အစည်းအဝေး
Vol. 16 Ch. 279
အစည်းအဝေးလုပ်တော့ ရွာသားတွေမှာ အစည်းအဝေးနဲ့အစီအစဉ်နဲ့ပက်သက်ပြီး ထင်မြင်ချက်တွေရှိနေကြပြီဖြစ်သည်။
ရွာသားအများစုကတော့ ရှောင်လင်းယွီကို တောင်တွေငှားရမ်းလိုကြသည်။
ပြီးတော့ တောင်တွေက လွတ်နေတာကြာလှပြီ သူတို့ကို ဖွံ့ဖြိုးအောင်လုပ်ဖို့လည်း ငွေမရှိကြဘူး။
ထင်းတွေခုတ်တာ၊ အမဲလိုက်တာနဲ့ မှိုတွေ ဆေးပင်တွေ ကောက်တာကလွဲရင် တောင်တွေဆီကနေ သူတို့များများစားစားသိပ်မရပေ။
ဒါ့ပြင် ဒီဆွတ်ခူးမှုတွေကလည်း ကံပေါ်မှာ တော်တော်မူတည်နေသေးသည်။
သူတို့ကံကောင်းရင်တော့ ရှားပါးတဲ့ တိစ္ဆာန်တွေနဲ့ အပင်တွေကို ဖြတ်သွားမိနိုင်ပေမယ့်လည်း လူတိုင်းကတော့ ကံမကောင်းနိုင်ဘူးလေ။
ဒါပေမယ့်လည်း တောင်တွေကို ငှားရမ်းတာကတော့ မတူပေ။
သူတို့တောင် ရိုးရှင်းတဲ့တွက်ချက်မှုတွေကို သိသည်။
တောင်ခြောက်လုံးက မြေဆယ်မူနဲ့ညီသည်။
ငှားခက တစ်နှစ်ကို ယွမ်၁၅၀ဆိုရင်တောင် အဲ့ဒီတစ်နှစ်လုံးရဲ့စုစုပေါင်းငှားခက ၁.၅သန်းကျော်သည်။
ပျမ်းမျှအားဖြင့် အိမ်ထောင်စုတစ်ခုပင်လျှင် ယွမ်ထောင်ချီရနိုင်သည်။
ပြီးတော့ ဒါကတစ်နှစ်အတွက်ပဲရှိသေးသည်။
ဘာပဲဖြစ်ဖြစ် ရှောင်လင်းယွီက သုံးနှစ်စာငှားခကို တစ်ခါတည်းပေးမှာဖြစ်သည်။
တနည်းအားဖြင့်တော့ ယွမ်သောင်းချီကို တခါတည်းရမည်ဖြစ်ပင်။ ဒါကိုတွေးပြီး လူတော်တော်များများ အရမ်းစိတ်လှုပ်ရှားနေကြသည်။
ဒါပေါ့ အရန်အစီအစဉ်ရှိသေးတဲ့ တခြားသူတွေလည်းရှိသည်။
အရင်က သူတို့ သဲမြေတွေကို ရှောင်လင်းယွီကို ဈေးချိုချိုနဲ့ ငှားခဲ့ကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့မြေတွေကနေ ရှောင်လင်းယွီ ပိုက်ဆံဘယ်လောက်ရမှန်း သူတို့သိရှိသွားကြသည်။
သူတို့အခွင့်အရေးယူခံရသလို ခံစားလိုက်ရသည်။
ပြီးတော့ သူတို့မြေကိုသာ ရှောင်လင်းယွီကို မငှားဘူးဆိုရင် ရှောင်လင်းယွီစတော်ဘယ်ရီတွေအများကြီး စိုက်လို့ရမှာမဟုတ်သလို ပိုက်ဆံအများကြီးလည်းဝင်မှာမဟုတ်တော့ဘူး။
ရှောင်လင်းယွီက သူတို့မြေကို တစ်မူယွမ်၃၀၀နဲ့ငှားပေမယ့် တစ်မူကို သောင်းချီပြန်ရတယ်။
၃၀၀နဲ့ တစ်သောင်း
ကွာခြားမှုကများလွန်းသည်။
ဒါကသူတို့ကို စနိုးစနောင့်ဖြစ်စေသည်။
ရှောင်လင်းယွီက တောင်တွေကို ငှားချင်မှတော့ ဝင်ငွေရတော့မှာ သိသာသည်။
ဒါ့ကြောင့် ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ရှောင်လင်းယွီဆီကနေ ထပ်အလှည့်စားခံလို့မရတော့ပေ။
အစည်းအဝေးကို မနက်ကိုးနာရီမှာ ပြုလုပ်ခဲ့သည်။
ရွာသားတော်တော်များများစောစောလာပြီး ဒီကိစ္စကို ဆွေးနွေးဖို့ စုရုံးခဲ့ကြသည်။
