အခန်း (၁၈၂)
Vol. 13 Ch. 182
“ကျုပ်က မျိုးနွယ်စုအားလုံးရဲ့ ကောင်းကင်ပါရမီရှင်စာရင်းမှာ အဆင့် ရှစ် ချိတ်တာပဲ” လင်းကျန်သည် ကျောက်စိမ်းပြားပေါ်တွင် ပါဝင်သည့် အကြောင်းအရာများကို ဖတ်ရှုရင်း တီးတိုးပြောဆိုလိုက်သည်။
“သခင်လေးရဲ့ ပါရမီက တကယ့်ကို ပြိုင်ဘက်ကင်းတယ်။ မျိုးနွယ်စုအားလုံးရဲ့ ပါရမီရှင်စာရင်းထဲမှာတောင် ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်တယ်ဆိုတော့ အနာဂတ်မှာ အင်ပါယာတစ်ယောက် ဖြစ်လာဖို့ ဖြစ်နိုင်ချေက တကယ့်ကို များတာပဲ” သက်လတ်ပိုင်းလူသည် သက်ပြင်းချကာဖြင့် ချီးကျူးလိုက်၏။
ဤစာရင်းသည် တကယ်ပင် တန်ဖိုးကြီးမားလှသည့်အရာပင်ဖြစ်၏။ လောကအသီးသီးတွင် ရှိနေသည့် ထိပ်တန်းပါရမီရှင် လက်ရွေးစင်များကို ထုတ်ဖော်ပြသထားခြင်းဖြစ်သည်။ လင်းကလန်သည် ထိုနေရာတွင် နေရာ တစ်နေရာ ရရှိထားသည် ဖြစ်သောကြောင့် ဂုဏ်သိက္ခာသည် တကယ်ပင် ကြီးမားစွာ ထွန်းတောက်ခဲ့လေပြီ ဖြစ်သည်။
“ပိုပြီး အရေးကြီးတာက သခင်လေးနဲ့ ရှန်းရှန်ရဲ့ တိုက်ပွဲက သရေအနေနဲ့ အဆုံးသတ်သွားခဲ့တာပဲ” သက်လတ်ပိုင်း လူသည် ထပ်မံကာ ပြောဆိုလိုက်၏။
ယခင်တုန်းက ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲတွင် လင်းကျန်သည် ရှန်းရှန်နှင့် တိုက်ခိုက်သည့် တိုက်ပွဲ၌ အောက်စည်းသို့ ရောက်ရှိနေခဲ့၏။ သို့ပေမဲ့ အရေးအကြောင်း အခြေအနေမျိုးတွင် ရီချန်သည် သူတော်စင်အဆင့် နည်းလမ်းကို ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့၏။ ထို့ကြောင့် တိုက်ခိုက်ပွဲသည် အဆုံးမသတ်နိုင်ခဲ့ချေ။ ထို့ကြောင့် မည်သူနိုင်သည်။ မည်သူ ရှုံးသည်ဆိုသော ရလဒ် ပေါ်ထွက်မလာခဲ့ချေ။
လင်းကျန် အနေနှင့် ရှန်းရှန်နှင့် သရေ တိုက်ခိုက်နိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ထိုပွဲသည် သရေအဖြစ် ပြီးဆုံးသွားခဲ့၏။ ထို့အပြင် လင်းကျန်သည် ယခင်တုန်းက အစစ်အမှန် နဂါးကလန်မှ အောင်းကန့်အား ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိအောင် တိုက်ခိုက်ခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့်ပင်လျှင် လင်းကျန်၏ ဂုဏ်သိက္ခာသည် ပိုမိုကာ တိုးတက်သွားခဲ့သည်ဟု ဆိုရမည်။ ၎င်းသည် ရီချန်နှင့်ပင် ပြိုင်ဘက်ဖြစ်လာခဲ့သည်။
“ရှန်းရှန်က မျိုးနွယ်စုအားလုံးရဲ့ ကောင်းကင်ပါရမီရှင်စာရင်းမှာ ဒုတိယမြောက် ချိတ်တယ်လေ။ ဒီတော့ သူ့ရဲ့ အားအင်အဆင့်က တကယ့်ကို ကောင်းမွန်တယ်ဆိုတာ သက်သေပြနေတာပဲ” လင်းကျန်သည် ပါဝင်သည့် အကြောင်းအရာများကို ဖတ်ရှုရင်း မှတ်ချက်ပြုလိုက်၏။
“စီနီယာ နန်းဆောင်သခင်က တကယ့်ကို ဆန်းကြယ်လွန်းတာပဲ”
