အခန်း (၁၉၁)
Vol. 13 Ch. 191
“ဟမ့်”
ဝူဝူရှမ်၏ မျက်လုံးထဲတွင် အေးစက်လွန်းသည့် အလင်းတန်းများ ဖြစ်တည်လာခဲ့သည်။ သူက လေးလေးနက်နက် ပြောလိုက်သည်။ “တာအိုရောင်းရင်းရွှဲ့ ပြောသလိုဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်က ငရဲကိုးကောင်နတ်ဆိုး ဂိုဏ်းရဲ့ ကပ်ဘေးကြီးကို ကြိုသိခဲ့တယ်။ ဒီတော့ ကျုပ်ကိုပြော။ ကောင်းကင် လျှို့ဝှက်နန်းဆောင်က ကျုပ်တို့ သွေးနတ်ဆိုးကလန်က နောက်ကွယ်ကနေ ပြုလုပ်ခဲ့တယ်ဆိုတာ ကြိုသိနိုင်မလား”
“ဒီကိစ္စကို စိတ်မပူပါနဲ့ ကလန်ခေါင်းဆောင်”
ရွှဲ့ရန်သည် သူ၏ မုတ်ဆိတ်မွှေးများကို အသာပွတ်ကာဖြင့် ဉာဏ်ပညာပုလဲလုံးကို အသာထုတ်ကိုင်လိုက်၏။ သူသည် တည်ကြည်စွာ ပြောလိုက်၏။ “ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က အဲလောကမှာ ထိပ်တန်း ကံကြမ္မာဖတ်သူ ဂုဏ်သိက္ခာနဲ့ ထိုက်တန်တဲ့ လူတစ်ယောက်ပဲလေ။ ဒီတော့ သူက ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်တဲ့နေရာမှာ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ကြုံတွေ့နေတဲ့ အရာတွေကို ကြိုသိတယ်ဆိုတာ သဘာဝပဲ။ ဒါပေမဲ့ နောက်ကွယ်က ဘယ်သူလုပ်တယ်ဆိုတာကတော့”
ရွှဲ့ရန်က ဆက်လက်ပြောလိုက်သည်။ “ကျုပ်ကလည်း လွယ်ကူတဲ့ ပြိုင်ဘက်မှ မဟုတ်တာ။ လူသားနဲ့ မွန်းစတားကလန်အသီးသီးက လူငယ် လက်ရွေးစင်တွေ ရှင်းလင်းတဲ့အချိန်မှာ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်နဲ့ ကျုပ် ထိပ်တိုက်တွေ့တာ ပထမဆုံးအကြိမ်ပဲ။ ပြီးတော့ လက်ရှိ ရလဒ်အရဆိုရင် ကျုပ်က နည်းနည်းလေး အခွင့်အလမ်း သာနေပါသေးတယ်”
“ဪ”
ဝူဝူရှမ်သည် မျက်ခုံးကိုပင့်ကာဖြင့် အံ့အားတသင့် ပြောလိုက်၏။ “ခင်ဗျား ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် သေချာနေရတာလဲ”
ရွှဲ့ရန်၏ စကားကို ကြားရသည့်အချိန်မှာတော့ ဝူဝူရှမ်တင်မက အားလုံးသောသူများသည် စိတ်ဝင်တစား ဖြစ်လို့ လာခဲ့သည်။
“ကျုပ်တို့ သွေးနတ်ဆိုးကလန်ရဲ့ ဒီတစ်ကြိမ် လှုပ်ရှားဆောင်ရွက်မှုက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကို ချုံခို တိုက်ခိုက်ဖို့ တစ်ခုတည်း မဟုတ်ဘူး။ အင်ပါရီယာရီကလန်၊ ရွှေကျီးကန်းကလန် စတဲ့ ဂိုဏ်းဂဏ အသီးသီးကို ဝင်ပြီး တိုက်ခိုက်ခဲ့ကြတာပဲ။ ဒါပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကိုပဲ ကူညီခဲ့တယ်။ ကြည့်ရတာ သူ့အနေနဲ့ တခြားနေရာမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ကြိုတင်ပြီး မတွက်ချက်နိုင်ခဲ့ဘူး”
