← Chapters

အခန်း (၁၈၁)

Vol. 13 Ch. 181

အခန်း (၁၈၁)

Vol. 13 Ch. 181

“စီနီယာ... ဘယ်လိုလဲ” ယန်ရှိုသည် အားတက်သရောဖြင့် မေးမြန်းလိုက်၏။

“စိတ်ချလိုက်”

လီယွင်သည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး ယန်ရှိုဆီသို့ လှမ်းကာ ပစ်ပေးလိုက်၏။ “ဒီတစ်ကြိမ်မှာ ခင်ဗျားက နတ်နယ်မြေအရှင်စာရင်းမှာပါတယ်။ ဒါပေမဲ့”

“ဒါပေမဲ့ ဘာဖြစ်လဲ”

ယန်ရှို၏ နှလုံးသား တစ်ခုလုံးသည် တင်းကျပ်သွားခဲ့၏။ သူသည် မကောင်းသည့် ခံစားချက်များကို ရရှိနေ၏။ သူ၏ အဆင့်သည် နိမ့်ကျလွန်းနေသည်လား။

“ဒါပေမဲ့ ခင်ဗျားက အဲနေရာမှာ ကြာကြာထိုင်နေနိုင်မှာ မဟုတ်ဘူး” လီယွင်က ပြောဆိုလိုက်သည်။

“အမ်”

ယန်ရှိုသည် ဇဝေဇဝါဖြစ်သွား၏။ သူ၏ နတ်ဘုရား အသိအမြင်များကို ကျောက်စိမ်းပြားထဲသို့ ထည့်သွင်းကာ ကြည့်ရှုလိုက်ပြီး ထိပ်ဆုံးနေရာမှ အောက်အထိ သေသေချာချာ ဖတ်ရှုလိုက်၏။ ရမ်ချင်းတု ဆိုသည့်နာမည်သည် ရှစ်ဆယ့်ခုနှစ်ယောက်မြောက် တည်နေရာတွင် မြင်ရတော့ သူသည် အကြည့်ကို ရပ်လိုက်မိ၏။

ထို ရမ်ချင်းတု ဆိုသည့်စာကို မြင်ရတော့ သူသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ သူတော်စင်ဖြစ်လာသည်အထိ သူတို့နှစ်ယောက်၏ ကွာခြားချက်မှာ မကြီးမားလှချေ။ တစ်ဖက်လူသည် စာရင်းထဲတွင် ပါဝင်သည်ဆိုသောကြောင့် သူသည်လည်း ပါဝင်ရပေလိမ့်မည်။

သေချာပေ၏။ မကြာခင်မှာပဲ သူ၏ နာမည်ကို မြင်လိုက်ရ၏။

“တစ်ရာသုံးဆယ့်နှစ်ယောက်မြောက်”

တကယ်ပင် ကောင်းမွန်လှသည့်အဆင့်ဟု သတ်မှတ်နိုင်၏။ မူလတုန်းက သူသည် ခုနှစ်ရာ၊ ရှစ်ရာလောက် သာလျှင် ရှိလိမ့်မည်ဟု တွေးတောထားခဲ့၏။ သို့ပေမဲ့ မထင်မှတ်ထားစွာဖြင့် တစ်ရာနောက်ပိုင်းတွင် တည်ရှိလို့ နေခဲ့သည်။

သို့ပေမဲ့ သူ၏နောက်ဘက်တွင် ရှိနေသည့်လူများကို မြင်လိုက်ရသည့် အချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ စိတ်နှလုံး ချုံးချုံးကျသွားမိ၏။ တစ်ရာသုံးဆယ့်သုံးယောက်မြောက်တွင် တည်ရှိနေသည့် ရီချင်းမင်သည် နတ်အဆင့် ထိပ်ဆုံးစွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သာလျှင်ဖြစ်၏။ ထို့ကြောင့် သူသည် မသက်မသာ ခံစားနေမိ၏။

သူသည် စာရင်းထဲတွင် အားအနည်းဆုံးသော သူတော်စင်တစ်ယောက် ဖြစ်နေလေသည်လား။ တခြားသော သူတစ်ယောက်သည်သာ သူတော်စင် ဖြစ်လာမည်ဆိုလျှင် ဘာဖြစ်မည်နည်း။ သူ့ကို ကျော်ကာ တက်သွားမည် ဖြစ်ပြီး သူကတော့ အလိုလို အောက်သို့ ကျဆင်းသွားပေလိမ့်မည်။

