သူ့ဖိနပ်ကိုသယ်ဖို့တောင် မထိုက်တန်ဘူး
Vol. 147 Ch. 2195
ယွင်ထင်သည် ဤနေရာကို အကြောင်းအရာတစ်ခုအတွက် ကိုယ်တိုင်ကိုယ်ကျရောက်ရှိလာခြင်းဖြစ်၏။ သူသည် တက္ကသိုလ်မှ အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို စိန်ခေါ်မှုတစ်ခုပြုလုပ်ချင်သောကြောင့်ဖြစ်၏။
လူတိုင်း၏ မျက်လုံးထဲမှာ သူတို့နှစ်ယောက်ကြားတွင် နာမည်ဂုဏ်သတင်းနှင့် နောက်ခံမှာ ကြီးမားသောကွာဟချက်တစ်ခုရှိနေရုံသာမက ခွန်အားကွာခြားချက်ကလည်း ကမ္ဘာတစ်ခုခြားနေ၏။
မင်းသားယွင်ထင်က ဆူဇီမိုကို ဘာ့ကြောင့် ဤမျှထိမြင့်မြင့်မားမား သတ်မှတ်ထားတာလဲ။
မင်းသားယွင်ထင်၏ စကားလုံးများက လက်ရှိသံသယအသံများနှင့် လှောင်ပြောင်သရော်သံများကို ချက်ချင်းပင်တိတ်ဆိတ်ငြိမ်သက်သွားစေ၏။
“မင်းရဲ့စိန်ခေါ်မှုကိုငါလက်ခံတယ်”
ဆူဇီမိုက အကြောက်အလန့်ကင်းမဲ့စွာ ခေါင်းညိတ်ပြလိုက်၏။
မင်းသားယွင်ထင်က ရောက်ရှိမလာခဲ့လျှင်တောင် သူတိုနှစ်ယောက်ကြား နောက်ထပ်တိုက်ပွဲတစ်ခုက အနှေးနဲ့အမြန်ရောက်ရှိလာမည်ကို သူသိထားလေသည်။
“ဟုတ်ပြီလေ”
ယွင်ထင်က မြင့်မားသောစိတ်ဝိညာဥ်မှာရှိနေပြီး အော်ပြောလိုက်၏။
“မင်းက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့နံပါတ်တစ်နေရာကို ရနိုင်မယ်ဆိုရင် ငါက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမှာ ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးကနေ မင်းကိုစောင့်နေမယ်”
ထိုစကားကိုကြားသောအခါ ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။
ပကတိအင်မော်တယ်ရှဲ့လင်ပင်လျှင် သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲက နှစ်တစ်သောင်းမပြည့်ခင် စတင်တော့မည်ဖြစ်၏။
ယခုအချိန်မှာ ယွင်ထင်သည် အဆင့်-၂ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်၏။ နှစ်တစ်သောင်းမှာ သူက အဆင့်ဘယ်လောက်များများကို တက်လှမ်းနိုင်မှာလဲ။
ထိုအချိန်ကျလျှင် သူက ကောင်းကင်အဆင့်သတ်မှတ်ချက်၏ အခြားသောပြန်ဝင်စားမွန်းစတားများနှင့် ဘယ်လိုများတိုက်ခိုက်မှာလဲ။
ကောင်းကင်အမြုတေနယ်ပယ်မှာ လူတစ်ယောက်သည် လုံလောက်သည့် ကျင့်ကြံရေးအရင်းအမြစ်များ ရရှိထားသည်ဆိုလျှင်တောင် သူတို့သည် နှစ်တစ်သောင်းမှာ အဆင့်တစ်ဆင့်လောက်ကိုသာ ချိုးဖျက်တက်လှမ်းနိုင်ပေလိမ့်မည်။
