ကံကောင်းမှု
Vol. 16 Ch. 277
မိနစ်နှစ်ဆယ်ကြာပြီးတော့ ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက် ရွာကော်မတီကို ရောက်လာသည်။
တကယ်တမ်းခရီးက ဆယ်မိနစ်သာကြာမည့်ခရီးပင်။
ကျေးဇူးတင်စရာကောင်းစွာပဲ ရွာအကျိုးဆောင်တွေက ရှောင်လင်းယွီ ကိုယ်ဝန်ရှိတာကိုနားလည်ပြီး ဘာမှမပြောကြပေ။
သူတို့က ရှောင်လင်းယွီဘေးက ယောက်ျားဆီသာအကြည့်ရောက်သွားပြီး သူ့ကို ထူးဆန်းစွာ ကြည့်လိုက်ကြသည်။
အဲ့ဒီလူရဲ့အရှိန်အဝါက အရမ်းအားကောင်းလွန်းသည်။
ဘာမှမပြောဘဲဒီတိုင်းရပ်နေတာတောင် သူ့ကို လျစ်လျူရှုထားဖို့ မဖြစ်နိုင်ပေ။
ရွာသူကြီးက ကုန်းထျန်းဟောက်ကိုမြင်ပြီး သူ့ကို အပြုံးတစ်ခုနဲ့ ပျူငှာစွာ နှုတ်ဆက်လိုက်သည်။
“သခင်လေးကုန်း!”
ကုန်းထျန်းဟောက်က ရွာသူကြီးကို ခေါင်းညိတ်ပြလိုက်သည်။
သူက သူစိမ်းတွေကို စကားပြောရတာမကြိုက်ပေ။ ဒါပေမယ့်လည်း သူထောင်ယွမ်ရွာမှာ တော်တော်ကြာနေပြီး အများကြီးပြောင်းလဲသွားသည်။ သူက ရှောင်လင်းယွီအတွက် တိုးတက်လာအောင် ကြိုးစားပေးနေသည်။
ရွာသူကြီးက ရှောင်လင်းယွီကို ကြည့်ပြီး
“လင်းယွီ ထိုင်ပါဦး!”
သူက သူမကို ကျောနောက်မှီနဲ့ခုံရှည်ကို ပြလိုက်သည်။
ရှောင်လင်းယွီထိုင်လိုက်ပြီးတော့ ကုန်းထျန်းဟောက်ကလည်း သူမဘေးမှာ ထိုင်လိုက်သည်။
ကုန်းထျန်းဟောက်က သဘာဝကျကျဝင်ထိုင်လိုက်သည်ကိုမြင်ပြီး လူတိုင်း ဆွံ့အသွားသည်။
သူတို့ ထောင်ယွမ်ရွာကော်မတီအစည်းအဝေးလုပ်နေတာလေ ဒါဆို ဘာလို့ သခင်လေးကုန်းကဒီမှာရှိနေတာလဲ?
ဒါပေမယ့်လည်း ဘယ်သူမှဘာမှမပြောခဲ့ပေ။
ရှောင်လင်းယွီထိုင်ပြီးတော့ ရွာသူကြီးက တိုက်ရိုက်ပဲပြောလိုက်သည်။
“လင်းယွီ မင်းရဲ့ တောင်တွေကိုငှားချင်တဲ့ရည်ရွယ်ချက်နဲ့ပက်သက်ပြီးတော့ နည်းနည်းမေးစရာရှိတယ်။
မှန်မှန်ကန်ကန်ဖြေမယ်လို့တော့ ထင်ပါတယ်”
ရှောင်လင်းယွီက ခေါင်းညိတ်ပြီး
“ဒါပေါ့ ရွာသူကြီး”
ရွာသူကြီးက
“အရင်က ရွာသားတေအားရင် ထင်းခုတ်ဖို့ အမဲလိုက်ဖို့ မှိုစိုက်ဖို့နဲ့ တခြားဆေးဖက်ဝင်ပင်တွေစုဆောင်းဖို့ တောင်တွေဆီသွားကြတယ်။
အခု မေးစရာရှိတာက သမီး တောင်တွေကိုငှားပြီးသွားလို့ရှိရင် ရွာသားတွေ ဒီလိုဆက်လုပ်နိုင်ဦးမလား?”
