← Chapters

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

"ဒါက ပဥ္စမအဆင့် အဆင့်မြင့်ဆေးလုံးဖြစ်တဲ့ ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးပဲ.. စစ်ဆေးကြည့်ပါဦး"

ကျန်းချန်က အခန်းထဲကနေ ထွက်လာပြီးနောက်တွင် ကျောက်စိမ်းဘူး တစ်ဘူးကို ဆရာရှန်းအား ကမ်းပေးလိုက်သည်။

ဆရာရှန်းက တုန်ရီနေသောလက်များဖြင့် ကျောက်စိမ်းဘူးကိုလှမ်းယူလိုက်၏။

သူက ကျောက်စိမ်းဘူးကို ဖွင့်ကြည့်လိုက်ရာ ကျောက်စိမ်းဘူးထဲတွင် ဓားဆန္ဒ၏ အရှိန်အ၀ါများ ထွက်ပေါ်နေသော လက်မအရွယ်ခန့် အပြာရောင် ဆေးလုံးတစ်လုံးကို တွေလိုက်ရသည်။

"ဒါက တကယ်ပဲ ဒဏ္ဍာရီလာ ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးပဲ"

ဆရာရှန်း၏ အိုမင်းသောမျက်လုံးထဲတွင် ရုတ်တရက် စိတ်လှုပ်ရှားသော အသွင်အပြင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်၏။

"ပြဿနာ ဘာမှမရှိတော့ဘူးဆိုရင် ကျွန်တော့်အတွက် လေလံပွဲကို စီစဥ်ပေးပါ"

"သခင်လေးကျန်း စိတ်ချပါ.. ဒီလေလံပွဲရဲ့ နောက်ဆုံးအဆင့်မှာ ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးကို လေလံတင်လိုက်ပါ့မယ်"

ရှန့်အန်းက လျင်မြန်စွာပင် ကတိပေးလိုက်သည်။

"ဓားဆန္ဒသိပ်သည်းခြင်းဆေးလုံး"

ဓားဆန္ဒသိပ်သည်းခြင်းဆေးလုံးကြောင့် ဖြစ်ပေါ်လာမည့် ပရိသတ်များ၏ ခံစားချက်သည် သူတို့ လေလံတင်မည့် မပြည့်စုံသော ကောင်းကင်ကျင့်စဥ်ထက် မလျော့လောက်ဟု ရှန့်အန်း ကြိုတင်ခန့်မှန်းမိခဲ့သည်။

"ဒါဆိုလည်း ကောင်းပါပြီ"

ကျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး ချက်ချင်းပင် လှည့်ထွက်ကာ လေလံအိမ်၏ ဒုတိယထပ်ရှိ သီးသန့်အခန်းဆီသို့ ပြန်သွားခဲ့သည်။

နာရီ၀က်အကြာတွင် လေလံပွဲကို ဦးဆောင်ပြီး လုပ်နေသည့် ရှန့်အန်းသည် လေလံစင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

"အားလုံးပဲ ကျွန်တော်က နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့လေလံပွဲတာ၀န်ခံ ရှန့်အန်းဖြစ်ပြီး ဒီလေလံပွဲကို တာ၀န်ယူထားတဲ့ လူတစ်ယောက်ပါ.. မိတ်ဆွေတို့အားလုံးက ကျွန်တော်တို့ နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ လေလံပွဲကို အချိန်အတော်ကြာ စောင့်မျှော်နေခဲ့ကြတာကြောင့် အပိုစကားတွေ အများကြီး မပြောချင်တော့ပါဘူး.. ကျွန်တော်တို့ အခုပဲ လေလံပွဲကို စလိုက်ကြတာပေါ့"

ရှန့်အန်းက သူ၏ စူးရှသောမျက်လုံးများဖြင့် လေလံခန်းမ တစ်ခုလုံးကို အနည်းငယ် ဝေ့ကြည့်လိုက်သည်။

