အခန်း (၁၇၉)
Vol. 13 Ch. 179
ဝိညာဉ်လောက၊ သွေးနတ်ဆိုးလောက ဤနာမည်နှစ်ခုသည် လက်ရှိလောကနှင့် မဆိုင်သည့် နေရာများ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိနိုင်၏။
"စနစ်… ဒီစာရင်းထဲမှာ တခြားလောကက လူတွေကိုပါ ထည့်သွင်းခဲ့တာလား" လီယွင်သည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည်။
မျိုးနွယ်စုအားလုံး၏ ကောင်းကင်ပါရမီရှင်စာရင်း၏ ထိပ်ဆုံး ဆယ်ယောက်သည် ရင်းနှီးနေသည့် လူများသာလျှင် ဖြစ်၏။ ၎င်းတို့အားလုံးသည် ဤလောကမှဖြစ်ပြီး လူသားများ၊ မွန်းစတားများ ပါဝင်နေသည်။ တခြားသော မျိုးနွယ်အသီးသီးမှ လူများသည် ထိပ်တန်းဆယ်ယောက် စာရင်းတွင် ဝင်ခွင့်ရသည် ဆိုလျှင်တောင်မှ အရေအတွက်မှာ နည်းပါးလွန်းလှ၏။ ထိပ်တန်းဆယ်ယောက်၏ စာရင်းအား လူသားများ၊ မွန်းစတားများမှ ကြီးစိုးထားခဲ့၏။ မတူညီသည့် မျိုးနွယ် အသီးသီးမှ တစ်ယောက်၊ နှစ်ယောက်သာ ပါဝင်၏။
[ဒင်… လက်ခံသူ၊ စနစ်သည် လောကတစ်ခွင်လုံးတွင် ရှိနေသည့် ပါရမီရှင်များ အားလုံးကို ထည့်သွင်း ရေတွက်ထား၏။ ဒေသခံ ပါရမီရှင်များနှင့်ပင် ကန့်သတ်မထားခဲ့ချေ]
"ဪ"
လီယွင်သည် အဓိပ္ပာယ်ပါသည့် ရေရွတ်သံတစ်ခုကို ပြုလုပ်လိုက်၏။ စနစ်၏ ဖြေရှင်းချက်ကို ကြားပြီးသည့်နောက် သူသည် ရုတ်တရက် နားလည်သွားမိ၏။ စနစ်သည် ဤလောကတစ်ခုတည်းနှင့် ကန့်သတ်မထားခဲ့ချေ။ တခြားသော လောကများကိုပါ ထည့်သွင်းထားခဲ့ခြင်းသာလျှင်ဖြစ်သည်။
"ဒီတော့ ကြည့်ရတာ ငါ့ရဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင် စီးပွားရေးကို ချဲ့ထွင်ဖို့ လိုလာပြီတဲ့ တူတယ်"
လီယွင်၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ သူသည် လက်ကို အသာယမ်းခါကာ ပြောလိုက်၏။ "စနစ်… လူသားမျိုးနွယ်အားလုံးရဲ့ ကောင်းကင်ပါရမီရှင်စာရင်းကို ထုတ်လွှင့်လိုက်တော့"
ဤစကား ပြောပြောပြီးချင်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်တွင် ကျောက်တိုင်ကြီး တစ်ခုက တဂျိန်းဂျိန်းနှင့် ပေါ်ပေါက်လာသည်။
"ဘာတွေဖြစ်နေတာလဲ"
ယန်ရှိုသည် ဇဝေဇဝါ အမူအရာဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ ရှေ့ဆီသို့ တစ်လှမ်း လှမ်းတက်ပြီးသည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပေါက်ဝဆီသို့ ရောက်ရှိသွားခဲ့သည်။ သူသည် အပြင်ဘက်သို အသာလှမ်းကာ ကြည့်ရှုလိုက်၏။
