← Chapters

စိန်ခေါ်မှု

Vol. 147 Ch. 2194

စိန်ခေါ်မှု

Vol. 147 Ch. 2194

ဤကိစ္စသည် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းကြား လျှို့ဝှက်ပူးပေါင်းမှုတစ်ခုဖြစ်ပြီး ဤကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ဆူဇီမိုကိုသတ်ဖြတ်ရန် သူတို့၏ ကမ္ဘာမြေအင်မော်တယ်များကို ပူးပေါင်းခိုင်းထားခြင်းဖြစ်၏။

ဤကဲ့သို့သော ကြီးမားသည့်အဖွဲ့အစည်းနှစ်ခုကို ပူးပေါင်းလာစေဖို့က မလွယ်ကူပေ။

သို့သော်လည်း မဟာကျင်းအင်မော်တယ်နိုင်ငံ၏ မင်းသားယွမ်ကျောနှင့် အင်မော်တယ်ပျံဂိုဏ်း၏ ဒုံမင်းအင်မော်တယ်က ဤကိစ္စမှာ ပါဝင်နေကြ၏။ ဒါ့အပြင် သူတို့နှစ်ယောက်စလုံးသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ မင်းမျိုးမင်းနွယ်များဖြစ်လေသည်။

မင်းသားယွမ်ကျောသည် ဆူဇီမိုကို အရိုးထိတိုင်မုန်းတီးနေ၏။ အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှ ကိစ္စက ​ သူနှင့် မဟာကျင်းအင်မော်တယ်နိုင်ငံကို ပို၍ပင်အရှက်ရစေခဲ့၏။

ထိုအင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဒုံမင်းအင်မော်တယ်မုန့်ယောင်နှင့် မင်းသားယွမ်ကျောသည် တော်ဝင်မိသားစု၏ အပုပ်နံ့ဖြစ်သည်ဟု ဆူဇီမိုက စွပ်စွဲပြောဆိုခဲ့သောကြောင့်ဖြစ်၏။

ထို့ကြောင့် နတ်မိမယ်မုန့်ယောင်ကလည်း ဆူဇီမိုကိုသတ်ဖြတ်ချင်နေ၏။

သူတို့နှစ်ယောက်၏ ဦးဆောင်မှုအောက်မှာ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းက အစီအစဥ်တစ်ခုကို တိတ်တဆိတ်ဆွေးနွေးခဲ့ကြပြီး အမှားအယွင်းတစ်စုံတစ်ရာမရှိစေရန် သေချာအောင်ပြုလုပ်ခဲ့ကြပြီးပြီဖြစ်၏။

သို့သော်လည်း မည်သို့ပင်ဆိုစေ ဤကဲ့သို့ကိစ္စက ဂုဏ်ယူစရာကောင်းသောအရာတစ်ခု မဟုတ်ပေ။ ယခု.. မင်းသားယွမ်ကျောသည် မင်းသားယွင်ထင်ကို စည်းရုံးသိမ်းသွင်းလိုခဲ့၏။

သို့သော်လည်း ယွင်ထင်သည် ဤကိစ္စကိုအများရှေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး မင်းသားယွမ်ကျောကို အရူးဖြစ်စေခဲ့၏။

အင်မော်တယ်ပျံဂိုဏ်း၏ ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က မင်းသားယွမ်ကျောကိုစိုက်ကြည့်ပြီး အရူးလုပ်ခံရသည့်အတွက် သူ့ကိုကျိန်ဆဲနေ၏။

ကျိရွှမ်အင်မော်တယ်နိုင်ငံမပါဝင်လျှင်တောင် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်း၏ ဤတစ်ခေါက်အစီအစဥ်သည် မိုးကောင်းကင်ကိုးလွှာမှာ ဆူဇီမိုကိုသတ်ဖြတ်ဖို့အတွက် လုံလောက်လေသည်။ ထိုသို့ထပ်မံပြုလုပ်စရာ မလိုတော့ပေ။

ဤတစ်ခေါက် မဟာ​ကျင်းအင်မော်တယ်နိုင်ငံမှာ စုစုပေါင်းအာဏာပါးကွက်သားအစောင့်တပ်သား ဆယ်ယောက်ကျော်ပါဝင်ပြီး သူတို့ကို ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာ အဆင့်-၄ ဝင်ဖို့ ကြိုတင်စာရင်းပေးခံထားရသည့် ထျဲဟန်က ဦးဆောင်ထားလေသည်။

