ယွင်ထင် ပေါ်ထွက်လာပြီ
Vol. 147 Ch. 2191
ယခင်က ဆူဇီမိုသည် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်မှာ ကြီးမားစွာ ဂယက်ရိုက်စေခဲ့ပြီး မဟာကျင်းအင်မော်တယ်နိုင်ငံတစ်ခုလုံး၏ အမဲလိုက်ခြင်း ခံခဲ့ရ၏။ သို့သော်လည်း အဲဒါသည် မဟာကျင်းအင်မော်တယ်နိုင်ငံမှာသာ ဖြစ်လေသည်။
ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်၏ အဖွဲ့အစည်းများနှင့် ကျင့်ကြံသူ အများစုသည် သူ့ကို စိတ်အာရုံစိုက်ဖို့နေနေသာ သူ့နာမည်ကို တစ်ခါမှပင် မကြားဖူးခဲ့ပေ။
အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှ တိုက်ပွဲသည် သူ့ကို ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်၏ အထက်တန်းလွှာများ၏ မြင်ကွင်းထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်စေခဲ့ခြင်း ဖြစ်၏။
တကယ်တော့ အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲကို နှစ်တစ်ရာတိုင်းမှာ တစ်ကြိမ်ကျင်းပလေသည်။
ရွေးချယ်ပွဲ၏ နံပါတ်တစ် ပုဂ္ဂိုလ်ပင်လျှင် စိတ်အာရုံများစွာကို ရရှိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း လွန်ခဲ့သည့် နှစ်တစ်ထောင်က အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲအတွင်း မထင်မှတ်ထားသော အခြေအနေများစွာ ပေါ်ထွက်လာခဲ့၏။ အဲဒါက အတော်လေး ဂယက်ရိုက်ခဲ့ပြီး နတ်မိမယ်နှစ်ပါးကိုပင် ပေါ်ထွက်စေခဲ့ကာ ဆူဇီမိုက ထင်ရှားပေါ်လွင်ခဲ့၏။
တကယ်တော့ ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ အထွတ်အထိပ် ကျင့်ကြံသူများအတွက် လူတိုင်းစိတ်အာရုံစိုက်ခဲ့သည်မှာ ဒုံမင်းအင်မော်တယ်နှင့် ပန်းချီအင်မော်တယ်၏ ပေါ်ထွက်လာမှုနှင့် ပန်းချီအင်မော်တယ်၏ ကောလာဟလများ ဖြစ်လေသည်။
ဆူဇီမိုသည် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲ၏ နံပါတ်တစ်ဖြစ်ပြီး ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သား တစ်ရာကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ကြားသိရသောအခါ သူတို့သည် အံ့အားသင့်ရုံသာဖြစ်ပြီး ထိုအကြောင်းကို အလျင်အမြန် မေ့ပျောက်သွားကြ၏။
နှစ်တစ်ထောင်ကြာပြီးနောက် ဤတိုက်ပွဲ၏ သက်ရောက်မှုက အတော်လေး လျော့ကျသွားခဲ့ပြီဖြစ်၏။
ဆူဇီမိုသည် ဤကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ၅၀တွင် ရပ်တည်နိုင်ခဲ့သည့် အချက်ကပင် အငြင်းပွားဖွယ်နှင့် သံသယများစွာကို ဖြစ်စေနေခဲ့ပြီဖြစ်၏။
မင်းသမီး သက်တံနီကလည်း သူ၏ အဆင့်သတ်မှတ်ချက်ကို သတိထားမိသွားပြီး ပြုံး၍ သူမ၏ နှုတ်ခမ်းကို စူလိုက်၏။
“တခြားကျင့်ကြံသူတွေရဲ့ အဆင့်သတ်မှတ်ချက်တွေကို ခဏထား.. ဂျူနီယာမောင် ဆူရဲ့ အဆင့်သတ်မှတ်ချက်ကတော့ သေချာပေါက် တိကျမှု မရှိဘူး”
“နင် ပြောတာ သေချာလို့လား”
ရှဲ့ချင်းချန်က ပြုံး၍ မေးလိုက်၏။
မင်းသမီး သက်တံနီက ဝါးစာလိပ်ပေါ်မှာ နာမည်နှစ်ခုကို လက်ညှိုးထိုးပြီး ပြောလိုက်၏။
“အဆင့် ၂၃မှာ ရှိတဲ့ တို့ယွမ်က ဂျူနီယာမောင် ဆူရဲ့ ထိုးချက်တစ်ချက်နဲ့ နောက်လန်ကျသွားခဲ့တယ်.. အဆင့် ၅၇မှာ ရပ်တည်နေတဲ့ ရွှယ်ယန်ကလည်း ဂျူနီယာမောင် ဆူရဲ့ လက်ဝါးရိုက်ချက်တစ်ချက်နဲ့ ဒုက္ခိတဖြစ်သွားခဲ့တယ်”
“ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲ စတင်လာတဲ့အချိန်မှာတောင် ရွှယ်ယန်က သူ့နဂိုအခြေအနေကို ပြန်ရောက်လောက်မှာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်”
“အို..”