ဒါ့အပြင် ဆူဇီမို၏ လက်ရှိကျင့်ကြံမှုက ပို၍ပင်နိမ့်ကျပြီး သူက အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်၏။ နှစ်တစ်သောင်းမပြည့်ခင်မှာ သူသည် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာအတွက် တိုက်ခိုက်ဖို့နေနေသာ သူကကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လာမည်ဆိုလျှင်တောင် သူက အလွန်တရာပါရမီအရည်အချင်းရှိသည်ဟု ဆိုရပေလိမ့်မည်။
ယွင်ထင်၏ စိန်ခေါ်မှုက ရယ်စရာကောင်းနေ၏။
ဒါ့အပြင် ဤတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနှစ်နေရာက သေချာသလောက်နီးပါးဖြစ်၏။ တက္ကသိုလ်မှ ဆူဇီမိုသည် ပြန်ဝင်စားအင်မော်တယ်များကို ဘယ်လိုအနိုင်ယူမှာလဲ။
သူသည် ကောင်းကင်ဘုံကိုးလွှာသို့ ဝင်ရောက်သည့်အခါ သူကအသက်ရှင်ဖို့ပင် မသေချာပေ။
ခဏမျှရပ်တန့်ပြီး ယွင်ထင်က ဆက်ပြောလိုက်၏။
“တကယ်တော့... မင်းက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကို မရနိုင်ဘူးဆိုရင် မင်းကငါနဲ့ထပ်ပြီးတိုက်ခိုက်ဖို့ အဆင့်မမီဘူး”
“အဲ့ဒါဆိုရင်တော့ မင်းစိတ်ပျက်သွားရမှာ ငါစိုးမိတယ်”
မင်းသားယွမ်ကျောက အေးစက်စွာနှာတစ်ချက်မှုတ်ပြီး ဝင်ပြောလိုက်၏။
“ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်ဖြစ်တဲ့ ဖုန်းယင်နဲ့ ထိုက်ဟွာနဲ့ဆို... ဒီတစ်ခေါက်ဆူဇီမိုက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကိုရဖို့တွေးနေတယ်ဆိုရင် သူကသေချာပေါက် စိတ်ကူးယဥ်နေတာပဲဖြစ်ရမယ်”
“အို...”
ယွင်ထင်က မျက်ခုံးပင့်ပြီး ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်ဖြစ်သော ဖုန်းယင်နှင့် ထိုက်ဟွာကိုကြည့်ကာ ပြောလိုက်၏။
“သူတို့တွေက ပြန်ဝင်စားလာတယ်ဆိုတာ သူတို့ရဲ့အရင်ဘဝတုန်းက ကျရှုံးခဲ့လို့ပဲ... သူတို့က ဘာတွေများကြီးကျယ်ခမ်းနားနေလို့လဲ”
ယွင်ထင်၏ စကားလုံးများသည် ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်ဖြစ်သော ဖုန်းယင်နှင့် ထိုက်ဟွာကို မထီမဲ့မြင်ပြုလိုက်ခြင်းဖြစ်၏။
သူ၏ လှုပ်ရှားမှုနှင့် အပြုအမူတိုင်းက ထက်ရှနေ၏။
“ဟမ့်...”
