အခန်း (၅၅၆-၅၅၈)
Vol. 38 Ch. 556-558
ရုတ်တရက် ပေါ်ထွက်လာသည့် အေးစက်စက် ရေရွတ်သံသည် ဆိုးသွမ်းပြီး ဆွဲဆောင်မှုရှိသည့် လူငယ်ကို ခဏမျှ မှင်တက်သွားစေခဲ့သည်။
သူက ခေါင်းငဲ့၍ ကြည့်လိုက်ရာ သူ၏အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။
"ကောင်လေး မင်းကဘယ်သူလဲ.. ငါဒီမှာ ငါ့ရဲ့ဂျူနီယာညီမလေးနဲ့ စကားပြောနေတာ မင်းကဘာမို့လို့ စကားဖြတ်ပြောနေရတာလဲ"
ဆိုးသွမ်းသောလူငယ်က ကျန်းချန်ကို အေးစက်စက်ကြည့်ကာ အော်ငေါက်လိုက်သည်။
ကျန်းချန်က ဆိုးသွမ်းသော လူငယ်ကို ပေါ့ပါးစွာကြည့်၍ ပြောလိုက်၏။
"မင်းဘယ်သူလဲဆိုတာ ငါမသိချင်ဘူး.. သူတို့သုံးယောက်က မင်းနဲ့အတူ မသွားချင်သ၍ ဘယ်သူမှ ငါ့ရှေ့မှာ သူတို့ကို အတင်းအကြပ် ခေါ်သွားလို့မရဘူး"
"လူစွမ်းကောင်းလုပ်ချင်တဲ့ကောင် သေစမ်း..."
ထိုခဏတွင် ဆိုးသွမ်းပြီး ဆွဲဆောင်မှုရှိသော လူငယ်၏ မျက်လုံးထဲတွင် အေးစက်စက် အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာသည်။
ထို့နောက်တွင် ကြောက်မက်ဖွယ် အင်အားကို သူ၏လက်သီးတွင် စုစည်းကာ ကျန်းချန်ဆီသို့ တိုက်ရိုက် ပြေး၀င်လာခဲ့သည်။
ကျန်းချန်၏ မျက်နှာထားကမူ တည်ငြိမ်မှု ရှိနေခဲ့၏။
သူက ရုပ်ပိုင်းဆိုင်ရာ အင်အားကို လှုံ့ဆော်လိုက်ပြီး သူ၏ လက်သီးဖြင့် ဆိုးသွမ်းလူငယ်၏ လက်သီးကို ရင်ဆိုင်လိုက်သည်။
"၀ုန်း.."
ပေါက်ကွဲသံက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး မမြင်နိုင်သော လေသံသည် သူတို့နှစ်ယောက်ကို ဗဟိုပြု၍ တိုက်ခတ်သွားခဲ့သည်။
ထို့နောက်တွင် ဆိုးသွမ်းပြီး ဆွဲဆောင်မှုရှိသော လူငယ်၏ ပုံရိပ်သည် တုန်ယင်သွားခဲ့ပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့သည်။
"မင်း..မင်းက ဘယ်သူလဲ"
ဆိုးသွမ်းပြီး ဆွဲဆောင်မှုရှိသော လူငယ်၏ ညာဘက်လက် သည် အနည်းငယ် တုန်ခါနေခဲ့၏။
ကျန်းချန်ကို ကြည့်နေသည့် သူ၏အကြည့်တွင်လည်း မယုံကြည်နိုင်လောက်သည့် အမူအရာကို ဖော်ပြနေခဲ့သည်။
ထျန်းယွဲ့ဂိုဏ်း၏ အစစ်အမှန်တပည့် တစ်ယောက်အနေဖြင့် ဆိုးသွမ်းသောလူငယ်သည် သူ၏ ကိုယ်ပိုင်အင်အားကို အလွန်အမင်း ယုံကြည်မှုရှိသည်။
မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်းမှာပင် သူ့ကို အနိုင်ယူနိုင်သည့် ပါရမီရှင်အနည်းငယ်သာ ရှိသည်။
သို့သော် သူ့ရှေ့မှ ကောင်လေးကမူ ရုပ်ပိုင်းဆိုင်ရာအင်အားကိုသာ အသုံးပြု၍ သူ့ကို လက်သီးတစ်ချက်တည်းဖြင့် နောက်ဆုတ်သွားစေခဲ့၏။