သူ၏ လေးနက်သောအသံသည် လေလံအိမ်တစ်ခုလုံးကို

ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့သည်။

ရှန့်အန်းက စကားပြောပြီးနောက်တွင် လက်ဝှေ့ရမ်းပြလိုက်ရာ နံဘေးရှိ အစေခံမလေးသည် ဆေးလုံးတစ်လုံးကို ဗန်းဖြင့်သယ်ဆောင်ကာ လူတိုင်း၏ မျက်လုံးရှေ့တွင် ပေါ်လာခဲ့သည်။

"ဒါက စတုတ္ထအဆင့်၊အခြေခံဆေးလုံးဖြစ်တဲ့ ကွေယမ်ဆေးလုံးပဲ.. ကွေယမ်ဆေးလုံးရဲ့ အာနိသင်ကိုတော့ ကျွန်တော်အများကြီး မိတ်ဆက်ပေးစရာမလိုဘူး ထင်ပါတယ်.. ဒီဆေးလုံးက သဘာ၀စွမ်းအားဖွင့်ခြင်း စတုတ္ထအဆင့်အောက်မှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ခွန်အားကို အဆင့်တစ်ဆင့်ထိ မြှင့်တင်ပေးနိုင်တယ်.. သဘာ၀စွမ်းအားဖွင့်ခြင်း စတုတ္ထအဆင့်အထက်က ကျင့်ကြံသူတွေရဲ့အင်အားကိုလည်း များစွာ တိုးမြှင့်ပေးနိုင်စွမ်းရှိတယ်.. ကွေယမ်ဆေးလုံးရဲ့ ကြမ်းခင်းစျေးက အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံးတစ်သောင်း ဖြစ်ပြီး တစ်ကြိမ် တိုးမြှင့်ချင်ရင် အဆင့်နိမ့်မှော်စွမ်းအင် ကျောက်တုံးတစ်ထောင်ထက် နည်းလို့မရဘူး"

ပထမဆုံး လေလံပစ္စည်းက ကွေယမ်ဆေးလုံး ဖြစ်သည်ကို မြင်လျှင် လေလံခန်းမထဲရှိ လူတိုင်းသည် ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

"အဆင့်နိမ့်မှော်စွမ်းအင်ကျောက်တုံး တစ်သောင်းတစ်ထောင်"

"အဆင့်နိမ့်မှော်စွမ်းအင် ကျောက်တုံးတစ်သောင်းငါးထောင်"

ကွေယမ်ဆေးလုံး၏ စျေးနှုန်းက တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။

အဆုံးသတ်တွင် သဘာ၀စွမ်းအားဖွင့်ခြင်းနယ်ပယ် တတိယအဆင့်မှ ကျင့်ကြံသူ တစ်ယောက်သည် ကွေယမ် ဆေးလုံးကို အဆင့်နိမ့် မှော်စွမ်းအင်ကျောက်တုံး ကိုးသောင်းရှစ်ထောင်ဖြင့် လေလံအောင်သွားခဲ့သည်။

လေလံပွဲက စနစ်တကျပင် ဆက်လက် ကျင်းပနေခဲ့သည်။

လေလံပွဲတွင် ကျန်းချန် စိတ်၀င်စားသည့်အရာ ဘာမှမပါ၀င်သည့်အတွက် ကျန်းချန်သည် အေးအေးလူလူသာ ရှိနေခဲ့၏။

---------------

"အားလုံးပဲ နောက်ထပ်လေလံတင်မှာက သွေးနီနတ်ဆိုးသစ်သီးပဲ.. သွေးနီနတ်ဆိုးသစ်သီးက ချီစွမ်းအားသန့်စင်ရာမှာ အသုံး၀င်တဲ့အပြင် အထူးသွေးစွမ်းအား ရှိတဲ့သူ အတွက် အရမ်းကို ကောင်းမွန်တဲ့အာနိသင်ရှိတယ်.. သွေးနီနတ်ဆိုးသစ်သီးရဲ့ ကြမ်းခင်းစျေးက အဆင့်နိမ့်မှော်စွမ်းအင် ကျောက်တုံး သုံးသောင်းဖြစ်ပြီး တစ်ကြိမ် တိုးမြှင့်တိုင်းမှာ အဆင့်နိမ့်မှော်စွမ်းအင် ကျောက်တုံးနှစ်ထောင်ထက် နည်းလို့မရဘူး"