သုန်မှုန်နေသောအမူအရာနှင့်အတူ ထိုက်ဟွာက အေးစက်စွာပြောလိုက်၏။
“မောက်မာတဲ့ဂျူနီယာတစ်ယောက်က ငါ့ရှေ့မှာဘယ်လိုတောင် မျက်နှာပြောင်တိုက်ရဲတာလဲ... မင်းရဲ့အကြီးအကဲတွေက မင်းကိုဆုံးမမထားဘူးလား”
ထိုက်ဟွာ၏ ရင်ထဲမှာ သူသည် ပြန်လည်မွေးဖွားလာသည်ဆိုလျှင်တောင် သူက သူ့ယခင်ဘဝမှာ ပကတိအင်မော်တယ်တစ်ယောက်ဖြစ်နေဆဲပင်။
ဖုန်းယင်က အမူအရာကင်းမဲ့စွာဖြင့်ပြောလိုက်၏။
“ဂျူနီယာ... မင်းက ပကတိအင်မော်တယ်နယ်ပယ်ထိကျင့်ကြံပြီးမှ ပြန်လာပြီးမောက်မာမယ်ဆိုလည်း နောက်မကျသေးဘူး”
“ဟားဟား”
ယွင်ထင်က အသံထွက်ရယ်မောလိုက်ပြီး သူတို့နှစ်ယောက်နှင့်ငြင်းခုံနေဖို့ စိတ်မဝင်စားပေ။
သူက ရင်ပြင်ပေါ်မှလူတိုင်းကိုလှည့်ကြည့်ပြီးမေးလိုက်၏။
“မင်းတို့တွေက စောစောကသူ့ကို လှောင်ပြောင်သရော်ခဲ့ကြတယ်ပေါ့”
ယွင်ထင်ရည်ညွှန်းပြောဆိုနေသောသူက ဆူဇီမိုဖြစ်လေသည်။ ယွင်ထင်က ဝိုင်ပြင်းတစ်ခွက်ကိုကောက်ယူပြီး အရိုင်းဆန်ဆန်ပုံစံဖြင့် တစ်ကျိုက်တည်းမော့သောက်လိုက်၏။ သူက သူ၏ လက်ညှိုးကိုဆန့်ထုတ်ပြီး ရင်ပြင်ပေါ်ရှိပြိုင်စံရှားများ၊ ပြန်ဝင်စားမွန်းစတားများနှင့် ထိုက်ဟွာနှင့်ဖုန်းယင်ကိုပင် လက်ညှိုးထိုးကာ ရယ်မောလိုက်၏။
“မင်းတို့တွေအားလုံးက သူ့ဖိနပ်ကိုသယ်ဖို့တောင် ထိုက်တန်လို့လား”
ရင်ပြင်ပေါ်ရှိလူတိုင်းက တုန်လှုပ်၍ ဒေါသထွက်သွားကြ၏။
ဖြောင်း...
ထိုက်ဟွာက စားပွဲခုံကိုပစ်ရိုက်ပြီး အေးစက်စွာအော်ငေါက်လိုက်၏။
“မင်းဘယ်လိုတောင်ပြောရဲတာလဲ”
ယွင်ထင်သည် မောက်မာ၍စိတ်ကြီးဝင်နေသည်ဟု သူကသိရှိထားလျှင်တောင် မင်းသားရှဲ့လင်သည် ထိုအခိုက်အတန့်မှာ ခေါင်းကိုက်လာခဲ့၏။
အကြီးအကဲများ၏ အမူအရာများက ပြောင်းလဲသွားပြီး စိုးရိမ်ပူပန်သောအကြည့်များနှင့်အတူ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
အကြီးအကဲများအတွက်တော့ ယွင်ထင်၏ စကားလုံးများသည် ဆူဇီမိုကို မုန်တိုင်း၏ အလယ်သို့ တွန်းပို့လိုက်ခြင်းနှင့်တူလေသည်။
သူက ဆူဇီမိုကို ချောင်ပိတ်ရိုက်ချင်နေတာလား။
အဖွဲ့အစည်းကြီးနှစ်ခုဖြစ်သော မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမို၏ အခြေအနေသည် အစကတည်းက အလွန်တရာအန္တရာယ်များ၍ အနိဋ္ဌာရုံဆန်နေခဲ့ပြီဖြစ်၏။
ယွင်ထင်က ယခုထိုစကားကို ပြောလိုက်ပြီး အဲ့ဒါသည် ဆူဇီမိုအတွက် ပို၍များပြားသော ပြိုင်ဘက်များကို ရှာဖွေပေးလိုက်ခြင်းနှင့် တူလေသည်။