"သိပ်ကြောက်ဖို့ကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားပါလား"
ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုဖြင့် နာမည်ကြီးသော ထိုက်ရှဂိုဏ်း၏ အစစ်အမှန်တပည့် အောင်ထျန်းခွေ့ပင် ဤကောင်လေးနှင့် ယှဥ်လျှင် အတော်လေး လိုအပ်သေးသည်ဟု သူခံစားမိသည်။
"မင်းက သဘာ၀စွမ်းအားဖွင့်ခြင်းနယ်ပယ် န၀မအဆင့်အထွတ်အထိပ်ကို ရောက်အောင် ပြင်ပအင်အားတွေကနေ မြှင့်တင်ထားတာပဲ.. အရိုးသားဆုံးပြောရရင် မြောက်ပိုင်းတောရိုင်းဒေသက ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ သဘာ၀စွမ်းအားဖွင့်ခြင်းနယ်ပယ် န၀မအဆင့် အထွတ်အထိပ် ပါရမီရှင်အများအပြားကို တွေ့ဖူးပေမဲ့ မင်းလို အားနည်းတဲ့သူမျိုးတော့ ငါမမြင်ဖူးဘူး"
ထို့နောက် ကျန်းချန်က ဆိုးသွမ်းပြီး ဆွဲဆောင်မှုရှိသော လူငယ်ကို မထီမဲ့မြင်ကြည့်ကာ ပြောလိုက်သည်။
"မင်းဘာသာမင်းထွက်သွားမလား ဒါမှမဟုတ် ငါမင်းကို ကန်ထုတ်ပေးရမလား"
ထိုစကားကိုကြားလျှင် ဆိုးသွမ်းသောလူငယ်၏ မျက်နှာသည် မည်းမှောင်သွားခဲ့သည်။
သူက ကျန်းချန်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမှ မပြောတော့ဘဲ နဂါးနက်ကုန်သွယ် ရေးအဖွဲ့ ဆီသို့ လျှောက်သွားခဲ့သည်။
ယခု သူ၏ခွန်အားသည် သဘာ၀စွမ်းအားဖွင့်ခြင်း နယ်ပယ်န၀မအဆင့် အထွတ်အထိပ်တွင် ရှိပြီး မကြာခင်မှာပင် လျှို့၀ှက် နည်းလမ်းများဖြင့် စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်ကို ရောက်ရှိနိုင်တော့မည် ဖြစ်၏။
ထိုအချိန်သို့ရောက်လျှင် သူသည် ဤကောင်လေးကို ကြီးလေးသည့် အဖိုးအခအား ပြန်လည် ပေးဆပ်စေမည်ဖြစ်သည်။
"အကိုကျန်း ကျေးဇူးတင်ပါတယ်"
ဆိုးသွမ်းပြီး ဆွဲဆောင်မှုရှိသောလူငယ် ထွက်သွားပြီးနောက်တွင် ယွဲ့မူလင်တို့ သုံးယောက်သည် သက်ပြင်းချလိုက်ပြီး ကျန်းချန်ကို ကျေးဇူးတင်စကား ပြောခဲ့ကြသည်။
ယနေ့ကျန်းချန်သာ မရှိခဲ့လျှင် သူတို့သည် ဆိုးသွမ်းသောလူငယ်၏ လက်ကနေ အမှန်တကယ် လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ထိုအချိန်တွင် ကျန်းချန်သည် ဆိုးသွမ်းလူငယ်နှင့် ပတ်သက်၍ ယွဲ့မူလင် တို့ကို တအံ့တသြ မေးခွန်းထုတ်လိုက်သည်။
"ဒီကောင်က ဘယ်သူလဲ.. မင်းတို့ကိုကြည့်ရတာ သူ့ကိုကြောက်ရွံ့နေပုံပဲ"