"ကောင်းကင်ပါရမီရှင်စာရင်း" လီယွင်သည် ဤစကားကိုသာ ရေရွတ်လိုက်သည်။
"ကောင်းကင်ပါရမီရှင်စာရင်း ဟုတ်လား"
ယန်ရှိုသည် မျက်လုံးများ ကျဉ်းမြောင်းသွားမိ၏။ သူသည် မျှော်လင့်တကြီးဖြင့် မေးမြန်းလိုက်၏။ "ကျုပ်တပည့် ကျန်းပိုင်ချွမ်းရော ဒီစာရင်းထဲမှာ ပါလား"
"ခင်ဗျား အိမ်မက် မက်နေတာပဲ"
လီယွင်သည် မျက်စိစောင်းစွေကာဖြင့် တစ်ချက်လှမ်း ကြည့်လိုက်၏။ ကျန်းပိုင်ချွမ်းသည် တကယ်တော့ ဘာမှ မဟုတ်ခဲ့ချေ။ ၎င်း၌ သူပေးခဲ့သည့် ဝှက်ဖဲများသာ မရှိသည်ဆိုပါက ရီချန်နှင့် တခြားသောသူများနှင့် ရင်ဆိုင်တွေ့သည့်နေရာတွင် တိုက်ခိုက်ချက် တစ်ခု၊ နှစ်ခုလောက်ကိုပင် ထုတ်ဖော် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ ကွာခြားချက်မှာ ကြီးမားလွန်းလှ၏။ ထို့အပြင် ယခုကွာခြားချက်လောက်နှင့် ပြီးဆုံးသွားမည့် အရာမျိုး မဟုတ်ချေ။ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ကွာခြားချက် ထပ်မံကြီးမားသွားမှာ သေချာသည်။
"ဒါက မျိုးနွယ်စုအားလုံးရဲ့ ကောင်းကင်ပါရမီရှင်စာရင်းပဲ။ လူသားနဲ့ မွန်းစတားမျိုးနွယ် ပါရမီရှင်တွေလေ။ ပြီးတော့ အတူတူ ထည့်ပေါင်းထားသေးတယ်။ တခြားမျိုးနွယ်စုက ပါရမီရှင်စာရင်းတွေလည်း ပါသေးတယ်" လီယွင်က ထပ်မံကာ ပြောပြလိုက်၏။
ထုတ်ဖော်မှုသည် ရှင်းလင်းလွန်းလှချေ၏။ လူသား၊ မွန်းစတား မျိုးနွယ်မှ ထိပ်တန်းပါရမီရှင်စာရင်းများသည် မျိုးနွယ်စုအားလုံးရဲ့ ကောင်းကင်ပါရမီရှင်စာရင်းကို အလုံးစုံ လွှမ်းမိုးထားနိုင်လိမ့်မည် မဟုတ်ချေ။
"မျိုးနွယ်စုအားလုံး ဟုတ်လား"
ယန်ရှို၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ ဤစကားစုကို ကြားရသည့် အချိန်မှာတော့ သူသည် သူ၏ တပည့်အကြောင်းကို မေ့လျော့သွားခဲ့ပြီဖြစ်၏။ အားတက်သရောဖြင့် အပြင်ဘက်သို့ လျှောက်သွားပြီးနောက် ပြောလိုက်မိသည်။ "ဒီအဘိုးကြီးက ကျိန်းသေပေါက် သွားကြည့်ရတော့မယ်"
ယန်ရှို၏ နောက်ကျောကို လှမ်းကြည့်ပြီးသည့်နောက် လီယွင်သည် တစ်ဖက်လူ၏ အတွေးကို နားလည်သွားခဲ့သည်။ တော်ဝင်ဓားဂိုဏ်း ပြုလုပ်ခဲ့သည့် လုပ်ရပ်အတိုင်း ၎င်းသည် တကိုယ်တော် ကျင့်ကြံသူ တစ်ယောက်ယောက်ကို တွေ့ပါက ဂိုဏ်းထဲသို့ ခေါ်ဆောင်ရန် ကြံရွယ်နေခြင်းပင်။ မည်သည့် မျိုးနွယ်မှသူ ဖြစ်ဖြစ် သူတို့ဂိုဏ်းအတွက် အရေးမကြီးချေ။ မည်သည့်နောက်ခံမှ မရှိဖို့ဘဲ လိုလေ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်မှာတော့ လူပေါင်းများစွာတို့သည် အသစ် ပေါ်ပေါက်လာသည့် ကျောက်တိုင်ကြီးကို ကြည့်ရှုပြီး အားတက်သရော ဆွေးနွေးနေကြသည်။ "မျိုးနွယ်စုအားလုံးရဲ့ ကောင်းကင်ပါရမီရှင်စာရင်း… ဒါက စာရင်းအသစ်လား။ အရင်ဟာတွေနဲ့ မလုံလောက်သေးဘူးလား"
"ယုရှင်းချန်က ပထမနေရာမှာပဲ ရှိနေသေးတာပဲ။ တစ်လောကလုံးမှာ ရှိနေတဲ့ လူငယ်ပါရမီရှင် စာရင်းကို ချပေးလိုက်တာတောင်မှ သူမက ရှေ့ဆုံးမှာ ရှိနေသေးတယ်"
"ဟေး… မင်းတို့ ဒီနောက်က ပါရမီရှင်တွေကို မင်းတို့ သတိပြုမိရဲ့လား"
"ပြောနေစရာတောင် မလိုဘူးလေ။ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲကို ဝင်ပြီးတဲ့နောက်မှာ ပါရမီရှင် တော်တော်များများက သူတို့ရဲ့ ပြိုင်ဘက်တွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်။ အင်… သူတို့ရဲ့နောက်က အောင်မြင်မှု မှတ်တမ်းတွေက ဗလာဟင်းလင်းကြီး ဖြစ်နေတယ်ဆိုမှ ထူးဆန်းနေမှာပေါ့"
"ရီချန်နဲ့ ရွှေကျီးကန်းကလန်ရဲ့ အိမ်ရှေ့စံမင်းသားတို့ကလည်း တိုက်ခိုက်ခဲ့ကြတယ်လေ။ အဲဒီကြားထဲမှာ ခွန်ဖန်ကလန်ရဲ့ သခင်လေးကလည်း ဝင်ပြီး တိုက်ခိုက်ခဲ့သေးတယ်။ ဒီတိုက်ပွဲက တကယ့်ကို မယုံကြည်နိုင်လောက်အောင် စိတ်လှုပ်ရှားစရာ ကောင်းတာပဲ။ ကံဆိုးတာက ငါတို့ ဒီတိုက်ပွဲကို မျက်လုံးနဲ့ မမြင်ခဲ့ရတာပဲ"
တော်ဝင်သဲကန္တာရမြို့ထဲတွင် ရှိနေသည့် လူတော်တော်များများတို့သည် တစ်ကိုယ်တော် ကျင့်ကြံသူများ၊ သို့မဟုတ် အဓိကဂိုဏ်းအသီးသီး၏ ကျင့်ကြံသူများသာဖြစ်၏။ သို့ပေမဲ့ သူတို့အားလုံး၏ အားအင်အဆင့်သည် သာမန်သာ ဖြစ်သည်။ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် ထိုနေရာထဲသို့ ဝင်ရောက်ချင်သည်ဆိုသော်လည်း ၎င်းတို့အားလုံး၏ ဘဝတစ်သက်တာလုံး ထိုအထဲသို့ ဝင်ရောက်ခွင့်ရရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။
ထိုကဲ့သို့သော တည်နေရာမျိုးကို သွားရောက်ရန်အတွက် ကြီးမားလွန်းလှသည့် တည်နေရာ ရွှေ့ပြောင်းခြင်း အဆောင်များကို အသုံးပြုရန် လိုအပ်နေ၏။ အားလုံးသော သူတို့သည် ဤကဲ့သို့ ကြီးမားလွန်းလှသည့် တည်နေရာ ရွှေ့ပြောင်းခြင်းအဆောင်မျိုးကို ဝယ်ယူရန် မတတ်နိုင်ကြချေ။ သူတို့အနေနှင့် တခြားသောသူများ ပြောသည့်စကားကိုသာ ကြားရပြီး မစားရ ဝခမမ်း ပြန်လည်ကာ ပြောဆိုနေမိကြ၏။