ရွှဲ့ရန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ရှေ့ဆီသို့ လှမ်းတက်လိုက်သည်။ ပြီးသည့်နောက် ခန္ဓာကိုယ်ကို လှည့်ကာဖြင့် ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။ “ဒီတော့ အဲလောကထဲမှာ ကျုပ်တို့ သွေးနတ်ဆိုးကလန်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မရှိနေလောက်ဘူး။ ဒီတော့ နန်းဆောင်သခင်အနေနဲ့ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဖန်တီးပြုလုပ်နေတာ ကျုပ်တို့ဖြစ်တဲ့အကြောင်း မသိတာပဲ ဖြစ်ရမယ်”
“တခြားတစ်ဖက်က ကြည့်ရမယ်ဆိုရင် လူသားနဲ့ မွန်းစတားကလန် အသီးသီးတို့က တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပြီ။ ကျုပ်တို့က အရာအားလုံးကို စီမံနေတယ်ဆိုတာ နန်းဆောင်သခင် သိမယ်ဆိုရင် ဘယ်လိုဖြစ်ပြီး လောကကြီးကို ထုတ်ဖော် မပြောဘဲ နေမှာလဲ”
“ဒါကတော့ အဓိပ္ပာယ်ရှိတယ်”
ထိုစကားကို ကြားရသည့် အချိန်မှာတော့ မူလအားဖြင့် စိတ်လေးလံလျက် ရှိနေသော ဝူဝူရှမ်သည် စိတ်သက်သာရာ ရသလို ဖြစ်နေမိ၏။
သွေးနတ်ဆိုးကလန် အနေနှင့် တခြားသောသူများ၏ ရှေ့တွင် ထင်ထင်ပေါ်ပေါ် မရှိဘူးဆိုပါက အရာအားလုံး အဆင်ပြေနိုင်၏။ လူသားနှင့် မွန်းစတားကလန်တို့သည် နောက်ကွယ်မှ ဖန်တီး စီမံနေသည့်လူကို ရှာဖွေ မတွေ့ရှိဘူးဆိုပါက သူတို့အနေနှင့် လုပ်စရာရှိသည်များကို ချောင်းမြောင်းကာ ပြုလုပ်နိုင်စွမ်း ရှိနေသေးသည်။
လူသားနှင့် မွန်းစတားကလန်တို့ အချင်းချင်း တိုက်ခိုက်အောင် ဖန်တီးပြုလုပ်နိုင်သည် ဆိုပါက အင်ပါယာ ဦးဆောင်သော သွေးနတ်ဆိုးကလန်တစ်ခုလုံးသည် ထိုလောကဆီသို့ ဆင်းသက်ပြီး အားလုံးကို လွှမ်းမိုး သိမ်းပိုက်နိုင်မှာ သေချာ၏။ ဤလောကကြီးထဲတွင် သူတို့ကို တားဆီးနိုင်သည့် လူဟူ၍ မည်သူမှ ရှိလိမ့်မည် မဟုတ်ချေ။
သွေးနတ်ဆိုးကလန်သည် ထိုလောကကြီးဆီသို့ နှစ်ကြိမ်တိုင်တိုင် ချိုးဖြတ်ရောက်ရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သူတို့ အနေနှင့် အချိန်တိုင်း ကံဆိုးစွာဖြင့် ထိုလောကကြီးထဲတွင် ရှိနေသည့် အင်ပါယာနှင့် ထိပ်တိုက် တွေ့လိမ့်မည်ဟု မထင်မှတ်ချေ။
အနည်းဆုံး ရရှိထားသည့် သတင်းအချက်အလက်အရဆိုလျှင် ထိုလောကကြီးထဲတွင် အင်ပါယာ အသစ်တစ်ယောက် ပေါ်မလာသည်မှာ အချိန်ကြာမြင့်လှပြီဖြစ်၏။ တခြားသော အင်ပါယာများ တည်ရှိနေသည် ဆိုလျှင် အတည်ပြုရန် ခက်ပေလိမ့်မည်။ တည်ရှိနေသည် ဆိုလျှင် ၎င်းတို့၏ တောက်ပခဲ့သည့် အချိန်များသည် ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး အရင်ကကဲ့သို့ အားကောင်းလှလိမ့်မည် မဟုတ်ချေ။
