အခန်း (၁၉၃)
Vol. 13 Ch. 193
[လက်ခံသူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တွက်ချက်ဖို့ ကောင်းကင်ကို အမှီအခိုပြုခဲ့တဲ့လူကို ကောင်းကင်အပြစ်ပေးမှု စွမ်းအင်တွေနဲ့ သတ်ဖြတ်ပစ်လို့ ရနိုင်တယ်လေ။ သူ့ကို ဘယ်လိုမျိုး ဖျက်ဆီးပစ်မလဲ ဆိုတာကို ဆုံးဖြတ်ဖို့ပဲလိုတယ်]
“ဪ”
လီယွင်သည် အမှတ်တမဲ့ဖြင့် တီးတိုးပင် ရေရွတ်လိုက်မိ၏။ သူသည် အနည်းငယ် စိတ်လှုပ်ရှားလျက် ရှိနေသည်။ သူ၏ စနစ်သည် တစ်စုံတစ်ယောက်ကို လွယ်လွယ်ကူကူဖြင့် သတ်ဖြတ်ပစ်နိုင်သည်ဟု ထင်မှတ်ခဲ့၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ အကန့်အသတ်ရှိလို့ နေခဲ့၏။ သူနှင့်ပတ်သက်သည့် ကောင်းကင်၏ လျှို့ဝှက်ချက်များကို ဝင်ရောက်ကာ ကြည့်ရှုသည့် လူများကိုသာ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိနေ၏။ ထိုလုပ်ဆောင်နိုင်မှုသည် ဘာမှ ထူးခြားလှသည့် အရာ မဟုတ်ချေ။
ဒုတိယအကြိမ် တွေးကြည့်သည့် အချိန်မှာတော့ သူသည် လက်ရှိ အခြေအနေ၌ သူတော်စင်တစ်ယောက် ဖြစ်လို့နေခဲ့၏။ လောကကြီးထဲတွင် စွမ်းအားမြင့် လူတစ်ယောက်ဟု သတ်မှတ်၍ရ၏။ သူ့အနေနှင့် ဘာမှ စိတ်ပူစရာ လိုအပ်သည့် အခြေအနေမျိုး မရှိချေ။
ထို့အပြင် သူ့၌ ကောင်းကင်လျှို့ဝှက်အမှတ် ၁.၅ သန်းပင် တည်ရှိလို့ နေခဲ့၏။ ထိုအရာကို ကောင်းကင်အင်ပါယာကျမ်းစာနှင့် လဲလှယ်ပြီးသည့်နောက် တော်ဝင်အင်ပါယာအဆင့်ဆီသို့ ရောက်ရှိအောင် ကျင့်ကြံနိုင်စွမ်း ရှိနေ၏။ ထို့အပြင် ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်နည်းစနစ်မျိုးကို လဲလှယ်ကာ ကျင့်ကြံနိုင်သေး၏။ သူသာ ဆန္ဒရှိသည်ဆိုပါက အချိန်မရွေး ထိုအရာများကို လဲလှယ်နိုင်၏။
လက်ကျန် ကောင်းကင်လျှို့ဝှက်အမှတ်များကို အသုံးပြုပြီးသည့်နောက် တော်ဝင်သူတော်စင် ထိပ်ဆုံးအဆင့်သို့ပင် မျက်စိတမှိတ်အတွင်း ရောက်ရှိသွားအောင် ပြုလုပ်နိုင်စွမ်း ရှိလို့နေ၏။ ဤအရာနှင့်ပတ်သက်၍ အရေးကြီးလှသည်ဟု မခံယူချေ။ သို့ပေမဲ့ လီယွင်သည် ကောင်းကင်လျှို့ဝှက်အမှတ်များကို ခဏတာ အသုံးမပြုရန် စဉ်းစားလိုက်သည်။
သူ့အနေနှင့် ထိုအရာများကို အရင်ဆုံး စုဆောင်းထားခဲ့ပြီး အင်ပါယာဖြစ်ရန် လုံလောက်သည့် အချိန်ကျမှ တိုက်ရိုက်ဆိုသလိုပဲ အသုံးပြုရန် စီစဉ်ထားခဲ့၏။ အင်ပါယာဖြစ်သည် ဆိုပါက တည်နေရာအနှံ့ရှိ မိုင်သန်းချီ ပတ်လည်သည် သူ၏ လက်လှမ်းမှီရာ အရပ်များ ဖြစ်တည်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့ကို လာရောက်ကာ သတ်ဖြတ်သည့်လူများအား လက်ညှိုးတစ်ချောင်းတည်းနှင့်ပင် လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်စွမ်းရှိပေမည်။