သတ်လတ်ပိုင်းလူ၏ ချီးကျူးမှုနှင့် ပတ်သက်၍ သူ့အနေနှင့် အတည်မပြုသလို ငြင်းလည်း မငြင်းပယ်ခဲ့ချေ။ သူနှင့် ရှန်းရှန်၏ အကြားတွင် ရှိနေသော ကွာခြားချက်ကို သူက ကောင်းကောင်း နားလည်၏။ ရှုပ်ထွေးလူဝုကလန်၏ အဆက်အနွယ် သွေးမျိုးဆက် အကြောင်းကို ကြည့်ရှုရမည်ဆိုလျှင် ဤကဲ့သို့ သန္ဓေပါရမီရှိသူတစ်ယောက်အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်ဖို့ ဆိုသည်မှာ မလွယ်ကူလှချေ။
လင်းကျန်သည် ဇွဲ၊ သတ္တိ အရာ၌ တကယ်ပင် စံပြုရလောက်သည့် လူတစ်ယောက် ဖြစ်သည်ဆိုသော်လည်း တကယ့် တကယ်တမ်း ရှန်းရှန်နှင့် ဆက်လက် တိုက်ခိုက်မည်ဆိုပါက သူ၏ အသက်သည် တည်မြဲနေပါ့မလား ဆိုသည်ကလည်း မသေချာလှချေ။ ကံကြမ္မာကိုသာ ရိုးမယ်ဖွဲ့ရပေလိမ့်မည်။
အခြားတစ်ဖက်တွင်တော့ ကောင်းကင်လျှို့ဝှက်နန်းဆောင် ပေးခဲ့သည့် ခန့်မှန်းချက်များသည် သူ့ကို တကယ်ပဲ ထိတ်လန့်တုန်လှုပ်စေခဲ့၏။ လောကကြီး၌ ဘာတစ်ခုမှသည် ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်၏ မျက်လုံးအောက်မှ လွတ်မြောက်သွားခဲ့ခြင်း မရှိချေ။
ဖန်တီးခြင်း လျှို့ဝှက်နယ်မြေထဲသို့ သူကိုယ်တိုင် ဝင်ရောက်ခဲ့ခြင်း မရှိသည်ဆိုသော်လည်း အထဲတွင် ဖြစ်ပျက် ခဲ့သည့် အရာများ အားလုံးကို ကြိုတင်ကာ တွက်ချက် ခန့်မှန်းခဲ့၏။ အရာအားလုံးကသည်လည်း နန်းဆောင် သခင် ခန့်မှန်းသည့်အတိုင်း ဖြစ်ပေါ်လာခဲ့၏။ ဤကဲ့သို့သော စွမ်းရည်ကို လင်းကျန်သည် နက်နက်နဲနဲ ယုံကြည်သွားမိသည်။ ဤလောကကြီး၌ အင်ပါယာတစ်ယောက်သည်ပင်လျှင် ထိုကဲ့သို့ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
“သခင်လေး.... အောက်မှာ တခြားအဆင့်တစ်ခု ရှိသေးတယ်” သက်လတ်ပိုင်းလူက သတိပေးလိုက်၏။
“နတ်နယ်မြေအရှင်အဆင့်စာရင်း ဟုတ်လား”
လင်းကျန်သည် တစ်ချက်လှမ်းကြည့်ပြီးသည့်နောက် အံ့အားတသင့် ဖြစ်လို့သွားခဲ့သည်။
“ကျုပ်အဖေ ပါနိုင်တယ်” လင်းကျန်က တီးတိုးပြောဆိုလိုက်၏။ လင်းကလန်၏ ခေါင်းဆောင် ဖြစ်သည်နှင့်အညီ သူတော်စင်အဆင့်ကို အစောကြီးကတည်းက ချိုးဖြတ်ထားသူဖြစ်ပြီး သူတော်စင် အလယ်အလတ်အဆင့်သို့ပင် ချဉ်းနင်းဝင်ရောက်နေပြီဖြစ်၏။ ထို့ကြောင့် ထိုစာရင်းထဲတွင် ပါဝင်ဖို့ ဆိုသည်မှာ တကယ်ပင် လွယ်ကူလွန်းလှ၏။
“ကလန်ခေါင်းဆောင်က နတ်နယ်မြေအရှင်အဆင့် စာရင်းမှာ သုံးဆယ့်ရှစ်ယောက်မြောက် ဝင်တယ်” သက်လတ်ပိုင်းလူသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ဝင်ရောက်ကာ ပြောဆိုလိုက်၏။ သူတို့၏ သခင်လေးသည် မျိုးနွယ်စု အားလုံး၏ ကောင်းကင်ပါရမီရှင်စာရင်း၌ နံပါတ်ရှစ်နေရာ၌ ရှိပြီး ကလန်ခေါင်းဆောင်သည် နတ်နယ်မြေအရှင် အဆင့်စာရင်း၌ သုံးဆယ့်ရှစ်ယောက်မြောက် စာရင်းရှိ၏။ လင်းကလန်သည် အနာဂတ်၌ အောင်မြင်မှုများ ကျိန်းသေပေါက် ရရှိမည့် ကလန်မျိုးပင်။