ရှောင်လင်းယွီက ပြုံးပြီး
“ဒါပေါ့ လုပ်နိုင်တာပေါ့။ သမီးပစ္စည်းတွေ ဒါမှမဟုတ် သီးနှံတွေကို တမင်သက်သက်မဖျက်စီးသရွေ့ အခုလိုပဲ တောင်တွေကိုသွားလို့ရတယ်”
ရှောင်လင်းယွီရဲ့အဖြေကြောင့် ထိုနေရာရှိလူတချို့ အံ့ဩသွားသည်။
သူတို့က အချင်းချင်းကြည့်လိုက်ပြီး ရှောင်လင်းယွီစကားတွေကို လွယ်လွယ်မယုံကြည်နိုင်ပေ။
ရွာသူကြီးက မေးလိုက်သည်။
“လင်းယွီ၊ သစ်သီးပင်တွေစိုက်ဖို့ တောင်တွေကိုငှားဖို့စီစဉ်တာလို့ သမီးပြောတယ်နော်?”
ရှောင်လင်းယွီက ခေါင်းညိတ်ပြီး
“ဟုတ်တယ်။ ဒါပေမယ့် တောင်ရဲ့လက်ရှိအခြေနေကိုတော့ ကျွန်မမဖျက်စီးလိုပါဘူး။ တောင်ရဲ့အလုံးစုံတည်ငြိမ်မှုကို ထိန်းသိမ်းထားဖို့ ကြိုးစားမှာ”
ရွာသူကြီးနဲ့ ရွာအကျိုးဆောင်တွေ မျက်မှောင်ကြုံ့သွားသည်။
သူတို့ ဒါကိုမယုံပေ။
ရှောင်လင်းယွီက အသီးစိုက်ခင်းတစ်ခုစဖို့ ရည်ရွယ်နေရင်း ဘယ်လိုလုပ်ဒါကိုလုပ်နိုင်မှာလဲ?
ရှောင်လင်းယွီက ပြုံးပြီး
“ဒီလိုဆိုရင်ရော? ကျွန်မတို့ စာချုပ်ချုပ်နေတုန်း ဒီကဏ္ဍကိုလည်းထည့်လိုက်မယ်။ ဦးလေး ဘယ်လိုသဘောရလဲ?”
ရွာသူကြီးနဲ့ တခြားသူတွေ ဒါကို ခနဆွေးနွေးလိုက်ပြီး ဒီအကြုံပြုချက်က အဆင်ပြေတယ်လို့ ထင်လိုက်ကြသည်။
ပြီးနောက် ရွာသူကြီးက
“သမီးပြောတာသာမှန်မယ်ဆိုရင်တော့ ဘယ်သူမှကန့်ကွက်စရာမရှိပါဘူး။ လူတိုင်းရဲ့ထင်မြင်ချက်ကိုရဖို့ ရွာလုံးကျွတ်အစည်းအဝေးခေါ်လိုက်မယ်။ ဦးလေးတို့ မဲပေးခိုင်းမယ်။ တစ်ဝက်ကျော်ကျော်ကသဘောတူရင် ဒါအဆင်ပြေပြီပေါ့”
ရှောင်လင်းယွီကပြုံးပြီး
“ကောင်းပြီလေ ကျေးဇူးပါ ဦးလေး”
ရွာအကျိုးတော်ဆောင်တစ်ယောက်က ပြုံးပြီး၊
“လင်းယွီ ငါတို့ကို ကျေးဇူးမတင်ပါနဲ့ဦး။
ပိုကောင်းတဲ့အနာဂတ်အတွက် ထောင်ယွမ်ရွာကလူတွေကိုဦးဆောင်ဖို့ မင်းကိုငါတို့လိုအပ်သေးတယ်။
မင်း လူငယ်တွေကို ဇာတိအိမ်မှာနေရင်းလည်း အနာဂတ်ရှိနိုင်တာကို ပြရမယ်။ ဒီနည်းနဲ့ လူကြီးတွေနဲ့ ကလေးတွေကို စောင့်ရှောက်ဖို့ လူတွေရလာလိမ့်မယ်”