“ငါသာ အင်ပါယာ ဖြစ်မယ်ဆိုရင် တကယ့်ကို နက်နဲလှတဲ့ သိုင်းနည်းစနစ် ရှစ်ဆယ့်ကိုးခုလုံးကို ကျွမ်းကျင်ရမယ်။ ကောင်းကင်နတ်ဆိုးအသွင်ပြောင်းခြင်း သုံးဆယ့်ခြောက်ခုကိုလည်း ကျွမ်းကျင်ပြီး ဖြစ်ရမယ်။ ပြီးတော့ ခေါင်းထက်မှာ အရှေ့အင်ပါယာရဲ့ ခေါင်းလောင်းကို ထားပြီးတော့ ခြေထောက်အောက်မှာ ထိုက်ချိပုံရိပ်ကို နင်းချမယ်။ ဘယ်ဘက်လက်မှာ အင်မော်တယ် ဓားလေးချောင်းကို ကိုင်ဆောင်ပြီး ညာဘက်လက်မှာ ရောင်စဉ် ခုနှစ်ခုသစ်ပင်ကို ကိုင်ဆောင်ထားမယ်။ ဒီလောကကြီးထဲမှာ ဘယ်သူက ငါ့ကို ယှဉ်နိုင်မှာလဲ”
အနာဂတ်နှင့် ပတ်သက်သည့် လှပလှသော မြင်ကွင်းကို စဉ်းစားတွေးတောပြီးသည့်နောက် လီယွင်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ၏စိတ်တစ်ခုလုံးသည် ပြန်လည်ကာ တည်ငြိမ်လာခဲ့၏။
“စနစ်”
လီယွင်သည် မျက်လုံးကို ဖွင့်ကာဖြင့် ပြောလိုက်သည်။ “ငါ့ရဲ့ သတင်းအချက်အလက်တွေကို တွက်ချက်နေတဲ့လူကို ပြောလိုက်။ ငါက သူ့ရဲ့ အစ်ကိုကြီးလို့။ အဲဒီသတင်းအချက်အလက်ကို ပို့ပြီးသွားရင် သူ့ကို ဖျက်ဆီးလိုက်တော့”
[ကောင်းပြီ]
............
သွေးနတ်ဆိုးကလန်၏ ကြီးမားလှသည့် တည်နေရာအတွင်း လူပေါင်းများစွာတို့သည် ရွှဲ့ရန် တစ်ယောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လျှို့ဝှက်ချက်များအား တွက်ချက်နေသည့် မြင်ကွင်းကို စိုးရွံ့စွာ ကြည့်ရှုနေမိ၏။ ဟောခန်း၏ အလယ်ဗဟိုတွင် လှုပ်ရှားမှု ကင်းမဲ့စွာ ရှိနေသည့် ကျောက်တုံးသည် ရုတ်တရက် ချာချာလည်လာ၏။ အားလုံးသော သူတို့သည် အံ့အားသင့်သည့် အမူအရာဖြင့် ကြည့်ရှုလျက် ရှိနေသည်။
ဤကျောက်တုံး လည်ပတ်လျက် ရှိနေစဉ်မှာပဲ ကောင်းကင်၏ လွှမ်းမိုးမှုကို ခံနေရသည့်ပုံပေါ်၏။ ဆန်းကြယ်လွန်းလှသည့် အော်ရာများသည် တည်နေရာထဲတွင် လွှမ်းခြုံလာခဲ့ပြီး တာအို၏ အငွေ့အသက် များ ပေါ်ပေါက်လာခဲ့၏။
ဟောခန်း၏ အထက်တွင် မျက်လုံးဖြင့် မြင်နိုင်စွမ်းရှိသည့် အချိန်၏ မြစ်တစ်ခု ဖြစ်တည်လာခဲ့ပြီး အချိန်၏ စွမ်းအင်များသည် တဟုန်းဟုန်းနှင့် ထွက်ပေါ်နေ၏။ လောကအားလုံးရှိ သက်ရှိသတ္တဝါများ အားလုံးတို့သည် ထိုနေရာတွင် ရှိနေသည့် ရေပွက်လေး တစ်ခုချင်းစီတိုင်း ကဲ့သို့ပင်။
ဟောခန်း၏ အတွင်းဘက်တွင် လူပေါင်းများစွာတို့သည် မျက်လုံးပြူးလျက် ရှိနေ၏။ ၎င်းတို့သည် ရေပွက်များဆီသို့ လှမ်းကာ ကြည့်ရှုပြီး ထိုအထဲတွင် ရှိနေသည့် ပုံရိပ်များကို လှမ်းကာ ကြည့်ရှုရန် ကြိုးစားကြ၏။ သို့ပေမဲ့ ရှုပ်ထွေးလွန်းလှသည့် စွမ်းအင်လှိုင်းတစ်ခုသည် သူတို့အား တားဆီးထားခဲ့၏။ သူတို့သည် အထဲတွင် ရှိနေသည့် အသေးစိတ် အချက်အလက်များကို မြင်ခွင့် မရှိကြချေ။ အနီးကပ်လျက် ရှိနေသည်ဆိုသော်လည်း တခြားသော အချိန်နှင့် တည်နေရာသို့ ရောက်ရှိနေသကဲ့သို့ပင် ၎င်းတို့အား ခံစားရစေသည်။
