← Chapters

အခန်း (၁၈၃)

Vol. 13 Ch. 183

အခန်း (၁၈၃)

Vol. 13 Ch. 183

“သွေးနတ်ဆိုးလောကကြီး”

သက်လတ်ပိုင်းလူသည် လေးနက်တည်ကြည်သည့် မျက်နှာ အမူအရာများ ဖြစ်လာခဲ့၏။ သူက လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ “ဒါက ကျုပ်တို့ထက် အဆင့်နိမ့်တဲ့ လောကအပျက်အဆီးတစ်ခုပဲ”

“ပျက်စီးသွားတဲ့ လောကတစ်ခု ဟုတ်လား။” သူသည် မျက်မှောက်ကုတ်လိုက်မိ၏။ ပြီးနောက် ဇဝေဇဝါလည်း ဖြစ်လို့နေသည်။

“သခင်လေးမသိတာ သာမန်ပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီလောကကြီးထဲကို သွေးနတ်ဆိုးကလန်က ရောက်ရှိလာခဲ့ကြတယ်။ကျုပ်တို့ရဲ့ တော်ဝင်အင်ပါယာနဲ့ တိုက်ခိုက်ခဲ့ကြတာပေါ့” သက်လတ်ပိုင်းလူသည် သက်ပြင်းကို အသာချပြီးသည့်နောက် ဆက်ပြောလိုက်၏။

“သွေးနတ်ဆိုးကလန် တည်ရှိတဲ့ လောကကြီးကို ကြည့်ရတာ ကောင်းကင်တာအိုရဲ့ ဖိနှိပ်ခြင်းကို ခံထားပုံပဲ။ အဲဒီမှာ နတ်ဆိုးကလန်တွေသာလျှင် တည်ရှိတယ်လေ။ ပြီးတော့ တော်ဝင်အင်ပါယာတစ်ယောက် ဖြစ်တည်လာဖို့ ဆိုတာ အလွန်တရာ ခက်ခဲလွန်းလှတယ်။ မျိုးနွယ်စု အဆက်ဆက်အလိုက် သူတို့မျိုးဆက်ရဲ့ တစ်ဦးတည်းသော လူကသာလျှင် အင်ပါယာ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲလူက အင်ပါယာ ဖြစ်ပြီးပြီ ဆိုရင်တောင်မှ သက်တမ်းက နှစ်တစ်သောင်းလောက်ပဲ ပိုင်ဆိုင်တယ်လေ”

“နှစ်တစ်သောင်း ဟုတ်လား” လင်းကျန်သည် မျက်လုံးများ ပြူးကျယ်သွား၏။ သက်တမ်းသည် တကယ်ပင် တိုတောင်းလွန်းလှသည်။

သူတို့ နေထိုင်ရာ လက်ရှိ ကောင်းကင်မူလ လောကကြီးတွင် ကံကောင်းလွန်းသည့် နတ်အရှင် တစ်ယောက်သည် တချို့သော အသက်ရှည်ဆေးများကို မှီဝဲပြီး နှစ်ပေါင်းတစ်သောင်းလောက် ကောင်းကောင်းမွန်မွန် အသက်ရှင် နေနိုင်စွမ်းရှိ၏။ သူတော်စင်တစ်ယောက် အတွက်ဆိုလျှင် အနည်းဆုံး နှစ်ပေါင်းတစ်သိန်းလောက် အသက်ရှင် နေထိုင်ဖို့ ဆိုသည်မှာ လွယ်ကူလွန်းလှ၏။ တော်ဝင်အင်ပါယာတစ်ယောက်သာ ဖြစ်သည်ဆိုပါက နှစ်သန်းနှင့်ချီကာ အသက်ရှင် နေထိုင်နိုင်စွမ်းရှိ၏။