“သွေးနတ်ဆိုးကလန်ရဲ့ ကျုးကျော်မှုဆိုတာ တကယ့်ကို ကြီးမားတဲ့ လုပ်ဆောင်မှု တစ်ခုပဲ။ ကျုပ်တို့ ကလန်သားတွေရဲ့ အနာဂတ် ရည်မှန်းချက်အပေါ် မူတည်တယ်။ ပြီးတော့ အမှားအယွင်း တစ်ခုတစ်လေမှ လုပ်လို့ မရဘူး။ ကျုပ်တို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နဲ့ တိုက်ရိုက် ပဋိပက္ခဖြစ်အောင် မလုပ်ဘဲ ကောင်းမွန်တဲ့ အခြေအနေ တစ်ခုကို ဖန်တီးထားနိုင်ရင် ပိုကောင်းမယ်နဲ့တူတယ်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ရဲ့ အားအင်အဆင့်ကို ပြည့်ပြည့်ဝဝ နားမလည်သေးဘူးဆိုရင် နားလည်အောင် ကြိုးစားသင့်တယ်”
ဝူဝူရှမ်သည် သေသေချာချာ စဉ်းစားတွေးတောကာဖြင့် ပြောလိုက်၏။
“အရင်တုန်း ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ရန်သူအဖြစ် ကျုပ်တို့ မသတ်မှတ်ခဲ့ဘူး။ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်တဲ့ လူတစ်ယောက်ဆိုပေမဲ့ လောကနှစ်ခု တိုက်ပွဲကြား ပါဝင်နိုင်တဲ့သူ ဟုတ်ချင်မှဟုတ်မယ်။ ဘယ်လိုပဲပြောပြော ကျုပ်တို့ သွေးနတ်ဆိုးကလန်ရဲ့ အဓိက ပစ်မှတ်က လူသားမျိုးနွယ်နဲ့ မွန်းစတား ကလန်အသီးသီးတို့ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခု အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီ။ နန်းဆောင်သခင်ရဲ့ သတင်း အချက်အလက်တွေက အရမ်း တိကျလွန်းတယ်။ အမှားအယွင်း တစ်ခုက ခွင့်လွှတ်ပေးလို့ရတယ် ဆိုပေမဲ့ နောက်တစ်ကြိမ် ထပ်ဖြစ်ရင် အကုန်လုံး တပ်လန့်ကုန်လိမ့်မယ်”
“ကလန်ခေါင်းဆောင် အနေနဲ့ ဘာလုပ်ဖို့ စီစဉ်ထားလဲ”
ရွှဲ့ရန်သည် အနည်းငယ် မျက်မှောင်ကုတ်ကာဖြင့် အကြံပြုလိုက်သည်။ “နန်းဆောင်သခင်က သာမန်လူတစ်ယောက် မဟုတ်ဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်နဲ့ ရင်ဆိုင်ချင်တဲ့ ရောင်စဉ်အလင်းနတ်နယ်မြေဆိုတာ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့ နတ်နယ်မြေတစ်ခုလုံး ဖျက်ဆီးခံရခြင်း နဲ့ပဲ အဆုံးသတ်ခဲ့တယ်။ အခုအချိန်ထိ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ အစစ်အမှန် အားအင်အဆင့်ကို ဘယ်သူကမှ မသိဘူး။ သူက ကွာစီအင်ပါယာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သူက အပြင်းပြေ ဆော့ကစားချင်တဲ့ အင်ပါယာတစ်ယောက်လည်း ဖြစ်နိုင်သေးတယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားပြီး ရန်ပြုတယ်ဆိုတာ ကျုပ်တို့ သွေးနတ်ဆိုးကလန်အတွက် ပညာရှိတဲ့ ကိစ္စရပ်မျိုး မဟုတ်ဘူး”
