← Chapters

အခန်း (၁၈၇)

Vol. 13 Ch. 187

အခန်း (၁၈၇)

Vol. 13 Ch. 187

အသူရာသိမ်းငှက်ပေါ်ရှိ နန်းတော်ကြီး အတွင်းမှာတော့ ပတ်ဝန်းကျင် တစ်ခုလုံးသည် တင်းကျပ်လျက် ရှိနေ၏။ အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အဖြူရောင် ဆံပင်နှင့် အဘိုးအိုတစ်ယောက်သည် နတ်ဆိုးစွမ်းအင်များ နှင့် လွှမ်းခြုံလျက် ရှိနေပြီး လေထဲ၌ ခြေချိတ်ကာ ထိုင်နေ၏။ ၎င်းသည် ကြောက်မက်ဖွယ် ကောင်းလှသည့် နတ်ဆိုးနတ်ဘုရား တစ်ပါး၏ အရှိန်အဟုန်ကို ထုတ်ဖော်နေ၏။ ၎င်းသည် လေးလေးနက်နက် ပြောလိုက်၏။ "ကျန်းပိုင်ချွမ်း … မင်းပြောခဲ့တာ အမှန်လား"

"တပည့်က ဘိုးဘေးကြီးကို မလိမ်ရဲပါဘူး"

ကျန်းပိုင်ချွမ်းသည် ကိုယ်ပေါ်၌ တောင်ကြီးတစ်ခု ကို တင်ထားရသလို ခံစားလာမိ၏။ သူသည် လေးလေးနက်နက် ဖြင့် ဦးညွှတ်ကာ ပြောလိုက်သည်။ "ဒီသတင်းက ဆရာဆီကနေ လာတာပါ။ ဒီသတင်းရဲ့ အရင်းအမြစ်က ကောင်းကင်လျို့ဝှက် နန်းဆောင်ကနေ ဝယ်ခဲ့တာပဲ"

"ကောင်းကင်လျို့ဝှက် နန်းဆောင် ဟုတ်လား"

အမဲရောင် ဝတ်စုံနှင့် အဘိုးကြီး၏ နှလုံးသားထဲတွင် လှိုင်းထန်သွားခဲ့၏။ လက်ရှိအချိန်တွင် အခြေအနေ တစ်ခုလုံးသည် ဆိုးရွားသည့်ဖက်သို့ ပြောင်းလဲတော့မည်ဟု သူ သိရှိနေ၏။ အတွေ့အကြုံများကို ရရှိပြီးသည့်နောက် ကောင်းကင်လျို့ဝှက် နန်းဆောင်ကို မေးခွန်းထုတ်ရဲသူသည် ဦးနှောက် ကျပ်မပြည့်သူသာလျှင် ဖြစ်ပေလိမ့်မည်။

ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် ကောင်းကင်လျို့ဝှက် နန်းဆောင် ပေါ်ပေါက်လာပြီးသည့်နောက် အကျိုးအမြတ် အရဆုံးဟု ပြောဆိုလျှင် မည်သူမှ ငြင်းပယ်လိမ့်မည် မဟုတ်ချေ။ တခြားသောသူများသည် နန်းဆောင်ကို သံသယဝင်လိမ့်မည် ဖြစ်သော်လည်း သူတို့သည် လုံးဝ သံသယဝင်လိမ့်မည် မဟုတ်ချေ။ ကောင်းကင်လျို့ဝှက် နန်းဆောင်၏ အစစ်အမှန် ပရိတ်သတ်ကို လက်ညိုးထိုးပြပါ ဆိုလျှင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ကိုသာလျှင် လက်ညိုးထိုးရလိမ့်မည်။

"ဆင်းရအောင်"

နှောင့်နှေးခြင်း တစ်ချက်မရှိဘဲနှင့် ဘိုးဘေးကြီးသည် စကားတစ်ခွန်း ပြောဆိုလိုက်၏။ တစ်စုံတစ်ယောက်သည် သူ၏ လက်ထဲတွင် ရှိနေသော စိတ်ဝိညာဉ်ဆေးပင်ကို လာရောက် လုယက်ခြင်းသည် သေလမ်းရှာခြင်းပင် ဖြစ်ပေလိမ့်မည်။