အင်မော်တယ်ပျံဂိုဏ်းဘက်မှာတော့ စုစုပေါင်းတပည့် ၁၂ယောက်ပါဝင်ပြီး သူတို့ကိုပြန်ဝင်စားအင်မော်တယ် ထိုက်ဟွာက ဦးဆောင်ထားလေသည်။

တကယ်တော့.. ထျဲဟန်ဖြစ်စေ... ထိုက်ဟွာဖြစ်စေ.. သူတို့ထဲကတစ်ယောက်ကပင်လျှင် ဆူဇီမိုကိုရှင်းထုတ်ပစ်နိုင်၏။

သို့သော်လည်း ဆူဇီမို၏ လှုပ်ရှားမှုနည်းစနစ်က အလွန်တရာမြန်ဆန်သည်ဟု သူတို့ကြားထားလေသည်။ ထိုကြောင့်ပင်လျှင် ဤပူးပေါင်းသတ်ဖြတ်ခြင်းအစီအစဥ်ကိုဖော်ဆောင်ဖို့အတွက် ဤကဲ့သို့ကြီးမားသောအစုအဖွဲ့တစ်ခုကို သူတို့ကစုစည်းလာခဲ့ခြင်းဖြစ်၏။

သူတို့အတူပူးပေါင်းထားမည်ဆိုလျှင် ဆူဇီမိုက သေချာပေါက် ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

သို့သော်ယခု... ယွင်ထင်က သူတို့၏ အစီအစဥ်ကို အများရှေ့မှာထုတ်ဖော်ပြောဆိုခဲ့ပြီး ဆူဇီမိုက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် ​တိုက်ပွဲကနေ နှုတ်ထွက်သွားမည်ဆိုလျှင် သူတို့၏ ကြိုတင်စီစဥ်မှုများအားလုံးက အလဟဿဖြစ်သွားပေလိမ့်မည်။

“စိတ်ဝင်စားစရာပဲ”

အင်ပါယာလေဘုရားကျောင်း၏ ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက ညင်သာစွာပြုံး၍ လက်ပိုက်ကာ ပြပွဲကိုစောင့်ကြည့်နေ၏။

“ဒါက ဘာအဓိပ္ပါယ်လဲ... မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို ကိုင်တွယ်ဖို့အတွက် ပူးပေါင်းကြတော့မလို့လား”

“ရိုးရိုးသားသားပြောရရင်တော့ အဲ့ဒါက နဲနဲတော့ရှက်ဖို့ကောင်းတယ်”

“အမှန်ပေါ့... သူတို့က သူတို့ရဲ့ပဂ္ဂိုလ်ရေး အငြိုးအတေးအတွက် ကလဲ့စားချေဖို့ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲကို အခွင့်အရေးတစ်ခုလို အသုံးချချင်နေကြတာလား”

ရင်ပြင်ထဲမှာ ကျင့်ကြံသူများစွာက တိတ်တဆိတ်ဆွေးနွေးပြောဆိုလိုက်ကြ၏။

ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကိုပိတ်ပြီး သူ၏ အပြုံးကို ရုတ်သိမ်းလိုက်၏။

သူက စိတ်ထဲကနေကျိန်ဆဲလိုက်ပြီး မင်းသားယွမ်ကျောကို စိုက်ကြည့်လိုက်၏။

မင်းသားယွမ်ကျောသည် သူ၏ ပတ်ပတ်လည်မှ ဆွေးနွေးပြောဆိုသံများကို ကြားရပြီး တောက်လောင်ပြင်းပြသောအကြည့်များကို ခံစားမိသောအခါ သူကလည်း သည်းမခံနိုင်တော့ပေ။ တုန်လှုပ်မှုနှင့် အမျက်ဒေါသနှင့်အတူ သူက ယွင်ထင်ကိုစိုက်ကြည့်ပြီး အော်ဟစ်ပြောဆိုလိုက်၏။