ထိုအခြင်းအရာကို သိသည့် အချိန်မှာတော့ ယန်ရှိုသည် အံကိုကြိတ်လိုက်မိ၏။

မပြည့်စုံသော ပင်ကိုယ် စွမ်းရည်ကြောင့် တချို့သောသူများသည် သူတော်စင်အဆင့်သို့ ဖြစ်မလာသေးချေ။ ၎င်းတို့၏ ဘဝတစ်သက်တာလုံး နတ်အဆင့် ထိပ်ဆုံးနေရာတွင် တစ်လို့နေသည်။ သာမန်ထက်ပိုကာ ထူးခြားလွန်းသည့် အခွင့်အရေး မရှိပါက ၎င်းတို့၏ သူတော်စင်ဖြစ်နိုင်သည့် အခွင့်အရေးသည် စိတ်ကူးယဉ်အိမ်မက် ကဲ့သို့ပင်။

သို့ပေမဲ့ အဆင့်တက် နှောင့်နှေးနေခြင်းဆိုသည်မှာ ၎င်းတို့၏ အခြေခံကို ခိုင်မာအောင် ပြုလုပ်နေခြင်းဟုလည်း တစ်ဖက်တစ်လမ်းမှ တွေးတော၍ရသည်။ ၎င်းတို့သည်သာ သူတော်စင်ဖြစ်လာသည် ဆိုပါက ၎င်းတို့၏ တိုးတက်မှုသည် ဟန့်တား၍ မရနိုင်လောက်အောင်ပင် တရှိန်ထိုး မြင့်တက်သွားမှာ သေချာ၏။

“ဟင်း”

ရီချင်းမင်ဆိုသည့် နာမည်ကို မြင်ပြီးသည့်နောက် ယန်ရှိုသည် အဆင်မပြေသလို ခံစားနေမိ၏။ ပါရမီရှင်များ၏ နာမည်စာရင်းတွင် ပါဝင်နေသည့် ရီချင်းမင်၏ အားအင်အဆင့်ကို သူကောင်းကောင်းသိ၏။ ဤလူသည် ကျိန်းသေပေါက် အားနည်းသည့် လူတစ်ယောက် မဟုတ်ချေ။ တိုင်ချူး နတ်အရှင်ကဲ့သို့ပင် အားကောင်းလှသည့် လူတစ်ယောက်ဖြစ်၏။ ရီချန်၏ အဖေ ရီကလန်၏ ခေါင်းဆောင် တစ်ယောက် ဖြစ်သည်နှင့်အညီ ရီချင်းမင်သည် အစစ်အမှန်စွမ်းရည်များ လိုအပ်နေသည့် လူတစ်ယောက် မဟုတ်ချေ။

ပြောရမည်ဆိုလျှင် ရီကလန်၏ အကြီးအကဲများ အားလုံးသည် အရူးမဟုတ်ကြချေ။ အရည်အချင်းမရှိဘဲ လူတစ်ယောက်အား ခေါင်းဆောင်အဖြစ် တင်ကာ အခန့်သား လွှတ်ထားလိမ့်မည် မဟုတ်ချေ။ အကောင်းဆုံး ပံ့ပိုးပြီး ပိုမိုမြင့်မားသည့် အဆင့်ရောက်အောင် ဝိုင်းဝန်းပြုလုပ်ပေးကြမှာ သေချာ၏။

“စီနီယာ... စီနီယာ ဆိုလိုတာကို ကျုပ်နားလည်ပါပြီ” ယန်ရှိုက တီးတိုးပြောဆိုလိုက်သည်။

“အင်း... လုပ်စရာရှိတာကိုလုပ်”