ရှဲ့ချင်းချန်က အနည်းငယ် အံ့အားသင့်သွား၏။
“ဆိုတော့.. ရွှယ်ယန်က ညီအစ်ကိုဆူကြောင့် ဒဏ်ရာရရှိခဲ့တာပဲ”
သူသည် အနည်းငယ် နောက်ကျမှ ရောက်ရှိလာခဲ့ပြီး ရွှယ်ကလန်မှ လူတိုင်းက ဒဏ်ရာရရှိနေသော ရွှယ်ယန်ကို ခေါ်ထုတ်သွားသည်ကိုသာ သူက တွေ့မြင်ခဲ့ရ၏။ သို့သော်လည်း အဲဒါက ဆူဇီမို၏ လက်ချက်ကြောင့်ဆိုတာကို သူက မသိခဲ့ပေ။
“ဒီလိုသာဆိုရင် ညီအစ်ကိုဆူရဲ့ အဆင့်သတ်မှတ်ချက်က ဒီထက်ပိုပြီး တကယ်ပဲ ပိုမြင့်မားသင့်တယ်”
ရှဲ့ချင်းချန်က ခေါင်းညိတ်လိုက်၏။
မင်းသမီး သက်တံနီက ပြောလိုက်၏။
“ကျွန်မ အထင်တော့ ဂျူနီယာမောင် ဆူရဲ့ တိုက်ခိုက်ရည်ခွန်အားက သေချာပေါက် ကျွန်မရဲ့ အထက်မှာ ရှိတယ်.. သူက ထိပ်ဆုံး အဆင့် ၁၀ ဒါမှမဟုတ် ထိပ်ဆုံး ၅ယောက်ထဲတောင်မှ ဝင်ရောက်နိုင်လောက်တယ်”
ရှဲ့ချင်းချန်က မည်သည့်စကားမှ မဆိုဘဲ ပြုံးလိုက်၏။
သူက အဲဒါကို သဘောမတူသော်လည်း ငြင်းဆန်နေခြင်း မရှိပေ။
မင်းသမီး သက်တံနီက စတုတ္ထမြောက် ဝါးချပ်ကို လက်ညှိုးထိုးပြီး ပြောလိုက်၏။
“အဆင့် ၄မှာ ရပ်တည်နေတဲ့ ထျဲဟန်ရဲ့ သရုပ်သကန်ကို ကြည့်လေ.. သူက ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားတွေရဲ့ ခေါင်းဆောင်တပ်မှူးတစ်ယောက်ပဲ”
“အရင်တုန်းက ဂျူနီယာဆုက ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သား တစ်အုပ်စုကို တစ်ယောက်မကျန် လက်စဖျောက်ပစ်ခဲ့ဖူးတယ်.. ကျွန်မ အထင်တော့ ဒီမဟာခေါင်းဆောင်တပ်မှူးက သိပ်လည်း မဟုတ်ပါဘူး”
ဆူဇီမိုကလည်း ထိုလူကို သတိထားမိ၏။
“အမည် - ထျဲဟန်”
“အဆင့် - အဆင့် ၉ ကမ္ဘာမြေအင်မော်တယ်”
“တိုက်ပွဲမှတ်တမ်း - သူသည် အဆင့် ၇ ကမ္ဘာမြေအင်မော်တယ်တစ်ယောက် ဖြစ်လာပြီးကတည်းက သူသည် ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများ၏ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး နှစ်ငါးသောင်းအတွင်း သူ၏ နေရာက မပြောင်းလဲခဲ့ပေ။”
“အကဲဖြတ်တန်ဖိုး - ဤလူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက ထိပ်တန်းအဆင့်မှာ ရှိလေသည်။ သူ၏ ကိုယ်ကာယသည် ပကတိအဆင့် ဓမ္မရတနာတစ်ခုကို ယှဉ်နိုင်သည်ဟု ဆိုသည်။ သူသည် ပေါ်ထွက်လာခဲ့ပြီး မကြာခဏ တိုက်ခိုက်တတ်ခြင်း မရှိပေ။ သူသည် ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများကြားမှာ အထက်ရှဆုံး ဆေဘာဖြစ်ပြီး နှစ်ငါးသောင်းအတွင်း ကမ္ဘာမြေ အစောင့်တပ်သားများ၏ နံပါတ်တစ် ဖြစ်လေသည်။ ထိုအချက်ကပင် ဤလူက ဘယ်လောက် ကြောက်စရာကောင်းသလဲ သက်သေပြပေးနိုင်သည်။”
“သရုပ်သကန် - မဟာကျင်းအင်မော်တယ်နိုင်ငံမှ ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများ၏ ခေါင်းဆောင်တပ်မှူး။”