"သူ့နာမည်က လမ်ယောင်.. ကျွန်မတို့ ထျန်းယွဲ့ဂိုဏ်းရဲ့အစစ်အမှန် တပည့်တစ်ယောက်ပဲ.. သူက တူနှစ်ကိုယ်ကျင့်ကြံခြင်း လျှို့၀ှက်နည်းစနစ်ကို လေ့ကျင့်ထားတယ်.. လမ်ယောင်က ဂိုဏ်းချုပ်ရဲ့တပည့် ဖြစ်တဲ့အတွက် ဂိုဏ်းချုပ်ရဲ့အရှိန်အ၀ါကို အားကိုးပြီး ထျန်းယွဲ့ဂိုဏ်းရဲ့အမျိုးသမီး တော်တော်များများကို ဒုက္ခပေးခဲ့တယ်.. သိပ်မကြာသေးခင်ကဆိုရင် အမချင်းရွှယ်ကိုတောင် လမ်ယောင်က ကြံစည်ခဲ့သေးတယ်.. ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ ဆရာက ဂိုဏ်းချုပ်နဲ့ တိုက်ခိုက်လုနီးပါးအထိ ဖြစ်ခဲ့တယ်"
ယွဲ့မူလင်က လမ်ယောင်နှင့်ပတ်သက်၍ ကျန်းချန်ကို ရှင်းပြလိုက်သည်။
"ဒီကောင်က တူနှစ်ကိုယ်ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံထားတဲ့ကောင်ကိုး"
ယွဲ့မူလင်၏ စကားကိုကြားပြီးနောက်တွင် ကျန်းချန်၏ မျက်လုံးထဲ၌ ထက်မြက်သော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
ဤအကောင်က သူ၏ အစေခံမုန့်ချင်းရွှယ်ကိုပင် ထိရန်ကြံစည်ရဲသည်။
လမ်ယောင်အနေဖြင့် ရိုးရိုးသားသားနေသည်ကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ထိုသို့မဟုတ်ဘဲ မုန့်ချင်းရွှယ်ကို ထိရဲလျှင် ကျန်းချန်သည် လမ်ယောင်ကို ပျောက်ကွယ်သွားသည် အထိ မဆိုင်းမတွ လုပ်ဆောင်လိမ့်မည် ဖြစ်၏။
အခန်း (၅၅၆) ပြီး၏။
အခန်း (၅၅၇)
ကျန်းချန်တို့သည် နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ ဧည့်ခန်းထဲကို လျှောက်၀င်သွားခဲ့သည်။
ထိုအခါ ဧည့်ခန်းမထဲတွင် လူငယ်ကျင့်ကြံသူ တော်တော်များများ တန်းစီနေခဲ့ကြသည်ကို တွေ့ခဲ့ရ၏။
ထိုလူငယ်ကျင့်ကြံသူများ၏ အရှေ့ဆုံးတွင် နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ ၀တ်စုံများကို ၀တ်ဆင်ထားသည့် လူ လတ်ပိုင်းအရွယ် လူနှစ်ယောက်သည် လူငယ်ကျင့်ကြံသူများအတွက် တံဆိပ်ပြားများကို ထုတ်ပေးနေခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်ကာ ကျန်းချန်က အံ့သြသွားပြီး မေးခွန်းထုတ်လိုက်သည်။
"ဒီနှစ်ယောက်က ဘာလုပ်နေတာလဲ"
"ဒါက လေလံပွဲနဲ့ ပတ်သက်ပြီး ဗွီအိုင်ပီတံဆိပ်ပြားကို ထုတ်ပေးနေတာလေ.. နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ လေလံပွဲမှာ ဗွီအိုင်ပီ တံဆိပ်ပြားတွေကို သာမန်၊ အဆင့်မြင့်နဲ့ အထူးအဆင့် ဆိုပြီး သုံးမျိုးခွဲခြားထားတယ်.. တံဆိပ်ပြားရဲ့ အဆင့်တန်းအပေါ် မူတည်ပြီး အခွင့်အရေးတွေလည်း ကွာခြားသွားတယ်.. သူတို့က ဗွီအိုင်ပီတံဆိပ်ပြားတွေကို ကျင့်ကြံခြင်းအဆင့်အပေါ် မူတည်ပြီး ထုတ်ပေးတယ်.. ကလိမ်ကကျစ်ကျရင်တော့ ဒီနေရာကနေ နှင်ထုတ်ခံရမယ်"
