← Chapters

အတူပူးပေါင်းခြင်း

Vol. 147 Ch. 2193

အတူပူးပေါင်းခြင်း

Vol. 147 Ch. 2193

“သူကဘယ်သူလဲ... သူကမင်းသားယွင်ထင်ရဲ့စိတ်အာရုံကို ဘယ်လိုရရှိသွားတာလဲ”

“တက္ကသိုလ်ကတပည့်တစ်ယောက်... အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က မင်းသားယွင်ထင်ကို တကယ်ပဲထပြီးနှုတ်ဆက်စေတာလား”

လူတိုင်းသည် ယွင်ထင်၏ စိတ်နေစရိုက်ကို ကြားဖူးထားကြလေသည်။

သူက မာန်မာနကြီးပြီး မောက်မာခက်ထန်လေသည်။

သူတို့သည် စောစောကဝင်ရောက်လာသောအခါ ပကတိအင်မော်တယ် ရှဲ့လင်ပင်လျှင် ရင်းနှီးဖော်ရွေသောအမူအရာတစ်ခုနှင့်အတူ ဘေးပတ်လည်ကိုကြည့်ရှုပြီး ညင်သာစွာခေါင်းညိတ်ပြခဲ့၏။

ယွင်ထင်ပေါ်ထွက်လာသောအခါ သူသည်မည်သူ့ကိုမှမကြည့်ဘဲ တစ်ချိန်လုံး သူ့ရှေ့တည့်တည့်ကိုသာကြည့်နေခဲ့၏။

မင်းသားယွမ်ကျောအပေါ် သူ၏ စိတ်နေသဘောထားကလည်း အေးစက်နေခဲ့၏။

သို့သော်ယခု... ဤတက္ကသိုလ်တပည့်ဂိုဏ်းသားသည် မင်းသားယွင်ထင်ကို သူ့သဘောနှင့်သူထရပ်ပြီး နှုတ်ဆက်လာစေ၏။ သူက ​ဤကဲ့သို့ မြင့်မြင့်မားမားသတ်မှတ်ခံရသည့်အချက်သည် ကျင့်ကြံသူများစွာကို တုန်လှုပ်သွားစေ၏။

“မင်းတို့တွေမကြားဖူးဘူးလား... အဲ့ဒီသူက အောက်ဘုံကလာတဲ့ ဆူဇီမိုပဲ... သူ့မှာ ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ရှိတယ်... မင်းသားယွင်ထင်က အဲ့ဒီလူရဲ့ ဓားပညာရပ်ကြောင့် ဒီကိုရောက်လာတာပဲ”

“အမှန်ပေါ့... မင်းသားယွင်ထင်ရဲ့မျက်လုံးထဲမှာ တိုက်ခိုက်လိုတဲ့စိတ်ဝိညာဥ်ကို လုံးဝဖုံးကွယ်မထားဘူး... တကယ်ဆို သူကအချိန်မရွေးတိုက်ခိုက်လာနိုင်တယ်လို့တောင် ငါသံသယဝင်မိတယ်”

ကျင့်ကြံသူများစွာက တိတ်တဆိတ် ဆွေးနွေးပြောဆိုလိုက်ကြ၏

မင်းသားယွင်ထင်၏ အပြုအမူနှင့်စကားတစ်ခွန်းကြောင့် နေရာတစ်ခုလုံးက တင်းကျပ်လေးလံလာခဲ့၏။

ယွင်ထင်သည် သူလုပ်ချင်ရာလုပ်တတ်ပြီး တုန်လှုပ်စရာကောင်းသော လှုပ်ရှားမှုများကို အကြောက်အလန့်ကင်းမဲ့စွာ အမြဲတမ်းပြုလုပ်တတ်သည်ကို လူတိုင်းကသိရှိထားကြ၏။

သူက ဆူဇီမိုကို ရုတ်တရက်တိုက်ခိုက်လာမည်ဆိုလျှင်တောင် မည်သူကမှ အံ့အားသင့်နေမည်မဟုတ်ပေ။