ရှောင်လင်းယွီက နှိမ့်ချစွာနဲ့၊ “ဦးလေး လင်ယီ၊ ဦးလေးက သမီးကိုအထင်ကြီးနေတာပဲ”
“ဟားဟား ကောင်မလေး၊ မင်းအရမ်းနှိမ့်ချလွန်းနေပြီ။ ငါတို့ကြည့်နေတာ
မင်းဘယ်လောက်လုပ်နိုင်စွမ်းရှိမှန်း ငါတို့သိတယ်”
“ဒါပဲလေ၊ မင်းမြို့ကြီးကနေပြန်လာပြီး ရွာရဲ့ပြောင်းလဲမှုတွေကို ငါတို့မျက်မြင်တွေ့လိုက်ရတာပဲ”
“အမှန်ပဲ ပတ်ပတ်လည်မှာ ဝမ်းသာစရာတွေကြီးပဲ။ လယ်စိုက်တာကလွဲပြီး ရွာသားတွေက မင်းမိသားစုမှာ လက်တိုလက်တောင်းလုပ်ပြီးတော့လည်း ပိုက်ဆံရှာနိုင်တယ်။ လူတော်တော်များများရဲ့ဘဝတွေ တိုးတက်လာတယ်”
“ပြီးတော့ အခုမင်းက တောင်တွေကို ငှားတော့မယ်ဆိုတော့ အလုပ်အကိုင်အခွင့်အရေးတောင်ပိုများလာပြီ။ လူတိုင်း တိုးတက်လာကြလိမ့်မယ်လို့ ယုံကြည်တယ်။ ပြီးတော့ တောင်ငှားခတွေကနေ မိသားစုတော်တော်များများ ပိုက်ဆံကောင်းကောင်းရလိမ့်မယ်”
ရှောင်လင်းယွီ တောင်ခြောက်လုံးကို ချဲ့ထွင်လိုက်တာနဲ့ လူအများကြီး အလုပ်ခန့်ရလိမ့်မည်။
ဒါက ရွာသားတွေအတွက် နောက်ထပ် ဝင်ငွေကောင်းကောင်းရနိုင်မယ့်အရာ ဖြစ်လာလိမ့်မည်။
ခုကစပြီးသိပ်မကြာခင် ထောင်ယွမ်ရွာက ရှင်းယင်မြို့နယ်မှာ အဆင်းရဲဆုံးအဖြစ်ကနေ ရပ်သွားလိမ့်မယ်လို့ သူတို့ ယုံကြည်ကြသည်။
ဒါ့ပြင် သူတို့ အချမ်းသာဆုံးရွာတောင် ဖြစ်လာနိုင်သည်။
…
ရွာကော်မတီက ဒီကိစ္စကို အတည်ပြုပြီးတော့ မနက်ဖြန်မနက်အစည်းအဝေးအကြောင်း ရှောင်ထိုက်ယန်က လူတိုင်းကို သတင်းပို့လိုက်သည်။
မိသားစုတစ်စုစီက အနည်းဆုံး ကိုယ်စားလှယ်တစ်ယောက်တက်ရောက်ဖို့ ပို့ပေးရမည်။
ရွာသားတွေက ရုတ်တရက်အစည်းအဝေးကို သံသယဖြစ်နေသည်။
ဘာပဲဖြစ်ဖြစ် ကောလဟာလတွေလည်းရှိနေတော့။
မကြာခင်မှာပဲ ရွာထဲကလူတိုင်း ငယ်ငယ်ကြီးကြီး ရှောင်လင်းယွီက ထောင်ယွမ်ရွာကတောင်တွေကို ငှားတော့မယ်မှန်း သိသွားကြသည်။
“တောင်ခြောက်လုံး အဲ့ဒါမြေမူတစ်သောင်းပဲ”
“ဟုတ်တယ် ရှောင်လင်းယွီက ဒါတွေကို ငှားဖို့ ဘယ်လိုပိုက်ဆံပေးမှာလဲ?”