ဝါးစာလိပ်၏ အဆိုအရ ဤလူက အတော်လေး အစွမ်းထက်လေသည်။
ဤလူ၏ တိုက်ပွဲမှတ်တမ်းများက တိကျသေချာမှု မရှိပေ။ သို့သော်လည်း ထိုသို့ဆိုလေ ဤလူက ဘယ်လောက်ကြောက်စရာကောင်းသလဲ သက်သေပြနိုင်လေ ဖြစ်၏။ သူ့မှာ ကွယ်ဝှက်ထားသော တခြားဘာဝှက်ဖဲများ ရှိနေမလဲ မည်သူကမှ မသိရပေ။
မင်းသမီး သက်တံနီက အဲဒါကို ပြောပြီးနောက် ရှဲ့ချင်းချန်က ဆူဇီမိုကို ကြည့်ပြီး ခဏမျှ တွေးတောကာ သတိပေးလိုက်၏။
“ညီအစ်ကိုဆူ.. မင်း ပေါ့ပေါ့ဆဆ လုပ်လို့ မရဘူးနော်”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
ရှဲ့ချင်းချန်၏ သတိပေးမှု မရှိလျှင်ပင် သူသည် ဤလူကို စောင့်ကြည့်နေရပေလိမ့်မည်။
သူသည် အရင်က ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သား တစ်ရာကျော်ကို သတ်ဖြတ်ခဲ့သော်လည်း သူတို့ကြားမှာ ထိပ်သီးပညာရှင်များ ရှိမနေဟု မဆိုနိုင်ပေ။
မင်းသားယွမ်ကျောသည် သူ၏ စွမ်းအားကို ဆုံးရှုံးခဲ့ရပြီဖြစ်၏။ သူသည် ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများကို ဆင့်ခေါ်နိုင်သော်လည်း သူ၏ အဆင့်အတန်းနှင့် စွမ်းအားအရ သူ့ဘက်မှာ ရှိသော ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများက သေချာပေါက် အတော်ဆုံး မဟုတ်ကြပေ။
ဝါးစာလိပ်ပေါ်တွင် နေရာ ၁၀၀ သာ ရှိသော်လည်း မဟာကျင်းအင်မော်တယ်နိုင်ငံမှ ကမ္ဘာမြေအင်မော်တယ်များသည် နေရာ ၁၀နေရာကို ယူထားလေသည်။ သူတို့အားလုံးက ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများ ဖြစ်ကြသည်။
အဲဒါကို ဖတ်ရှုပြီးနောက် ယဲ့ဖေးက ခါးသက်စွာ ပြုံး၍ ခေါင်းခါလိုက်၏။
“ဒီတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲက တကယ့်ကို အကြိတ်အနယ် ရှိနေတာပဲ.. အဲဒါက ကျုပ်ထင်ထားတာထက် အများကြီး ပိုပြီးခက်ခဲနေလောက်တယ်.. ကျုပ်က ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံး ၁၀နေရာထဲ ဝင်ရောက်နိုင်ဖို့ မလွယ်ဘူး”
“ဘာမှ စိတ်ပျက်အားငယ်နေစရာ မလိုဘူး”
ရှဲ့ချင်းချန်က ပြောလိုက်၏။
“ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံး ၁၀နေရာထဲမှာ တက္ကသိုလ်က တပည့်တစ်ယောက်မှ မပါဘူးဆိုပေမဲ့ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ နေရာ ၁၀၀ထဲမှာ တက္ကသိုလ်က တပည့် ၁၇ယောက်က နေရာယူထားတယ်.. အဲဒါက အတော်လေး များပြားတဲ့ အရေအတွက်ပဲ”
အကြီးအကဲကျုံးနှင့် အကြီးအကဲဟဲက ထိုအရာကို သတိထားမိမှသာလျှင် စိတ်သက်သာရာရသွား၏။
အနည်းဆုံးတော့ ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်သည် အလုံးစုံ ရလဒ်မှာ အရေးနိမ့်နေမည် မဟုတ်ပေ။
ရှဲ့ချင်းချန်က ဆက်ပြောလိုက်၏။