“တာအိုရောင်းရင်းရန်... ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ဘယ်လိုဆိုတာကို သုံးသပ်လို့ ရပြီလား”
လက်ရှိ အခြေအနေမှာတော့ အနီရောင်ဆံပင်နှင့် မျက်လုံးများကို ပိုင်ဆိုင်သည့် သွေးနတ်ဆိုးတစ်ကောင်သည် လေဟာနယ်ထဲတွင် လှမ်းကာ ပြောဆိုလိုက်၏။
“မမှားနိုင်ဘူး”
ဘေးတစ်ဖက်တွင် ရှိနေသည့် နောက်ထပ် သွေးနတ်ဆိုးတစ်ကောင်က စိတ်လှုပ်ရှားသည့် အမူအရာဖြင့် ပြောလိုက်သည်။ “ကြည့်ရတာ တာအိုရောင်းရင်းရန်က တကယ့်ကို ထူးခြားတဲ့ လူတစ်ယောက်ပဲ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ အသေးစိတ် အချက်အလက်တွေကို စုံစမ်းနိုင်ခဲ့ပြီနဲ့တူတယ်”
“တာအိုရောင်းရင်းရန်က ကျုပ်တို့ သွေးနတ်ဆိုးလောကရဲ့ နံပါတ်တစ် ကံကြမ္မာဖတ်သူတစ်ယောက် အဖြစ် ထိုက်တန်ပါပေတယ်။ အတိတ်ကို တွက်ချက်တဲ့ နေရာများလည်း တော်လွန်းတာပဲ။ အတိတ်တွေ၊ အနာဂတ်တွေ၊ ပစ္စုပ္ပန်တွေ အကုန်လုံးကို ကျွမ်းကျင်တဲ့လူလို့ ပြောရမယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ကို ဖော်ညွှန်းပြသဖို့ စကားလုံးတောင် မရှိတော့ဘူး” ယုံကြည်ချက် အပြည့်ရှိနေသည့် သွေးနတ်ဆိုးတစ်ကောင်က ပြောဆိုလိုက်၏။
“တာအိုရောင်းရင်းရန်က တကယ့်ကို ကျွမ်းကျင်တဲ့ ကံကြမ္မာဖတ်သူ တစ်ယောက်ပဲ” ဝူဝူရှမ်၏ အမူအရာသည်လည်း ပျော်ရွှင်လျက် ရှိနေလေ၏။ ရွှဲ့ရန် စောဏတုန်းက ပြောဆိုခဲ့သည့် စကားလုံးများသည် ဝါကြွားကာ ပြောဆိုခဲ့ခြင်း မဟုတ်ဘဲ တကယ့် အစစ်အမှန်ဖြစ်သည်ဟု သူက ခံစားမိနေ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်ထက် အနည်းငယ် သာလွန်လှသည့် လူတစ်ယောက်ဟု ပြောဆိုခဲ့သည်မှာ တကယ်ပင် မှန်ကန်ပေလိမ့်မည်။
အားလုံးဆွေးနွေးလျက် ရှိနေတုန်းမှာပဲ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လှိုင်းတစ်ခုသည် နေလုံးကြီး တစ်ခုကဲ့သို့ပင် ဖြစ်တည်လာ၏။ ထိုလှိုင်းသည်အထဲတွင်ရှိနေသည့် ကျောက်တုံးကို လွှမ်းခြုံသွားခဲ့တော့၏။ သက်ရှိ သတ္တဝါများ အားလုံးသည် ၎င်းအော်ရာကို ခန့်မှန်းမိသည့် အချိန်မှာတော့ မနေနိုင်ဘဲ တုန်ယင်သွားခဲ့ကြ၏။
“ဟူး”
ရွှဲ့ရန်သည် မျက်လုံးကို ဖွင့်လိုက်၏။ နှစ်ပေါင်းများစွာသော အချိန်၏ စွမ်းအင်များသည် သူ၏ မျက်လုံးထဲသို့ စီးဝင်လာပြီးသည့်နောက် ရေတွက်မရအောင် များပြားလှသည့် သင်္ကေတများအဖြစ် ဖြစ်တည်ကာ အရာအားလုံးကို သူက မြင်နိုင်စွမ်း ရှိလာ၏။ သူသည် အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်ပြီးသည့်နောက် ဟောခန်းအတွင်းတွင် ရှိနေသည့် လူများအားလုံးဆီသို့ လက်ကို အသာလှမ်းလိုက်၏။ ပြီးနောက် ခြောက်ကပ်ကပ်အသံဖြင့် ပြောလိုက်သည်။ “ကံကောင်းတာက ကျုပ်ကို စိတ်မပျက်စေခဲ့တာပဲ”