ရှန့်အန်း၏ လေလံမိတ်ဆက်မှုကိုကြားလျှင် ကျန်းချန်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာခဲ့သည်။

ဤသွေးနီနတ်ဆိုးသစ်သီးသည် အထူးသွေးစွမ်းအားရှိသည့် သူ့အတွက် အနည်းငယ် အသုံး၀င်နေသည် မဟုတ်ပါလော။

"သုံးသောင်းနှစ်ထောင်"

"သုံးသောင်းငါးထောင်"

သိပ်မကြာခင်မှာပင် သွေးနီနတ်ဆိုးသစ်သီး၏ စျေးနှုန်းသည် တစ်သိန်းအထိ မြင့်တက်သွားခဲ့သည်။

"တစ်သိန်းတစ်သောင်း"

ကျန်းချန်က အချိန်ကုန်ခံပြီး စကားမပြောလိုသောကြောင့် တိုက်ရိုက်ပင် တစ်သောင်း ထပ်တိုးလိုက်သည်။

ကျန်းချန်၏ စျေးနှုန်းတိုးမြှင့်လိုက်မှုသည် လူတော်တော်များများကို သွေးနီနတ်ဆိုးသစ်သီး အတွက် လေလံဆွဲမှုအား ချက်ချင်းပင် လက်လျှော့သွားစေခဲ့၏။

"တစ်သိန်းတစ်သောင်းနှစ်ထောင်"

ထိုအချိန်တွင် အဆင့်မြင့်ဗွီအိုင်ပီစားပွဲပေါ်မှ ပဥ္စမအဆင့် အဂ္ဂိရတ်ဆရာသခင်တစ်ယောက်သည် စျေးပြိုင်ခေါ်ခဲ့သည်။

"တစ်သိန်းနှစ်သောင်း"

ကျန်းချန်က ဟန်အမူအရာကင်းမဲ့သော မျက်နှာထားဖြင့် တစ်ခါတည်း ရှစ်ထောင် ထပ်မြှင့်လိုက်သည်။

ကျန်းချန်က သွေးနီနတ်ဆိုးသစ်သီးကို ရယူဖို့ သေချာနေသည်ကိုမြင်လျှင် ပဥ္စမအဆင့် အဂ္ဂိရတ်ဆရာသခင်သည် လေလံပြိုင်၍ မဆွဲတော့ပေ။

ဤသို့ဖြင့် ကျန်းချန်သည် အဆင့်နိမ့်မှော်စွမ်းအင် ကျောက်တုံး တစ်သိန်းနှစ်သောင်းဖြင့် သွေးနီနတ်ဆိုးသစ်သီးကို ရယူတော့မည့်အချိန်တွင် လူတိုင်း၏ နားထဲသို့ စျေးအပြိုင် ခေါ်သံ တစ်သံသည် ရုတ်တရက် ၀င်ရောက်လာခဲ့သည်။

"သွေးနီနတ်ဆိုးသစ်သီးအတွက် တစ်သိန်းနှစ်သောင်းငါးထောင် ပေးမယ်"

အခန်း(၅၆၂)ပြီး၏။

အခန်း (၅၆၃)

ကျန်းချန်က အသံလာရာဘက်သို့ကြည့်လိုက်ရာ လေလံဆွဲသူကို တွေ့လိုက်ရလျှင် မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

"အကိုကျန်း လမ်ယောင်က အကိုကျန်း သွေးနီနတ်ဆိုးသစ်သီးကို လိုချင်နေတာတွေ့လို့ တမင်တကာ စျေးလိုက်မြှင့်ပြီး အကိုကျန်းကို ဒုက္ခပေးနေတာပဲ"

