အခန်း (၅၅၃-၅၅၅)
Vol. 37 Ch. 553-555
ပိုးထည် ဝတ်စုံဝတ် လူငယ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
သူက လက်ဝါးကို အနည်းငယ် လှုပ်ရှားလိုက်ပြီး နောက်ပြန် လွင့်စင်လာသည့် ပိန်ပါးပါး လူငယ်၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းပေးလိုက်သည်။
"အစ်ကိုလော... ဒီကောင်လေးက အရမ်း အင်အားကြီးတယ်"
ပိန်ပါးပါး လူငယ်က ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်ပြီး အားနည်းသော လေသံဖြင့် ပြောလိုက်သည်။
သူ့ရှေ့မှ ဤကောင်လေး၏ အင်အားသည် ထိုမျှလောက်ထိ ကြောက်မက်ဖွယ်ရာကောင်းမည်ဟု သူ လုံးဝ မထင်ခဲ့ပေ။
သူ့ကဲ့သို့ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဌမအဆင့် နှောင်းပိုင်း ကျင့်ကြံသူ တစ်ယောက်သည် ထိုကောင်လေး၏ အော်သံကြောင့် ပြင်းထန်စွာ ထိခိုက်ခံခဲ့ရသည်။
ပိုးထည်ဝတ် လူငယ်က ပိန်ပါးပါး လူငယ်ကို လျစ်လျူရှုလိုက်ပြီး ကျန်းချန်ကို စေ့စေ့ကြည့်လိုက်၏။
သူ၏ အကြည့်တွင် အံ့ဩတုန်လှုပ်မှုများ ဖြစ်ပေါ်နေခဲ့သည်။
"ကောင်လေး... မင်း တော်တော် သန်မာတာပဲ"
ထိုစကားကိုကြားလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားခဲ့၏။
"အခု မင်း ငါ့ရဲ့ အင်အားကို သိသွားပြီဆိုတော့ မင်းလူတွေကိုခေါ်ပြီး ချက်ချင်း ထွက်သွားလိုက်တော့"
"ဟားဟား.. မင်းက မင်းရဲ့ အင်အားကို အတော်လေး ယုံကြည်နေပုံပဲ.. ဒါပေမဲ့ မင်းက ငါလောဖုန်ရှေ့မှာ ဟန်ရေးပြဖို့ အရည်အချင်း မရှိသေးဘူး"
"ငါ မင်းကို အချိန်တစ်မိနစ် ပေးမယ်.. မင်း မထွက်သွားရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"
ပိုးထည် ဝတ်စုံဝတ် လူငယ်က အေးစက်စွာ ပြုံးလိုက်သည်။
သူ၏ အထက်စီးဆန်သော အသံသည် လူတိုင်း၏ နားထဲကို တိုက်ရိုက် ထိုးဖောက် ဝင်ရောက်လာခဲ့၏။
"ငါက နတ်ဓားဂိုဏ်းရဲ့ တပည့် လောဖုန်ပဲ"
ပိုးထည် ဝတ်စုံဝတ် လူငယ်၏ စကားကို ကြားလျှင် ထျန်းယွဲ့ဂိုဏ်းမှ လျိုချင်၏ လှပသော မျက်နှာလေးသည် ရုတ်တရက် အမူအရာ ပြောင်းလဲသွားခဲ့သည်။
သူမက ကျန်းချန်ကို အလျင်အမြန်ပင် ခပ်တိုးတိုး ပြောလိုက်၏။
"အစ်ကိုကျန်း... လောဖုန်က နတ်ဓားဂိုဏ်းမှာ အရမ်း နာမည်ကြီးတဲ့ ပါရမီရှင်တစ်ယောက်ပဲ.. ကျွန်မတို့တွေ သူတို့ကို အခန်း ပေးလိုက်ရင် ကောင်းမလား"
"နတ်ဓားဂိုဏ်းရဲ့ ပါရမီရှင်က ဘာမို့လို့လဲ"
ကျန်းချန်က လောဖုန်ကို အေးစက်စွာ ကြည့်လိုက်သည်။