“သူတောင်မြေတွေကိုငှားဖို့ ဘယ်လောက်ပေးရမလဲ ငါသိချင်မိတယ်?”
“အနည်းဆုံးတော့ တစ်မူကို ယွမ်၂၀၀၀ပဲ။ တောင်ခြောက်လုံးဆိုတော့ အနည်းဆုံး ယွမ်တစ်သန်း နှစ်သန်းရှိတာပဲ။ သူတို့ပိုက်ဆံဘယ်လောက်တောင်ရနေတာလဲ?”
“ငါကြေားတာတော့ သူတို့ စတော်ဘယ်ရီရောင်းတာကနေ သုံးသန်း လေးသန်း ရတယ်ပြောတယ်”
တစ်ယောက်က မနာလိုစွာပြောလိုက်သည်။
“ပြီးတော့ သူတို့မှာ အသီးအနှံတွေစိုက်ပြီး ရောင်းတာကနေလည်း ဝင်ငွေရသေးတယ်”
“သူတို့မိသားစုမှာ မရိတ်သိမ်းရသေးတဲ့ ပဲပိစပ်သုံးမူနဲ့ မြေပဲသုံးမူရှိသေးတယ်လေ။ သူတို့အဲ့ဒီကနေ ဘယ်လောက်ရလဲမသိဘူး”
“မြေပဲနဲ့ ပဲပိစပ်တွေက အသီးအနှံတွေနဲ့ စတော်ဘယ်ရီတွေလိုမျိုး ဈေးမြင့်မြင့်နဲ့ ရောင်းရတယ်ဆိုရင်တော့ သူတို့ ပိုက်ဆံတော်တော်ရမှာပဲ”
“မြေပဲတွေ ပဲပိစပ်တွေအများကြီးပဲကို သူတို့အတိုင်းပဲရောင်းမလား
ဒါမှမဟုတ် အရင်ထုတ်လုပ်လိမ့်ဦးမယ်လို့ထင်လား?”
“သူတို့ ဆီအနေနဲ့ ကြိတ်ချလို့တော့ရတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကောင်းကောင်းရောင်းရမှာပဲ”
တစ်ယောက်က အားကျစွာနဲ့
“သူတို့မှာနွားဘုရင်ငယ်လေးလည်းရှိတာပဲ။ သူတို့ဘာပဲစိုက်စိုက် အောင်မြင်မှာပဲ။ သူတို့မှာ လောကကြီးထဲက ကံကောင်းမှုတွေရှိတာကိုး။ နွားဘုရင်ငယ်လေးက သူတို့ဖို့တော့ အံ့ဖွယ်ပဲ”
“ပြီးတော့ သူကတောင်ခြောက်လုံး ငှားလိမ့်ဦးမှာ။ သူသစ်သီးပင်တွေစိုက်ချင်တယ်ဆိုရင် သူနွားဘုရင်ငယ်လေးရဲ့မစင်တွေကို သုံးဦးမှာပဲလားမသိ။ ဒါပေမယ့် နွားဘုရင်ငယ်လေးက မစင်လုံလုံလောက်လောက်ထုတ်နိုင်ပါ့မလား?”
“ဟုတ်တယ် ရှောင်လင်းယွီ ဘာတွေစီစဉ်နေတာလဲ?”
“ဘယ်သူသိမှာတုန်း? ကောင်မလေးက အမြဲတမ်း ထက်မြက်ပြီး လုပ်နိုင်စွမ်းရှိတယ်လေ။
ဘာပဲဖြစ်နေဖြစ်နေ နောင်မှာ အလုပ်ပိုရချင်တယ်ဆိုရင်တော့ သူ့မိသားစုကို ငါတို့မဆန့်ကျင်သင့်ဘူး”
“အမှန်ပဲ!”
***