နံဘေးရှိယွဲ့မူလင်က ဒေါသတကြီးပြောလိုက်သည်။

"ဟားဟား သူက ကစားချင်တယ် ဆိုမှတော့ ငါက သူပျော်အောင် လိုက်ကစားပေးရမှာပေါ့"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ဆက်လက် စျေးပြိုင်ခေါ်ခဲ့သည်။

"တစ်သိန်းသုံးသောင်း"

"ကျန်းချန်..မင်းက ငါ့ရဲ့ကိစ္စတွေကို ဖျက်ဆီးရဲတယ်.. ဒီနေ့ မင်းဘယ်လိုပစ္စည်းကိုပဲ လေလံဆွဲပါစေ.. ငါမင်းကိုနှစ်ဆ ဒါမှမဟုတ် အဆပေါင်းများစွာ ကုန်ကျအောင်လုပ်ပစ်မယ်"

လမ်ယောင်က စိတ်ထဲကနေ ရေရွတ်လိုက်ပြီး စျေးကို

တိုးမြှင့်ဖို့ စတင်ခဲ့သည်။

တခဏအတွင်း သွေးနီနတ်ဆိုးသစ်သီး၏ စျေးနှုန်းသည် နှစ်သိန်း ကျော်သွားခဲ့သည်။

လမ်ယောင်က နှစ်သိန်းငါးသောင်းဖြင့် စျေးအပြိုင်ခေါ်ဖို့ စောင့်ဆိုင်းနေသောအချိန်တွင် ကျန်းချန်သည် အဆုံးသတ်တွင် ကောက်ကျစ်စွာ ပြုံးလိုက်သည်။

သီးသန့်အခန်း၏ တံခါး၀တွင် ရပ်နေသည့် ကျန်းချန်သည် အောက်ဘက်ရှိ လမ်ယောင်ကိုပြုံးပြလိုက်ပြီး "ဒီကမိတ်ဆွေက သွေးနီနတ်ဆိုးသစ်သီးကို ဒီလောက်တောင် လိုအပ်နေမှတော့ ငါကပဲ အလျှော့ပေးလိုက်တော့မယ်"

"ဘယ်လို.. ဒီကောင်က သွေးနီနတ်ဆိုးသစ်သီးကို မယူတော့ဘူးလား ဘာလို့ ရုတ်တရက်ကြီး လေလံမဆွဲတော့တာလဲ"

လမ်ယောင်၏ မျက်နှာထားက အီလည်လည်ကြီး ဖြစ်သွားခဲ့သည်။

သူက သွေးကိုအထူးပြုသည့် ကျင့်ကြံသူ မဟုတ်သလို အထူးသွေးစွမ်းအားလည်း မရှိပေ။

ထို့ကြောင့် ဤသွေးနီနတ်ဆိုးသစ်သီးသည် သူ့အတွက် ဘာမှအသုံးမ၀င်ချေ။

သူက စျေးကိုရူးသွပ်စွာ တိုးမြှင့်နေခဲ့သည်မှာ ကျန်းချန်ကို စိတ်အနှောင့်အယှက် ဖြစ်စေချင်၍သာ ဖြစ်၏။

ယခု ကျန်းချန်က လက်လျှော့လိုက်ရာ ဤကဲ့သို့ သူ့အတွက် အသုံးမဝင်သည့် အရာတစ်ခုကို မှော်စွမ်းအင် ကျောက်တုံးနှစ်သိန်းငါးသောင်း သုံးစွဲရတော့မည် မဟုတ်ပါလား။

"ခွေးကောင်.. ငါ့ကို လှည့်စားသွားတာပဲ"