တော်ဝင်အင်ပါယာသည် လူပေါင်းများစွာတို့၏ ရှေ့တွင် ပေါ်ပေါက်လာခြင်း မရှိသည် ဆိုသော်လည်း သက်ရှိ ထင်ရှား တည်ရှိနေသည့် တော်ဝင်အင်ပါယာများ တည်ရှိနေလိမ့်မည်ဟု အားလုံးက ယုံကြည်လျက် ရှိနေ၏။ ထို့အပြင် ကွာစီအင်ပါယာတစ်ယောက်ဖြစ်သော မုန့်ရှင်းကျီသည် နှစ်သန်းပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သူ တစ်ယောက်ဖြစ်၏။ ထိုကဲ့သူသော လူများတောင် အသက်ရှင်နေထိုင်နေသည်ဆိုမှတော့ တော်ဝင်အင်ပါယာသည် အသက်ရှင်လျက် အဘယ်သို့ မရှိမည်နည်း။

“အမှန်ပါပဲ”

သက်လတ်ပိုင်းလူက ခေါင်းညိတ်ကာ ပြောလိုက်၏။ “အတိအကျ ပြောရမယ်ဆိုရင် သူတို့က ကျုပ်တို့ လောကထဲကို ဝင်ဖို့ တကယ့်ကို စိတ်အားထက်သန်နေတယ်လေ။ ကျုပ်တို့လောကထဲကို ဝင်လာမှသာလျှင် သူတို့ရဲ့ သက်တမ်းက ပိုပြီးတော့ ရှည်လာမှာကိုး”

“ရှေးတုန်းက သွေးနတ်ဆိုးကလန်ရဲ့ ရှေးအင်ပါယာက ကြီးမားတဲ့ စစ်တပ်ကြီးကို ဦးဆောင်ပြီးတော့ ဒီကို အတင်းဝင်ရောက်လာခဲ့သေးတယ်။ ဒါပေမဲ့ သူတို့က တိုင်ချူးနတ်နယ်မြေရဲ့ ရှေးအင်ပါယာနဲ့ ရင်ဆိုင်တွေ့ခဲ့တယ်။ သူတို့နှစ်ယောက်က သုံးနှစ်တိတိ အပြင်းအထန် တိုက်ခိုက်ခဲ့ကြတယ်လေ။ အဆုံးသတ်မှာတော့ တိုင်ချူး နတ်နယ်မြေရဲ့ ရှေးအင်ပါယာက ဒဏ်ရာပြင်းပြင်းထန်ထန် ရပြီးတော့ ပြန်လာခဲ့တယ်။ သွေးနတ်ဆိုးကလန်ရဲ့ ရှေးအင်ပါယာက ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့တယ်”

“ကျုပ် သိပြီ”

လင်းကျန်၏ မျက်လုံးထဲတွင် သိရှိနားလည်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။ ဤလောကကြီးသည် သွေးနတ်ဆိုးလောကကြီးထက် ပိုမိုကာ အဆင့်မြင့်သည့် လောကကြီးဖြစ်၏။ ထို့ကြောင့် ပင်လျှင် သွေးနတ်ဆိုးကလန်မှ နေထိုင်သူများသည် ၎င်းတို့ နေထိုင်ရာ တည်နေရာဆီမှ ဤတည်နေရာ ဆီသို့ ရွှေ့ပြောင်းချင်စိတ် ရှိနေပုံပေါ်သည်။ ဤအရာသည် သဘာဝသာလျှင် ဖြစ်၏။ လောကထဲတွင် ရှိနေသော လူများအနေဖြင့် အင်ပါယာများ ထာဝရ အသက်ရှင်နေထိုင်နိုင်သည့် တည်နေရာ တစ်ခုကို သိရှိသည်ဆိုပါက ထိုနေရာဆီသို့ သွားရောက်ကာ နေထိုင်ချင်ကြမည် မဟုတ်ပါလား။