“နောက်ပြီး ဝါးစာလိပ်ပေါ်က အဆင့်သတ်မှတ်ချက်က ကြိုတင်ခန့်မှန်းချက်တစ်ခုပဲ.. နောက်ဆုံးမှာတော့ အဲဒါက နောက်သုံးရက်နေရင် ကျင်းပမယ့် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲပေါ်မှာပဲ မူတည်တယ်လေ”
ယခုအချိန်မှာ လူတိုင်းက နန်းတော်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
စားသောက်ပွဲ ကျင်းပပြီးနောက် သူတို့က လူစုခွဲကာ အနားယူလိုက်ကြပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက် တိုက်ပွဲအတွက် ပြင်ဆင်နေကြ၏။
တကယ်တော့ နှစ်တစ်သောင်း တွေ့ဆုံပွဲသည် စတင်လာခဲ့ပြီဖြစ်ပြီး မြို့တော်က စည်ကားသိုက်မြိုက်နေလေသည်။
ပြီးခဲ့သည့် သုံးရက်အတွင်း အမျိုးမျိုးသော အဖွဲ့အစည်းကြီးများက ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မြို့တော်သို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာပြီး လူမြင်ကွင်းမှာ ပေါ်ထွက်လာခဲ့ကြ၏။
သူတို့ကြားမှာ အမြင်အာရုံကို အဖမ်းစားဆုံးသည် ကျိရွှမ်အင်မော်တယ်နိုင်ငံမှ အဖွဲ့ဖြစ်လေသည်။
ဤတစ်ခေါက် အဖွဲ့၏ ခေါင်းဆောင်က နှစ်တစ်သိန်းမှာ နံပါတ်တစ် ပြန်ဝင်စား မွန်းစတား မင်းသားယွင်ထင် ဖြစ်လေသည်။
မင်းသားယွင်ထင်သည် လွန်ခဲ့သည့် နှစ်တစ်ထောင်ကျော်က အဖွဲ့အစည်းကြီးများ၏ ကမ္ဘာမြေအင်မော်တယ် ပညာရှင်များကို စိုးမိုးဗိုလ်ကျပြီးနောက် သူက ပေါ်ထွက်လာခဲပြီး တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေခဲ့၏။
တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးနောက် ယွင်ထင်သည် အဆင့် ၂ ကောင်းကင်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေခဲ့လေပြီ။
ယွင်ထင်၏ ပါရမီ အရည်အချင်းနှင့် ကျင့်ကြံမှု အမြန်နှုန်းအရပင်လျှင် ကောင်းကင်အမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းလာပြီးနောက် သူ၏ အမြန်နှုန်းက လျော့ကျသွားခဲ့လေသည်။ နှစ်တစ်ထောင်မှာ သူသည် အဆင့် တစ်ဆင့်ကိုသာလျှင် တက်လှမ်းနိုင်ခဲ့၏။
တကယ်တော့ အဲဒါသည် အခြားသူများအတွက် စဉ်းစားကြည့်၍ မရနိုင်သော ကျင့်ကြံရေး အမြန်နှုန်းတစ်ခု ဖြစ်လေသည်။
ကျင့်ကြံသူ အများစုအတွက်တော့ သူတို့သည် ကောင်းကင်အမြုတေနယ်ပယ်မှာ နှစ်တစ်သောင်းကြာ ကျင့်ကြံပြီး အဆင့်တစ်ခု ချိုးဖျက်တက်လှမ်းမည်ဆိုလျှင် အဲဒါက အလွန်တရာ သာမန်သာ ဖြစ်၏။
“မင်းသားယွင်ထင်က အဆင့် ၂ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်နေပြီပဲ.. သူက နှစ်တစ်သောင်း တွေ့ဆုံပွဲကို ဘာလာလုပ်တာလဲ”
“ငါလည်း မပြောတတ်ဘူး.. အဲဒီကောင်လေးမှာ မထီတရီ စိတ်နေစရိုက်ရှိပြီး သူက မောက်မာဝင့်ကြွားတတ်တယ်.. သူ့ကို တုန်လှုပ်စေတဲ့ အရာတစ်ခုခု ရှိလို့ နေမှာပေါ့”