သူ၏ မောက်မာသော အသံသည် ချက်ချင်း လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
"ဟေးလုံလင်မှာ အင်အားကိုပဲ အားကိုးပြီး စကားပြောကြတယ်.. နှစ်ဖက်လုံးက ဒီအခန်းနှစ်ခန်းကို လိုချင်နေမှတော့ ပြိုင်ကြရင် မကောင်းဘူးလား.. နတ်ဓားဂိုဏ်းရဲ့ တပည့်တွေမှာ ထူးချွန်တဲ့ ဓားစိတ်ဆန္ဒ ရှိတယ်ဆိုတာ ကြားဖူးတာ ကြာပြီ.. ဒီနေ့ ငါ့အတွက် လေ့လာဖို့ အခွင့်အရေး ရတာပေါ့"
"ကောင်လေး မင်းသိပ်ပြီးမာန်တက်နေပါလား.. လာစမ်းပါ.. မင်း ငါ့ကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"
ထိုက်ရှဂိုဏ်း၏ ကောင်းကင်စာရင်း အတွက် တိုက်ပွဲဝင်ပြီးကတည်းက ကျန်းချန်၏ တိုက်ခိုက်ရေး စွမ်းအားသည် အလွန် ကြောက်မက်ဖွယ်ရာ အဆင့်ကို ရောက်ရှိသွားခဲ့သည်။
ယင်းမှာ အစောပိုင်းအဆင့် စွမ်းအင်သိပ်သည်းခြင်း အဆင့် ကျင့်ကြံသူ ဖြစ်လျှင်ပင် ယှဉ်ပြိုင်နိုင်သည့် အနေအထားမျိုး ဖြစ်၏။
ထို့ကြောင့် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်ကို မရောက်ရှိသေးသည့် နတ်ဓားဂိုဏ်း ပါရမီရှင်လောက်ကို ကျန်းချန်သည် အမှန်တကယ် ဂရုမစိုက်ခဲ့ပေ။
"သေစမ်း"
လောဖုန်၏ အမူအရာက အေးစက်သွားပြီး သူ၏ ထက်မြသော ဓားစိတ်ဆန္ဒသည် မမြင်နိုင်သော အင်အားတစ်ခုအဖြစ် ပြောင်းလဲကာ ကျန်းချန်ကို ဖိနှိပ်ခဲ့သည်။
လောဖုန်၏ ဓားစိတ်ဆန္ဒ ဖိနှိပ်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် တည်ငြိမ်အေးဆေးစွာသာ ရပ်နေခဲ့၏။
လောဖုန်၏ ဓားစိတ်ဆန္ဒက သူ့ကို ဖိနှိပ်နေသော်လည်း သူ၏ ခန္ဓာကိုယ်သည် ကျောက်တုံးလို ကြံ့ခိုင်နေခဲ့သည်။
"ဟမ့်...မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ငါစောင့်ကြည့်မယ်"
လောဖုန်က အေးစက်စွာ ရေရွတ်၍ နှာခေါင်းရှုံ့လိုက်သည်။
သူ၏ ဓားစိတ်ဆန္ဒသည် တဖြည်းဖြည်း မြင့်တက်လာခဲ့၏။
ဒုတိယအဆင့် ဓားစိတ်ဆန္ဒ။
တခဏအတွင်း လောဖုန်းသည် သူ၏ ဓားစိတ်ဆန္ဒကို အစွမ်းကုန် ထုတ်သုံးခဲ့သည်။
သို့သော်လည်း တစ်ဖက်မှ ကျန်းချန်သည် တည်ငြိမ်စွာ ရပ်နေဆဲပင်။
"မင်း... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူ့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် လောဖုန်း၏ မျက်လုံးထဲတွင် အံ့သြသော အရိပ်အယောင်များ ဖုံးဖိမရစွာ ထွက်ပေါ်လာ၏။
နတ်ဓားဂိုဏ်း၏ ထူးချွန်သော ဓားပါရမီရှင် အနည်းငယ်ထဲမှ တစ်ယောက်အနေဖြင့် လောဖုန်သည် သူ၏ ဓားစိတ်ဆန္ဒကို အလွန်ပင် ယုံကြည်မှုရှိသည်။