“မင်းဘာလုပ်နေတာလဲ.. မင်းက ဆူဇီမိုနဲ့ရန်ငြိုးရန်စရှိတယ်မဟုတ်ဘူးလား... မင်းက သူ့ရဲ့ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ကို လိုချင်နေတာမဟုတ်ဘူးလား”

“ငါ့ကိစ္စကို ငါဘာသာငါ ဖြေရှင်းမှာပေါ့”

ယွင်ထင်က မှင်သေသေဖြင့်ပြောပြီး အေးအေးဆေးဆေးပင် လက်ဖက်ရည်ကိုစုပ်သောက်နေ၏။ သူက မင်းသားယွမ်ကျောကိုကြည့်ပြီး လှောင်ရယ်လိုက်၏။

“မင်းလိုမျိုးလူက ငါနဲ့ပူးပေါင်းဖို့ထိုက်တန်တယ်လို့ မင်းတကယ်ပဲထင်လို့လား”

“မင်း...”

မင်းသားယွမ်ကျောက ဒေါသချောင်းချောင်းထွက်သွားပြီး စားပွဲကိုရိုက်ကာ မတ်တတ်ထရပ်လိုက်၏။

သူတို့ကြားမှာ ကျင့်ကြံမှုနယ်ပယ် ၇ခု ကွာဟနေသော်လည်း ယွင်ထင်သည် လူတိုင်း၏ ရှေ့မှောက်မှာ မင်းသားယွမ်ကျောကို မည်သည့်မျက်နှာသာမှမပေးပေ။

မင်းသားယွမ်ကျောသည် သူ၏ မျက်နှာက ပူစပ်ပူလောင်ဖြစ်လာသည်ဟု ခံစားရပြီး ဒေါသချောင်းချောင်းထွက်လာ၏။

သို့သော်လည်း သူက ဤကဲ့သို့သောအခြေအနေအောက်မှာ ယွင်ထင်ကိုမတိုက်ခိုက်နိုင်ပေ။

ယွင်ထင်၏ အဆင့်အတန်းအရ သူတိုက်ခိုက်လိုက်လျှင် မရေမတွက်နိုင်သော ပညာရှင်များက သူ့ကိုသေချာပေါက်တားဆီးလာပေလိမ့်မည်။

မင်းသားရှဲ့လင်ကလည်း ယန်ယန်းအင်မော်တယ်နိုင်ငံမှာ ယွင်ထင်ကို တစ်ခုခုအဖြစ်ခံလိမ့်မည် မဟုတ်ပေ။

ထိုသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက သူ၏ ခေါင်းကိုခါပြီး ရယ်မောလိုက်၏။

မင်းသားယွမ်ကျောသည် ယွင်ထင်နှင့် တကယ်ပဲပူးပေါင်းလိုခဲ့၏။ ယွင်ထင်၏ မာန်မာနအရ မင်းသားယွမ်ကျောသည် ထိုသို့ပြုလုပ်ခြင်းဖြင့် သူ့ကိုယ်သူအရှက်ခွဲလိုက်ခြင်းသာဖြစ်လေသည်။

ဒါ့အပြင် မင်းသားယွမ်ကျောသည် စောစောက အငှားဓားဖြင့်လူသတ်ဖို့အတွက် ယွင်ထင်ကို အသုံးချလိုခဲ့၏။ ဤတစ်ခေါက်မှာ ယွင်ထင်၏ ငြင်းပယ်မှုက သူ၏ နာမည်ဂုဏ်သတင်းကို ကြီးမားစွာထိခိုက်သွားစေ၏။

“အရှင်မင်းသားယွမ်ကျော... တာအိုရောင်းရင်းအဖြူရောင်ပင်လယ် ဒါကဘာအဓိပ္ပါယ်လဲ”

အကြီးအကဲကျုံး၏ အမူအရာကတည်တံ့နေပြီး သူကမတ်တတ်ထရပ်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက်ပြိုင်ပွဲမှာ လူတိုင်းက သူတို့အစွမ်းအစပေါ်သူတို့ မှီခိုရမှာပဲ... ဒါကို ကျုပ်တို့တက္ကသိုလ်က တပည့်တစ်ယောက်ကိုကိုင်တွယ်ဖို့အတွက် ခင်ဗျားတို့နှစ်ယောက်က တိတ်တဆိတ်ပူးပေါင်းခဲ့ကြသေးတာလား”