လီယွင်သည် အသာပင် နှစ်သိမ့်လိုက်မိ၏။ တည်နေရာတွင် ရှိနေသည့် လူများ အားလုံးထဲတွင် တစ်ဖက်လူသည် အားအနည်းဆုံး သူတော်စင်စာရင်းထဲတွင် ပါဝင်လျက် ရှိနေ၏။ သို့ပေမဲ့ ထိုကဲ့သို့သော နောက်ခံတောင့်တင်းသည့် ပါရမီရှင်များနှင့် နှိုင်းယှဉ်နေရခြင်းသည် ယန်ရှိုအတွက် တကယ့်ပင် မမျှတရာ ရောက်၏။

တချို့သည် အင်ပါရီယာကလန်များ၏ ခေါင်းဆောင်များ ဖြစ်ကြပြီး တခြားသော သူများမှာတော့ နတ်နယ်မြေ များ၏ ခေါင်းဆောင်များ ဖြစ်ကြ၏။ မျိုးနွယ်စုများ၏ ခေါင်းဆောင်အနည်းငယ်ပင် ပါဝင်လျက်ရှိ၏။ အားအင် အဆင့်နှင့် နောက်ခံကို ပြောဆိုရမည်ဆိုလျှင် ယန်ရှိုသည် တစ်ပန်းမှ မသာခဲ့ချေ။ ငရဲကိုးကောင်နတ်ဆိုး ဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်ကိုပင် သူ အနိုင်ယူ တိုက်ခိုက်နိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ဘယ်လိုဖြစ်ပြီး တခြားသောသူများ ကို သွားရောက် တိုက်ခိုက်အနိုင်ယူနိုင်မည်နည်း။

ဟုတ်ပေ၏။ အစီအရင် ဖန်တီးခြင်း ပညာတွင် အားကောင်းသည် ဆိုသော်လည်း သူ့အနေနှင့် အနိုင်ယူနိုင်မလား၊ ရှုံးနိမ့်မလား ဆိုသည်က မသေချာလှပေ။ အစီအရင်ကို အသုံးပြု၍ တခြားသောသူများ အားလုံးကို စိန်ခေါ်ခြင်းဆိုသည်မှာ မဖြစ်နိုင်သည့် အရာပင်ဖြစ်သည်။ သေခြင်းရှင်ခြင်း တိုက်ပွဲကဲ့သို့သော အခြေအနေမျိုးတွင် မည်သူက ရူးကြောင်ကြောင်နှင့် ယန်ရှိုတစ်ယောက် အစီအရင် ဖန်တီးနေသည်ကို ငြိမ်ကာ ထိုင်ကြည့်နေမည်နည်း။

“အနည်းဆုံး ဒီတစ်ကြိမ်မှာတော့ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းက စာရင်းထဲမှာ ပါတာပဲလေ” လီယွင်က ပြုံးလိုက်မိသည်။

“မှန်ပါတယ် စီနီယာ”

ယန်ရှိုသည် ကျောက်စိမ်းပြားကို အသာသိမ်းဆည်းပြီးသည့်နောက် နတ်နယ်မြေအရှင် စာရင်းတွင် ရှိနေသည့် လူများအားလုံးကို ဆက်လက်ကာ ကြည့်ရှုလိုက်၏။ သူသည် ငါးရာမြောက်နေရာသို့ နီးကပ်လာသည့် အချိန်မှာတော့ တကယ်ပင် အံ့အားသင့်မိတော့၏။ အကယ်၍ သူသည်သာ နောက်ဆုံး ငါးရာစာရင်းဆီသို့ လျော့ကျလာသည်ဆိုပါက ချက်ချင်းပဲ ဂိုဏ်းခေါင်းဆောင်ရာထူးအား ယခင် ဂိုဏ်းခေါင်းဆောင်ဆီသို့ ပြန်လည်လွှဲအပ်ပေးလိုက်မှာဖြစ်၏။ ဤနည်းလမ်းနှင့်ဆိုလျှင် သူသည် နတ်နယ်မြေ အရှင်စာရင်းတွင် ထပ်မံကာ မကျဆင်းတော့ချေ။

ယန်ရှို၏ အတွေးကို မြင်ရသည့်အချိန်မှာတော့ လီယွင်သည် မနေနိုင်ဘဲ ရယ်ချင်စိတ်ပင် ပေါက်သွားမိ၏။ သူသည် ဘာတစ်ခုမှ မပြောချေ။ ရိုးရိုးရှင်းရှင်းပဲ လက်ကို ယမ်းခါလိုက်၏။ ပြီးနောက် အပြင်ဘက်တွင် ထိုစာရင်းသည် ပေါ်ပေါက်လာခဲ့၏။