မင်းသားရှဲ့လင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲက ယခုအချိန်ထိမစတင်ရသေးဘဲ သူက မည်သည့်အရာကိုမှ မဖြစ်ပျက်စေလိုပေ။

မင်းသားယွမ်ကျောသည် သူ၏ မျက်လုံးထဲရှိ အူမြူးအားရသောအကြည့်တစ်ခုနှင့်အတူ သူ၏ ထိုင်ခုံပေါ်မှာ ထိုင်နေ၏။ ယွင်ထင်က ဆူဇီမိုကိုသတ်ဖြတ်နိုင်မည်ဆိုလျှင် အဲ့ဒါက သူ့ကိုအတော်လေး အားထုတ်မှုသက်သာစေပေလိမ့်မည်။

တက္ကသိုလ်မှ အကြီးအကဲများသည် မဟာရန်သူတော်တစ်ယောက်နှင့်ရင်ဆိုင်နေရသည့်အလား သူ့ကိုကြည့်နေကြ၏။

“မင်းသားယွင်ထင်... ခင်ဗျားဘာလုပ်နေတာလဲ”

အကြီးအကဲကျုံးက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲက အခုချိန်ထိမစတင်ရသေးဘူး... နောက်ပြီးခင်ဗျားက အဆင့်-၂ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်နေပြီ... ခင်ဗျားက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ဝင်မပါနိုင်တော့ဘူး”

မင်းသမီးသက်တံနီက အိမ်ကိုပြန်မလာခဲ့သည်မှာ အတော်ကြာသွားခဲ့ပြီဖြစ်၏။

ထိုအခိုက်အတန့်မှာ သူမသည် ရှဲ့ချင်းချန်နှင့် တော်ဝင်မိသားစုမှ အခြားသောမျိုးဆက်များနှင့်အတူ ထိုင်နေ၏။ ထိုသည်ကို တွေ့မြင်သောအခါ သူမကလည်း စိုးရိမ်ပူပန်လာခဲ့၏။

တက္ကသိုလ်မှလူတိုင်းကြားမှာ ဆူဇီမိုတစ်ယောက်တည်းကသာလျှင် ခါတိုင်းလိုပင်တည်ငြိမ်နေ၏။

သိပ်သည်းပြင်းထန်သော ရန်လိုစိတ်ကိုထုတ်ဖော်ထားသည့် မင်းသားယွင်ထင်နှင့်ရင်ဆိုင်ရချိန်မှာ သူက လူတိုင်း၏ အကြည့်အောက်မှာပင် သူ၏ အမူအရာက များစွာပြောင်းလဲသွားခြင်းမရှိပေ။

ယွင်ထင်က ဤနေရာကိုဘာလို့ရောက်လာခဲ့သလဲ သူမသိပေ။

သို့သော်လည်း ယွင်ထင်သည် ဤအခိုက်အတန့်မှာ သူ့ကိုသေချာပေါက် တိုက်ခိုက်လိမ့်မည်မဟုတ်သည်ကို သူသေချာပြောနိုင်လေသည်။

သူသည် ယွင်ထင်နှင့် တစ်ကြိမ်သာတိုက်ခိုက်ဖလှယ်ခဲ့ဖူးပြီး သူတို့နှစ်ယောက်က ထိတွေ့ဆက်ဆံမှုများစွာမရှိခဲ့ပေ။

သို့သော်လည်း ယွင်ထင်၏ မာန်မာနအရ ထိုသူသည် သူတို့ကြား ကျင့်ကြံခြင်းနယ်ပယ်ကြီးတစ်ခုကွာဟနေချိန်မှာ သူ့ကိုတိုက်ခိုက်လိမ့်မည်မဟုတ်ဟု သူကောင်းကောင်းသိလေသည်။

