အခန်း (၅၆၅-၅၆၇)
Vol. 38 Ch. 565-567
"ဒီတစ်ခေါက်က ကောင်းကင်ကျင့်စဥ်အလှည့်ပဲ ဖြစ်ရမယ်"
"နောက်တစ်ခေါက်လေလံတင်မဲ့ပစ္စည်းကို ဒီမှာရှိတဲ့ လူအများအပြား သိကြမယ်လို့ထင်ပါတယ်.. ဟုတ်ပါတယ်၊ ဒီပစ္စည်းက မပြည့်စုံတဲ့ ကောင်းကင်အဆင့်ကျင့်စဥ် ဖြစ်တဲ့ ကောင်းကင်ခုတ်ပိုင်းဓားသိုင်းပဲ"
ရှန့်အန်း၏ စကားအဆုံးတွင် လေလံခန်းမသည် ချက်ချင်းဆိုသလို လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
"ကောင်းကင်အဆင့်ကျင့်စဥ်၊ ကောင်းကင်ခုတ်ပိုင်းဓားသိုင်း"
မရေမတွက်နိုင်သောလူများသည် အံ့သြတုန်လှုပ်သော မျက်နှာထားများဖြင့် စူးစိုက်ကြည့်နေကြသည်။
ကောင်းကင်အဆင့်ကျင့်စဥ်သည် နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲတွင် အမှန်တကယ် ပေါ်ပေါက်လာခဲ့သည်။
ယင်းက မပြည့်စုံသည့် ကောင်းကင်အဆင့်ကျင့်စဥ် ဖြစ်သော်လည်း တန်းဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခု ဖြစ်နေဆဲပင်။
"မပြည့်စုံတဲ့ ကောင်းကင်အဆင့်ကျင့်စဥ်၊ ကောင်းကင် ခုတ်ပိုင်းဓားသိုင်းရဲ့ ကြမ်းခင်းစျေးက အဆင့်နိမ့်မှော်စွမ်းအင်ကျောက်တုံး ငါးသန်းဖြစ်ပြီး တစ်ကြိမ်တိုးမြင့်တိုင်းမှာ တစ်သိန်းထက် နည်းလို့မရဘူး"
"ကြမ်းခင်းစျေးက ငါးသန်းတောင်ပါလား"
လေလံ၏ ကြမ်းခင်းစျေးက အဆမတန် မြင့်မားနေသည်ကို ကြားလျှင် လူတော်တော်များများသည် အာခြောက်သလိုပင်ခံစားလိုက်ရသည်။
"ဒါက ကောင်းကင်အဆင့်ဓားသိုင်းပဲလေ.. စျေးနှုန်း အရမ်းမြင့်မားတာ မဆန်းပါဘူး...ဒီလိုဓားသိုင်းမျိုးကို ငါတို့ နတ်ဓားဂိုဏ်းပဲ ပိုင်ဆိုင်ဖို့ထိုက်တန်တယ်"
"ဆယ်သန်း"
မောက်မာသော အသွင်အပြင်ရှိသည့် လူငယ်တစ်ယောက်က ရေရွတ်လိုက်သည်။
ထိုလူငယ်သည် လေလံအိမ်၏ ဒုတိယထပ်ရှိ ကျန်းချန်တို့ သီးသန့်ခန်းနှင့် မျက်နှာချင်းဆိုင်အခန်းမှ ဖြစ်၏။
လူငယ်၏ အေးစက်သောအသံသည် လေလံအိမ် တစ်ခုလုံးကို ချက်ချင်းပင် ပဲ့တင်ထပ်သွားစေ၏။
ထိုလူငယ်၏ ဘေးတွင် ကျန်းချန် သိကျွမ်းသော လူငယ်တစ်ယောက်ကို တွေ့ခဲ့ရသည်။
၎င်းမှာ တည်းခိုခန်းတွင် သူနှင့် ပြဿနာတက်ခဲ့သည့် လောဖုန် ဖြစ်၏။
"နတ်ဓားဂိုဏ်း၏ နံပါတ်တစ်ပါရမီရှင် နာမည်ကျော် ဓားသူတော်စင်လေး ကျန့်ချန်ပါလား.. သူရောက်လာမယ်လို့ မထင်ထားမိဘူး..ကြည့်ရတာ နတ်ဓားဂိုဏ်းက ဒီမပြည့်စုံတဲ့ကောင်းကင်အဆင့် ဓားသိုင်းကိုရယူဖို့ ဆုံးဖြတ်ထားပုံပဲ"
ကျန့်ချန်၏နံဘေးရှိ ယွဲ့မူလင်တို့ သုံးယောက်က ပြောဆိုလိုက်ကြသည်။