လမ်ယောင်က ကျန်းချန်ကို စိတ်ထဲကနေ တိတ်တဆိတ်ကျိန်ဆဲလိုက်သည်။

ဤကိစ္စဖြစ်ပြီးနောက် လေလံပွဲသည် ဆက်လက် ကျင်းပနေခဲ့၏။

သိပ်မကြာခင်မှာပင် ကျန်းချန်၏ ပစ္စည်းများကို လေလံပွဲ၌ စတင် လေလံတင်ခဲ့သည်။

"နောက်ထပ် လေလံတင်မဲ့အရာက ဆဋ္ဌမအဆင့် အဆင့်မြင့်ဆေးဖက်၀င်ပစ္စည်းဖြစ်တဲ့ သွေးမြူယင်ယန်ပန်းပဲ...ဒီပန်းက ဘက်စုံအသုံးပြုနိုင်ပြီး ဆဋ္ဌမအဆင့်ဆေးလုံးတွေကို အသုံးပြုရာမှာ မရှိမဖြစ်လိုအပ်တဲ့ အဓိကဆေး၀ါးတမျိုးပဲ"

"အဆင့်နိမ့်မှော်စွမ်းအင် ကျောက်တုံးတစ်သိန်း"

ရှန့်အန်းက မိတ်ဆက်ပြီးပြီးချင်းမှာပင် လမ်ယောင်သည် တစ်ကြိမ်တည်းဖြင့် စျေးနှုန်းတစ်သိန်းအထိ တိုက်ရိုက် ခေါ်ခဲ့သည်။

ဤသွေးမြူယင်ယန်ပန်းသည် သူကျင့်ကြံနေသည့် လျှို့၀ှက်နည်းစနစ်အတွက် အဓိကအခန်းကဏ္ဍမှ အရေးပါ၏။

သွေးမြူယင်ယန်ပန်းနှင့်သာ ဆိုလျှင် စွမ်းအင်သိပ်သည်းခြင်းအဆင့် နယ်ပယ်ကို ပို၍ ချောမွေ့စွာ ကျော်လွှားနိုင်မည်မှာ သေချာသလောက်ပင်။

ထို့ကြောင့် သူ့အနေဖြင့် သွေးမြူယင်ယန်ပန်းကို မည်သည့်နည်းနှင့်မဆို အရယူရပေမည်။

လမ်ယောင်က စျေးနှုန်းတစ်သိန်းအထိ ခေါ်ဆိုလိုက်သည်နှင့် သွေးမြူယင်ယန်ပန်းကို စိတ်၀င်စားနေသည့် လူတော်တော်များများသည် လက်လျှော့သွားခဲ့ကြသည်။

"တစ်သိန်းငါးထောင်"

ထိုအခိုက်တွင် ကျန်းချန်၏ မချိုမချဥ်အသံက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

လမ်ယောင်၏ အမူအရာက အေးစက်သွားခဲ့၏။

"ကျန်းချန်.. မင်းက တမင်စျေးလိုက်မြှင့်နေတာ မဟုတ်လား.. ငါရုတ်တရက် ရပ်လိုက်မှာ မကြောက်ဘူးလား"

"စိတ်မကောင်းပါဘူး.. ငါက ဒီသွေးမြူယင်ယန်ပန်းကို အမှန်တကယ် စိတ်၀င်စားနေတာပါ"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

"အကယ်၍ မင်းရပ်လိုက်မယ်ဆိုရင် ငါကတောင် မင်းကိုကျေးဇူးတင်ရဦးမယ်"

"တစ်သိန်းငါးသောင်း"

လမ်ယောင်က နှာခေါင်းရှုံ့လိုက်ပြီး စျေးကိုဆက်လက် တိုးမြှင့်လိုက်သည်။

သူက ဤကဲ့သို့ ရူးသွပ်စွာဖြင့် စျေးနှုန်း တိုးမြင့်လိုက်ခြင်းသည် ကျန်းချန်ကို လက်လျှော့လိုက်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်၏။

"တစ်သိန်းငါးသောင်းငါးထောင်"

ကျန်းချန်က ထိတ်လန့်မနေဘဲ နောက်ထပ်ငါးထောင် ထပ်တိုးပေးလိုက်သည်။

ဤသို့ဖြင့် သူတို့နှစ်ယောက်က စျေးအပြိုင်ခေါ်ရင်း သွေးမြူယင်ယန်ပန်း၏ စျေးနှုန်းသည် သုံးသိန်းသုံးသောင်းငါးထောင်အထိ အလျင်အမြန် တိုးမြင့်လာခဲ့သည်။