ထိုက်ရှဂိုဏ်းမှာပင် သူနှင့် သက်တူရွယ်တူထဲ၌ သူ၏ ဓားစိတ်ဆန္ဒကို ခုခံနိုင်သူ အနည်းငယ်သာ ရှိ၏။
သို့ဆိုလျှင် သူ့ရှေ့မှ ဤကောင်လေးသည် သူ၏ ဓားစိတ်ဆန္ဒကို အဘယ်ကြောင့် အလွယ်တကူ ခုခံနိုင်ရပါသနည်း။
"ဒုတိယအဆင့် အလယ်အလတ် ဓားစိတ်ဆန္ဒ... နတ်ဓားဂိုဏ်းရဲ့ ပါရမီရှင်အစွမ်းက ဒီလောက်ပဲလား"
ကျန်းချန်က လောဖုန်ကို မထီမဲ့မြင် အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ၏ အေးစက်စက် အသံသည် လောဖုန်၏ နားထဲကို မိုးခြိမ်းသံကဲ့သို့ ဝင်ရောက်သွားခဲ့၏။
"မင်းရဲ့ စွမ်းရည်က ဒီလောက်ပဲဆိုရင် ဒီနေရာကနေ ချက်ချင်း ထွက်သွားလိုက်တော့"
အခန်း(၅၅၃) ပြီး၏
အခန်း(၅၅၄)
ကျန်းချန်၏ ရေခဲလို အေးစက်စက် အသံ အဆုံးသတ်သည်နှင့် ဒုတိယအဆင့် ပြီးပြည့်စုံခြင်း နယ်ပယ်အဆင့် ဓားစိတ်ဆန္ဒ၏ ဖိအားသည် ချက်ချင်းပင် ပေါက်ကွဲထွက်လာခဲ့၏။
"ဝုန်း"
ကျန်းချန်၏ အင်အားကြီးမားသော ဓားစိတ်ဆန္ဒ ဖိအားအောက်တွင် လောဖုန်း၏ ဒုတိယအဆင့် အလယ်အလတ် ဓားစိတ်ဆန္ဒသည် အစိတ်စိတ် ကွဲလုနီးပါး ဖြစ်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် လောဖုန်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ခုနစ်လှမ်း ရှစ်လှမ်းခန့် နောက်ဆုတ်သွားခဲ့၏။
လောဖုန်သည် ကျန်းချန်၏ စွမ်းအားကြောင့် တုန်လှုပ်သွားခဲ့သည်။
သူ့ရှေ့မှ မြင်ကွင်းသည် ပတ်ဝန်းကျင် လေထုကို တစ်စပြင်နှယ် တိတ်ဆိတ်သွားစေခဲ့၏။
လောဖုန်၊နတ်ဓားဂိုဏ်း၏ တပည့်များနှင့် ယွဲ့မူလင်တို့ သုံးယောက်၏ မျက်လုံးထဲတွင် အံ့သြ တုန်လှုပ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
လောဖုန်း၊ နတ်ဓားဂိုဏ်းရဲ့ အစစ်အမှန် တပည့်၊ နာမည်ကျော် ဓားပါရမီရှင်။
မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းကြီး သုံးဂိုဏ်းလုံးမှာပင် လောဖုန်၏ ပါရမီသည် အကောင်းဆုံး စာရင်းဝင် ဖြစ်၏။
မတော်တဆမှုများ မရှိသရွေ့ လောဖုန်းသည် ဤသိုင်းပြိုင်ပွဲတွင် မြောက်ပိုင်းတောရိုင်းဒေသ၏ ထိပ်တန်း ဆယ်ယောက် စာရင်း၌ ပါဝင်နိုင်မည်မှာ သေချာသည်။
သို့သော်လည်း ဤကဲ့သို့ အလွန် ထူးချွန်သော ပါရမီရှင်တစ်ယောက်ကို ကျန်းချန်သည် အသာအယာပင် ဖိနှပ်ခဲ့သည်။
"ဒါ... ဒါက အရမ်း တုန်လှုပ်ချောက်ချားစရာ ကောင်းလွန်းတယ်"
"ဘယ်လောက်တောင် အင်အားကြီးလိုက်တဲ့ ဓားစိတ်ဆန္ဒလဲ"
