← Chapters

မင်းအနားမှာ ကိုယ်ရှိနေတာကို အသားကျသွားမှာပါ

Vol. 16 Ch. 278

မင်းအနားမှာ ကိုယ်ရှိနေတာကို အသားကျသွားမှာပါ

Vol. 16 Ch. 278

သူတို့ခြံဝင်းထဲပြန်ရောက်တော့ ရှောင်လင်းယွီကနှုတ်ခမ်းကိုက်လိုက်ပြီး ကုန်းထျန်းဟောက်ဖက် လှည့်လိုက်သည်။

“သခင်လေးကုန်း ကျွန်မရှင့်ကို တစ်ခု‌လောက်မေးလို့ရမလား?”

ကုန်းထျန်းဟောက်မျက်လုံးတွေဝင်းလက်သွားပြီး သူ့စိတ်လှုပ်ရှားမှုကို ဖုံးမထားနိုင်တော့ပေ။

ဒါက သူမ သူ့ကို လိုအပ်ကြောင်း ဆိုလိုနေခြင်းဖြစ်သည်။

ဒါက သူမက သူ့အပေါ်မှာ ဖြည်းဖြည်းချင်းမှီခိုနေကြောင်း ပြောနေသည်။

ဒါက တိုးတက်မှုတစ်ခုဖြစ်ပြီးတော့ ဂုဏ်ပြုရလောက်အောင်ကို ထိုက်တန်သည်။

ကုန်းထျန်းဟောက်က ပြုံးပြီး

“ဒါပေါ့ ကိုယ့်ကို ဘာဖြစ်ဖြစ် မေးလို့ရတယ်။ ကိုယ့်အနားမှာ အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး”

“…”

ရှောင်လင်းယွီ ကုန်းထျန်းဟောက်ရဲ့ သိသိသာသာပျော်ရွှင်နေတဲ့အမူအယာကို ကြည့်ပြီး တံတွေးမျိုချလိုက်သည်။

ဒါပေမယ့်လည်း အဆုံးကျတော့ သူမက၊ “နောင်ကျရင် သခင်လေးကုန်း ကျွန်မအနားကို အရမ်းမကပ်လို့ရမလား?

ကျွန်..ကျွန်မနေသားမကျဘူး”

ကုန်းထျန်းဟောက် “...”

သူ့မျက်နှာပေါ်ကအပြုံးက ခနတာ အေးစက်သွားသည်။

ပြီးနောက် သူက တည်ငြိမ်တဲ့လေသံနဲ့

“လင်းယွီ ဒါကိုမှတ်ထား။ မင်းအခုနေသားမကျလည်းအဆင်ပြေတယ်။ မင်းဖြည်းဖြည်းချင်းသွားလို့ရတယ်။ ဒါပေမယ့်လည်း နောင်ကျရင် မင်းအနားမှာကိုယ်ရှိနေတာကို အသားကျသွားမှာပေါ့”

ရှောင်လင်းယွီက ဒါကိုကြားပြီး နှလုံးခုန်ရပ်လုမတတ်ဖြစ်သွားသည်!

သူမ မူးမိုက်လာဟန်တူပြီး သူ့စိတ်က ဗလာဖြစ်သွားခဲ့သည်။

သူမစိတ်ထဲမှာ စကားတစ်ခွန်းက ပဲ့တင်ထပ်နေသည်။

‘မင်းအနားမှာ ကိုယ်ရှိနေတာကို အသားကျသွားမှာပါ!’

‘မင်းအနားမှာ ကိုယ်ရှိနေတာကို အသားကျသွားမှာပါ!’

‘ဘာ...သူကဘာကိုဆိုလိုတာလဲ?’

ရှောင်လင်းယွီက ကုန်းထျန်းဟောက်ကို ကြက်သေသေအောင်ကြည့်နေခဲ့ပြီး အချိန်ကြာသည်အထိ အသိပြန်မဝင်နိုင်ဖြစ်နေသည်။

သူမ သူ့ကို ကြည့်နေတုန်း ကုန်းထျန်းဟောက်ရဲ့မျက်နှာထားကလည်း တည်ငြိမ်နေသည်။

ပြီးနောက် သူက လက်ဆန့်ကာ သူမရဲ့ဖြူဆွတ်ပြီးနူးညံ့တဲ့မျက်နှာကို ကြင်နာစွာပွတ်သပ်လိုက်ပြီး ညင်သာသောလေသံဖြင့်

“ယွီအာ မင်းဘာစဉ်းစားနေမှန်း ကိုယ်သိတယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။ ကိုယ်မင်းကို အချိန်ပေးပါ့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်မင်းဘေးမှာ အမြဲတမ်းရှိနေမှာ!”