“သွေးနတ်ဆိုးလောကမှာရှိတဲ့ သက်ရှိသတ္တဝါတွေ မျိုးနွယ်စုအားလုံးရဲ့ ပါရမီရှင်စာရင်းနဲ့ နတ်နယ်မြေအရှင် အဆင့်စာရင်းမှာ ပေါ်ပေါက်လာတယ်ဆိုတာက တစ်စုံတစ်ခုတော့ တစ်စုံတစ်ခုပဲ” လင်းကျန်သည် သေသေချာချာ စဉ်းစားလိုက်မိ၏။

“ဖြစ်နိုင်တာက”

သက်လတ်ပိုင်းလူသည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “သွေးနတ်ဆိုးလောကကြီးက ကျုပ်တို့ လောကကြီးကို ထပ်ပြီး ကျူးကျော်ဖို့ ကြိုးစားတော့မှာလား”

...........

သွေးအရောင်များ ဖုံးလွှမ်းလျက် ရှိနေသည့် တောင်တန်းကြီးတစ်ခု၏ အပေါ်မှာတော့ ကြက်သီးထလောက်စရာ အေးစက်လှသည့် လေများသည် တဟူးဟူးနှင့် တိုက်ခတ်နေ၏။ များပြားလှသည့် သွေးအော်ရာများ ဖြစ်တည်လျက် ရှိနေပြီး ဝိညာဉ်များ၏ အော်ညီးသံကဲ့သို့ တဟီးဟီး အသံများထွက်ပေါ်လျက် ရှိနေ၏။

တောင်တန်းများအကြားမှာတော့ ခမ်းနားလှသည့် ဟောခန်းကြီး တစ်ခုသည် မားမားမတ်မတ် တည်ရှိနေပြီး ဆန်းကြယ်လွန်းလှသည့် အော်ရာများကို ထုတ်ဖော်နေ၏။ ရေတွက်လို့ မရအောင် များပြားလှသည့် ကြောက်မက်ဖွယ်ရာ အော်ရာများသည် လေဟာနယ် တစ်ခုလုံးကို ယှက်သိုင်းလျက် ရှိနေပြီး နတ်ဆိုးနတ်ဘုရား များ တည်ရှိနေသကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဖိအားဒဏ်ကြီးကို ဖြစ်တည်စေသည်။

ဟောခန်း ဟောခန်း တစ်ခုချင်းစီတိုင်း၏ ကြားထဲတွင် သွေးရောင်ချပ်ဝတ်များကို ဝတ်ဆင်ထားသည့် စစ်သည် များသည် သံပြိုင်ဆိုသလို စစ်ချီလျက် ရှိနေ၏။ ၎င်းတို့သည် အေးစက်လှသည့် ချပ်ဝတ်များကို ဝတ်ဆင်ထားပြီး လှံများကို ကိုင်ဆောင်ထား၏။ ရှေ့နောက် ဆိုသလိုပဲ လှည့်လည်ကာ ကင်းစောင့်နေသော စစ်သည်များကလည်း ဒရဟို သွားလာနေသည်။ အကြမ်းဖျင်း ရေတွက်ရမည်ဆိုလျှင် ၎င်းတို့၏ အရေအတွက်သည် အနည်းဆုံး သန်းနှင့်ချီ၏။

တည်နေရာ တစ်ခုလုံးသည် သွေးကဲ့သို့ပင် နီနီရဲလျက် ရှိနေ၏။ ဟိုးအတွင်းပိုင်း တည်နေရာထဲမှ စစ်သည်များသည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြ၏။ မျက်စိနှင့်မြင်ရသလောက် စစ်သည်များ သာလျှင် ဖြစ်၏။ ၎င်းတို့၏ ခြေသံသည် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကိုပင် တုန်ခါစေခဲ့၏။ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် တည်နေရာအနှံ့ဆီသို့ပင် ပျံ့နှံ့နေသည်။

“ဘာတွေဖြစ်နေတာလဲ”