သို့ပေမဲ့ ယနေ့ အချိန်မှာတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် သူတို့ကို အခွင့်အရေးတစ်ခု ပေးခဲ့သည်။ အလွန်ဝေးကွာသည့် တည်နေရာတွင် တည်ရှိနေသည်ဆိုလျှင်တောင်မှ သူတို့သည် နောက်ဆုံး သတင်း အချက်အလက်များကို အချိန်ကိုက် ရယူနေကြ၏။ ထို့အပြင် ဤအရာသည် တစ်ရာ ရာခိုင်နှုန်း မှန်ကန် လှသည့် တိကျသော သတင်းအချက်အလက်များ ဖြစ်နေသည်။
ဤကဲ့သို့သော ကိစ္စသည် များပြားလှသည့် လူများအားလုံးကို သဘောကျစေခဲ့၏။ တစ်ချိန်တည်း ဆိုသလိုပဲ တော်ဝင်သဲကန္တာရမြို့ထဲသို့ ရောက်ရှိလာသည့် လူများသည် ပိုမိုကာ များပြားလာခဲ့ကြ၏။ ၎င်းတို့ အားလုံးသည် တဖြည်းဖြည်းနှင့် လူခုနှစ်သန်းနီးပါးပင် ဖြစ်တည်လာခဲ့၏။ လူဦးရေ အရေအတွက်သည် ဆက်လက်ကာ တိုးတက်လျက် ရှိနေသေး၏။
လူအုပ်ကြားထဲမှာတော့ ယန်ရှိုသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တပ်ရပ်လျက်ရှိ၏။ သူသည် အဆင့် စာရင်းကို လှမ်းကြည့်ပြီးသည့်နောက် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်ကို ရှာဖွေရန် စဉ်းစားထားခဲ့၏။ သို့ပေမဲ့ သူ၏ အကြံအစည်သည် မျိုးနွယ်စုအားလုံးရဲ့ ကောင်းကင်ပါရမီရှင်စာရင်း နံပါတ်ခြောက်ကို မြင်ရသည့်အချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ ပယ်ချသွားခဲ့၏။ သူ၏ အမူအရာတစ်ခုလုံး သည် ရုတ်တရက် လေးနက်သွားခဲ့သည်။
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည်နှင့်အညီ သူသည် တစ်ကိုယ်တော်ကျင့်ကြံသူ ၊ သေးငယ်သော အဖွဲ့အစည်းများနှင့် ခြားနားလျက် ရှိနေ၏။ သွေးနတ်ဆိုးကလန်၊ သွေးနတ်ဆိုးလောကဆိုသည့် စကားလုံးများ၏ နောက်ကွယ်တွင် ရှိနေသည့် အကြောင်းအရာများကို သူက ကောင်းကောင်းနားလည်၏။
သွေးနတ်ဆိုးကလန် - သူသည် ထိုအရာသည် နတ်ဆိုးကလန်တစ်ခုအဖြစ် သုံးသပ်၍ ရသည်ဆိုသော်လည်း အခြေခံအားဖြင့် ဤလောကကြီးထဲတွင် တည်ရှိနေသည့် ကျင့်ကြံသူများ မဟုတ်ကြချေ။ အပြင်လောကတွင် ရှိနေသည့် ကျင့်ကြံသူများသာလျှင်ဖြစ်၏။ နတ်ဆိုးကလန်များသည် တကယ့်ကို ကြမ်းတမ်းလွန်းလှပြီး ၎င်းတို့ ရောက်ရှိလာသည်ဆိုလျှင် ကျိန်းသေပေါက် ကောင်းမွန်လှသည့် အရာများကို ယူဆောင်လာတတ်သည့် လူများ မဟုတ်ကြချေ။
"နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ သွေးနတ်ဆိုးကလန်ထဲမှာ အင်ပါယာတစ်ယောက်အဖြစ် မွေးဖွား လာနိုင်တဲ့ ပါရမီရှင်တစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပြီလား" ယန်ရှိုက စဉ်းစားလိုက်မိသည်။
ယခင်တုန်းက သွေးနတ်ဆိုးကလန်သည် တော်ဝင်အင်ပါယာတစ်ယောက်၏ ဦးဆောင်မှုအောက်တွင် အကောင်းမွန်ဆုံးသော အခြေအနေအဖြစ် ထွန်းတောက်ခဲ့ဖူး၏။ ၎င်းတို့သည် ဤလောကထဲသို့ အတင်း တိုးဝင်လာခဲ့ပြီးသည့်နောက် တိုင်ချူးရှေးအင်ပါယာ၏ ခုခံမှုနှင့်အတူ သုတ်သင်ခြင်းကို ခံခဲ့ရ၏။
သွေးနတ်ဆိုး ကလန်မှ တော်တော်များများသည် သုတ်သင်ရှင်းလင်းခြင်းကို ခံလိုက်ရသည်ဆိုသော်လည်း တချို့သော လူများသည် အသက်ရှင် လွတ်မြောက်သွားခဲ့ကြ၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ၎င်းတို့သည် ပြန်လည်ကာ အားကောင်းလာခဲ့ပြီဖြစ်သည်။
မူလအားဖြင့် ယန်ရှိုသည် စီထျန်ကို မြင်လိုက်သည့်အချိန်မှာတော့ တကယ့်ကို ပါရမီရှင်ဖြစ်မှန်း စဉ်းစားလိုက် မိ၏။ သို့ပေမဲ့ စီထျန်၏နောက်တွင် ရှိနေသည့် သွေးနတ်ဆိုးကလန်ဆိုသည့် စကားလုံးကို မြင်လိုက်ရသည့် အချိန်မှာတော့ မရိုးရှင်းလှကြောင်း နားလည်လိုက်မိ၏။ သွေးနတ်ဆိုးကလန်သည် ပါရမီရှင် တစ်ယောက်ကို ပိုင်ဆိုင်နေပြီဖြစ်၏။ သို့ပေမဲ့ တော်ဝင်အင်ပါယာ တစ်ယောက် မရှိဘဲနှင့် လောကကြီးနှစ်ခုကို ကျော်ဖြတ်ပြီး ရောက်ရှိလာနိုင်စွမ်း မရှိကြချေ။
"သွေးနတ်ဆိုးကလန်ရဲ့ မျိုးဆက်သစ်တွေက ကျိန်းသေပေါက် တိုင်ချူးနတ်နယ်မြေကို ခေါင်းကိုက်စရာ ဖြစ်လာစေမှာပဲ။ ပြီးတော့ သူတို့က သွေးနတ်ဆိုးကလန်ရဲ့ ရှေးအင်ပါယာကို သတ်ဖြတ်ပစ်ခဲ့ ဖူးတယ်လေ" ယန်ရှို၏ နှုတ်ခမ်းထောင့်တွင် အပြုံးပန်းတစ်ခု ဖြစ်တည်လာခဲ့၏။
သူ၏ အတွေးများကို ပြန်လည် ရုတ်သိမ်းပြီးသည့်နောက် စာရင်းကို ပြန်လည်ကာ ကြည့်ရှုလိုက်၏။ ပြီးနောက် သူက ပြောလိုက်သည်။ "ဒီစာရင်းသုံးခုလုံးက ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ။ ငါတို့ဆိုရင် ဘယ်စာရင်းထဲမှာ ပါမလဲ မသိဘူး။ ငါတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကလည်း ဂုဏ်သိက္ခာတစ်ခု ရှိဖို့ လိုသေးတယ်လေ။ ဂိုဏ်းထဲမှာ ရှိတဲ့ ဘယ်သူမှ ဒီစာရင်းထဲမှာ မပါဘူးဆိုလို့ရှိရင် မျက်နှာပြစရာ မရှိဘဲ နေလိမ့်မယ်။ အနာဂတ်မှာ လူတွေကို စကားပြောတဲ့အချိန် ငါ့မှာ ဂုဏ်သိက္ခာမဲ့သလို ခံစားနေရလိမ့်မယ်"