ထို့ပြင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် တစ်ဦးချင်း တိုက်ခိုက်မှု စွမ်းရည်၌ ကျွမ်းကျင်မှု မရှိလျှင်တောင်မှ အစီအရင်နှင့် ပတ်သက်လျှင် ကျွမ်းကျင်လွန်းလှ၏။ ရန်သူမရောက်လာသေးခင် သူတို့၌ သုံးနာရီတိတိ ပြင်ဆင်ရန် အချိန်ရှိသေး၏။ သတ်ဖြတ်ခြင်း အစီအရင်တစ်ခုကို တည်ဆောက်ထားလျှင် တော်ဝင်အင်ပါယာ ရောက်လာလျှင်တောင်မှ သူတို့သည် တိုက်ခိုက်ရန် ယုံကြည်ချက် ရှိ၏။

“ဂီး ….”

အသူရာသိမ်းငှက်ကြီးသည် တောင်ပံကို အသာခတ်ကာဖြင့် အမဲရောင် အလင်းတန်းအဖြစ် အသွင်ပြောင်းကာ တောင်ထွတ် တည်နေရာ တစ်ခုဆီသို့ ဆင်းသက်လိုက်သည်။

တစ်ချိန်တည်းမှာပဲ မိုင်ရှစ်ထောင် အကွာအဝေးရှိ တည်နေရာတစ်ခုတွင် သွေးနတ်ဆိုးကလန်မှ အဖွဲ့ဝင်များသည် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းတို့၏ ခန္ဓာကိုယ်တွင် နတ်ဘုရားအလင်းတန်းများနှင့် ပြည့်နှက်နေပြီး ၎င်းတို့၏ အော်ရာများကို ထိန်းချုပ်ထားကြ၏။ မည်သူမှသည် ၎င်းတို့၏ တည်ရှိမှုကို သတိမပြုမိကြချေ။

"အင်း မကြာခင် ရောက်လာတော့မှာပဲ"

သွေးနတ်ဆိုးကလန်၏ အဖွဲ့ဝင်တစ်ယောက်၏ ခန္ဓာကိုယ်သည် မီးတောက်များနှင့် တောက်လောင်လျက် ရှိ၏။ ၎င်းသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်ကာဖြင့် အဝေးတစ်နေရာသို့ လှမ်းကာ ကြည့်ရှုလိုက်၏။

"နှစ်နာရီကျော်ကျန်သေးတယ်" ဘေးတစ်ဖက်တွင် ရှိနေသည့် လူသည် မထူးခြားသလိုပင် ပြောလိုက်သည်။

"နှစ်နာရီ ဟုတ်လား"

အစောက ပြောဆိုခဲ့သူသည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၏။ "ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းက လူတွေက အရမ်းနှေးလွန်းတယ်။"

"သူတို့က နှေးနေတာ မဟုတ်ဘူး။ ကျုပ်တို့က စောရောက်နေတာလေ။ တာအိုရောင်းရင်း ရွှဲ့ရန်က ဒီငရဲကိုးကောင် နတ်ဆိုးဂိုဏ်းက လူတွေ လာမဲ့ အချိန်ကို ကြိုပြီး တွက်ချက်ခဲ့ပြီးပြီ"

သေမင်းနတ်ဘုရားကဲ့သို့သော လူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် မတ်မတ်ရပ်လျက် ရှိ၏။ သူ၏ တောက်ပလျက်ရှိသော မျက်ဝန်းတစ်စုံသည် ရှေးနတ်မီးအိမ်ကြီးကဲ့သို့ပင် တလက်လက် တောက်ပလျက် ရှိနေ၏။ သူ၏ စွမ်းအားများကိုသာ ထုတ်ဖော်လိုက်ပါက ပတ်ဝန်းကျင်တွင် ရှိနေသည့် လူများသည် ခိုက်ခိုက်တုန်အောင်ပင် ကြောက်လန့်သွားမှာ သေချာ၏။

"ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းက လူတွေ ဖြတ်လာမှာ ဒီနေရာလား။ လာတဲ့အချိန်ကျရင် ဒီနေရာက ကျိန်းသေပေါက် သူတို့ရဲ့ သင်္ချုင်း ဖြစ်လိမ့်မယ်။ "

"အမှန်ပဲ"