ဟောခန်းတစ်ခု၏ အတွင်းမှာတော့ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ သူတော်စင် တစ်ယောက်၏ စိတ်ဆန္ဒသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ဂုဏ်သိက္ခာထည်ဝါလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေပြီး အမဲရောင်ပုလ္လင် ထက်၌ ထိုင်လျက် ရှိ၏။ သူ၏ ရေခဲကဲ့သို့ အေးစက်လှသည့် မျက်လုံးအစုံဖြင့် တည်နေရာအနှံ့ဆီသို့ လှမ်းကြည့်လိုက်၏။ သူသည် အေးစက်စက်အသံဖြင့် ထပ်မံကာ ပြောလိုက်၏။

“အင်း.. ငါ့ရဲ့ကလန်ကို ဦးဆောင်ပြီး အဲလောကထဲကို ဝင်သွားမယ် ဆိုတာ ဟုတ်ပါပြီ။ ဒါပေမဲ့ သတင်းက ဘယ်လိုဖြစ်ပြီး မြန်မြန်ဆန်ဆန်နဲ့ ပေါက်ကြားသွားရတာလဲ။”

“ပေါက်ကြားသွားရုံတင် မကဘူး။ နတ်နယ်မြေအရှင်စာရင်းထဲမှာတောင် ငါ့ကို ထည့်ထားသေးတယ်။ ဒီသတင်းက အဲလောကကြီးထဲကို ပျံ့နေလောက်ပြီ။ ကောင်းကင်မူလ လောကမှာရှိတဲ့ မျိုးနွယ်စု တွေက ငါတို့ ရှိနေတာကို သတိပြုသွားမိပြီလား မသိဘူး” ဝူဝူရှမ်သည် ဒေါသတကြီး ဖြစ်လို့နေလေသည်။

သူသည် သွေးနတ်ဆိုးလောကဆီမှ တခြားသော လောကဆီသို့ ဖြတ်သန်းကာ ဝင်ရောက်ချင်ခဲ့၏။ ကျိန်းသေပေါက် မည်သူမှ မထင်မှတ်သည့် အချိန်တွင် လှုပ်ရှားမှု အကြီးကြီးကို ပြုလုပ်ရန် ရည်ရွယ်ထားခဲ့ခြင်း သာလျှင်ဖြစ်၏။ သို့ပေမဲ့ အချိန်အခါ မကိုက်ခဲ့ချေ။ စစ်သည်များ မရောက်ရှိသေးခင်မှာပဲ သတင်းသည် အစောကြီးကတည်းက ပေါက်ကြားနေခဲ့ပြီဖြစ်၏။

၎င်းတို့ သွေးနတ်ဆိုးကလန်ထဲတွင် တခြားကလန်တစ်ခုခု၏ သူလျှိုများ တည်ရှိနေခဲ့လေသည်လား။ ထိုအရာကို တွေးကြည့်ပြီးသည့်နောက် ဝူဝူရှမ်၏ အေးစက်လှသည့် အကြည့်များသည် အားလုံးသော သူများဆီသို့ ကျဆင်း သွားခဲ့၏။ ထိုအကြည့်သည် ဓားသွားကဲ့သို့ပင် စူးရှလွန်းလှ၏။ အားလုံးသော သူတို့၏ နှလုံးသားအတွင်းသို့ ဖြတ်သန်းကာ ကြည့်ရှုသွားသကဲ့သို့ပင်။

“ကလန်ခေါင်းဆောင်... စိတ်ကို အေးအေးထားပါအုံး”

ထိုအချိန်မှာတော့ ကျိုင်းတုတ်ကို ကိုင်ဆောင်ထားသည့် အဘိုးအိုတစ်ယောက်သည် အသာလှမ်းလျှောက်လာခဲ့၏။ သူသည် ပြောလိုက်၏။ “အဲလောကထဲမှာ ကောင်းကင် လျှို့ဝှက်နန်းဆောင်လို့ ခေါ်တဲ့အရာတစ်ခု ရှိတယ်။ အဲမှာ လုံလောက်တဲ့ အားအင်အဆင့်ကို ပိုင်ဆိုင်ပြီး ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်စွမ်း ရှိတဲ့သူ ရှိတယ်”