“အချိန်ခဏ ကြာပြီးရင် နတ်နယ်မြေအရှင်အဆင့် စာရင်းက ကြီးကြီးမားမား ပြောင်းလဲသွားလိမ့်မယ်” လင်းကျန် သည် တွေးတွေးဆဆဖြင့် မှတ်ချက်ပြုလိုက်၏။
ကောင်းကင်ပါရမီရှင်စာရင်း ပေါ်ပေါက်လာခဲ့ခြင်းသည် ပါရမီရှင်များ အချင်းချင်း စိန်ခေါ်တိုက်ခိုက်သည့် အရာအဖြစ် ဖြစ်တည်လာခဲ့၏။ ယခု နတ်နယ်မြေအရှင်အဆင့်စာရင်း ပေါ်ထွက်လာပြီးသည့်နောက် ကောင်းကင် လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာအရ အားလုံးသော သူတို့သည် ဤစာရင်းကို ယုံကြည် ကြပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် နောက်ဆက်တွဲအနေဖြင့် စာရင်းထဲရှိ လူများသည် အထက်အောက်အမြဲတမ်း ပြောင်းလဲနေပေလိမ့်မည်။
နတ်နယ်မြေအရှင် တစ်ယောက်အနေနှင့် ပါရမီရှင်များကဲ့သို့ စိန်ခေါ်မှုကို ကိုယ်တိုင် ပြုလုပ်လိမ့်မည် မဟုတ်ချေ။ အနိုင်ယူနိုင်ခဲ့လျှင် ကောင်းမည်ဆိုသော်လည်း ရှုံးမည်ဆိုပါက နောက်ခံတစ်ခုလုံးသည် ပျောက်ကွယ်သွားပေ လိမ့်မည်။ ထိုကဲ့သို့သော အရာများကို မပြုလုပ်ဘဲနှင့် ၎င်းအနေနှင့် ပြင်းပြင်းထန်ထန် ကျင့်ကြံကြပေလိမ့်မည်။ နတ်နယ်မြေအရှင်အဆင့် စာရင်းတွင် ပါဝင်ကြသည့် လူများသည် မြန်မြန်ဆန်ဆန် ကြိုးစားကြပြီး သူတော်စင်များ ဖြစ်လာကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
“သခင်လေး ခန့်မှန်းတာ အမှန်ပဲ”
သက်လတ်ပိုင်းလူက ခေါင်းညိတ်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်များ ဖြစ်တည်နေသည်။ သူသည် ထပ်မံကာ ပြောဆိုလိုက်၏။ “ဒါပေမဲ့ သခင်လေး အနေနဲ့ စိုးရိမ်စရာ မလိုပါဘူး။ ကျုပ်တို့ လင်းကလန်က ဒီတစ်ကြိမ် ကောင်းကင်လျှို့ဝှက်နယ်မြေထဲမှာ အကျိုးအမြတ် အများကြီး ရရှိခဲ့တာပဲ”
“ကျုပ်တို့ သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင် ကိုးခုကို ရရှိခဲ့ပြီး သူတော်စင်ဘုရင်အဆင့် စိတ်ဝိညာဉ်ဆေးပင် နှစ်ခု၊ တော်ဝင်သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင် တစ်ခုကိုတောင် ရရှိခဲ့တယ်။ ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်ရဲ့ အစိတ်အပိုင်း တချို့ကိုတောင် ရရှိခဲ့သေးတယ်လေ။ ဒီအခြေခံက ကလန်ခေါင်းဆောင်ရဲ့ အားအင်အဆင့်ကို ကျိန်းသေပေါက် တိုးတက်စေဖို့ လုံလောက်မှာပဲ”
လင်းကလန်၏ ကလန်ခေါင်းဆောင်သည်သာ သူတော်စင်အလယ်အလတ်အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့မည် ဆိုပါက အဆင့်သည် ထပ်မံကာ တိုးတက်သွားမှာသေချာသည်။