ဧကရာဇ်ဂူသင်္ချိုင်းမှာတုန်းက သူတို့နှစ်ယောက်တိုက်ခိုက်နေစဥ် ဖန်းရွှမ်က ဆူဇီမိုကိုချောင်းမြောင်းတိုက်ခိုက်ခဲ့သည့်အခါ မင်းသားယွင်ထင်က ရွံရှာစက်ဆုပ်ခဲ့လေသည်။

သူ၏ စိတ်ကြီးဝင်မှုအရ သူသည် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်များကို လုယူချင်သည်ဆိုလျှင် သူသည် ဆူဇီမိုနှင့် မျှမျှတတတိုက်ခိုက်ဖို့ သေချာပေါက်ရွေးချယ်ပေလိမ့်မည်။

ဆူဇီမိုက အကြီးအကဲများကို ညင်သာစွာတွန်းဖယ်ပြီး ရှေ့သို့ထွက်ကာ မင်းသားယွင်ထင်နှင့်လေထဲမှာ မျက်နှာချင်းဆိုင်ရပ်လိုက်၏။

“ဆူဇီမို... မင်း...”

အကြီးအကဲကျုံးက စိုးရိမ်ပူပန်သွား၏။

ဆူဇီမိုနှင့်ယွင်ထင်ကြားမှာ မည်သည့်အဟန့်အတားမှမရှိတော့ပေ။

ယွင်ထင်က ရုတ်တရက်တိုက်ခိုက်လာမည်ဆိုလျှင် သူပင်လျှင် ဆူဇီမိုကို ကာကွယ်ပေးနိုင်ဖို့ ပကတိယုံကြည်မှုမရှိပေ။

“ရပါတယ်”

ဆူဇီမိုက သူ၏ ခေါင်းကိုညင်သာစွာခါပြပြီး ပြုံးလိုက်၏။

“ကျုပ်တို့တွေက တစ်ယောက်ကိုတစ်ယောက် စကားလုံးတချို့နဲ့နှုတ်ဆက်ကြရုံပါပဲ”

ထိုစကားကိုကြားသောအခါ ယွင်ထင်၏ မျက်လုံးက ဝင်းလက်သွား၏။

ဆူဇီမိုက သူ့ကိုနားလည်လေသည်။

သူသည် လှုပ်ရှားမှုတစ်ခုပြုလုပ်လာနိုင်သည်ဟု လူတိုင်းကတွေးထင်နေကြ၏။ သို့သော်လည်း သူ့ရှေ့မှာရှိသောလူက ဤနေရာမှာ သေချာပေါက် သူတိုက်ခိုက်လိမ့်မည်မဟု​တ်ဟု ယုံကြည်ထားလေသည်။

ဧကရာဇ်ဂူသင်္ချိုင်းထဲမှာတုန်းက ဖန်းရွှမ်သည် ဆူဇီမိုကိုချောင်းမြောင်းတိုက်ခိုက်ခဲ့စဥ်... သူတို့နှစ်ယောက်မှာ တူညီသောတိတ်တဆိတ် သဘောတူညီမှုရှိခဲ့လေသည်။

ဘာ့ကြောင့်ရယ်မသိ ယွင်ထင်က ကျေနပ်သဘောကျသွား၏။

'အနာဂတ်မှာ ငါသူ့ကိုအနိုင်ယူပြီး ကောင်းကင်သတ်ဖြတ်ခြင်းနဲ့ ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်တွေကို ရပြီးတာနဲ့ ငါတို့တွေက သူငယ်ချင်းအရင်းအချာတွေတောင် ဖြစ်လာနိုင်တယ်'

ယွင်ထင်က သူ့ဘာသာသူတွေးလိုက်၏။

သူ၏ မျက်လုံးထဲမှာ ဤလောကတွင် တူညီသောမျိုးဆက်မှာ သူနှင့်သူငယ်ချင်းအရင်းအချာဖြစ်ဖို့နေနေသာ သူ၏ မိတ်ဆွေဖြစ်ဖို့ပင် အဆင့်မီသောသူ များစွာမရှိပေ။