သူတို့တော်တော်များများက ရှောင်ကျန်းယန်နဲ့ သူ့မိန်းမကို မနာလိုနေကြသည်။
ဒီလိုလုပ်နိုင်စွမ်းရှိတဲ့သမီးတစ်ယောက်ကိုရထားလို့ သူတို့ တကယ်ကံကောင်းသည်။
ရှောင်လင်းယွီက လေ့လာတာရော အလုပ်လုပ်တာမှာပါတော်သည်။
သူမက ပိုက်ဆံရှာတာမှာ ပိုတောင်တော်သေးသည်။
အရင်က ရှောင်လင်းယွီ မြေတွေကိုငှားပြီး စတော်ဘယ်ရီတွေစိုက်ချင်တယ်လို့ပြောခဲ့တုန်းက လူတော်တော်များများက သူ့ကို တိတ်တဆိတ်ပျက်ရယ်ပြုခဲ့ကြသည်။
သူစာအုပ်တွေအများကြီးဖတ်ပြီးရူးသွားပြီလို့ ပြောခဲ့ကြသည်။
သူက အပင်မပေါက်နိုင်တဲ့နေရာမှာ စတော်ဘယ်ရီတွေစိုက်မှာတဲ့လေ။
ဒါပေမယ့်လည်း လှောင်ပြောင်မှုတွေက မနာလိုမှုနဲ့ အားကျမှုတွေအဖြစ်ပြောင်းသွားသည်။
ဒီလိုချမ်းသာပြီး ထက်မြက်တဲ့ သမီးမျိုးနဲ့ဆို ရှောင်ကျန်းယန်နဲ့ သူ့မိန်းမက အိမ်မှာပဲနေပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်နေလို့ရသည်။
သူတို့ အလုပ်လုပ်နေဖို့တောင် မလိုတော့ပေ။
ဒါပေမယ့်လည်း ရှောင်လင်းယွီရဲ့ ပညာရေးကို ထောက်ပံ့ဖို့ ရှောင်ကျန်းယန်နဲ့ သူ့မိသားစုကျော်ဖြတ်လာရတဲ့ ဆင်းရဲဒုက္ခတွေကို ဒီလူတွေ မေ့ပစ်လိုက်ကြသည်။
ဒါ့ပြင် လူတော်တော်များများက သမီးတစ်ယောက်အပေါ်မှာ ပိုက်ဆံဖြုန်းနေတာကို ရပ်တန့်ပစ်ဖို့တောင် ရှောင်ကျန်းယန်ကို ပြောခဲ့ကြသေးသည်။
ပြီးတော့ ရှောင်လင်းယွီက နောင်ကျရင် ဘယ်လိုပဲဖြစ်ဖြစ် အိမ်ထောင်ကျသွားမှာပဲလေ။
ဒီလူတွေကတော့ သူတို့အထင်အတိုင်းပဲလုပ်ကြသည်။
သူတို့သမီးတွေကို စာသင်ကြားတာကနေ ရပ်တန့်ပစ်ခဲ့သည်။
မိန်းကလေးတစ်ယောက်က ရေးတတ်ဖတ်တတ်ရင် လုံလောက်ပြီလို့ သူတို့ ထင်ခဲ့ကြသည်။
သူတို့တော်တော်များများက အလယ်တန်းလောက်မှာပဲ နားလိုက်ကြသည်။
ဒီသားတွေကို သမီးတွေထက် ပိုဦးစားပေးမှုက အလားအလာကောင်းတဲ့စွမ်းရည်တွေအများကြီးကို ထိခိုက်စေခဲ့သည်။
ရှောင်ကျန်းယန်နဲ့ သူ့မိန်းမမှာ ဘဝအတွက် မှန်ကန်တဲ့သုံးသပ်ချက်ရှိသည်။
သူတို့ကလေးတွေက genderနဲ့ပက်သက်ပြီး တန်းတူညီတူဆက်ဆံခံရသင့်တယ်လို့ ယုံကြည်ကြသည်။
သူတို့သမီးက သူတို့ကို ပြုစုစောင့်ရှောက်ဖို့ ပြန်မလာဘဲ သူ့ယောက္ခမဘက်နဲ့ပဲနေရင်တောင် တက္ကသိုလ်ဘွဲ့တစ်ခုရှိထားခြင်းက သူတို့သမီးအတွက် အကျိုးရှိစေဦးမည်။
သူတို့က သူတို့ကလေးတွေအတွက် အကောင်းဆုံးကိုပဲ လိုချင်ကြသည်။
ဒါ့ကြောင့် သူတို့ကလေးတွေအတွက် အားလုံးကို စွန့်လွှတ်ခဲ့သည်။
ရှောင်လင်းယွီကလည်း သူတို့ကို ဂုဏ်ယူရအောင်လုပ်ခဲ့သည်။
ချန်းယန်နဲ့ လူငယ်အချစ်ကလွဲပြီးတော့...