"ကျန့်ချန်က စွမ်းအင်သိပ်သည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်ပြီး ဓားဆန္ဒမှာလဲ ဒုတိယအဆင့်ကို ရောက်ရှိနေခဲ့ပြီ.. သူကတကယ်ပဲ နတ်ဓားဂိုဏ်းရဲ့ ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်"
ကျန်းချန်ကမူ သူနှင့်မျက်နှာချင်းဆိုင်ရှိ ကျန့်ချန်ကို မျက်မှောင်ကြုတ်၍ ကြည့်ကာ အကဲခတ်နေခဲ့သည်။
ဤနတ်ဓားဂိုဏ်း၏ နံပါတ်တစ်ပါရမီရှင် ကျန့်ချန်သည် သူမြင်ဖူးသမျှ သက်တူရွယ်တူ ပါရမီရှင်များထဲတွင် အသန်မာဆုံး ဖြစ်မည်မှာ သေချာသလောက်ပင်။
"ဟားဟား..မပြည့်စုံတဲ့ ကောင်းကင့်အဆင့်ဓားသိုင်းကို ငါတို့ထျန်းယွဲ့ဂိုဏ်းကလည်း စိတ်၀င်စားတယ်"
"ဆယ့်တစ်သန်း"
အဆင့်မြင့်စားပွဲခုံရှိ လမ်ယောင်က ထရပ်ကာ အော်ဟစ်လိုက်သည်။
"ညီမလေးမူလင်.. မင်းတို့ထျန်းယွဲ့ဂိုဏ်းက ဒီကောင့်ကို သိုင်းပြိုင်ပွဲအတွက် စေလွှတ်လိုက်တာလား.. ဒီလို ကောင်မျိုးနဲ့ဆိုရင် ထျန်းယွဲ့ဂိုဏ်းအနေနဲ့ ပြိုင်ပွဲမှာ အခြေအနေ မကောင်းလောက်ဘူး"
ကျန်းချန်က စိတ်ထဲရှိသည့် အတိုင်းပင် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ကျွန်မတို့လည်း မတတ်နိုင်ဘူး.. လမ်ယောင်က ဂိုဏ်းချုပ်ရဲ့တပည့်ဆိုတော့ ဂိုဏ်းချုပ်ရဲ့ ယုံကြည်မှုကို ရရှိထားတယ်.. ဒါပေမဲ့ ကျွန်မတို့ ထျန်းယွဲ့ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင်ကတော့ လမ်ယောင်ထက် အများကြီး အစွမ်းထက်ပါတယ်"
ယွဲ့မူလင်က ကျန်းချန်ကို ရှင်းပြလိုက်သည်။
"ငါတို့ ထိုက်ရှဂိုဏ်းကလည်း လေလံပွဲမှာ ၀င်ပါမယ်"
"တစ်ဆယ့်ငါးသန်း"
ထိုအချိန်မှာပင် ဒုတိယထပ်ကနေ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က အသံလာရာဆီသို့ကြည့်လိုက်ရာ အခန်းတံခါး၀ တစ်ခုတွင် ရင်းနှီးသည့်ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူက တခြားသူမဟုတ်ပေ။
ကောင်းကင်စာရင်းတိုက်ပွဲတွင် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်ကိုရောက်ရှိခဲ့သည့် ထိုက်ရှဂိုဏ်း၏ နံပါတ်တစ် အစစ်အမှန်တပည့်ဖြစ်သူ လင်ကျုံ ဖြစ်သည်။
"ငါတို့ ကြေးစားတပ်ဖွဲ့ကလည်း ဒီကောင်းကင်အဆင့် ဓားကျင့်စဥ်အတွက် လေလံပွဲမှာပါ၀င်မယ်"
"သန်းနှစ်ဆယ်"
လင်ကျုံ စျေးပေးပြီးနောက်တွင် မျက်နှာချင်းဆိုင်ရှိ အခန်း ထဲကနေ အနက်ရောင်၀တ်စုံ၀တ် လျှို့၀ှက်ဆန်းကြယ်သော လူငယ်တစ်ယောက်သည် ဖြည်းဖြည်းချင်း လျှောက်ထွက်လာခဲ့သည်။