တကယ်တော့ တက္ကသိုလ်မှအကြီးအကဲများသည် ဤကိစ္စကို တကယ်ပင်အထင်လွဲသွားခြင်းဖြစ်၏။
ယွင်ထင်၏ နှလုံးသားထဲမှာ လက်ရှိလူများကြားမှာ ဆူဇီမိုတစ်ယောက်တည်းကသာလျှင် သူ၏ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်လေသည်။
စောစောက ဆူဇီမိုက လှောင်ပြောင်သရော်ခံနေရသည်ကို သူတွေ့မြင်သောအခါ သူက ဆူဇီမိုအတွက် မချင့်မရဲခံစားနေခဲ့ရ၏။ ထို့ကြောင့်ပင်လျှင် သူကထိုစကားကိုပြောခဲ့ခြင်းဖြစ်၏။
“မင်းသားယွင်ထင်... ခင်ဗျားဘာလို့ ကျုပ်တို့တက္ကသိုလ်က ဆူဇီမိုကို ထပ်တလဲလဲပစ်မှတ်ထားနေရတာလဲ... အဲ့ဒါက ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ကြောင့်ပဲလား”
အကြီးအကဲဟဲက သည်းမခံနိုင်တော့ဘဲ မျက်မှောင်ကြုတ်ကာမေးလိုက်၏။
“နောက်ပြီး ခင်ဗျားတို့နှစ်ယောက်ကြား ခွန်အားကွာဟချက်ကလည်း အရမ်းကိုကြီးမားနေတယ်... ခင်ဗျားကနာမည်ကြီးကျော်ကြားနေပြီ... ခင်ဗျားတို့တိုက်ပွဲရဲ့ရလဒ်နဲ့ပတ်သက်ပြီး သံသယတစ်ခုခုရှိစရာ လိုသေးလို့လား”
“ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်က အကြောင်းအရင်းတွေထဲကတစ်ခုပဲ”
ယွင်ထင်က ခဏမှရပ်တန့်ပြီးနောက် ဖြည်းဖြည်းချင်းဆက်ပြောလိုက်၏။
“ပိုပြီးအရေးကြီးတာက ငါတို့နှစ်ယောက် မဟူရာအင်မော်တယ်တွေ ဖြစ်ခဲ့တုန်းက ငါတို့တစ်ခါတိုက်ခိုက်ခဲ့ကြဖူးတယ်”
“ဒါပေမဲ့ ပတ်ဝန်းကျင်အနေအထားကြောင့် အဲ့ဒီမှာ ငါအသုံးမပြုနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိခဲ့တယ်... ငါကစိတ်ကျေနပ်အားရတဲ့ထိ မတိုက်ခိုက်ခဲ့ရဘူး... နောက်တစ်ခါ ငါတို့တိုက်ခိုက်တဲ့အချိန်မှာ ငါကငါ့ရဲ့အကောင်းဆုံးကို ထုတ်ဖော်နိုင်ပြီး ငါ့ဘဝမှာသင်ယူထားတဲ့အရာအားလုံးကို အသုံးပြုပြီး စိတ်လိုလက်ရတိုက်ခိုက်ရဖို့ မျှော်လင့်မိတယ်”
ယွင်ထင်သည် ဧကရာဇ်ဂူသင်္ချိုင်းထဲကတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ရလေသည်။
သူ၏ မာန်မာနအရ သူ့အနေဖြင့် ယနေ့ဤကိစ္စကိုပြန်လည်ထုတ်ဖော်ပြောဆိုသည်ကပင် ရှားရှားပါးပါးဖြစ်လေသည်။
တကယ်တော့... သူရှုံးနိမ့်ခဲ့သည်ဆိုတာကို သူကသေချာပေါက်ဝန်ခံလိမ့်မည်မဟုတ်ပေ။ ထိုနေရာမှာ သူအနေဖြင့် မထုတ်ဖော်နိုင်ခဲ့သည့် နည်းလမ်းများစွာရှိပြီး သူကမကျေမနပ်ဖြစ်နေခဲ့၏။
ထို့ကြောင့်ပင်လျှင် သူက တိုက်ပွဲဝင်စိတ်ဝိညာဥ်တစ်ခုနှင့်အတူ ဆူဇီမိုကို နောက်တစ်ဖန် လာရောက်စိန်ခေါ်ခြင်းဖြစ်လေသည်။