၎င်းကိုပြောပြီး သူ့ခေါင်းကိုငုံ့လိုက်ပြီး သူမကို လွှတ်မပေးခင် နဖူးကို နမ်းလိုက်သည်။

ပြီးနောက် သူက သူမကို လေးလေးနက်နက်ကြည့်ပြီး ထွက်သွားသည်။

ကုန်းထျန်းဟောက်ထွက်သွားပြီးကြာသည့်တိုင် သူမ အသိပြန်ဝင်မလာသေးပေ။

ဒီလူက...အရမ်းလွန်လွန်းတယ်!

“ယွီအာ သမီးဘာလို့ခြံတံခါးမှာ ရပ်နေတာလဲ?”

မေမေရှောင်က ရှောင်လင်းယွီကို မသင်္ကာစွာကြည့်လိုက်သည်။

“သမီးမျက်နှာ ဘာလို့အရမ်းနီနေရတာလဲ? ဘာလို့အထဲမဝင်တာတုန်း? အဲ့ဒီမှာရပ်ပြီး နေပူဆာလှုံနေရင် ပူလာမှာပေါ့”

သူမမျက်နှာက နီရဲနေပြီး အကြည့်တို့က ထုံထိုင်းနေသည်။

ရှောင်လင်းယွီက သူ့အမေကိုကြားပြီး လက်တွေ့သို့ အသိပြန်ဝင်လာသည်။

သူမဘေးပတ်လည်ကိုကြည့်ပြီး ကုန်းထျန်းဟောက် ပြန်သွားပြီမှန်း သဘောပေါက်သွားသည်။

သူမပါးတွေကိုမပုတ်ခင် ခနမျှ အံ့အားသင့်နေသေးသည်။

“ရှောင်လင်းယွီ၊ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားစမ်း!”

မေမေရှောင်က ရှောင်လင်းယွီကို နားမလည်သည့်ပုံနှင့်ကြည့်ပြီး မေးလိုက်သည်။

“ယွီအာ သမီးမျက်နှာကို ဘာလို့ပုတ်နေတာလဲ?

အဲ့လောက်တောင်ပူနေတာလား?”

“…”

ရှောင်လင်းယွီက

“ဟုတ်တယ် အမေ”

“ဒါဆိုရင် သမီး အမြန်အထဲဝင်တာကောင်းမယ်”

မေမေရှောင်က ပြောလိုက်သည်။

ပြီးနောက် သူမက

“ယွီအာ ဒါနဲ့ သမီးဘာလို့ အပြင်ဘက်နေပူထဲမှာ ရပ်နေတာလဲ?”

ထို့နောက် မေမေရှောင်က ခြံထဲမှာ လက်ဖက်ရည်သောက်နေတဲ့ သခင်ကြီးကုန်းကို မြင်သွားသည်။

မေမေရှောင်က

“အကြီးအကဲကုန်း၊ ရှင်ဒီနေ့ဘာစားချင်လဲ?”

သခင်ကြီးကုန်းရဲ့မျက်လုံးတွေ ချက်ချင်း ဝင်းလက်သွားပြီး သူက

“ချိုးယင်း၊ ငါဘာစားချင်စားချင် မင်းချက်ကျွေးမှာလား?”

မေမေရှောင်က ခေါင်းညိတ်ပြီး

“ဒါပေါ့!”

“ဒါဆိုရင် ငါဝက်သားနှပ်စားချင်တယ်။ ဆားစိမ်ထားတဲ့အသီးအရွက်တွေနဲ့ ဝက်လက်လေး။ ဝက်လက်နှပ်နဲ့ ပြီးတော့...”