ဤကိစ္စက ပေါက်ကြားသွားပြီဆိုမှတော့... ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က အဲ့ဒါကိုဆက်လက်၍ ဖုံးကွယ်မထားတော့ပေ။ သူက သူ၏ ခေါက်ယပ်တောင်ကိုဖြန့်ပြီး ပြုံး၍ပြောလိုက်၏။

“မိုးကောင်းကိုကိုးလွှာမှာ သေခြင်းရှင်ခြင်းတိုက်ပွဲတွေကို ခွင့်ပြုပေးထားတယ်.... အတူပူးပေါင်းတာကို ပိတ်ပင်ထားတဲ့ စည်းမျဥ်းစည်းကမ်းမရှိဘူး”

“ခင်ဗျားတို့တက္ကသိုလ်က ဆူဇီမိုက မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ ဒုံမင်းအင်မော်တယ်ကို ဆန့်ကျင်ထားခဲ့တယ်... သူက ကောင်းကင်ဘုံရဲ့အမျက်ဒေါသနဲ့ လူသားတွေရဲ့မုန်းတီးမှု သင့်နေပြီ... သူက ငါတို့ရဲ့ပစ်မှတ်ထားခြင်းခံရတာ ဘာများထူးဆန်းလို့လဲ”

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်တိုက်ပွဲကို ရှုံးထွက်အဆင့်နှင့် နောက်ဆုံးအဆုံးအဖြတ်တိုက်ပွဲဟူ၍ ခွဲခြားထားလေသည်။

မိုးကောင်းကင်ကိုးလွှာသည် ယန်ယန်းအင်မော်တယ်နိုင်ငံမှ ကြေမွပျက်စီးနေသော နေရာလွတ်တစ်ခုဖြစ်သည်ဟုဆိုလေသည်။ အဲ့ဒါက ရှုံးထွက်အဆင့်၏ တိုက်ပွဲနယ်မြေလည်းဖြစ်၏။

ကျင့်ကြံသူများစွာသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ ပါဝင်ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး သူတို့အားလုံးက လောကတစ်ဝန်းကနေ ရောက်ရှိလာခဲ့ကြလေသည်။

သူတို့သည် အသန်မာဆုံး ကမ္ဘာမြေအင်မော်တယ်ပြိုင်စံရှားတစ်ရာကိုရွေးချယ်ဖို့အတွက် ရှုံးထွက်အဆင့်ကို ဖြတ်ကျော်ရပေလိမ့်မည်။

မိုးကောင်းကင်ကိုးလွှာမှာ စုစုပေါင်း နေရာလွတ်အဆင့်ကိုးဆင့်ပါရှိလေသည်။

နေရာလွတ်တစ်ခုချင်းစီမှာ မတူညီသောစွမ်းအားတစ်ခုစီပါဝင်ပြီး အဲ့ဒီမှာစွမ်းအားကြီးမားသော သက်ရှိများနှင့် သဘာဝကပ်ဘေးများကလည်း ရှိနေသေးလေသည်။

အဆင့်တစ်ဆင့်ချင်းစီ၏ အဆုံးမှာ နောက်ထပ်တစ်ဆင့်သို့ သူတို့ကိုပို့ဆောင်ပေးမည့် ပို့ဆောင်ရေးဝင်္ကပါတစ်ခုရှိနေလေသည်။

ရှုံးထွက်အဆင့်၏ စည်းမျဥ်းစည်းကမ်းများကလည်း အတော်လေးရိုးရှင်းလေသည်။ ကျင့်ကြံသူများသည် မည်သည့်ဓမ္မရတနာများ သို့မဟုတ် အဆောင်များကိုမှ အသုံးမပြုနိုင်ပေ။ သူတို့သည် အဆင့်များကို အဆက်မပြတ်ရှင်းလင်းပြီး မိုးကောင်းကင်ကိုးလွှာမှ စမ်းသပ်ချက်များကို ဖြတ်ကျော်တက်လှမ်းဖို့အတွက် သူတို့၏ ကိုယ်ပိုင်ခွန်အားအပေါ်မှာသာ မှီခိုရမည်ဖြစ်၏။