“ယွင်ထင်.... ငါတို့နောက်ဆုံးတွေ့ခဲ့တာ နှစ်ပေါင်းအတော်လေးကြာသွားခဲ့ပြီ... မင်းက အရင်လိုမောက်မာနေတုန်းပဲကိုး... မင်းကသိပ်ပြီးတော့လည်း ပြောင်းလဲမသွားပါလား”

ထိုစဥ်မှာပင် ဆူဇီမိုက မှင်သေသေဖြင့်ပြောလိုက်၏။

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် လူတိုင်းက ကြောင်အ,မှင်တက်သွားပြီး ဆွေးနွေးပြောဆိုသံများက ငြိမ်သက်သွား၏။

ကျင့်ကြံသူများစွာက ကြက်သေသေနေပြီး ဆူဇီမိုကို တုန်လှုပ်စွာဖြင့်ကြည့်နေကြ၏။

အဲ့ဒါက မည်သို့သောစကားလုံးများနှင့် မည်သို့သောလေသံပါလိမ့်။

တက္ကသိုလ်မှ ဤအဆင့်-၈ ကမ္ဘာမြေအင်မော်တယ်က နှစ်တစ်သောင်းအတွင်း နံပါတ်တစ်ပြန်ဝင်စားမွန်းစတား မင်းသားယွင်ထင်ကို ဆုံးမဩဝါဒပေးနေတာလား။

မင်းသားယွင်ထင်၏ အမူအရာကလည်း ချက်ချင်းပင်ညိုမည်းသွား၏။

အကြောင်းမှာ ဆူဇီမို၏ စကားလုံးများသည် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာတုန်းက တိုက်ပွဲအကြောင်း သူ့ကိုပြန်လည်သတိပေးလိုက်ခြင်းဖြစ်နေသောကြောင့်ပင်။

ထိုတိုက်ပွဲမှာတုန်းက ဆူဇီမိုသည် 'မင်းကငယ်ပါသေးတယ်'ဟူသော ဆင်တူသောစကားကို ပြောခဲ့ဖူးလေသည်။

ထို့နောက် ထိုသူက သူ့ကိုဆိုးဆိုးဝါးဝါးရိုက်နှက်ခဲ့ပြီး သူက သူ၏ အသက်ကို ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့၏။

ကျိရွှမ်အင်မော်တယ်နိုင်ငံသို့ ပြန်ရောက်လာပြီးနောက် သူသည် သူ့အစ်မ၏ ဆုံးမဩဝါဒပေးခြင်းကိုပင်ခံခဲ့ရ၏။

သူသည် ထိုအတွေ့အကြုံကို ပြန်လည်အမှတ်ရတိုင်း သူကအလွန်တရာမကျေမနပ်ခံစားရလေသည်။

မင်းသားယွင်ထင်၏ အမူအရာက အေးစက်လာပြီး သူ၏ အော်ရာက သိပ်သည်းစုဖွဲ့လာခဲ့၏။ သူ၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့်တောက်ပလာပြီး သူကအေးစက်စွာ​ပြောလိုက်၏။

“ငါ့ကို အဲ့လိုလေသံမျိုးနဲ့ လာမပြောစမ်းနဲ့ ငါအဲ့ဒါကို မကြိုက်ဘူး”

မင်းသားယွင်ထင်၏ နှလုံးသားထဲမှာ သူ့အစ်မကသာလျှင် သူ့ကို ဤကဲ့သို့ဆုံးမဩဝါဒပေးနိုင်လေသည်။ အခြားမည်သူကမှ အဆင့်မမီပေ။

ထိုစဥ်မှာပင် မင်းသားယွမ်ကျောက ရုတ်တရက်မတ်တတ်ထရပ်ပြီး အော်ငေါက်လိုက်၏။

“ဆူဇီမို... မင်းတော်တော်မောက်မာနေပါလား... မင်းက မင်းသားယွင်ထင်ကို ဆုံးမဩဝါဒပေးရဲတယ်ပေါ့”