လျှိုချင်က ခပ်တိုးတိုးရှင်းပြလိုက်သည်။
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့၏။
နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲသည် အမှန်တကယ်ပင် စိတ်၀င်စားစရာ ကောင်းခဲ့သည်။
ကျန်းချန်နှင့် ယွဲ့မူလင်တို့ သုံးယောက်သည် စကားတပြောပြောဖြင့် တန်းစီကာ စောင့်ဆိုင်းနေခဲ့ကြသည်။
ဆယ်မိနစ်ကျော် ကြာပြီးနောက်တွင် အဆုံးသတ်၌ ကျန်းချန်တို့ အလှည့်သို့ ရောက်ရှိလာခဲ့၏။
ထိုအခါ နဂါးနက်ကုန်သွယ်ရေးအဖွဲ့မှ ခန့်အပ်ထားသည့် ကျင့်ကြံသူ၏ အရှေ့တွင် လျှိုချင်ပြောသကဲ့သို့ တံဆိပ်ပြားသုံးမျိုး ရှိနေသည်ကို တွေ့ခဲ့ရသည်။
"အသက် နှစ်ဆယ့်ငါးနှစ်အောက် သဘာ၀စွမ်းအားဖွင့်ခြင်းနယ်ပယ်အဆင့်ကျင့်ကြံသူက လူသုံးအများဆုံးဖြစ်တဲ့ ငွေရောင်တံဆိပ်ပြားကို ရယူနိုင်တယ်.. အသက်နှစ်ဆယ့်ငါးနှစ်အောက် သဘာ၀စွမ်းအားဖွင့်ခြင်းနယ်ပယ် န၀မအဆင့်ကိုရောက်ရှိရင်တော့ ပိုပြီးအဆင့်မြင့်တဲ့ ရွှေရောင်တံဆိပ်ပြားကို ရရှိနိုင်တယ်.. နဂါးပုံစံထွင်းထုထားတဲ့ အနက်ရောင်ဗွီအိုင်ပီတံဆိပ်ပြား အတွက်ကတော့ အသက်နှစ်ဆယ့်ငါးနှစ်အောက် စွမ်းအင်သိပ်သည်းခြင်းအဆင့်ကို ရောက်ရှိနေတဲ့ ပါရမီရှင် ဒါမှမဟုတ် နဂါးနက် ကုန်သွယ်ရေးအဖွဲ့က အသိအမှတ်ပြုတဲ့ပါရမီရှင် ဖြစ်မှရမယ်"
"နဂါးနက် ကုန်သွယ်ရေးအဖွဲ့ရဲ့ စည်းမျဥ်းကို လိုက်နာပြီး ကိုယ့်ရဲ့အဆင့်အတန်းနဲ့ လျော်ညီတဲ့ တံဆိပ်ပြားကိုပဲ ယူပေးပါ"
လျှိုချင်က ရွှေရောင် အဆင့်မြင့်ဗွီအိုင်ပီ တံဆိပ်ပြားကို ရရှိခဲ့ပြီး ယွဲ့မူလင်နဲ့ ကျောက်ယွင်ရှန်းတို့က သာမန် ငွေရောင်ဗွီအိုင်ပီ တံဆိပ်ပြားကိုသာ ရရှိခဲ့သည်။
ထို့နောက်တွင် ကျန်းချန်၏အလှည့်သို့ ရောက်လာခဲ့သည်။
သူက နဂါးနက်ကုန် သွယ်ရေးအဖွဲ့မှ ကျင့်ကြံသူ နှစ်ယောက်ကို အထူးအဆင့်ဗွီအိုင်ပီ တံဆိပ်ပြား လိုချင်သည်ဟု ပြောလိုက်သည်။
ကျန်းချန် ထိုစကားကို ပြောလိုက်သောအခါတွင် ခန်းမထဲ၌ တီးတိုးရေရွတ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့၏။
"ဒီကောင်က ဘယ်သူလဲ.. အထူးအဆင့် ဗွီအိုင်ပီတံဆိပ်ပြားကိုတောင် ရယူချင်နေပါလား.. ဟားဟား.. သူက အထူးအဆင့်ဗွီအိုင်ပီ တံဆိပ်ပြားကို လိုချင်တိုင်းရနိုင်မယ်လို့ ထင်နေလားမှ မသိတာ"
"........."