အဆင့်-၅ နေရာလွတ်မှာ ကျင့်ကြံသူများသည် သူတို့၏ နာမည်များကို ၎င်းပေါ်မှာချန်ထားရစ်ခဲ့နိုင်မည့် ဧရာမကျောက်တိုင်တစ်တိုင်ရှိနေမည်ဖြစ်၏။

အဆင့်-၅ သို့ အရင်ဆုံးဝင်ရောက်ပြီး ၎င်းပေါ်မှာ သူတို့၏ နာမည်များကို ချန်ထားရစ်ခဲ့နိုင်မည့် ကျင့်ကြံသူတစ်ရာသည် နောက်ဆုံးအဆင့်သတ်မှတ်ချက်ပြိုင်ပွဲကိုဝင်ရောက်ဖို့ အဆင့်မီပေလိမ့်မည်။ မိုးကောင်းကင်ကိုးလွှာမှာ ကျင့်ကြံသူများသည် သေခြင်းရှင်းခြင်းကို ပဓာနမထားဘဲ တစ်ယောက်ကိုတစ်ယောက်စိတ်ရှိသလို သတ်ဖြတ်နိုင်ကြမည်ဖြစ်၏။

ဤစည်းကမ်းကို ထည့်သွင်းထားခြင်း၏ မူလရည်ရွယ်ချက်က ရိုးရှင်းလေသည်။ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာ နေရာတစ်ရာသာရှိလေသည်။ လူတစ်ယောက်က သေရမည်ကို ကြောက်ရွံ့နေမည်ဆိုလျှင် သူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ ရပ်တည်ဖို့အတွက် အဆင့်မမီပေ။

သို့သော်ယခု... မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းသည် ဤစည်းမျဥ်းကိုအသုံးချကာ မိုးကောင်းကင်ကိုးလွှာမှာ ဆူဇီမိုကိုသတ်ဖြတ်ဖို့ပြင်ဆင်နေကြ၏။

ဤစည်းမျဥ်းကို ထုတ်ပြန်ထားခဲ့သည်မှာ လွန်စွာကြာမြင့်ခဲ့ပြီဖြစ်ပြီး အပြောင်းအလဲတစ်ခုကြောင့် နောက်ဆုံးအခိုက်အတန့်မှာ အဲ့ဒါကိုပြင်ဆင်ထုတ်ပြန်ပေးလိမ့်မည် မဟုတ်ပေ။

ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်အကြီးအကဲများက အကြည့်ချင်းဖလှယ်ပြီး သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များဖြင့် ဆက်သွယ်ကာ တန်ပြန်နည်းလမ်းများကို တိတ်တဆိတ် ဆွေးနွေးနေကြ၏။

သူတို့သည် တစ်ဘက်အဖွဲ့၏ အစီအစဥ်ကိုသိရှိထားပြီဆိုမှတော့ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ကြိုတင်ပြင်ဆင်ရမည်ဖြစ်၏။ ဤတစ်ခေါက်မှာ သူတို့သည်မိုးကောင်းကင်ကိုးလွှာကိုဝင်ရောက်မည့် လူနှစ်ဆယ်ကို ခေါ်လာခဲ့၏။

သူတို့အနေဖြင့် အတူပူးပေါင်းတိုက်ခိုက်ဖို့က မဖြစ်နိုင်သည် မဟုတ်ပေ။

သို့သော်လည်း ဤတစ်ခေါက်မဟာကျင်းအင်မော်တယ်နိုင်ငံမှာ ထျဲဟန်ပါဝင်လာပြီး အင်မော်တယ်ပျံဂုဏ်းမှာ ပြန်ဝင်စားအင်မော်တယ်တစ်ယောက်ပင်ရှိနေ၏။

နှစ်ဦးနှစ်ဘက်က မိုးကောင်းကင်ကိုးလွှာမှာတိုက်ခိုက်ကြမည်ဆိုလျှင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ အနိုင်ရဖို့အခွင့်အရေးမရှိပေ။ သူတို့က လုံးလုံးလျားလျားချေမှုန်းသုတ်သင်ခံရမည်ဆိုလျှင် သူတို့ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာ သူတို့၏ ရပ်တည်ခွင့်များကို ဆုံးရှုံးရပေလိမ့်မည်။