"ဟေးလုံမြို့ရဲ့ အင်အားအကြီးဆုံး အဖွဲ့အစည်းဖြစ်တဲ့ ရှန်းဖုန်းကြေးစားတပ်ဖွဲ့တောင် ဒီကောင်းကင်အဆင့် ကျင့်စဥ်အတွက် လေလံဆွဲဖို့ ရောက်လာပါလား"
"ပွဲကြီးပွဲကောင်းတော့ ကြည့်ရတော့မယ်ထင်တယ်"
လူတိုင်းက လူငယ်လေးယောက်၏ လေလံစျေးများကြောင့် အံ့သြထိတ်လန့်နေခဲ့ကြသည်။
ကောင်းကင်အဆင့်ကျင့်စဥ်ကို ပိုင်ဆိုင်သူသည် ဤအင်အားစုလေးစုထဲမှ ပေါ်ထွက်လာတော့မည်ဟု အားလုံးက ထင်မှတ်နေသော အချိန်မှာပင် တည်ငြိမ်သော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"သန်းငါးဆယ်"
အခန်း(၅၆၅)ပြီး၏။
အခန်း(၅၆၆)
ကျန်းချန်က ရုတ်တရက် သန်းငါးဆယ်နှင့် လေလံဆွဲလိုက်ရာ လေလံအိမ်တစ်ခုလုံး ချက်ချင်း ဆူညံသွားခဲ့သည်။
လူတိုင်းက ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေကြ၏။
"ဒီကောင်လေးက ဘယ်သူလဲ.. ဦးနှောက်ရော ကောင်းသေးရဲ့လား"
"ဒီကောင်က မြောက်ပိုင်းတောရိုင်းဒေသရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ ရှန်းဖုန်း ကြေးစားတပ်ဖွဲ့ တို့ကိုတောင် ကောင်းကင်အဆင့် ကျင့်စဥ် အတွက် ယှဉ်ပြိုင်ရဲတယ်"
".........."
လေလံခန်းမထဲရှိ လူတိုင်း အံ့အားသင့်နေသည့်အချိန်တွင် ကျန့်ချန်နှင့် အခြားသူများသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကြသည်။
ကောင်းကင်အဆင့် ဓားသိုင်း ကျင့်စဥ်ကို သူတို့လေးယောက်သာ အကျိတ်အနယ် လေလံဆွဲရမည်ဟု ထင်ခဲ့သော်လည်း ကျန်းချန်က လမ်းခုလတ်တွင် ပေါ်ထွက်လာမည်ဟု မထင်ထားခဲ့ပေ။
"ဟမ့်.. ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ ငါတို့ နတ်ဓားဂိုဏ်းကကောင်းကင်အဆင့် ဓားသိုင်း ကျင့်စဥ် ရယူတာကို ဘယ်သူ့ကိုမှ တားဆီးခွင့်မပေးနိုင်ဘူး"
ကျန့်ချန်က နှာခေါင်းရှုံ့ပြီး အေးစက်စက် ပြောလိုက်သည်။
"၅၁သန်း"
"သန်း၆၀"
ကျန်းချန်၏ တည်ကြည်သောလေသံက ထွက်ပေါ်လာပြန်သည်။
မှော်စွမ်းအင် ကျောက်တုံး မည်မျှ ကုန်ပါစေ၊ သူက ဂရုစိုက်နေမည် မဟုတ်ပေ။
ကျန်းချန်၏ အပြိုင် ဈေးခေါ်မှုသည် ထျန်းယွဲ့ဂိုဏ်းမှ လမ်ယောင်နှင့် ထိုက်ရှဂိုဏ်းမှ လင်ကျုံတို့ကို ချက်ချင်း တိတ်ဆိတ်သွားစေခဲ့၏။
ဤမပြည့်စုံသော ကောင်းကင်အဆင့် ဓားသိုင်းအတွက် ထျန်းယွဲ့ဂိုဏ်းနှင့် ထိုက်ရှဂိုဏ်းသည် အလေးအနက် ထားခဲ့ကြသည်။
သူတို့ဂိုဏ်းသုံးဂိုဏ်းကြားရှိ ပြိုင်ဆိုင်မှုသည် အလွန်ပြင်းထန်၏။
သူတို့ ဤနေရာတွင် ရှိနေရသည့် အဓိကအကြောင်းအရင်းသည် ဤမပြည့်စုံသော ကောင်းကင်အဆင့် ဓားသိုင်းကျင့်စဥ်ကို တခြားဂိုဏ်းများ လက်ထဲ မရောက်စေချင်၍ ဖြစ်သည်။