“မင်းသားယွင်ထင်က ပြီးခဲ့တဲ့နှစ်တစ်သိန်းအတွင်း ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ အသန်မာဆုံးပြိုင်စံရှားပဲ... မင်းလိုနိမ့်ကျသက်ရှိက လူတိုင်းရဲ့ရှေ့မှာ သူ့ကိုဘယ်လိုတောင် အထင်သေးပြီး အရှက်ခွဲရဲတာလဲ”

မင်းသားယွမ်ကျောက ဖြောင့်မတ်မှန်ကန်သယောင်ရှိသော်လည်း တကယ်တမ်းမှာတော့ သူသည်မီးတောက်များထဲသို့ လောင်စာထပ်ထည့်ကာ မင်းသားယွင်ထင်က ဆူဇီမိုကိုချက်ချင်းပင် သတ်ဖြတ်စေဖို့ သွေးထိုးလှုံ့ဆော်နေခြင်းဖြစ်၏။

ယွင်ထင်ကအမူအရာကင်းမဲ့စွာဖြင့် မင်းသားယွမ်ကျောကို လှည့်ကြည့်လိုက်၏။

သူကငယ်ရွယ်၍ မောက်မာခက်ထန်သော်လည်း သူက အရူးမဟုတ်ပေ။

ဤတစ်ခေါက် နှစ်တစ်သောင်းတွေ့ဆုံပွဲကို တာဝန်ယူထားရသူ မင်းသားရှဲ့လင်က အခြေအနေဆိုးလာပြီး လေထုကပို၍တင်းကျပ်လေးလံလာသည်ကို တွေ့လိုက်ရ၏။ ထိုအချိန်မှာ သူက ဆက်၍ရပ်ကြည့်မနေနိုင်တော့ဘဲ ရှေ့သို့ထွက်ကာ အသံကိုမြှင့်၍ပြောလိုက်၏။

“တာအိုရောင်းရင်းတို့... ကျေးဇူးပြုပြီး နေရာယူပေးကြပါ... ဒီနေ့က ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲနေ့ပဲ... ခင်ဗျားတို့မှာ အငြိုးအတေးတစ်စုံတစ်ရာရှိမယ်ဆိုရင် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲပြီးမှပဲ ဆွေးနွေးလို့ရတယ်”

“ဒါပေါ့”

မထင်မှတ်ထားစွာပင် မင်းသားယွင်ထင်၏ တိုက်ခိုက်လိုသောသတ်ဖြတ်လိုစိတ်နှင့် စိတ်ဆန္ဒက အလျင်အမြန်ပျောက်ကွယ်သွား၏။

သူကချက်ချင်းပင်သဘောတူပြီး ပြန်ထိုင်လိုက်လေသည်။

မင်းသားယွမ်ကျောကလည်း ဘာမှမတတ်နိုင်ဘဲ သူ၏ ထိုင်ခုံပေါ်မှာ ပြန်ထိုင်လိုက်ရ၏။

ဤသေးငယ်သောပဋိပက္ခအပြီးမှာ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ကျင့်ကြံသူများသည် သူတို့၏ ထိုင်ခုံများမှ တစ်ယောက်ပြီးတစ်ယောက် နေရာယူလိုက်ကြ၏။ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲကစတင်တော့မည်ဖြစ်၏။

မင်းသားယွမ်ကျောက သူ၏ ရှေ့တည့်တည့်မှာရှိသော မင်းသားယွင်ထင်ကို မကျေမနပ်ဖြင့် ကြည့်လိုက်၏။