ဤကိစ္စကို ကိုင်တွယ်ဖို့အတွက် စိတ်အချရဆုံးနည်းလမ်းမှာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် ဒီဘက်မျိုးဆက်တိုက်ပွဲကနေ ဆူဇီမိုကိုနှုတ်ထွက်ခိုင်းဖို့ဖြစ်၏။

အကြီးအကဲများက ခဏမျှဆွေးနွေးပြောဆိုပြီး ဆူဇီမိုကိုမေးမြန်းတော့မည်ဖြစ်၏။ တစ်ဘက်မှာတော့ ယွင်ထင်က ရုတ်တရက်အေးစက်စွာမေးလိုက်၏။

“ဆူဇီမို... မင်းကဒီအစီအစဥ်ကို သိထားပြီဆိုမှတော့ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲမှာ ဝင်ပြိုင်ရဲသေးလား”

“ဘာလို့မပြိုင်ရမှာလဲ”

ဆူဇီမိုက တည်ငြိမ်စွာပြုံးလိုက်၏။

တက္ကသိုလ်မှအကြီးအကဲများက ထိတ်လန့်သွား၏။

သို့သော်လည်း ယွင်ထင်၏ မျက်လုံးကဝင်းလက်သွားပြီး ထပ်မံ၍မေးလိုက်၏။

“တစ်ဘက်အဖွဲ့က မင်းကိုကိုင်တွယ်ဖို့အတွက် ပူးပေါင်းထားပြီး ပြန်ဝင်စားအင်မော်တယ်တစ်ယောက်ပါ ပါနေတယ်ဆိုတာကိုသိတာတောင် မင်းက ဝင်ပြိုင်ရဲသေးလား”

“ပြန်ဝင်စားအင်မော်တယ်တွေက တကယ်ပဲစွမ်းအားကြီးမားကြမှာပါ”

ဆူဇီမိုက ပြုံး၍ပြောလိုက်၏။

“ဒါပေမဲ့... သူကလည်း ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ... မိုးကောင်းကင်ကိုးလွှာမှာ သေခြင်းရှင်ခြင်းတိုက်ပွဲတွေကို ခွင့်ပြုပေးထားတယ်... နောက်ဆုံး ဘယ်သူက အသက်ရှင်လျက်ထွက်လာနိုင်မယ်ဆိုတာ ပြောဖို့စောပါသေးတယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် အုန်းအုန်းကျက်ကျက်အသံများထွက်ပေါ်လာ၏။

“ဆူဇီမိုက ပစ်မှတ်ထားခံရတာ မထူးဆန်းတော့ဘူး... သူကနဲနဲတော့မောက်မာနေတာပဲ”

“အမှန်ပဲ... ဒီမောက်မာနေတဲ့အရူးကို သင်ခန်စားတစ်ခုပေးရတော့မယ့်အချိန်ပဲ”

“သူကအောက်ဘုံကနေတက်လှမ်းလာတာလို့ ငါကြားထားတယ်... သူ့မှာ ဗဟုသုတများများစားစားမရှိလောက်ဘူး... သူကရေတွင်းထဲကဖားသူငယ်ပဲ”

ကျင့်ကြံသူများစွာက ဆူဇီမို၏ စကားကိုကြားသောအခါ အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်ကြ၏။

“ကောင်းပြီလေ”

ယွင်ထင်တစ်ယောက်ကသာလျှင် အော်ပြောလိုက်၏။ သူ၏ အသံက မိုးကြိုးသံကဲ့သို့ နေရာတစ်ခွင်ပဲ့တင်ထပ်သွားပြီး လှောင်ပြောင်သရော်သံများနှင့် သံသယဝင်နေသောအသံများအားလုံးကို ဖိနှိမ်လိုက်၏။

“ဆူဇီမို... မင်းငါ့ကိုတကယ်ပဲစိတ်မပျက်စေခဲ့ဘူး”

ယွင်ထင်က ဖြည်းဖြည်းချင်းမတ်တတ်ထရပ်ပြီး အော်ပြောလိုက်၏။

“ဒီတစ်ခေါက် ငါဒီကိုရောက်လာတဲ့အကြောင်းအရင်းက ငါကမင်းကို ပုဂ္ဂိုလ်ရေးစိန်ခေါ်မှုတစ်ခု ထုတ်ပြန်ကြေညာချင်လို့ပဲ”

All Chapters