"သွေးမြူယင်ယန်ပန်း တစ်ပွင့်ကို အဆင့်နိမ့်မှော်စွမ်းအင်ကျောက်တုံး သုံးသိန်းငါးသောင်းငါးထောင်တောင် ကုန်ကျပါလား.. ဒီနှစ်ယောက်မှာသုံးစရာ မှော်စွမ်းအင်ကျောက်တုံးတွေ အများအပြားရှိနေမှာ သေချာတယ်"

လူတော်တော်များများသည် သူတို့နှစ်ယောက်၏ ပြိုင်ဆိုင်မှုကို မြင်ပြီး အသက်ရှုဖို့ပင် မေ့လျောနေခဲ့ကြသည်။

လမ်ယောင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး တစ်ကိုယ်လုံး တုန်ရီနေခဲ့၏။

"သုံးသိန်းခြောက်သောင်း"

သူ့တွင် မှော်စွမ်းအင် ကျောက်တုံး အများအပြား ရှိသော်လည်း ဤသည်မှာ နောက်ဆုံးအဆင့်တွင် လေလံတင်မည့် ပစ္စည်းကို လေလံဆွဲရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။

အကယ်၍ ကျန်းချန်သာ စျေးကို ဆက်လက် တိုးမြှင့်နေမည်ဆိုလျှင် သူ့အနေဖြင့် ဤသွေးမြူယင်ယန်ပန်းကို လက်လျှော့ရပေတော့မည်။

အခန်း(၅၆၃)ပြီး၏။

အခန်း(၅၆၄)

လမ်ယောင်က ဤတစ်ခေါက်တွင် ငါးထောင်သာ ထပ်မြှင့်လိုက်သည်ကိုမြင်လျှင် ကျန်းချန်သည် ဤသည်က လမ်ယောင် လက်ခံနိုင်သည့် အမြင့်ဆုံးအကန့်အသတ်မှန်း စဥ်းစားစရာမလိုဘဲ သိလိုက်သည်။

သူက လေလံကို အပြိုင် ထပ်မဆွဲတော့ဘဲ လမ်ယောင်ဆီသို့လှည့်ကာ ညစ်ကျယ်ကျယ် ပြုံးပြလိုက်သည်။

"လမ်ယောင်..မင်း သွေးမြူယင်ယန်ပန်းကို ဒီလောက်တောင်လိုအပ်တယ်ဆိုရင် ငါ့ကိုအစောကတည်းက ပြောပါလား.. ငါတို့အားလုံးက မြောက်ပိုင်းတောရိုင်းဒေသရဲ့ မဟာမိတ်ဂိုဏ်းသားတွေပဲလေ.. မင်းလိုအပ်တယ်ဆိုတာ သိထားခဲ့ရင် ငါက သွေးမြူယင်ယန်ပန်းကို ဘယ်လိုလုပ်ပြီး လေလံတင်ပစ်မှာလဲ မင်းကို သက်သက်သာသာနဲ့တောင် ရောင်းပေးလိုက်ဦးမယ်"

ကျန်းချန် ထိုစကားကို ပြောလိုက်သည့်အခါတွင် လေလံအိမ်တစ်ခုလုံးသည် တီးတိုးပြောဆိုသံများဖြင့် ဆူညံသွားခဲ့သည်။

"လခွမ်း.. ဒီသွေးမြူယင်ယန်ပန်းက ဒုတိယထပ်က ကောင်လေးရဲ့ ပစ္စည်းပဲ.. သူက သူ့ရဲ့ပစ္စည်းကို စျေးအပြိုင်လိုက်ပေးပြီး တမင်တကာ စျေးတင်လိုက်တာပဲ.. သွေးမြူယင်ယန်ပန်းကို လေလံအပြိုင်ဆွဲတဲ့ ကောင်လေးကတော့ ဒုက္ခရောက်သွားရတာပေါ့"

"........."