သူကမျက်လုံးစွေကြည့်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“တာအိုရောင်းရင်းယွင်ထင်... ဒီနေ့က ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲပဲ... ခင်ဗျားအနေနဲ့ ဆူဇီမိုကိုကိုယ်တိုင်သတ်ဖြတ်ဖို့က မသင့်လျော်ဘူး... ဒီကောင်လေးကို မိုးကောင်းကင်ကိုးလွှာမှာ သတ်ဖြတ်ဖို့အတွက် ကျိရွှမ်အင်မော်တယ်နိုင်ငံကို မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ ပူးပေါင်းခိုင်းလိုက်ပါလား”

ယွင်ထင်က သူ၏ ခေါင်းကိုမော့ပြီး ထိုအကြံပြုချက်မှာ အရမ်းကိုစိတ်ဝင်စားသွားသည့်အလား ပြုံးစစဖြင့် မင်းသားယွမ်ကျောကိုကြည့်လိုက်၏။

မင်းသားယွမ်ကျောက အားတက်သွားပြီး ဆက်လက်၍အသံတစ်ခုကိုပို့လွှတ်လိုက်၏။

“တာအိုရောင်းရင်း မပူပါနဲ့... ဒီတစ်ခေါက်မဟာကျင်းနိုင်ငံတင်မကဘူး... အင်မော်တယ်ပျံဂိုဏ်းက တာအိုရောင်းရင်းတွေလည်းပါတယ်... ကျိရွမ်အင်မော်နိုင်ငံက ထပ်ပြီးပူးပေါင်းမယ်ဆိုရင် ကျုပ်တို့အဖွဲ့အစည်းသုံးခုပူးပေါင်းတဲ့အခါ ဒီကောင်လေးက သေချာပေါက်သေရလိမ့်မယ်”

မင်းသားယွမ်ကျော၏ မျက်လုံးထဲရှိအပြုံးက ပို၍ပင်သိပ်သည်းစုဖွဲ့လာခဲ့၏။

“ဟားဟားဟားဟား”

နောက်ဆုံးမှာတော့ ယွင်ထင်က သူ၏ ခေါင်းကိုမော့၍ရယ်မောလိုက်ပြီး မရေမတွက်နိုက်သောလူများ၏ စိတ်အာရုံကိုရရှိသွား၏။

လူတိုင်းက တွေဝေသွားကြ၏။

မင်းသားယွမ်ကျောကလည်း နေရာမှာပင်မှင်တက်သွားပြီး ယွင်ထင်ကဘာဖြစ်သွားသည်ကို မသိတော့ပေ။

ယွင်ထင်က သူနှင့် မလှမ်းမကမ်းတွင်ရှိသော ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရှိရာဘ​က်သို့ ဖြည်းဖြည်းချင်းလှည့်ကြည့်ကာ အေးအေးလူလူပြောလိုက်၏။

“ဆူဇီမိုရေ မင်းသားယွမ်ကျောက အခုပဲငါ့ကိုပြောတယ်... မဟာကျင်းအင်မော်တယ်နိုင်ငံက အင်မော်တယ်ပျံဂိုဏ်းနဲ့ပူးပေါင်းထားပြီတဲ့... သူတို့တွေက မိုးကောင်းကင်ကိုးလွှာမှာ မင်းကိုသတ်ဖြတ်တော့မှာတဲ့”

“ဒါနဲ့... မင်းသားယွမ်ကျောက သူတို့နဲ့ပူးပေါင်းဖို့ ငါ့ကိုတောင်ဖိတ်ခေါ်ထားသေးတယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

တက္ကသိုလ်မှလူတိုင်းက တုန်လှုပ်သွားပြီး မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းရှိရာဘက်သို့ စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်ကြ၏။

မင်းသားယွမ်ကျောက အငိုက်မိသွား၏။

သူတိတ်တဆိတ်ပို့လွှတ်လိုက်သောစကားကို မင်းသားယွင်ထင်သည် အများရှေ့မှာထုတ်ဖော်ပြောဆိုလိမ့်မည်ဟု သူကထင်မှတ်မထားမိပေ။

All Chapters