"ဒီကောင်လေးရဲ့ ဓားစိတ်ဆန္ဒက ငါ့ထက်တောင် မြင့်နေပါလား.. သူ့ရဲ့ ဓားစိတ်ဆန္ဒက ဒုတိယအဆင့် ပြီးပြည့်စုံခြင်း နယ်ပယ်ကိုတောင် ရောက်ရှိသွားခဲ့ပြီ"
လောဖုန်က ကြောက်လန့် တုန်လှုပ်နေခဲ့သည်။
သက်တူရွယ်တူများကြားထဲတွင် လောဖုန်းသည် သူတို့ နတ်ဓားဂိုဏ်း၏ နံပါတ်တစ် အစစ်အမှန် တပည့်ဆီကသာ ဤမျှလောက် အင်အားကြီးမားသည့် ဓားစိတ်ဆန္ဒကို ခံစားခဲ့ရဖူး၏။
သူ့ရှေ့မှ ကောင်လေး၏ ဓားစိတ်ဆန္ဒက သူတို့ နတ်ဓားဂိုဏ်း၏ နံပါတ်တစ် အစစ်အမှန် တပည့်နှင့် ပခုံးချင်းယှဉ်နိုင်သည့် အဆင့်ကို ရောက်ရှိနေမည်ဟု သူ ဘယ်လိုနည်းနှင့်မှ မထင်ထားခဲ့ပေ။
သူတို့ နတ်ဓားဂိုဏ်းမှလွဲ၍ မြောက်ပိုင်းတောရိုင်းဒေသတွင် ဤမျှလောက် အစွမ်းထက်သည့် ဓားပါရမီရှင် ရှိနေလိမ့်မည်ဟု လောဖုန် တကယ်ကို မယုံနိုင်ချေ။
"ဆက်တိုက်ချင်သေးလား.. ဆက်မတိုက်ချင်ရင်တော့ မင်းရဲ့ လူတွေကို ခေါ်ပြီး ဒီကနေ ထွက်သွားပေးပါ"
လောဖုန်က စိတ်ထဲကနေ တုန်လှုပ်နေသည့်အချိန်တွင် ကျန်းချန်၏ လေးနက်သော အသံသည် သူ၏ နားထဲတွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်လာခဲ့၏။
လောဖုန်၏ အမူအရာက အလွန်ပင် ဆိုးရွားသွားခဲ့သည်။
ဤကောင်လေး၏ ကျင့်ကြံခြင်းသည် သူ့ထက် မနိမ့်ကျပေ။
၎င်း၏ ဓားဆန္ဒသည် သူ့ထက်ပင် ပို၍ အစွမ်းထက်နေသေး၏။
ဆက်လက် တိုက်ခိုက်လျှင်လည်း သူ့အတွက် အနိုင်ရမည့် အခွင့်အရေးမှာ နည်းပါးလွန်းသည်။
"ဒီနေ့ကိစ္စကို ငါမှတ်ထားမယ်.. သွားကြစို့"
လောဖုန်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကျန်းချန်ကို အေးစက်စွာ ကြည့်ကာ နတ်ဓားဂိုဏ်း၏ တပည့်များနှင့်အတူ လှည့်ထွက်သွားခဲ့သည်။
လောဖုန်တို့လူစုကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်တို့ လေးယောက်သည် တည်းခိုခန်းတွင် တည်းခိုခဲ့ကြ၏။
နောက်တစ်နေ့ မနက်စောစောတွင် ကျန်းချန် အတွင်းအားလေ့ကျင့်နေစဥ် ယွဲ့မူလင်သည် သူ၏ တံခါးကို လာခေါက်ခဲ့သည်။
"အစ်ကိုကျန်း... ဒီနေ့ ဟေးလုံမြို့မှာ လေလံပွဲ ရှိတယ်လို့ ကြားတယ်.. ကျမတို့ သွားကြည့်ကြမလား"
ကျန်းချန်က တံခါးဖွင့်လိုက်ရာ ယွဲ့မူလင်တို့ သုံးယောက်သည် သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
ကျန်းချန်က အမျိုးသမီး သုံးယောက်ကို ကြည့်ကာ အံ့ဩသော အမူအရာဖြင့် မေးလိုက်၏။
"ဘယ်အဖွဲ့အစည်းက ကျင်းပတဲ့ လေလံပွဲလဲ"
"ဟေးလုံမြို့ အခြေစိုက် နဂါးနက်ကုန်သွယ်ရေးအဖွဲ့က ဟေးလုံမြို့မှာ တစ်ခါတစ်ရံ လေလံပွဲ ကျင်းပလေ့ရှိတယ်"
"နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ လေလံပွဲတွေက ထူးခြားပြီး အပြင်မှာ တွေ့ရခဲတဲ့ ရှားပါးရတနာတွေ မကြာခဏ ပါတတ်တယ်"
"နဂါးနက်ကုန်သွယ်ရေးအဖွဲ့ ကျင်းပတဲ့ လေလံပွဲတစ်ခုမှာဆို ကောင်းကင်အဆင့် ကျင့်စဥ်တောင် ပါတယ်လို့ ပြောကြတယ်"
ဟေးလုံမြို့အကြောင်းနှင့် ပတ်သက်၍ ပိုပြီး နားလည်သည့် လျိုချင်က စိတ်လှုပ်ရှားစွာ ရှင်းပြခဲ့သည်။
သူတို့ ဟေးလုံလင်ကို ထွက်လာခဲ့သည့် ရည်ရွယ်ချက်မှာ သိုင်းပြိုင်ပွဲကို ကြည့်ရှုရန် ဖြစ်၏။
ထို့အပြင် နောက်ထပ် ရည်ရွယ်ချက်တစ်ခုမှာ ဟေးလုံမြို့၏ လေလံပွဲတွင် ပါဝင်ရန် ဖြစ်၏။
"နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ လေလံပွဲမှာ ကောင်းကင်အဆင့် ကျင့်စဥ်တောင် ပေါ်လာတတ်တယ်လား"
ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။
ကောင်းကင်အဆင့် ကျင့်စဉ်။
ဤသည်မှာ မြောက်ပိုင်းတောရိုင်းဒေသတွင် အလွန် ရှားပါးပြီး ထိုက်ရှဂိုဏ်းမှာပင် ကောင်းကင်အဆင့် ကျင့်စဥ် အဖြစ် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဉ် တစ်ခုသာ ရှိ၏။
"ကောင်းပြီ... ဒါဆိုလည်း သွားကြတာပေါ့"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် ထူးဆန်းသည့် အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့၏။
မည်သို့ပင်ဖြစ်စေ၊ ဂိုဏ်းကြီး သုံးဂိုဏ်း ပြိုင်ပွဲ မကျင်းပခင် နှစ်ရက် ကျန်သေးသည် ဖြစ်ရာ နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲကို သွားရန် ဆုံးဖြတ်လိုက်သည်။
အခန်း(၅၅၄) ပြီး၏
အခန်း(၅၅၅)
နဂါးနက် ကုန်သွယ်ရေးအဖွဲ့။
ဟေးလုံမြို့၏ တစ်ခုတည်းသော ကုန်သွယ်ရေးအဖွဲ့ ဖြစ်ပြီး မြို့၏ သက်တမ်းအရင့်ဆုံးနှင့် လျှို့ဝှက်အဆန်းကြယ်ဆုံး အင်အားစုတစ်ခုလည်း ဖြစ်သည်။
ဟေးလုံမြို့ တည်ထောင်ချိန်ကစပြီး နဂါးနက်ကုန်သွယ်ရေး အဖွဲ့သည် ဟေးလုံမြို့တွင် အမြဲ ရှိခဲ့သည်။
နဂါးနက်ကုန်သွယ်ရေး အဖွဲ့သည် ဟေးလုံမြို့၏ ယခင် အုပ်စိုးသူဖြစ်သည့် မြောက်ပိုင်းတောရိုင်းဒေသ၏ နံပါတ်တစ် မိသားစု ဖြစ်သော လုံမိသားစုနှင့် အလွန်နီးစပ်သည့် ဆက်ဆံရေး ရှိခဲ့သည်။
ထို့ကြောင့် ဟေးလုံမြို့ကနေ လုံမိသားစု နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့သော်လည်း နဂါးနက် ကုန်သွယ်ရေး အဖွဲ့ကို ဘယ်သူကမှ ရန်မစရဲခဲ့ပေ။
ကျန်းချန်တို့ လူစုက တည်းခိုခန်းကနေ ထွက်လာပြီးနောက် မကြာခင်မှာပင် ဟေးလုံမြို့လယ်သို့ ရောက်ရှိလာခဲ့၏။