လူတိုင်းက ခဏမျှ မှင်တက်သွားခဲ့သည်။

လမ်ယောင်ကို ကြည့်နေသည့် သူတို့၏ မျက်လုံးများတွင် သနားဂရုဏာသက်သော အကြည့်များကို ဖော်ပြနေခဲ့၏။

"ဒီသွေးမြူယင်ယန်ပန်းက ကျန်းချန်ပို့လိုက်တာလား"

ကျန်းချန်က သူ့ကို လှည့်စားလိုက်မှန်းသိလျှင် လမ်ယောင်သည် ဒေါသထွက်လုနီးပါး ဖြစ်သွားခဲ့ပြီး သွေးတစ်ပွက်ကိုပင် အန်ထုတ်လိုက်ရသည်။

အစောပိုင်းက သူသည် သွေးမြူနတ်ဆိုးသစ်သီးကို တမင်တကာ စျေးပြိုင်ခေါ်ခဲ့ပြီး ကျန်းချန်ကို ဒုက္ခပေးရန် ကြံစည်ခဲ့သည်။

သို့သော်လည်း အဆုံးသတ်တွင် ကျန်းချန်၏ လှည့်စားမှုထဲသို့ရောက်ရှိသွားခဲ့ပြီး သူ့အတွက် အသုံးမ၀င်သည့် အရာတစ်ခုကို အဆင့်နိမ့် မှော်စွမ်းအင်ကျောက်တုံး နှစ်သိန်းကျော် သုံးစွဲခဲ့ရ၏။

ယခုတစ်ခါတွင်လည်း သူသည် သွေးမြူယင်ယန်ပန်း အတွက် စိတ်အားထက်သန်စွာ လေလံဆွဲခဲ့သော်လည်း ကျန်းချန်၏ လှည့်စားမှုကြောင့် သုံးသိန်းခြောက်သောင်း ကုန်ကျခဲ့ရသည်။

သူက သွေးမြူယင်ယန်ပန်းကို လေလံအောင်၍ ပျော်ရွှင်ရမည်မကျန်သေးခင် ကျန်းချန်၏ စကားလုံးများသည် သူ၏နှလုံးသားကို လက်သီးဖြင့်ထိုးနှက်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။

"ခွေးမသား ကျန်းချန်"

လမ်ယောင်က သူ၏စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်၏။

ကျန်းချန်ကို ကြည့်နေသည့် သူ၏ မျက်လုံးများသည် မီး၀င်း၀င်း တောက်နေခဲ့သည်။

"အစ်ကိုကျန်း ရှင်က အရမ်းအံ့သြစရာကောင်းတာပဲ.. လမ်ယောင်ကိုတောင် နောက်ထပ်တစ်ကြိမ် လှည့်စားနိုင်ခဲ့တယ်"

လမ်ယောင်က ကျန်းချန်၏ လှည့်စားမှုကို နှစ်ကြိမ်ဆက်တိုက်ခံခဲ့ရပြီး ဒေါသထွက်ကာ သွေးသုံးလီတာလောက် အန်တော့မည်ပုံ ပေါက်နေသည်ကိုမြင်လျှင် ယွဲ့မူလင်၏ လှပသောမျက်နှာထက်တွင် ကျန်းချန်ကို လေးစားသော အမူအရာများ ပေါ်လာခဲ့သည်။

"ဟားဟား..ငါနဲ့ကစားဖို့အတွက် သူက အတော်လေး လိုပါသေးတယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး လေလံပွဲကို ဆက်လက်ကြည့်ရှုနေခဲ့သည်။