“ဒါနဲ့”
သူသည် တစ်စုံတစ်ခုကို သတိရသွားမိသည်။ ထို့ကြောင့် လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို မြှောက်ကာဖြင့် မေးလိုက်သည်။ “သွေးနတ်ဆိုးလောက က ဘယ်နေရာမှာလဲ။ သွေးနတ်ဆိုးကလန်ဆိုတာက ဘယ်လိုမျိုးလဲ”
ဤစာရင်းတွင် ပါဝင်သော ရှုပ်ထွေးလူဝုကလန်၊ ခွန်ဖန်ကလန်နှင့် ရွှေကျီးကန်းကလန်တို့ကို သူ သိရှိပြီးသား ဖြစ်၏။ လင်းကျန် အနေနှင့် အံ့အားသင့်ခြင်း မရှိပေ။ လူသားမျိုးနွယ်များနှင့် ခြားနားလှသည့် မွန်းစတားကလန် များသာလျှင်ဖြစ်၏။
မွန်းစတားမျိုးနွယ်တို့၏ ဘိုးဘေးများသည် အားကောင်းလွန်းလှသည့် သွေးမျိုးဆက်များကို မျိုးဆက်သစ်များ အတွက် ချန်ထားခဲ့ကြပြီး ခန့်မှန်း၍ မရအောင် အားကောင်းလှသည့် နည်းစနစ်များကိုလည်း ချန်ထားခဲ့ကြ၏။ ထို့ကြောင့် ၎င်းတို့သည် အားကောင်းနေခြင်းဖြစ်မည်။
၎င်းတို့၏ မျိုးဆက်သစ်များ အနေနှင့် သာမန်ထက်ပိုကာ မထူးချွန်ဘူး ဆိုလျှင်တောင်မှ အမွေဆက်ခံရရှိသည့် သွေးမျိုးဆက်ကို အမှီခိုပြုပြီး အံ့အားသင့်စရာကောင်းသည့် အောင်မြင်မှုများကို ရယူနိုင်၏။ သို့ပေမဲ့ ၎င်းတို့ ဘိုးဘေးများ အောင်မြင်မှု ရရှိခဲ့သည့် အခြေအနေ အဆင့်အတန်း တစ်ခုသို့ ရောက်ရှိသွားမည်ဆိုပါက ထပ်မံကာ ချိူးဖြတ်အဆင့်တက်ရန် ဆိုသည်မှာတော့ ခက်ခဲသွားပေလိမ့်မည်။
တခြားတစ်ဖက်တွင် ရှိနေသည့် လူသားများမှာတော့ ၎င်းတို့၏ လမ်းစဉ်ကို လွတ်လွတ်လပ်လပ်နှင့် ရွေးချယ်ခွင့် ရှိ၏။ အလွန်အားကောင်းလှသော အဖေတစ်ယောက် ရှိသည်ဆိုလျှင်တောင်မှ အလွန်အားကောင်းလှသည့် သားတစ်ယောက် ဖြစ်လာဖို့ဆိုသည်မှာ မလွယ်ကူလှချေ။
ရီကလန်နှင့် တိုင်ချူးနတ်နယ်မြေတို့ကို ဥပမာ ပြုရပေလိမ့်မည်။ ရီချန်သည် မျိုးနွယ်စုအားလုံး၏ ကောင်းကင် ပါရမီရှင်စာရင်းတွင် တတိယနေရာ၌ တည်ရှိနေစဉ်မှာပဲ သူ၏အဖေဖြစ်သော ရီချင်းမင်မှာတော့ နတ်နယ်မြေအရှင် အဆင့်စာရင်းတွင် ထိပ်ဆုံးတစ်ရာ၏ အနောက်ဘက်သို့ ရောက်ရှိနေ၏။
တိုင်ချူးနတ်အရှင်သည် လူသားမျိုးနွယ်၏ နတ်နယ်မြေအရှင်အဆင့် စာရင်းတွင် နှစ်ဆယ့်လေး ယောက်မြောက် တည်ရှိနေသည် ဖြစ်သော်လည်း တိုင်ချူးနတ်သားတော်မှာတော့ ဆယ့်လေးနေရာ၌ တည်ရှိနေ၏။ ယခု မျိုးနွယ်စုအားလုံး၏ ကောင်းကင်ပါရမီစာရင်းမှာတော့ တစ်ရာအောက်သို့ ကျဆင်းသွားပေလိမ့်မည်။
သို့ပေမဲ့ သွေးနတ်ဆိုးကလန် - ထိပ်ဆုံးဆယ်ယောက်စာရင်းတွင် အဖွဲ့ဝင်နှစ်ယောက်တို့ ပါဝင်လျက် ရှိနေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။ နှစ်ယောက်လုံးသည် အင်ပါယာတစ်ယောက် ဖြစ်လာနိုင်မည့် အလားအလာကို ပိုင်ဆိုင်သည့်လူများ ဖြစ်နေလေသည်လား။