အထူးသဖြင့် နတ်ဓားဂိုဏ်း ဖြစ်၏။
နတ်ဓားဂိုဏ်းသာ ဤမပြည့်စုံသည့် ကောင်းကင်အဆင့်ဓားသိုင်းကို ပိုင်ဆိုင်သွားလျှင် ဓားသိုင်းကို အခြေပြုသည့် နတ်ဓားဂိုဏ်း၏ နောက်ခံအင်အားအရ စစ်မှန်သော ကောင်းကင်အဆင့် ဓားသိုင်းအဖြစ် ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ပေသည်။
ထိုသို့ ဖြစ်လာလျှင် နတ်ဓားဂိုဏ်း၏ အင်အားက မြင့်တက်လာမည်မှာ သေချာပြီး ဂိုဏ်းသုံးခု၏ မျှခြေကိုလည်း ထိခိုက်နိုင်ပေ၏။
ယခု ကျန်းချန်က ကျန့်ချန်နှင့် ယှဉ်ပြိုင်နေသောကြောင့် သူတို့သည် သဘာဝကျကျ ပျော်ရွှင်နေခဲ့ကြသည်။
ကျန့်ချန် လက်ထဲကို ဤကောင်းကင်အဆင့် ဓားသိုင်း မရောက်သရွေ့ သူတို့က အလျင်စလို လုပ်ဆောင်မည် မဟုတ်ပေ။
အထူးသဖြင့် ထိုက်ရှဂိုဏ်းမှ လင်ကျုံက ပိုပြီး စိုးရိမ်စရာ မရှိချေ။
စင်စစ် ကျန်းချန်သည် သူတို့ ထိုက်ရှဂိုဏ်း၏ တပည့်တစ်ဦးသာ ဖြစ်၏။
ကျန်းချန်က ကျန့်ချန်ကို နှိမ်နင်းပြီး ကောင်းကင်အဆင့် ဓားသိုင်းကို ရယူနိုင်လျှင် သူတို့ ထိုက်ရှဂိုဏ်းအတွက် မဆိုးလှပေ။
တခြားတစ်ဖက်တွင်လည်း ရှန်းဖုန်းကြေးစားတပ်ဖွဲ့မှ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အေးစက်သော မျက်လုံးများဖြင့် စောင့်ကြည့်နေခဲ့သည်။
သူတို့ ကြေးစားတပ်ဖွဲ့က မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းကြီး သုံးဂိုဏ်းနှင့် မယှဉ်နိုင်သလို နောက်ခံအင်အားကလည်း များစွာ နိမ့်ကျ၏။
မှော်စွမ်းအင်ကျောက်တုံး သန်းခြောက်ဆယ်သည် သူတို့ ကြေးစားတပ်ဖွဲ့ တတ်နိုင်သည့် အမြင့်ဆုံးပမာဏ ဖြစ်သည်။
"၆၁သန်း"
ကျန့်ချန်၏ အမူအရာက အနည်းငယ် ဆိုးရွားသွားခဲ့သည်။
နဂါးနက်ကုန်သွယ်ရေး အဖွဲ့၏ လေလံပွဲတွင် မပြည့်စုံသည့် ကောင်းကင်အဆင့် ဓားသိုင်းကို လေလံတင်မည့် သတင်းကြောင့် သူတို့ နတ်ဓားဂိုဏ်းသည် စုစုပေါင်း သန်း၇၀ကို စုဆောင်းထားခဲ့သည်။
ကျန်းချန်ကသာ နောက်တစ်ကြိမ် သန်းခုနစ်ဆယ်သို့ တိုက်ရိုက် တိုးလိုက်လျှင် ဤကောင်းကင်အဆင့် ဓားသိုင်းကို ရယူဖို့ သူအခက်အခဲ တွေ့နိုင်ပေသည်။
"သန်း၇၀"
ကျန့်ချန်က သူ၏ နှလုံးသားထဲကနေ ကျန်းချန်ထံ၌ မှော်စွမ်းအင်ကျောက်တုံး အလုံအလောက် မရှိပါစေနှင့်ဟု ကျိတ်၍ ဆုတောင်းနေသော အချိန်မှာပင် ကျန်းချန်၏ တည်ငြိမ်သော လေသံသည် သူ၏ အထင်အမြင်ကို ချက်ချင်း ချိုးဖျက်လိုက်သည်။
"သန်း၇၀နဲ့ ၅သိန်း"
