ်ကို အထူးတလည် လာတွေ့တာမို့ အစ်ကို နှစ်ယောက်က အဆင်ပြေအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ထျန်းယွဲ့ဂိုဏ်း၏ တပည့်နှစ်ယောက်က လေးလေးနက်နက် ပြောခဲ့သည်။
"ထျန်းယွဲ့ဂိုဏ်းရဲ့စခန်းမှာ ထျန်းယွဲ့ဂိုဏ်း တပည့်မဟုတ်တဲ့သူတွေကို ဝင်ခွင့်မပြုထားဘူး.. ဒီစည်းကမ်းက ဘယ်သူမှ ခြွင်းချက် မရှိဘူး ညီမလေး"
"မူလင်.. မင်း အထဲဝင်သွားပြီး မင်းရဲ့ စီနီယာအစ်မကို ငါ ဒီမှာ သူ့ကို စောင့်နေတယ်လို့ပဲ ပြောပေးပါ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ယွဲ့မူလင်ကို ပြောလိုက်သည်။
သူက မုန့်ချင်းရွှယ်ကို ရှာဖွေရန် ဤနေရာကို လာခဲ့ခြင်းသာ ဖြစ်၏။
ထျန်းယွဲ့ဂိုဏ်း၏ စည်းမျဉ်းများကို ချိုးဖောက်ပြီး မလိုလားအပ်ငည့် ပြဿနာများကို ဖန်တီးမည်မဟုတ်ပေ။
"ကောင်လေး.. ငါတို့ရဲ့ ဂျူနီယာ ညီမလေးယွဲ့က အပြစ်ကင်းစင်တယ်.. ငါတို့ရှိနေသ၍ မင်း လှည့်စားချင်တိုင်း လှည့်စားလို့ ရမယ်များ ထင်နေလား"
"အစ်မချင်းရွှယ်က ရေခဲလို အေးတိအေးစက် နေတတ်ပြီး ယောက်ျားလေးတွေနဲ့ အရောတဝင် မနေတတ်ဘူး.. မင်းလို မိတ်ဆွေ ဘယ်လိုလုပ်ရှိနိုင်မှာလဲ"
"မင်းစကားရဲ့ ၈၀% လောက်က ငါတို့ ထျန်းယွဲ့ကို လုပ်ကြံဖို့ အကြောင်းပြချက်အဖြစ် သုံးနေတာလို့ ငါထင်တယ်"
ထျန်းယွဲ့ဂိုဏ်း၏ တပည့်နှစ်ယောက်က အေးစက်စွာ ပြုံးလိုက်ပြီး ချက်ချင်းဆိုသလို မကြည်လင်သော အမူအရာဖြင့် ကျန်းချန်ကို အော်ဟစ်ခဲ့သည်။
"မင်း ဘယ်သူပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ဘူး.. ထျန်းယွဲ့ဂိုဏ်းရဲ့စခန်းကနေ ချက်ချင်း ထွက်သွားစမ်း"
ထျန်းယွဲ့ဂိုဏ်းမှ တပည့်နှစ်ယောက်၏ ကြမ်းတမ်းသော ကြိမ်းမောင်းသံကို ကြားလျှင် ကျန်းချန်၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွားခဲ့သည်။
"မင်းတို့ကို ငါ မျက်နှာသာပေးပြီးပြီ.. ဒီထက်ပိုပြီး ကမ်းတက်လာရင် ငါ့အဆိုးမဆိုနဲ့တော့"
အခန်း(၅၇၀) ပြီး၏