ထိုအချိန်တွင် ခန်းမထဲရှိ လူတိုင်း၏ အကြည့်များသည် ကျန်းချန်ဆီသို့ ရောက်ရှိလာခဲ့သည်။
သူတို့အားလုံးက ကျန်းချန်ကို အထင်သေးစွာ ကြည့်ရှုနေခဲ့ကြ၏။
ထိုအခိုက်တွင် တံဆိပ်ပြားကို ရရှိပြီး လေလံပွဲကို သွားနေသည့် လမ်ယောင်သည် ခြေလှမ်း ရပ်တန့်လိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအခါ ကျန်းချန်ကိုမြင်ပြီး သူ၏ မျက်လုံးထဲတွင် မထီမဲ့မြင် အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
"ဟားဟား..ရယ်စရာကောင်းလိုက်တာ.. မင်းက အထူးအဆင့်ဗွီအိုင်ပီ တံဆိပ်ပြားကို ရယူချင်နေတာတဲ့လား.. အထူးအဆင့်ဗွီအိုင်ပီ တံဆိပ်ပြားကို ရယူဖို့ စည်းကမ်းချက်တွေ အများကြီးရှိတယ်.. မင်းမှာ အရည်အချင်း ရှိတယ်လို့များ ထင်နေလား"
ကျန်းချန်က လမ်ယောင်နှင့် ပတ်၀န်းကျင်မှ လူများကို ဂရုမစိုက်ခဲ့ပေ။
သူက နဂါးနက် ကုန်သွယ်ရေးအဖွဲ့မှ ကျင့်ကြံသူ နှစ်ယောက်ကို တည်ငြိမ်စွာကြည့်၍ ပြောလိုက်သည်။
"အထူးအဆင့်ဗွီအိုင်ပီ တံဆိပ်ပြား ငါ့ကိုပေးပါ"
"မင်းရဲ့ခွန်အားက စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်ကို မရောက်သေးဘူး.. အထူးအဆင့်ဗွီအိုင်ပီ တံဆိပ်ပြားကို လိုချင်ရင် ငါတို့ အသိအမှတ်ပြုလောက်တဲ့ စွမ်းရည်ရှိမှရမယ်.. ဒီလိုမှ မဟုတ်ရင်တော့ ငါတို့က မင်းကို ဒီနေရာကနေ နှင်ထုတ်ရလိမ့်မယ်"
နဂါးနက်ကုန်သွယ်ရေးအဖွဲ့မှ ကျင့်ကြံသူက ကျန်းချန်ကိုလေးနက်စွာ ကြည့်လိုက်သည်။
ထိုခဏတွင် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်၏ အရှိန်အ၀ါသည် ချက်ချင်းဆိုသလို ခန်းမထဲ၌ ပြည့်နှက်သွားခဲ့သည်။
စွမ်းအင်သိပ်သည်းခြင်းအဆင့် ကျင့်ကြံသူ၏ အရှိန်အ၀ါနှင့် ရင်ဆိုင်နေရသော်လည်း ကျန်းချန်၏ အမူအရာသည် တည်ငြိမ် အေးဆေးစွာ ရှိနေခဲ့သည်။
သူက မဲ့ပြုံးပြုံးလိုက်၏။
ထို့နောက်တွင် သူ၏ မောက်မာသော လေသံသည် ချက်ချင်းဆိုသလို ခန်းမထဲတွင် ထွက်ပေါ်လာခဲ့၏။
"ငါ့နာမည်က ကျန်းချန်.. အသက်ဆယ့်ရှစ်နှစ်တော့ မပြည့်သေးဘူး.. ကျင့်ကြံခြင်းအဆင့်က သဘာ၀စွမ်းအားဖွင့်ခြင်းနယ်ပယ်န၀မအဆင့် အထွတ်အထိပ်ကို ရောက်နေပြီ.. ဓားစိတ်ဆန္ဒရဲ့ ဒုတိယအဆင့်ကိုလည်း နားလည်ထားတယ်..ဒါ့အပြင် ငါက ပဥ္စမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်လည်းဖြစ်တယ်"
အခန်း (၅၅၇) ပြီး၏။
အခန်း (၅၅၈)
ခန်းမထဲတွင် ကျန်းချန်၏ မောက်မာသောစကားများက တဖြည်းဖြည်း ပဲ့တင်ထပ်သွားခဲ့ပြီး ခန်းမတစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် ခန်းမထဲ၌ မထီမဲ့မြင်ရယ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဟားဟား..ငါပဲနားကြားမှားတာလား..ဒီကောင်လေးမှာ ဒီလိုမျိုး အရည်အချင်းတွေရှိတာ ဖြစ်နိုင်လို့လား.. ဟန်ဆောင်နေတာပဲဖြစ်ရမယ်"
"ဒီကောင်က သေလမ်းရှာနေတာပဲ.. ဆရာကြီးလို ဟိတ်ဟန်ထုတ်ချင်ရင်တောင် နေရာကိုတော့ ကြည့်သင့်တယ်.. နဂါးနက် ကုန်သွယ်ရေးအဖွဲ့ကို သူ ဟိတ်ဟန်ထုတ်လို့ရတဲ့နေရာများ မှတ်နေလားမသိဘူး"
"........."