ကျန့်ချန်က သွားများကို အံကြိတ်လိုက်ပြီး သူ၏ ကိုယ်ပေါ်ရှိမှော်စွမ်းအင်ကျောက်တုံး အားလုံးကိုပါ ထည့်လိုက်သည်။
သူက မျက်နှာချင်းဆိုင်မှ ကျန်းချန်ကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်၏။
"ဒီက မိတ်ဆွေ.. နတ်ဓားဂိုဏ်းရဲ့ မျက်နှာကို ထောက်ထားပြီး ဒီကောင်းကင်အဆင့် ဓားသိုင်း ငါ့ကို ပေးနိုင်မလား မသိဘူး"
"ငါ့မျက်လုံးထဲမှာ မင်းတို့ နတ်ဓားဂိုဏ်းရဲ့ မျက်နှာက ဒီကောင်းကင်အဆင့် ကျင့်စဥ်လောက် တန်ဖိုးမရှိဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"သန်း၇၀နဲ့ ၆သိန်း"
"ကောင်းတယ်.. သိပ်ကောင်းတယ်"
"ငါဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို မှတ်ထားလိုက်ပြီ"
ကျန်းချန်က မျက်နှာမပေးသည်ကို မြင်လျှင် ကျန့်ချန်၏ မျက်လုံးထဲတွင် အေးစက်သော အမူအရာတစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့၏။
ကျန့်ချန်က လေလံဆွဲတာကို လက်လျှော့လိုက်သည်နှင့် မပြည့်စုံသော ကောင်းကင်အဆင့် ဓားသိုင်း ကျင့်စဥ်သည် မမျှော်လင့်ဘဲ ကျန်းချန်လက်ထဲကို ရောက်ရှိသွားခဲ့သည်။
သူတို့ရှေ့မှ မြင်ကွင်းသည် လေလံအိမ်တစ်ခုလုံးရှိ လူတိုင်းကို အသက်ရှူမှားစေခဲ့၏။
ကျန်းချန်က သူ၏ ကိုယ်ပိုင်အင်အားဖြင့် မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းသုံးဂိုဏ်းနှင့် ရှန်းဖုန်း ကြေးစားတပ်ဖွဲ့ကို အနိုင်ယူပြီး အဆုံးသတ်တွင် ကောင်းကင်အဆင့် ဓားသိုင်းကို ရရှိသွားလိမ့်မည်ဟု မည်သူမှမထင်ထားခဲ့ပေ။
"ဒါ... ဒါက အရမ်း အံ့ဩစရာကောင်းလွန်းတယ်"
အခန်း(၅၆၆) ပြီး၏
အခန်း(၅၆၇)
လူတိုင်း၏ တုန်လှုပ်ချောက်ချားသော အကြည့်များ အောက်မှာပင် ရှန့်အန်းက သုံးကြိမ်မေးမြန်းပြီးနောက် မပြည့်စုံသော ကောင်းကင်အဆင့် ဓားသိုင်း၏ ပိုင်ဆိုင်သူကို ကြေညာခဲ့သည်။
ကျန့်ချန်ကမူ ကျန်းချန်ကို အေးစက်စွာ ကြည့်လိုက်ပြီး ထွက်သွားခဲ့သည်။
သို့သော် လူတိုင်းက လေလံပွဲ ပြီးသွားပြီဟု ထင်နေသော အချိန်တွင် လေလံစင်မြင့်ပေါ်ရှိ ရှန့်အန်း၏ တည်ကြည်သော အသံသည် ပရိသတ်အားလုံး ဆီသို့ ပဲ့တင်ထပ်သွားခဲ့၏။
"အားလုံးပဲ.. ဒီလေလံပွဲမှာ နောက်ဆုံးပစ္စည်းတစ်ခု ကျန်ပါသေးတယ်"
"ဒီလေလံပစ္စည်းကို ကြားဖြတ် ထည့်သွင်းခဲ့ပေမယ့် သူ့ရဲ့ တန်ဖိုးက မပြည့်စုံတဲ့ ကောင်းကင်အဆင့် ဓားသိုင်းကျင့်စဥ်နဲ့ ယှဉ်ရင် နည်းနည်းမှ မနိမ့်ကျဘူး"
ရှန့်အန်း၏ စကားသံက အဆုံးသတ်သွားသည်နှင့် လေလံခန်းမတစ်ခုလုံးက ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။