ထိုအခါ ခမ်းနားသည့် ဧရာမ ကျောက်တုံး အဆောက်အဦးတစ်ခုကို သူတို့ တွေ့လိုက်ရသည်။
ဧရာမ ကျောက်တုံး အဆောက်အဦး၏ တံခါးဝတွင် အနက်ရောင် နဂါးပုံသဏ္ဌာန် သင်္ကေတတစ်ခုရှိပြီး နဂါးနက်ကုန်သွယ်ရေး အဖွဲ့ဟူသည့် စာတမ်းကို ရွှေရောင် စာလုံးများဖြင့် အလှဆင်ရေးထားသည်။
ယခုအခါတွင် နဂါးနက် ကုန်သွယ်ရေး အဖွဲ့၏ အပြင်ဘက် လမ်းမပေါ်၌ မရေမတွက်နိုင်သော လူအုပ်ကြီး ရှိနေ၏။
၎င်းတို့အားလုံးသည် နဂါးနက် ကုန်သွယ်ရေးအဖွဲ့ကို ရောက်ရှိလာကြခြင်း ဖြစ်သည်။
"လေလံပွဲကို ရောက်လာတဲ့သူ အားလုံးက လူငယ် ကျင့်ကြံသူတွေချည်းပဲ"
ကျန်းချန်က နဂါးနက်ကုန်သွယ်ရေး အဖွဲ့ဆီကို လာနေသည့် လူအုပ်ကြီးကို ကြည့်ပြီး မျက်လုံးထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
"အစ်ကိုကျန်းက နဂါးနက်ကုန်သွယ်ရေး အဖွဲ့က ကျင်းပတဲ့ လေလံပွဲတစ်ခုစီရဲ့ ဝင်ခွင့် စည်းကမ်းချက်တွေ မတူဘူးဆိုတာကို မသိဘူးလား"
"ယေဘုယျအားဖြင့် ပြောရရင် နဂါးနက်ကုန်သွယ်ရေးအဖွဲ့က ကျင်းပတဲ့ လေလံပွဲတစ်ခုစီမှာ လူအုပ်စုတစ်စုထဲသာ ပါဝင်ခွင့် ရှိတယ်.. ဒီတစ်ခေါက် လေလံပွဲကတော့ အသက်၂၅နှစ်အောက် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့် ပါရမီရှင်တွေကို ရည်ရွယ်ထားတယ်.. တစ်ခါတုန်းကဆိုရင် သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူတွေ အတွက် သီးသန့် လေလံပွဲတစ်ခုတောင် ကျင်းပခဲ့တယ်လို့ ပြောကြတယ်"
လျိုချင်က ပြုံးရွှင်သော အမူအရာဖြင့် ရှင်းပြခဲ့သည်။
"ဒီလိုလား"
ကျန်းချန်က သူ၏ ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးများကို ပင့်တင်လိုက်သည်။
ဤနဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲသည် တကယ်ကို ထူးခြားပုံရ၏။
"ဂျူနီယာ ညီမလေး မူလင်... မင်း ဘယ်လိုလုပ်ပြီး ဟေးလုံမြို့ကို ရောက်လာတာလဲ"
ကျန်းချန်တို့လေးယောက် အထဲဝင်တော့မည့် အချိန်တွင် ရုတ်တရက် ကျန်းချန်၏ နားထဲ၌ အသံတစ်သံကို ကြားလိုက်ရသည်။
ကျန်းချန်တို့က အသံလာရာဆီသို့ ကြည့်လိုက်ရာ ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အသက် ၂၀ ခန့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရ၏။
ဆိုးသွမ်းပုံရပြီး ဆွဲဆောင်မှုရှိသော လူငယ် သူတို့ဘက်သို့ လျှောက်လာသည်ကို မြင်လျှင် ယွဲ့မူလင်တို့ သုံးယောက်၏ မျက်နှာအမူအရာသည် ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။