သူတို့သူမအတွက် ဘာမှစိုးရိမ်စရာမလိုခဲ့ပေ။
အခု သူမလုံးဝအရွယ်ရောက်လာပြီဆိုတော့ သူတို့ကို ပိုပြီးတောင် ဂုဏ်တက်စေသေးသည်။
သူတို့ရဲ့ဂုဏ်ယူမှုက တခြားသူတွေကို မနာလိုစေခဲ့သည်။
…
“အဟမ်း အဟမ်း”
ရှောင်ထိုက်ယန်က လည်ချောင်းရှင်းလိုက်ပြီး အသံချဲ့စက်ကိုကိုင်ကာ ပြောလိုက်သည်။
“အားလုံးပဲ တိတ်တိတ်နေပေးကြပါ”
လူတိုင်း ငြိမ်ကျသွားသည်။
ရွာသူကြီးက
“လူတိုင်းဒီမှာရှိလား?”
ထောင်ယွမ်ရွာမှာ အိမ်ထောင်စု၁၈၀ကျော်ရှိသည်။
အိမ်ထောင်စုတစ်ခုက မိသားစုဝင်တစ်ယောက်ပဲလာရင်တောင် လူ၁၈၀ရှိလိမ့်မည်။
ကော်မတီအခန်းက သူတို့အကုန်မဆန့်ပေ။ ဒါကြောင့် တချို့က အပြင်ဘက်မှာ ရပ်နေရသည်။
“ရွာသူကြီး၊ ရှောင်ဖူချီရဲ့မိသားစုက ဒီမှာရှိပုံမပေါ်ဘူး”
ရှောင်ဖူချီရဲ့မိသားစုနဲ့ ရှောင်ကျန်းယန်ရဲ့မိသားစုကြားက ဆိုးရွားတဲ့သမိုင်းကို သိပြီးကြလို့ လူတော်တော်များများက ဒါကိုအာရုံစိုက်လိုက်ကြသည်။
“အိုး ရှောင်ချန်းချိုင်ရဲ့မိသားစုလည်း ဒီမှာမရှိဘူးပဲ”
တစ်ယောက်က ပြောလိုက်သည်။
ရှောင်ချန်းချိုင်ရဲ့မိသားစုက ရှောင်လင်းယွီရဲ့မိသားစုနဲ့ လူသိရှင်ကြား ရန်သူတွေဖြစ်သည်။
အကြွေးပြန်ပေးဖို့အတွက် ရှောင်ချန်းချိုင်ရဲ့မိသားစုက ရှောင်လင်းယွီဆီမှာ အလုပ်လုပ်ဖို့ တစ်ယောက်ယောက်ကိုပို့ရမယ့်အပြင် ရွေးချယ်စရာမရှိခဲ့ပေ။
ပြီးတော့ အဲ့ဒီလူကလည်း ရှောင်ချန်းချိုင်ဖြစ်နေသည်။
သူ့အမေနဲ့ သူ့ရဲ့ဆယ့်နှစ်နှစ်ညီလေးကပဲ မိသားစုထဲမှာ ကျန်ခဲ့သည်။
သူ့ရဲ့သားကြီးနှစ်ယောက်က အပြင်ဘက်မှာ အလုပ်ရှာဖို့ ရွာကထွက်သွားကြသည်။
“ဒီမှာမရှိတာ သူတို့မိသားစုတွေပဲနဲ့တူတယ်”
တစ်ယောက်က အနားပတ်လည်ကို ကြည့်ပြီး ပြောလိုက်သည်။
ရွာသူကြီးက
“ထားလိုက်တော့။ သူတို့မလာချင်ရင်လည်း နေပလေ့စေ။ ငါတို့အခုပဲအစည်းအဝေးစမယ်။ ငါတို့ဘာလို့ဒီမှာစုရုံးနေရလဲဆိုတာ အကုန်သိပြီးလောက်ပြီလို့ ငါထင်တယ်။ လင်းယွီက ထောင်ယွမ်ရွာက တောင်ခြောက်လုံးကို ငှားချင်တယ်။ ရွာသူကြီးအနေနဲ့ ငါလူတိုင်းရဲ့အမြင်ကို သိချင်တယ်”
ရွာသူကြီးစကားပြောပြီးသွားတာနဲ့ လူတိုင်း စိတ်ပူနေကြတဲ့ဟာကို တစ်ယောက်က မေးလိုက်သည်။
“ရွာသူကြီး၊ ရှောင်လင်းယွီက ကျုပ်တို့ကို ငှားခဘယ်လောက်ပေးမှာလဲ? တစ်မူကို ဘယ်လောက်လဲ?”