ထွက်သွားတော့မည့် ကျန့်ချန်ပင် ချက်ချင်း ရပ်တန့်လိုက်ပြီး လေလံစင်မြင့်ကို ကြည့်လိုက်၏။
လေလံစင်မြင့်ပေါ်တွင် ရှန့်အန်းသည် နံဘေးရှိ အစေခံမလေး၏ ဗန်းပေါ်မှ ကျောက်စိမ်းဘူးလေးကို ကိုယ်တိုင်ယူပြီး လေလံစင်၏ အလယ်ကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
"ဒါက ပဥ္စမအဆင့်၊အဆင့်မြင့်ဆေးလုံး ဖြစ်တဲ့ ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးပဲ"
"ဒီဆေးလုံးကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက မြောက်ပိုင်းတောရိုင်းဒေသမှာ နာမည်ကြီးခဲ့တဲ့ ဓားသူရဲကောင်း ကျန့်ဝမ်ထျန်း ဖန်တီးခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အာနိသင်က ဓားကျင့်ကြံသူရဲ့ ဓားစိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်တယ်"
ရှန့်အန်း၏ စကားသံ ဆုံးသွားသည်နှင့် လေလံခန်းမထဲရှိ လူတိုင်းက သက်ပြင်းချခဲ့သည်။
"ဓားဆန္ဒကို မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံးလား"
"ဒီကမ္ဘာမှာ ဒီလောက် အံ့ဩစရာကောင်းတဲ့ ဆေးလုံး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ"
လူတိုင်းက တုန်လှုပ်ချောက်ချားသည့် မျက်နှာများဖြင့် လေလံစင်မြင့်ကို ကြည့်နေကြ၏။
အထူးသဖြင့် ဓားအထူးပြု ကျင့်ကြံသူ အချို့၏ မျက်လုံးများသည် ချက်ချင်းပင် အလွန်တရာ တောက်ပလာခဲ့သည်။
"အံ့ဩစရာပဲ.. နဂါးနက်ကုန်သွယ်ရေး အဖွဲ့ရဲ့ နောက်ဆုံး လေလံပစ္စည်းက ဒဏ္ဍာရီလာ ဓားသိပ်သည်းခြင်း ဆေးလုံး ဖြစ်နေလိမ့်မယ်ဟု မထင်ထားမိဘူး"
ကျန့်ချန်က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အံ့သြ တုန်လှုပ်ခြင်းကနေ သက်သာလာရန် ခဏလောက် အချိန်ယူလိုက်ရသည်။
နတ်ဓားဂိုဏ်း၏ ဓားပါရမီရှင်အနေဖြင့် ကျန့်ချန်သည် ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးအကြောင်းကို အဘယ်ကဲ့သို့ မကြားဖူးဘဲ နေပါမည်နည်း။
ထိုဆေးလုံးသည် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီိ ဖြစ်သည်။
ကျန့်ချန်က နှစ်ထောင်ပေါင်းများစွာက ပျောက်ကွယ်သွားခဲ့သည့် ထိုကဲ့သို့ ဆေးဝါးမျိုး နဂါးနက် ကုန်သွယ်ရေးခန်းမ၏ လေလံပွဲတွင် ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဒီဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးကို ဝယ်ဖို့ ဘယ်လိုနည်းနဲ့မဆို လုပ်ဆောင်ရမယ်"
ကျန့်ချန်၏ မျက်လုံးများက တောက်ပလာသည်။