သခင်ကြီးကုန်းက ချက်ချင်း ဟင်းတွေမှာလိုက်သည်။

မေမေရှောင်က သခင်ကြီးကုန်း ပြောတာပြီး‌ဆုံးပြီး အဆက်ပြတ်တဲ့ထိ စောင့်မနေလိုက်ပေ။

သူမက ညင်သာစွာ သက်ပြင်းချလိုက်ပြီး ၊ “သခင်ကြီး အဲ့ဒါအသားတွေအများကြီးပဲ။ အဲဒီအစား ကျွန်မရှင့်ဖို့ တချို့အသီးအရွက်တွေချက်ပေးမယ်”

သူမကပ်စေးနှဲနေတာမဟုတ်ဘဲ သခင်ကြီးကုန်းက အသားအရမ်းမစားနိုင်၍ဖြစ်သည်။

သခင်ကြီးကုန်းရဲ့ ကျန်းမာရေးကြောင့် သူကအသားနည်းနည်းပဲစားပြီး အသီးအရွက်တွေပိုစားသင့်ကြောင်း ဒေါက်တာဟွမ်က သူတို့ကို ပြောထားသည်။

စိတ်ပျက်သွားတဲ့သခင်ကြီးကုန်းက အသနားခံလိုက်သည်။

“ချိုးယင် ဒီအဘိုးကြီးကို နည်းနည်းတော့သနားပါဦး။ ငါညဘက်မှာအိပ်မရလောက်အောင်ကို အသားစားချင်နေတာ။ ငါ့ဆန္ဒလေးကို တစ်ခါလောက်‌တော့ ဖြည့်ဆည်းမပေးချင်ဘူးလား?”

မေမေရှောင်က ပြတ်ပြတ်သားသား ငြင်းလိုက်သည်။

“မပေးချင်ဘူး အကြီးအကဲကုန်း၊ ရှင့်ကျန်းမာရေးက အရေးအကြီးဆုံးပဲ”

ထိုသို့ပြောပြီးနောက် မေမေရှောင်က သခင်ကြီးကုန်းကို မသိကျိုးနွံပြုလိုက်ပြီး မီးဖိုချောင်သို့ တည့်တည့်သွားလိုက်သည်။

သခင်ကြီးကုန်းရဲ့အကြည့်တွေက သူမနဲ့အတူ ပါသွားသည်။

ရှောင်လင်းယွီက ဒါကို ရယ်စရာကောင်းပြီး သဘောကျစရာလို့ ထင်နေသည်။

ရှောင်လင်းယွီ ပြုံးလိုက်သည်။

ထိုအချိန်မှာ သခင်ကြီးကုန်းက ရှောင်လင်းယွီကို သတိပြုမိသွားသည်။

သူက တစ်ခုခုတွေးလိုက်ပြီး၊ “မိန်းကလေး ငါ့ကိုကြည့်ပါဦး။ ငါကစားဖို့ အသားနည်းနည်းပဲလိုချင်တာ။ မင်းအမေက မင်းကို အချစ်ဆုံးပဲ။ မင်းအသားနည်းနည်းစားချင်တယ်လို့ ချိုးယင်ကိုပြောလိုက်။ ပြီးရင် သူမင်းဖို့ ချက်ပေးလိမ့်မယ်”

ရှောင်လင်းယွီ “...”

ဒီအဘိုးကြီးက သူ့အကြံအစည်ကို ငါ့ဆီလာလွှဲချနေတယ်။

“အကြီးအကဲကုန်း ဆရာဝန်က ကျွန်မဗိုက်ကအရမ်းကြီးလာနေလို့ ကျွန်မစားနေကျအစားအစာကို ထိန်းချုပ်ရမယ်လို့ ပြောထားတယ်။

မဟုတ်ရင်တော့ ကျွန်မဗိုက်အရမ်းဖောင်းလာရင် မွေးဖွားဖို့ လွယ်မှာမဟုတ်တော့ဘူး။

ဒါကြောင့် ကျွန်မ အသားစားချင်တယ်လို့ အမေ့ကို ပြောရင်တောင် အမေက ကျွန်မကို ယုံမယ်ထင်လို့လား?”

သခင်ကြီးကုန်းက ကလေးတစ်ယောက်လို နှုတ်ခမ်းစူနေသည်။

“ဂရုမစိုက်ဘူး။ ငါအသားစားချင်တယ်။ မဟုတ်ရင်တော့ မင်းနဲ့ ထျန်းဟောက်က ခြံတံခါးမှာ အခုလေးတင် ဖက်ပြီး နမ်းနေကြတာကို ငါ ချိုးယင်ကို ‌သွားပြောလိုက်မယ်”

သူက သူမကို ခြိမ်းခြောက်နေသည်။

“မလုပ်နဲ့!”