အသက်ဆယ့်ရှစ်နှစ်ပင် မပြည့်သေးသည့်သူ၏ ကျင့်ကြံခြင်းအဆင့်သည် သဘာ၀ စွမ်းအားဖွင့်ခြင်းန၀မအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီး ဓားဆန္ဒဒုတိယအဆင့်ကိုပင် နားလည်နေခဲ့သည်။
ထို့အပြင် ပဥ္စမအဆင့်အဂ္ဂိရတ်သခင် တစ်ယောက်လည်း ဖြစ်နေပြန်သေး၏။
"မင်းက ဒီလောက်တောင် အစွမ်းထွက်နေရင် ဘာလို့ကောင်းကင်ပေါ်ကို မတက်သေးတာလဲ.. မင်းရဲ့ ပါးစပ်စွမ်းရည်ကတော့ တကယ်ကောင်းတာပဲ.. ဘာပဲဖြစ်ဖြစ် မင်းရဲ့စကားတွေက အမှန်ဆိုတာကို သက်သေပြနိုင်သ၍တော့ နဂါးနက်ကုန်သွယ်ရေးအဖွဲ့က မင်းလိုချင်တဲ့ အထူးဗွီအိုင်ပီ တံဆိပ်ပြားကို သေချာပေါက်ပေးမှာပါ"
နဂါးနက်ကုန်သွယ်ရေးအဖွဲ့မှ ကျင့်ကြံသူက လေးနက်စွာ ပြောလိုက်သည်။
အစောပိုင်းက ဤကောင်လေး ပြောခဲ့သည် စကားများသာ အမှန် ဖြစ်နေခဲ့လျှင် ဤကောင်လေးသည် ကျင့်ကြံခြင်းနယ်ပယ်တွင် ဖြစ်စေ၊ အဂ္ဂိရတ်ပညာရပ်တွင် ဖြစ်စေ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင် ဖြစ်၏။
ဤကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးသည် သူတို့ နဂါးနက်ကုန်သွယ်ရေးအဖွဲ့က မိတ်ဆွေဖွဲ့ဖို့ လိုအပ်သည့် လူမျိုး ဖြစ်သည် မဟုတ်ပါလော။
"မင်းရဲ့သဘောအတိုင်းပါပဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ချက်ချင်းပင် သူ၏ လက်ကို လှုပ်ရှားလိုက်ရာ သူ၏လက်၀ါးထဲ၌ တံဆိပ်ပြား တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
"ဒါက စတုတ္ထအဆင့် အစီအရင်သခင်တံဆိပ်ပဲ'"
ကျန်းချန်၏ လက်ဖ၀ါးထဲမှ တံဆိပ်ပြားကိုမြင်လျှင် ထိုတံဆိပ်ပြားအကြောင်းကို သိသော အနီးနားရှိလူများသည် တအံတသြ ရေရွတ်လိုက်ကြသည်။
"စတုတ္ထအဆင့် အစီအရင်သခင်တံဆိပ်"
နဂါးနက်ကုန်သွယ်ရေးအဖွဲ့မှ ကျင့်ကြံသူနှစ်ယောက်က အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
[ဒီကောင်လေး စောနကပြောတာ ပဥ္စမအဆင့် အဂ္ဂိရတ်သခင်လို့ ပြောခဲ့တာ မဟုတ်လား.. ဘယ်လိုလုပ်ပြီး စတုတ္ထအဆင့်အစီအရင်သခင် ဖြစ်သွားရတာလဲ]
"တောင်းပန်ပါတယ်.. ငါမှားပြီးတော့ ထုတ်ခဲ့မိပုံရတယ်"
ကျန်းချန်က ပြုံး၍ပြောလိုက်သည်။
ထို့နောက် သူက စတုတ္ထအဆင့် အစီအရင်သခင် တံဆိပ်ကို အလျင်အမြန် သိမ်းဆည်းလိုက်ကာ နောက်ထပ် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
"ပဥ္စမအဆင့် သားရဲသခင်တံဆိပ်ပြား"
လူတိုင်းက ကျန်းချန်၏လက်ထဲမှ တံဆိပ်ပြားကိုမြင်လျှင်
မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
နဂါးနက်ကုန်သွယ်ရေးအဖွဲ့မှ ကျင့်ကြံသူများကမူ တစ်
ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့၏မျက်လုံးထဲတွင် အံ့သြတုန်လှုပ်သည့် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။
အသက်ဆယ့်ရှစ်နှစ်ပင် မပြည့်သေးသည့် လူငယ်တစ်ယောက်တွင် စတုတ္ထအဆင့် အစီအရင်သခင် တံဆိပ်ပြားနှင့် ပဥ္စမအဆင့် သားရဲသခင်တံဆိပ်ပြားနှစ်ခု ရှိနေခဲ့သည်။
သူတို့ကို အံ့အားအသင့်စေဆုံးအရာမှာ ဤကောင်လေး သူတို့ကို ပြောခဲ့သည်က ပဥ္စမအဆင့်အဂ္ဂိရတ်သခင် ဟူသောအချက် ဖြစ်သည်။
အကယ်၍ ဤကောင်လေးသာ ပဥ္စမအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို အမှန်တကယ် ထုတ်ပြနိုင်ခဲ့လျှင် အတော်လေးနတ်ဆိုးဆန်သည်ဟု ဆိုရတော့မည် မဟုတ်ပါလား။
"အိုး..နောက်ထပ်မှားသွားပြန်ပြီ.. တောင်းပန်ပါတယ်.. ငါ့ရဲ့ ဝါသနာက အတော်လေးများနေလို့ပါ"
ကျန်းချန်က ထိုစကားကိုပြောရင်း သူ့လက်ဖ၀ါးထဲရှိ ပဥ္စမအဆင့် သားရဲသခင်တံဆိပ်ပြားကို ပြန်သိမ်းလိုက်သည်။
နောက်ထပ်တခဏတွင် သူသည် ပဥ္စမအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို ထုတ်ယူလိုက်၏။
"........"
ကျန်းချန်၏လက်ထဲမှ ပဥ္စမအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို မြင်လျှင် ပတ်၀န်းကျင်ရှိ မရေမတွက်နိုင်သော လူများ၏ နှလုံးသားသည် အံ့သြတုန်လှုပ်သွားခဲ့သည်။
"စတုတ္ထအဆင့် အစီအရင်သခင်တံဆိပ်၊ ပဥ္စမအဆင့်သားရဲသခင်တံဆိပ်၊ ပဥ္စမအဆင့် အဂ္ဂိရတ်သခင်တံဆိပ်"
ဤကောင်လေးက တံဆိပ်ပြား အများအပြားကို တစ်ခါတည်း ထုတ်ပြနိုင်လိမ့်မည်ဟု သူတို့လုံးဝ မထင်ထားခဲ့ပေ။
ဤအချိန်တွင် သူတို့သည် အဆုံးသတ်၌ နားလည်သွားခဲ့သည်။
ဤကောင်လေးက ဟိတ်ဟန်ထုတ်နေခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် နတ်ဆိုးဆန်နေခဲ့ခြင်း ဖြစ်၏။
ယွဲ့မူလင်တို့ သုံးယောက်ပင် ကျန်းချန်ကို မျက်လုံးပြူး၍ ကြည့်နေခဲ့ကြပြီး အံ့သြတုန်လှုပ်ရာကနေ သက်သာရာရရန် အချိန်အတော်ယူခဲ့ရသည်။
သူမတို့က ထျန်းယွဲ့ဂိုဏ်း၏ တပည့်အနေဖြင့် ပါရမီရှင် အများအပြားကို မြင်ဖူးခဲ့သည်။
သို့သော်လည်း ဤမျှလောက် ပါရမီထူးချွန်သည့်သူကို တစ်ခါမှ မမြင်ဖူးပေ။
"အကိုကျန်းက တကယ်ကို မွန်းစတားပဲ"
လူတိုင်း၏ အံ့သြတုန်လှုပ်နေသော အကြည့်များအောက်မှာပင် ကျန်းချန်သည် သူ၏လက်ထဲမှ ပဥ္စမအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြားကို လှုပ်ခါပြလိုက်ပြီး နဂါးနက်ကုန်သွယ်ရေးအဖွဲ့မှ ကျင့်ကြံသူနှစ်ယောက်ကို ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ပဥ္စမအဆင့် အဂ္ဂိရတ်သခင်တံဆိပ်ပြားက ဒီမှာပဲ...နောက်ထပ် ဘာသက်သေပြဖို့ လိုအပ်သေးလဲ"
အခန်း (၅၅၈) ပြီး၏။