သူ၏ ဓားစိတ်ဆန္ဒက ဒုတိယအဆင့် ပြီးပြည့်စုံခြင်း နယ်ပယ်ကို ရောက်ရှိနေပြီ ဖြစ်၏။
အကယ်၍ ဤဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးကို ရခဲ့လျှင် သူ၏ ဓားစိတ်ဆန္ဒသည် မကြာခင် အချိန်တိုအတွင်း တတိယအဆင့်ကို ထိုးဖောက်နိုင်ရန် အလားအလာ အလွန်များသည်။
ထိုအချိန်သို့ရောက်လျှင် သူ၏စွမ်းအင်သိပ်သည်းခြင်းနယ်ပယ် အင်အားဖြင့် သိုင်းသခင်နယ်ပယ်ကိုပင် ယှဉ်ပြိုင်နိုင်မည်မှာ သေချာသလောက်ပင်။
ဆေးလုံးကို ရယူနိုင်လျှင် ဆေးလုံးမှတဆင့် ဆေးညွှန်းကို လေ့လာဖော်ထုတ်နိုင်မည် ဖြစ်ရာ သူတို့ နတ်ဓားဂိုဏ်းအတွက် တန်ဖိုးက မခန့်မှန်းနိုင်လောက်အောင် ဖြစ်၏။
ရှန့်အန်းက ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံး၏ လေလံစည်းမျဉ်းများကို ကြေညာပြီးနောက်တွင် ကျန့်ချန်က တုံ့ဆိုင်းမနေဘဲ ဈေးနှုန်းကို တစ်ခါတည်း သန်းသုံးဆယ်အထိ တိုးမြှင့်ခဲ့သည်။
ကျန့်ချန်၏ ဈေးနှုန်းကြောင့် လေလံပွဲသည် ခဏမျှ တိတ်ဆိတ်သွားခဲ့၏။
ဓားပါရမီရှင်အချို့ အတွက် ဤဆေးလုံးသည် စိတ်ကူးအိပ်မက်ထဲမှ ရတနာဖြစ်နိုင်သော်လည်း သာမန်လူများ အတွက်မူ သိပ်အသုံးမဝင်ပေ။
လေလံခန်းမထဲမှ တခြားသော ဓားပါရမီရှင်များသည် ကျန့်ချန်နှင့် ယှဉ်ပြိုင်နိုင်သည့် အင်အား မရှိသည်မှာ ထင်ရှားနေ၏။
မည်သူမှ သူ့နှင့် မယှဉ်ပြိုင်သည်ကို မြင်လျှင် ကျန့်ချန်၏ မျက်လုံးထဲ၌ ဝင့်ကြွားသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သို့သော် လူတိုင်းက ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးက ကျန့်ချန် သေချာပေါက်ရတော့မည်ဟု ထင်နေသောအချိန်တွင် တည်ကြည်သော အသံတစ်သံသည် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
"သန်း၆၀"
လူတိုင်းက အသံလာရာဘက်သို့ ကြည့်လိုက်ကြသည်။
လေလံဆွဲသူက ကျန်းချန်ဖြစ်ကြောင်း သိလိုက်ရလျှင် သူတို့က အလွန်ပင် တုန်လှုပ်ချောက်ချားသွားပြီး မျက်လုံးများ ပြူးကျယ်ကာ ပြုတ်ထွက်တော့ မတတ် ဖြစ်ကုန်ကြ၏။
"ဒီကောင်လေးက ဒီတစ်ကြိမ်လည်း ဝင်ပါပြန်ပြီလားဟ"
"ဒီကောင်လေးက အခုလေးတင် မပြည့်စုံတဲ့ ကောင်းကင်အဆင့် ဓားသိုင်းအတွက် သန်း ၇၀ ကျော်ကို သုံးစွဲခဲ့တယ်.. အခုလည်း သူက ဓားဆန္ဒ သိပ်သည်းခြင်း ဆေးလုံးကို ဝယ်ယူဖို့ သန်း၆၀ထိ ဈေးပေးခဲ့တယ်"
"ဒါက ရူးလောက်စရာပဲ"
"ဒီကောင်လေးမှာ မှော်စွမ်းအင်ကျောက်တုံးတွေ ဘယ်လောက်တောင် ရှိနေတာလဲ"
အခန်း(၅၆၇) ပြီး၏