ရှောင်လင်းယွီရဲ့မျက်နှာထား ချက်ချင်း ပြောင်းသွားသည်။

‘ဒီတော့ သူအကုန် မြင်လိုက်တယ်ပေါ့’

ပြီးနောက် သူမက အံကြိတ်ပြီး

“ကောင်းပြီ ကျွန်မ ဝက်လက်စတူးစားချင်တယ်လို့ အမေ့ကို သွားပြောပေးမယ်။

ရပြီလား?”

အနည်းဆုံးတော့ ဒီဟင်းက အဲ့လောက်မဝပေ။

သခင်ကြီးကုန်းက သူ ဝက်သားနှပ်လိုချင်သေးကြောင်းလည်း ပြောပြန်သည်။

ရှောင်လင်းယွီက သူ့အတွေးကနေ တစ်စုံတစ်ခု တွေးမိသွားဟန်တူပြီး

“အကြီးအကဲကုန်း

ကျွန်မ ဟင်းတစ်ပွဲပဲ တောင်းလို့ရမှာ။ ထပ်တောင်းရင်တော့ အဲ့ဒီတစ်ပွဲတောင် ရမှာမဟုတ်တော့ဘူး”

သခင်ကြီးကုန်းက ဒါကိုကြားပြီးတော့ ခနလောက်တွေးပြီး အင်တင်တင်နဲ့ လက်ခံလိုက်သည်။

“ကောင်းပြီလေ ဒါဆိုလည်း ဝက်လက်စတူးပေါ့”

ရှောင်လင်းယွီက သူ့ရဲ့‌ဖောင်းနေတဲ့ ဗိုက်နဲ့ မီးဖိုထဲဝင်သွားပြီး ကျယ်လောင်စွာဖြင့်

“အမေရေ သမီး ဝက်လက်စတူးစားချင်တယ်”

မေမေရှောင်က ချက်ချင်းပင်

“အဓိပ္ပာယ်မရှိတာ! နင့်ဗိုက် အခုဘယ်လောက်ဖောင်းနေပြီလဲမမြင်ဘူးလား? ဒေါက်တာက သမီးရဲ့ အစားအသောက်ကို ထိန်းချုပ်ရမယ်လို့ ပြောသွားတယ်လေ”

ရှောင်လင်းယွီက ချက်ချင်းထပ်ပြီး

“အကြီးအကဲကုန်းလည်း ဝက်လက်စတူးစားချင်နေတယ်”

အပြင်ဘက်ကနားထောင်နေတဲ့ အကြီးအကဲကုန်းက

“…”

ဒီကောင်မလေးက ဒါကို တမင်သက်သက်လုပ်နေတာဖြစ်ရမယ်

မေမေရှောင်က

“ကောင်းပြီလေ လူနှစ်ယောက်တောင် ဒါကိုစားချင်မှတော့ အမေ ချက်ပေးမယ်”

ရှောင်လင်းယွီက

“အမေ ဒီဟာကိုပဲ အသားဟင်းလုပ်နော်။ ကျန်တာတွေက အသီးအရွက်ဟင်းတွေဖြစ်လို့ရတယ်”

“ဟမ်? အကုန်လုံးက အသီးအရွက်တွေပဲလုပ်ပြီး ဒီတစ်ခုတည်းလား?”

မေမေရှောင်က မျက်မှောင်ကျုံ့သွားသည်။

“ဒါအရမ်းတော့မကောင်းလှဘူး။ ရှောင်ကျန်း ရှောင်ဝမ်နဲ့ တခြားသူတွေလည်း အသားစားရတာကြိုက်တာပဲ”

“အမေ သူတို့ကိုကြည့်ဦး။ သူတို့က သမီးထက်တောင် ဝနေပြီ! သူတို့ အသားလျှော့စားသင့်တယ်!”

ရှောင်လင်းယွီက အေးဆေးစွာဖြင့် ပြောလိုက်သည်။

ရှောင်ကျန်းနဲ့ ရှောင်ဝမ် “...”

ငါတို့က ဖြူစင်ပါတယ်!

သခင်ကြီး ဘာလို့ ကျွန်တော်တို့ကို ဒီလိုလုပ်ရတာလဲ?

***

All Chapters