[ဒီနှာဘူးကောင်နဲ့ ဒီနေရာကျမှ ဘာလို့ လာတိုးရတာလဲ]
"အစ်ကိုလန်... ကျွန်မတို့က နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ လေလံပွဲကို ကြည့်ဖို့ လာတာပါ.. ဒါကြောင့် အကိုလန်ကို အနှောင့်အယှက် မပေးတော့ပါဘူး"
လျိုချင်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာ လူငယ်ကို ဂါရဝပြု၍ ပြောလိုက်ပြီးနောက် ယွဲ့မူလင်တို့ နှစ်ယောက်ကို ခေါ်ကာ လှည့်ထွက်သွားခဲ့သည်။
လှုပ်ရှားမှုတစ်ခုနှင့်အတူ ဆိုးသွမ်းပြီး ဆွဲဆောင်မှုရှိသော လူငယ်သည် ယွဲ့မူလင်တို့ သုံးယောက် ရှေ့တွင် တိုက်ရိုက်ပေါ်လာခဲ့သည်။
သူက ညစ်ကျယ်ကျယ်ပြုံး၍ ပြောလိုက်သည်။
"ဟားဟား.. ဂျူနီယာ ညီမလေး သုံးယောက်ကလည်း လေလံပွဲကို ကြည့်ဖို့ ရောက်လာကြတာလား "
"တိုက်ဆိုင်လိုက်တာ.. ငါလည်း အားနေတာနဲ့ လေလံပွဲကို အပျင်းပြေလာကြည့်တာပဲ.. ငါတို့တွေ အတူတူ သွားကြတာပေါ့"
"မ...မဖြစ်ဘူး... အစ်မချင်းရွှယ်က မကြာခင် ရောက်လာမှာမို့ ကျွန်မတို့ သူ့ကို စောင့်ရဦးမယ်"
ယွဲ့မူလင်က ခေါင်းကို အလျင်အမြန် ခါယမ်း၍ ပြောလိုက်သည်။
သူ့ရှေ့မှ လူငယ်သည် ထျန်းယွဲ့ဂိုဏ်း၏ မရေမတွက်နိုင်သော အမျိုးသမီး တပည့်များ၏ အိပ်မက်ဆိုး ဖြစ်၍ ယွဲ့မူလင်သည် လူငယ်နှင့် မပတ်သက်ချင်ခဲ့ပေ။
"ဂျူနီယာညီမ မူလင်... မုန့်ချင်းရွှယ်က အရင်ရက်ကတည်းက လုံရှီတောင်ကို သွားနှင့်ပြီ.. ဟေးလုံမြို့ကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး"
ဆိုးသွမ်းပြီး ဆွဲဆောင်မှုရှိသော လူငယ်က ပြုံး၍ ပြောလိုက်သည်။
"ဟေးလုံမြို့က အရမ်းကို ရှုပ်ထွေးတဲ့ နေရာပဲ... ဂျူနီယာညီမ သုံးယောက် ဒီနေရာမှာရှိနေတာ အရမ်း အန္တရာယ်များတယ်.. ဒါကြောင့် ငါနဲ့ အတူ ရှိနေတာက ပိုကောင်းမယ်လို့ ငါထင်တယ်"
ဆိုးသွမ်းပြီး ဆွဲဆောင်မှုရှိသော လူငယ်က သူတို့ကို အလွှတ်ပေးရန် ရည်ရွယ်ချက် မရှိသည်ကို မြင်လျှင် ယွဲ့မူလင်တို့ သုံးယောက်၏ လှပသော မျက်နှာလေးသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။
"မင်းက ဘာကောင်လဲ.. မင်းက သူတို့ကို မင်းနောက်ကို လိုက်ခိုင်းတိုင်း သူတို့က လိုက်ရမှာလား.. ငါ့လူတွေကို မင်းခေါ်ချင်တိုင်း ခေါ်သွားလို့ မရဘူး"
ထိုအချိန်တွင် အေးစက်စက် လေသံတစ်သံသည် လေထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အခန်း(၅၅၅) ပြီး၏