ရွာသူကြီးက အလွန်တည်တည်ငြိမ်ငြိမ်နဲ့
“တောင်နယ်မြေငှားရမ်းခပေါ်လစီအရတော့ တစ်မူကို ယွမ်၁၅၀ပဲ”
“၁၅၀ပဲလား? အရမ်းနည်းလွန်းတယ်”
ရွာသူကြီးပြောပြီးသွားတာနဲ့ နိမ့်ကျတဲ့ဈေးကို လူတွေက သရော်နေကြသည်။
“အနည်းဆုံးတော့ တစ်မူကို ယွမ်၄၀၀လောက်ဖြစ်သင့်တာ။ အနည်းဆုံးအနေနဲ့ ငှားခက သဲမြေငှားခနဲ့ တူသင့်တာလေ”
တစ်ယောက်က စိတ်လှုပ်ရှားနေတဲ့ အမူအယာနဲ့ပြောလိုက်သည်။
ဒါကသူတို့အတွက် နောက်ထပ်ဝင်ငွေကောင်းတစ်ခု ဖြစ်လာလိမ့်မည်။
ရွာသားတော်တော်များများ အလုပ်ဆက်လုပ်ဖို့တောင် မလိုလောက်တော့ပေ။
ရွာသူကြီးက ချက်ချင်းအထင်အမြင်သေးပုံပေါ်သွားသည်။
သူက ထေ့ငေါ့ပြီး၊ “မင်းတို့က မျက်နှာပြောင်တိုက်နေတာပဲ။ တစ်မူကို ၄၀၀။ မင်းတို့ဘာလို့ ဘဏ်သွားပြီးပဲ ဓားပြမတိုက်တာလဲ?”
တစ်ယောက်က မကျေမနပ်ဖြင့်
“ရွာသူကြီး၊ သဲမြေကိုတောင် တစ်မူကို ၄၀၀နဲ့ငှားမှတော့ တောင်မြေကဘာလို့မရရမှာလဲ?”
ရွာသူကြီးက
“သဲမြေက ခြောက်သွေ့မြေရဲ့တစ်စိတ်တစ်ပိုင်းလေ။ ပြီးတော့ လယ်စိုက်ဖို့လည်း သုံးလို့ရတယ်။ ဒါပေမယ့် တောင်မြေကရောတူပါ့မလား? အဲ့ဒီမှာ သစ်ပင်တွေ ကျောက်ဆောင်တွေအများကြီး။
သူတို့ကို အရင်မချဲ့ထွင်ရသေးဘဲ လင်းယွီက စိုက်ပျိုးနိုင်မယ်လို့ ဘယ်လိုလုပ်ထင်နေတာလဲ?
ငါတို့အားလုံးက တစ်ရွာတည်းကလေ။ တောင်မြေကို တစ်မူယွမ်၄၀၀က တစ်ကယ်ကျိုးကြောင်းဆီလျော်တယ်လို့များ မင်းထင်နေလား?
ဒါမှမဟုတ် ရှောင်လင်းယွီကချမ်းသာတော့ မင်းတို့ ကြိုက်သလို ရိုက်စားလုပ်လို့ရမယ်ထင်နေတာလား?
ရှောင်လင်းယွီကို အရူးများအောက်မေ့နေလား?
ဒါမှမဟုတ် ရှောင်ကျန်းယန်နဲ့ သူ့မိသားစုတွေအားလုံးကို အရူးများထင်နေတာလား?”
***