နောက်ထပ် လေလံပွဲတွင် ကျန်းချန်နှင့် လမ်ယောင်တို့သည် မလှုပ်ရှားဖြစ်တော့ပေ။

လေလံပွဲ၏ အစီအစဥ်ကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။

ဤသို့ဖြင့် လေလံပွဲသည် မကြာခင် အဆုံးသတ်ပိုင်းသို့ ရောက်ရှိလာခဲ့၏။

"အားလုံးပဲ နောက်ထပ် လေလံတင်မဲ့အရာက ရေခဲ၀ိညာဥ်အရိုးခြောက်ပဲ.. ဒါကလေလံပွဲရဲ့ နောက်ဆုံးအဆင့်ပစ္စည်း သုံးမျိုးထဲက တစ်ခုပဲ.. ရေခဲ၀ိညာဥ်အရိုးခြောက်က ကမ္ဘာပေါ်မှာရှားပါးတဲ့ ကောင်းကင်အဆင့် ရတနာတွေထဲက တစ်ခုပဲ.. ဒါက သဘာ၀စွမ်းအားဖွင့်ခြင်းနယ်ပယ် န၀မအဆင့် ကျင့်ကြံသူကို စွမ်းအားသိပ်သည်းခြင်း အဆင့်ကို ကျော်လွှားနိုင်ဖို့အတွက် အခွင့်အရေးများစွာ တိုးမြှင့်ပေးနိုင်တယ်.. ရေခဲ၀ိညာဥ်အရိုးခြောက်ရဲ့ ကြမ်းခင်းစျေးက အဆင့်နိမ့်မှော်စွမ်းအင်ကျောက်တုံးတစ်သိန်းဖြစ်ပြီး စျေးနှုန်းတိုးမြှင့်ချင်ရင် တစ်ကြိမ်ကို ငါးသောင်းထက် နည်းလို့မရဘူး"

ရေခဲ၀ိညာဥ်အရိုးခြောက်ကို လေလံတင်လိုက်သည်နှင့် လေလံအိမ်၏လေထုသည် ချက်ချင်းဆိုသလို အထွတ် အထိပ်ကိုရောက်ရှိသွားခဲ့၏။

အဆင့်မြင့်ဗွီအိုင်ပီ ထိုင်ခုံများတွင် ထိုင်နေသည့် သဘာ၀စွမ်းအားဖွင့်ခြင်းနယ်ပယ် န၀မအဆင့် ကျင့်ကြံသူများသည် လေလံစင်မြင့်ပေါ်ရှိ ရေခဲ၀ိညာဥ်အရိုးခြောက်ကို အပြင်းအထန် စိုက်ကြည့်နေခဲ့ကြ၏။

"တစ်သိန်းငါးသောင်း"

"နှစ်သိန်း"

လူတိုင်းက ရေခဲ၀ိညာဥ်အရိုးခြောက်အတွက် ရူးသွပ်စွာ အပြိုင်အဆိုင် လေလံဆွဲနေကြသော်လည်း ကျန်းချန်သည် ၀င်ရောက်၍လေလံမဆွဲခဲ့ပေ။

ဤရေခဲ၀ိညာဥ်အရိုးခြောက်က စွမ်းအင် သိပ်သည်းခြင်းနယ်ပယ်ကို ကျော်လွှားရန်အတွက် အကောင်းဆုံးရတနာဖြစ်သော်လည်း သူ့အတွက်မူ ဘာတန်ဖိုးမှမရှိပေ။

ထို့နောက်တွင် သဘာ၀စွမ်းအားဖွင့်ခြင်းနယ်ပယ် န၀မအဆင့်အထွတ်အထိပ်တွင်ရှိသည့် လူငယ်ကျင့်ကြံသူ တစ်ယောက်သည် သုံးသိန်းဖြင့် လေလံအောင်သွားခဲ့သည်။

ရေခဲ၀ိညာဥ်အရိုးခြောက်ကို လေလံတင်ပြီးနောက်တွင် ရှန့်အန်း၏ အမိန့်ကို နာခံပြီး အစေခံကောင်မလေးသည် လျှို့၀ှက်ဆန်းကြယ်သော ကျမ်းစာတစ်ခုကို ပန်းကန်ပြားပေါ်တင်ကာ အနောက်ဘက်ကနေ အလျင်အမြန်ထွက်လာခဲ့သည်။

အစေခံမ၏ လက်ထဲရှိ ကျမ်းစာကို မြင်လျှင် ကျန်းချန်သည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

အခန်း(၅၆၄)ပြီး၏။

All Chapters