“သူ တကယ်တမ်း တွက်ချက်နိုင်ခဲ့ပြီလား” ဝူဝူရှမ်သည် ရှေ့ဆီသို့ လှမ်းတက်ပြီး ရွှဲ့ရန်၏ ဘေးနားဆီသို့ လှမ်းလာရန် ပြင်လိုက်၏။ သူသည် စိတ်လှုပ်ရှားဖြင့် ပြောလိုက်၏။
လက်ရှိလောကကြီးတွင် ရေတွက်လို့ မရအောင် များပြားလှသည့် အဖွဲ့ဝင်များသည် သေချာသည့်အရာတစ်ခုကို ရှာဖွေ မတွေ့ရှိနိုင်ပေ။ သို့ပေမဲ့ မထင်မှတ်ထားလောက်ပဲ သူတို့၌ ရွှဲ့ရန်ကို ပိုင်ဆိုင်၏။ ဤအရာသည် တကယ့်ကို ကြီးမားလှသည့် အခွင့်အရေးသာလျှင် ဖြစ်၏။ ရွှဲ့ရန်သာ သူတို့ဘက်၌ တည်ရှိသည်ဆိုပါက အလုံးစုံသော အလုပ်များကို ကောင်းကောင်းမွန်မွန်နှင့် ပြုလုပ်နိုင်မှာ သေချာသည်။
“ကျုပ် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ သတင်းအချက်အလက်တွေကို တကယ်တမ်း ရှာဖွေခဲ့တယ်။ ဒီသတင်းအချက်အလက်တွေကို ကောင်းကင်က ဖုံးကွယ်ထားပြီး လွယ်လွယ်ကူကူနဲ့ ကြည့်လို့မရဘူး။ ဒါပေမဲ့” ရွှဲ့ရန်သည် ဂုဏ်ယူဝံ့ကြွားစွာ မတ်တပ်ရပ်လိုက်၏။ သူ၏ ခန္ဓာကိုယ်အိုကြီးတွင် ယုံကြည်ချက်ရှိသည့် အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ သူသည် အသာပြုံးလိုက်၏။ မျက်နှာပေါ်တွင် ရှိနေသည့် အရေးအကြောင်းများသည် ပိုမိုကာ ထင်ရှားလာခဲ့၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နဲ့ ပတ်သက်ပြီးတော့ တကယ့်ကို အရေးကြီးတဲ့ အကြောင်းအရာ တစ်ချို့ကို ကျုပ်တွက်ချက်မိခဲ့တယ်။ အရမ်း အရမ်းကို အရေးကြီးတယ်”
“တာအိုရောင်းရင်းရန် ပြောသလိုဆိုရင် သတင်းအချက်အလက်တွေက တကယ့်ကို အရေးကြီးတာပေါ့။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ဘယ်သူဖြစ်တယ်ဆိုတာ သိသွားတာ ဖြစ်မယ်” ဝူဝူရှမ်သည် တည်ကြည်စွာဖြင့် ဘေးတစ်ဖက်ဆီမှ ဝင်ကာ ပြောဆိုလိုက်၏။ သူသည် တကယ်ပင် စိတ်အားတက်ကြွလျက် ရှိသည်။
“ကလန်ခေါင်းဆောင် ပြောတာ အမှန်ပဲ။ ကျုပ်လည်း အဲလိုထင်တယ်” ရွှဲ့ရန်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ စွမ်းဆောင်ရည်က တကယ့်ကို အထင်သေးလို့ မရဘူး။ သူက အရာအားလုံးကို ဖုံးကွယ်ထားနိုင်စွမ်းရှိတယ်။ ကံဆိုးတာက”
သူက ဆက်ပြောလိုက်သည်။ “သူက အမှားအယွင်း တစ်ခုကို လုပ်ခဲ့တာပဲ။ သူက လောကမှာရှိတဲ့ သူရဲကောင်းတွေ အကုန်လုံးကို အထင်မြင်သေးခဲ့တာပဲဖြစ်မယ်။ ကျုပ် အတိတ်နဲ့ အနာဂတ်တွေ အကုန်လုံးကို သုံးသပ်ကြည့်ပြီး သွားပြီ။ သမိုင်းတွေ၊ အချိန်မြစ်ရေစီးကြောင်းတွေထဲမှာ သူနဲ့ ပတ်သက်တဲ့ သတင်းအချို့ကို ရှာဖွေတွေ့ရှိခဲ့တယ်”