“အမ်”

ဝူဝူရှမ်၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် အနည်းငယ် ပြောင်းလဲသွားခဲ့၏။ သူသည် အဘိုးအိုကို လှမ်းကြည့်ကာဖြင့် ပြောလိုက်သည်။ “တာအိုရောင်းရင်းရန်.... တာအိုရောင်းရင်းရန်ကလည်း ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်တဲ့နေရာမှာ တော်တယ်မဟုတ်လား။ ကျုပ်တို့ သွေးနတ်ဆိုးကလန်က အခုလိုမျိုး ကြိုးစားနေတဲ့ အချိန်အတောအတွင်း ခင်ဗျား တောက်လျှောက် တွက်ချက်ပေးခဲ့တာပဲ မဟုတ်လား”

ရှေးယခင်ကတည်းက အခုထိ ပန်းပဲပညာရပ်၊ ဆေးလုံးသန့်စင်တဲ့ ပညာရပ်၊ နတ်ဘုရားပညာရပ်မျိုးကို ကျွမ်းကျင်လှသည့် လူမျိုးဆိုသည်မှာ တကယ့်ကို ရှားပါးလှသည့် ပါရမီရှင်များဖြစ်၏။ အားအင်အဆင့်သည် သာမန်ဖြစ်သည်ဆိုလျှင်တောင်မှ ၎င်းတို့၏ အခန်းကဏ္ဍသည် ကြီးမားလွန်းလှ၏။

ရွှဲ့ရန် ဟု အမည်ရသည့် အဘိုးအိုသည် ကျင့်ကြံခြင်းအဆင့်၌ သူတော်စင်စဦးအဆင့်သာ ရှိသည်ဆိုသော်လည်း အထင်သေး၍ မရနိုင်ချေ။ ဝူဝူရှမ်နှင့် နှိုင်းယှဉ်၍ မရနိုင်သည် ဆိုလျှင်တောင်မှ ၎င်းအား အထင်အမြင်သေး၍ မရနိုင်ပေ။

“အင်း” ရွှဲ့ရန်၏ မျက်နှာအိုကြီး၌ ရှက်ရွံ့သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူက လည်ချောင်းကို ရှင်းကာဖြင့် ပြောလိုက်မိသည်။ “ကျုပ် တကယ့်ကို လျစ်လျှူရှုခဲ့မိတယ်လေ။ နောက်ပိုင်း ဘာတွေဖြစ်လာမလဲ ဆိုတာကို တွက်ချက်တဲ့အချိန်မှာ ဇဝေဇဝါ ဖြစ်နေမိတယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ အဓိကလူက ကျုပ်ထက် နှစ်ဆလောက် ပိုပြီး အားကောင်းတယ် ဆိုရင်တောင်မှ သွေးနတ်ဆိုးကလန်ရဲ့ အစစ်အမှန် အခြေအနေကို တွက်ချက်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး မလား”

အချက်အလက်အားဖြင့် ရွှဲ့ရန်သည်လည်း ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ သူသည် သေသေချာချာ တွက်ချက်ခဲ့ပြီးသား ဖြစ်၏။ သူတို့၏ သွေးနတ်ဆိုးကလန်သည် အောင်မြင်သည့်အရာများကို ဆုပ်ကိုင်နိုင်မှာ သေချာ၏။ မည်သူမှပင် သတိပြုမိလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဘယ်လိုဖြစ်ပြီး ရုတ်တရက် ပေါ်ပေါက်သွားရသနည်း။ မဟုတ်သေးချေ။

All Chapters