“မင်းတို့တွေ အခုထိ မသိကြသေးဘူးလား.. ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်မှာ ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်ကို ကျင့်ကြံထားတဲ့ ဆူဇီမိုလို့ ခေါ်တဲ့ ကမ္ဘာမြေအင်မော်တယ်တစ်ယောက် ရှိတယ်.. မင်းသားယွင်ထင်က အဲဒီလူကြောင့် ဒီကိုရောက်လာတာ ဖြစ်ရမယ်လို့ ငါထင်တယ်”
ကျင့်ကြံသူတချို့က တည်ငြိမ်စွာ ဝေဖန်ဆန်းစစ်လိုက်ကြ၏။
“မင်းသားယွင်ထင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ.. သူက အဲဒီ ဓားပညာရပ်ကို အများသူငါ ရှေ့မှာ လုယူမလို့လား.. ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်မှာ သူတို့နဲ့အတူ ကောင်းကင်အင်မော်တယ် အကြီးအကဲတွေ ပါလာတာပဲ.. သူတို့က အဲဒါကို ခွင့်ပြုပေးထားစရာ အကြောင်းမှမရှိတာ”
“မင်းသားယွင်ထင်က သူ့ရဲ့ အပြုအမူတွေမှာ ဘယ်တုန်းကများ ထိန်ချန်ငဲ့ကွက်မှု ရှိခဲ့လို့လဲ.. သူက အဲ့ဒီဓားပညာရပ်ကို လုယူဖို့အတွက် အများရှေ့မှာ ဆူဇီမိုကို တိုက်ခိုက်မယ်ဆိုရင် ငါ အံ့အားသင့်မိမှာ မဟုတ်ဘူး”
“ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်က ဆူဇီမိုအကြောင်း ပြောရမယ်ဆိုရင် ငါလည်း တစ်ခုကို သတိရသွားပြီ.. ဒီတစ်ခေါက် မဟာကျင်းအင်မော်တယ်နိုင်ငံ အုပ်စုကို မင်းသားယွမ်ကျော ဦးဆောင်လာတယ်.. သူက ဆူဇီမိုနဲ့ နက်ရှိုင်းတဲ့ ရန်ငြိုးရန်စ ရှိတယ်လို့ ငါကြားထားတယ်”
“လွန်ခဲ့တဲ့ နှစ်တစ်ထောင်က အဲဒီလူက ဒုံမင်းအင်မော်တယ်ကိုတောင် ဆန့်ကျင်ခဲ့တယ်လို့ ငါကြားဖူးတယ်”
“ဒုံမင်းအင်မော်တယ်ကရော ဒီတစ်ခေါက် ပေါ်လာမယ်လို့ မင်းတို့ ထင်လား”
“စိတ်ကူးသာ ယဉ်နေလိုက်.. မဟာနတ်မိမယ် လေးပါးက ဘယ်လို ပုဂ္ဂိုလ်တွေလဲ မင်းမသိဘူးလား.. သူတို့အားလုံးက ပြိုင်ဘက်ကင်းတဲ့ ပကတိအင်မော်တယ်တွေပဲ… သူတို့က ကမ္ဘာမြေအဆင့်သတ်မှတ်ချက် တိုက်ပွဲကို ဘာလုပ်ဖို့ လာမှာလဲ.. ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ် တွေ့ဆုံပွဲကျရင်တော့ မဟာနတ်မိမယ် လေးဦးက ပေါ်ထွက်လာနိုင်တယ်လို့ ငါကြားထားတယ်.. အဲဒါက ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ် မဟာနယ်မြေမှာ အစစ်အမှန် ထိပ်တန်းအင်မော်တယ် တာအိုတွေ့ဆုံပွဲတစ်ခု ဖြစ်လာလိမ့်မယ်”
အင်မော်တယ်နိုင်ငံ သုံးနိုင်ငံ၊ အင်မော်တယ်ဂိုဏ်း လေးဂိုဏ်း၊ အင်မော်တယ်တာအို ကလန်ကြီးများနှင့် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ် မဟာနယ်မြေ၏ အဖွဲ့အစည်းကြီးများက စုစည်းလာပြီး နှစ်တစ်သောင်း တွေ့ဆုံပွဲ၏ အဓိကပွဲစဉ်က တဖြည်းဖြည်း စတင်လာခဲ့လေပြီ။
သုံးရက်တာက တစ်ခဏချင်းမှာပင် ကုန်ဆုံးသွားခဲ့၏။
ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် ပြိုင်ပွဲက ယနေ့မှာ တရားဝင် စတင်ခဲ့လေပြီ။