“နတ်နယ်မြေအရှင်စာရင်း ဟုတ်လား။ စီနီယာ... ဒီနေ့ ဘာတွေဖြစ်နေတာလဲ။ တစ်ရက်တည်းကို စာရင်းနှစ်ခု ထုတ်ဖော်ပေးတာပဲ”

“စီနီယာတစ်ယောက် စိတ်ကောင်းဝင်နေတာပဲ ဖြစ်မယ်”

“ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အပြင်ဘက်တွင် ရှိသည့် လူပေါင်းများစွာတို့သည် အသစ် ပေါ်ပေါက်လာသည့် စာရင်းကို ကြည့်ရှုပြီး ဆွေးနွေးလျက်ရှိ၏။ ဤတစ်ကြိမ်မှာတော့ ၎င်းတို့ ပြောဆို ဆွေးနွေးလျက် ရှိနေသည့် စကားများသည် တကယ်ပင် ပိုမိုကာ များပြားပြီး ဖောင်းကြွလာခဲ့တော့သည်။

...........

တော်ဝင်သဲကန္တာရမြို့၏ အနောက်ဘက် မိုင်ပေါင်းများစွာ အဝေးမှာတော့ နတ်ဘုရားလှေတစ်စင်း ပျံသန်းလျက် ရှိနေ၏။ လင်းကျန် သည် ခြေချိတ်ကာ ထိုင်လျက်ရှိပြီး ၎င်း၏ ခန္ဓာကိုယ်အား နတ်ဘုရား အလင်းတန်းများနှင့် လွှမ်းခြုံထား၏။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးတွင် ရှိနေသည့် အဆီအနှစ်များကို စုပ်ယူပြီး ဒဏ်ရာများမှ ပြန်လည် ကောင်းမွန်လာစေရန်အတွက် ကြိုးစားလျက် ရှိနေ၏။ ရှန်းရှန်နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး အလုံးစုံ ပြန်လည်ကာ မကောင်းမွန်သေးချေ။

“သခင်လေး” ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

“ဟမ်” လင်းကျန်သည် မျက်လုံးကို ဖွင့်ပြီးသည့်နောက် ကြည့်ရှုလိုက်သည်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့သခင်က စာရင်းသစ်နှစ်ခုကို ထုတ်ဖော်လိုက်တယ်။ ကြည့်ချင်သေးလား” အသံရှင်က ပြန်လည်ကာ ပြောဆိုလိုက်၏။

“ဪ”

လင်းကျန်၏ မျက်လုံးထဲတွင် စိတ်ပါဝင်စားမှုများနှင့် ပြည့်နှက်သွားခဲ့သည်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သည် နောက်ထပ်စာရင်းတစ်ခုကို ထုတ်ဖော်လိုက်လေသည်လား။ တစ်ခု မဟုတ်ဘဲ နှစ်ခု ဖြစ်လို့နေခဲ့၏။ သူ၏ စပ်စုလိုစိတ်များသည် အမြင့်ဆုံး အခြေအနေဆီသို့ ရောက်ရှိလာခဲ့သည်။ “ယူခဲ့လေ”

“နားလည်ပါပြီ”

ထိုစကား ထွက်ပေါ်လာလာချင်းမှာပဲ သက်လတ်ပိုင်းအရွယ်ရှိသည့် လူတစ်ယောက်သည် တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့၏။ ၎င်းသည် လက်နှစ်ဖက်ဖြင့် ကျောက်စိမ်းပြားကို ကိုင်ကာ အသာ ကမ်းပေး၏။

လင်းကျန်သည် နတ်ဘုရားအသိအမြင်များနှင့် အထဲတွင် ရှိနေသည့် အကြောင်းအရာ များကို စစ်ဆေးကြည့်ရှုလိုက်၏။ “အင်း.. မျိုးနွယ်စုအားလုံးရဲ့ ကောင်းကင်ပါရမီရှင်စာရင်းဆိုတာ တကယ် ပေါ်လာတာလား”

All Chapters