များပြားလှသော ဂိုဏ်းအသီးသီးနှင့် အင်အားစုများသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ဦးညွတ်လျက် ရှိနေကြသည်။ သူတို့ သွေးနတ်ဆိုးကလန် အနေနှင့် နန်းဆောင်သခင်ကို သွားရောက်ကာ ပြဿနာရှာမည်ဆိုလျှင် အကြီးအကျယ် ပြဿနာတက်မှာ သေချာ၏။
ရွှဲ့ရန်သည် ထိုအရာကို ယုံကြည်မိ၏။ သူ၏ ကံကြမ္မာဖတ်ခြင်း စွမ်းဆောင်ရည်သည် နန်းဆောင်သခင်ထက် အားနည်းလှမည် မဟုတ်သော်လည်း ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက် မည်ဆိုလျှင် မည်သူက ပိုမိုအားကောင်းသည် ဆိုသည်ကို ဆုံးဖြတ်ရ ခက်ပေလိမ့်မည်။ နန်းဆောင်သခင်သည်သာ သူတို့၏ အစီအစဉ်များကို တွက်ချက်နိုင်သည်ဆိုပါက သွေးနတ်ဆိုးကလန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည့် အရာအားလုံးသည် သဲထဲရေသွန် ဖြစ်သွား ပေလိမ့်မည်။
အကောင်းဆုံးသော ချဉ်းကပ်နည်းဆိုသည်မှာ တစ်ဖက်လူကို ပြဿနာ မရှာခြင်းပင်ဖြစ်၏။ သဲလွန်စ မရှိအောင် သိုသိုသိပ်သိပ်နှင့် လှုပ်ရှားတိုက်ခိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထိုမှသာ နန်းဆောင်သခင်သည် သူတို့ကို ပစ်မှတ် မထားမှာ သေချာ၏။ လူသားနှင့် မွန်းစတားကလန်တို့၏ကြား ပြဿနာများအောင် ပြုလုပ်ခြင်းကသာ ၎င်းတို့အတွက် အကောင်းဆုံး မဟာဗျူဟာသာ ဖြစ်၏။
“တာအိုရောင်းရင်းရန်.. နားလည်မှု လွဲနေပြီ”
ဝူဝူရှမ်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ကျုပ်က ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို တစ်စုံတစ်ယောက် စေလွှတ်ဖို့ စီစဉ်နေတာ မဟုတ်ဘူး။ အဲအစား ကျုပ်က တာအိုရောင်းရင်းရန်ကို ကံကြမ္မာဖတ်ခိုင်းစေချင်တာ။ သူရဲ့ အားအင်အဆင့်နဲ့ မူလအရင်းအမြစ်က ဘာလဲဆိုတာ ခင်ဗျား တွက်ချက်တော့။ အင်း... တာအိုရောင်းရင်းရန် ဒါကို မတွက်ချက်နိုင်ဘူးဆိုရင်လည်း ကျုပ် ခင်ဗျားကို ဒုက္ခ ပေးမှာ မဟုတ်ပါဘူး”
“ဟမ်” ထိုအချိန်မှာတော့ ဟောခန်းထဲတွင် ရှိနေသည့် အားလုံးသောသူများသည် နားစွင့်ကာ ထောင်ထားကြ၏။
ရွှဲ့ရန်၏ မျက်နှာအိုကြီးသည် စိတ်မသက်ဖြစ်သည့် ဟန်ပန်အမူအရာများ ဖြစ်လာခဲ့၏။ စောဏကလေးတင် သူသည် အနည်းငယ် အသာရနိုင်သည်ဟု ယုံကြည်ချက်ရှိရှိ ပြောဆိုခဲ့၏။ ယခု မလုပ်နိုင်ဘူးဟု ပြောဆိုသည် ဆိုပါက ရှုံးနိမ့်သည်ဟု ဝန်ခံရာ ရောက်မည်မဟုတ်ပါလား။
“ဒါ ဘာများ ခက်လို့လဲ”
ရွှဲ့ရန်သည် လက်ကို ကြည့်ကောင်းစွာဖြင့် ခါယမ်းလိုက်၏။ “ကျုပ် အခုပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ အစစ်အမှန် တည်ရှိမှုကို တွက်ချက်ပြမယ်”