ဘေးတစ်ဖက်တွင် ရှိနေသည့် လူကလည်း သဘောတူညီလိုက်၏။ သူ၏ နှုတ်ခမ်းပါးထက်တွင် ရက်စက်သည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ သူက ဆက်လက်ကာ ပြောဆိုလိုက်သည်။ "ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းက လူတွေကို သတ်ဖြတ်ပြီးပြီဆိုရင် ရှိသမျှ အပြစ်တွေ အားလုံးကို မွန်စတားကလန်တွေအပေါ် ပုံချလိုက်မယ်။ ဒါဆိုရင် ဒီလောကကြီးထဲမှာ ပြဿနာတွေ ဖြစ်လာဖို့အတွက် တကူးတက လုပ်နေစရာတောင် မလိုတော့ဘူး"

ရှေးယခင်တုန်းက သွေးနတ်ဆိုးကလန် ပေါ်ပေါက်လာသည့် အချိန်တွင် ၎င်းတို့သည် ထင်ထင်ပေါ်ပေါ် လာခဲ့ကြ၏။ များပြားလှသည့် အမွေအနှစ်များကို ထိန်းချုပ်ပြီး ဤလောကကြီးကို ရယူမည်ဟု ဆုံးဖြတ်ခဲ့ကြ၏။ ယခုမှာတော့ မတူတော့ချေ။ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းမှ လူများကို သတ်ဖြတ်ပြီးနောက် ၎င်းတို့သည် တစ်ချို့သော သဲလွန်စများကို ချန်ထားရပေလိမ့်မည်။ ထိုမှသာလျှင် ၎င်းတို့ငါးစာကို တခြားသူများက လာဟပ် လိမ့်မည်။

"တခြားတာအိုရောင်ရင်းတွေလည်း မလှုပ်ရှားသေးဖို့ ငါအကြံပြုချင်တယ်" သေမင်းနတ်ဘုရားကဲ့သို့သော တစ်စုံတစ်ယောက်သည် မှတ်ချက်ပြုလိုက်၏။

"အချိန်ကို တွက်ရမယ်ဆိုရင် ရောက်သင့်နေပြီ" ဘေးတစ်ဖက်တွင် ရှိနေသော လူလည်း မှတ်ချက်ပြုလိုက်သည်။

"ဟုတ်တယ်"

အလယ်တွင် ရှိနေသည့် လူက ပြောလိုက်၏။ "ဒီတစ်ကြိမ်မှာ တာအိုရောင်းရင်းရွှဲ့ရန်က ကောင်းကင်ရဲ့ လျို့ဝှက်ချက်တွေကို တွက်ခဲ့တဲ့အတွက် တန်ပြန်မှုတွေကို ခံစားခဲ့ရတယ်။ ဒီတော့ အောင်မြင်ပြီးရင် သူတော်စင်အဆင့် ဆေးလုံးတွေကို ပေးရမယ်။ ဒါမှသူ့ရဲ့အတွင်းဒဏ်ရာတွေကို ကုသနိုင်မှာ"

“အင်း … အမှန်ပဲ”

အနီးနားတွင် ရှိနေသည့် လူများသည် ခေါင်းညိတ်လိုက်ကြ၏။ ဤအရာသည် မျှတမှုသာ ဖြစ်၏။ သွေးနတ်ဆိုးကလန်၏ အစီအစဉ် အောင်မြင်ရန်အတွက် ရွှဲ့ရန်သည် ကြီးမားလှသည့် အကျိုးပြုမှုကို ပြုလုပ်ခဲ့၏။ ဤကဲ့သို့သော အကျိုးပြုမှုကို သူတို့သည် လျစ်လျူရှု၍ မရနိုင်ချေ။

များပြားလှသည့်သူများသည် သာမန်ကာလျှံကာ စကားများကို ပြောဆိုရင်း အချိန် ကုန်လွန်သွားခဲ့ကြ၏။ သုံးနာရီ ကြာပြီးသည့်နောက် အလယ်တွင် ရှိနေသည့် သွေးနတ်ဆိုးကလန်မှ လူသည် မေးမြန်းလိုက်၏။ "ဘယ်လောက်ကြာပြီလဲ"

ဘယ်ဖက်တွင် ရှိနေသည့် ကလန်သား တစ်ယောက်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ကောင်းကင်ကို မော့ကြည့်ကာ မသေချာမရေရာဖြင့် ​ပြောလိုက်သည်။ "နှစ်နာရီတော့ ကျော်ပြီနဲ့ တူတယ်"

"နှစ်နာရီကျော်ပြီ ဟုတ်လား။ ကြည့်ရတာ အချိန်မကျသေးဘူးနဲ့ တူတယ်။ နည်းနည်းထပ်ပြီး စောင့်လိုက်ရ အောင်"

အလယ်တွင် ရှိနေသည့် သွေးနတ်ဆိုးသည် ဇဝေဇဝါ ဖြစ်မိနေသည် ဆိုသော်လည်း ထုတ်ဖော် မ​ပြောတော့ချေ။ ရွှဲ့ရန်အပေါ် သူ၏ နားလည်မှုအရဆိုလျှင် ကောင်းကင်၏ လျို့ဝှက်ချက်များကို တွက်ချက်သည့် နေရာတွင် သံသယ ဖြစ်သရာမလိုအောင် တိကျလွန်းသူဖြစ်၏။ အမှားအယွင်းတစ်ခု ဖြစ်သွားလျှင် တောင်မှ ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် အချိန်ကာလတစ်ခုသာ နှောင့်နှေးနေရုံ ဖြစ်လိမ့်မည်။

နောက်ထပ် တစ်နာရီ ကုန်လွန်ပြီးသည့်နောက် အခြေအနေ တစ်ခုလုံးသည် ပိုမိုကာ လေးနက်လာခဲ့၏။ သူတို့ မနက်ကတည်းက ရောက်လာခဲ့ခြင်း ဖြစ်၏။ ယခု နေပင်ဝင်သွားခဲ့ပြီ ဖြစ်၏။ သုံးနာရီမကတော့ချေ။ သို့ပေမဲ့ တစ်ဦးတစ်လေမှ မရောက်လာသည့်အပြင် သရဲ၊တစ္ဆေတောင် မတွေ့ချေ။ ဤမျှ အချိန်ကုန်လွန်ပြီးနောက် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းမှ တစ်စုံတစ်ဦးသည် ဤတည်နေရာ၌ ပေါ်မလာခဲ့ချေ။

"ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းရဲ့ လာရာလမ်းကြောင်းကို ကျုပ်တို့လိုက်သွားရင်ကော ဘယ်လိုလဲ" ကလန်သားတစ်ယောက်က ပြောလိုက်၏။

သူသည် ကြောင်အအနှင့် တိတ်ဆိတ်နေသည့် အခြေအနေတစ်ခုကို ဖျက်ဆီးလိုက်၏။ ဆက်လက်ကာ စောင့်နေပါက ကျိန်းသေပါက် ဇဝေဇဝါဖြင့် ဖြစ်လာပေလိမ့်မည်။ သွေးနတ်ဆိုးတစ်ကောင်ချင်းစီတိုင်းသည် စိတ်ထဲ၌ ကြိတ်ကာ စောဒကတက်လျက် ရှိနေ၏။ ရွှဲ့ရန်၏ ကောင်းကင်၏ လျှို့ဝှက်ချက် တွက်ချက်မှုသည် မယုံကြည်နိုင်စရာပင်။ တစ်မိနစ်၊ တစ်နာရီလောက် လွဲသွားလျှင်ပင် လက်ခံနိုင်သေး၏။ သို့ပေမဲ့ နာရီပေါင်းများစွာ ကြာပြီးသည့် အထိ ပေါ်မလာခဲ့ချေ။ ဤအရာသည် ကျိန်းသေပါက် လွဲမှားမှုကြီးပင်။

"အင်း ရှေ့ကိုသွားကြတာပေါ့"

အလယ်တွင် ရှိနေသည့် သွေးနတ်ဆိုးသည် တည်ကြည်လေးနက်သည့် အမူအရာဖြင့် ​ပြောလိုက်သည်။

ဤနေရာတွင် အလကား အကြာကြီး ထိုင်ခဲ့ပြီးနောက် အားလုံးသောသူတို့၏ စိတ်အခြေအနေသည် ကောင်းမွန်ခြင်း မရှိချေ။ ထိုသူ၏ စကားကို ကြားလိုက်ရသည့် အချိန်မှာတော့ အားလုံးသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်ကြ၏။ လက်ရှိအချိန်တွင် ကောင်းကင်ယံ၌ အလင်းတန်းများ ဖြစ်တည်လာခဲ့ပြီး ၎င်းတို့အနေဖြင့် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း လာရာလမ်းဆီသို့ အသာချဉ်းကပ်သွားလေတော့၏။

All Chapters