ယွင်ထင်သည် ဤတိုက်ပွဲ၏ ရလဒ်ကို ထုတ်ဖော်မပြောဆိုခဲ့သော်လည်း ထိုသတင်းက လူတိုင်းကို တုန်လှုပ်သွားစေလေသည်။
“ဆူဇီမိုက ယွင်ထင်နဲ့တိုက်ခိုက်ပြီး အသက်ရှင်နိုင်ခဲ့တာလား”
“မင်းမကြားလိုက်ဘူးလား.. အဲ့ဒီမှာ ပတ်ဝန်းကျင်ရဲ့ကန့်သတ်မှုရှိနေလို့တဲ့... ယွင်ထင်က သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားကို အပြည့်အဝ မထုတ်ဖော်နိုင်ခဲ့ဘူး”
“ယွင်ထင်က ဆူဇီမိုကို ဒီလောက်ထိ အသည်းအသန်ပစ်မှတ်ထားနေတာ မထူးဆန်းတော့ဘူး... သူတို့နှစ်ယောက်က အတိတ်ကာလတုန်းက ပဋိပက္ခတစ်ခုရှိခဲ့ပြီး နက်ရှိုင်းတဲ့ရန်ငြိုးရန်စပါရှိနေခဲ့ပြီးသားပဲ”
ရင်ပြင်ပေါ်မှာ အုန်းအုန်းကျက်ကျက်အသံများက နောက်တစ်ဖန်ထွက်ပေါ်လာ၏။
ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ထိုင်ခုံများမှ ရှဲ့ချင်းချန်က တစ်စုံတစ်ရာကိုတွေးမိသွားပုံရ၏။ သူက သူ၏ လက်ဖက်ရည်ခွက်ကို မြှောက်လိုက်စဥ်မှာပင် သူ၏ လက်ကောက်ဝတ်က အနည်းငယ်တုန်ယင်နေပြီး လက်ဖက်ရည်များက ဖိတ်စင်ကျသွား၏။
“အစ်ကို... ဘာများဖြစ်လို့လဲ”
ဘေးကနေ မင်းသမီးသက်တံနီက ရှဲ့ချင်းချန်၏ ထူးခြားမှုကို သတိထားမိသွားပြီး ခပ်တိုးတိုးမေးမြန်းလိုက်၏။
ရှဲ့ချင်းချန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ခပ်တိုးတိုးပြောလိုက်၏။
“သက်တံနီ... နင်ပြောတဲ့စကားက မမှားဘူးဆိုတာ ငါအခုမှပဲသေချာနားလည်တော့တယ်... ဆူဇီမိုရဲ့တိုက်ခိုက်ရည်ခွန်အားက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ထိပ်ဆုံး ငါးနေရာထဲမှာ တကယ်ပဲ ရှိလောက်တယ်”
“ဟမ်..”
ခဏကြာသည်အထိ မင်းသမီးသက်တံနီက အဲ့ဒါကိုပုံမဖော်နိုင်ဘဲ ငေးငိုင်နေ၏။
ရှဲ့ချင်းချန်ကပြောလိုက်၏။
“စောစောက သူပြောတဲ့စကားကို နင်မကြားလိုက်ဘူးလား... ယွင်ထင်က ဆူဇီမိုနဲ့ အရင်ကတိုက်ခိုက်ခဲ့တယ်တဲ့... အဲ့ဒီတိုက်ပွဲရဲ့ရလဒ်ကို နင်သိလား”
“မသိဘူးလေ... ယွင်ထင်က အဲ့ဒါကို ပြောမှမပြောတာ.. သူတို့နှစ်ယောက်ပဲသိလိမ့်မယ်လို့ထင်တယ်”
မင်းသမီးသက်တံနီက ခေါင်းခါပြလိုက်၏။
“ခန့်မှန်းကြည့်လေ”
ရှဲ့ချင်းချန်က ပြုံး၍ပြောလိုက်၏။
“ကျွန်မထင်တာတော့ ယွင်ထင်က အနိုင်ရခဲ့တာဖြစ်မယ်”
မင်းသမီးသက်တံနီက အတည်ပြုကြည့်လိုက်၏။
ရှဲ့ချင်းချန်က သူ၏ ခေါင်းကိုခါပြီးပြောလိုက်၏။
“ယွင်ထင်အနိုင်ရခဲ့မယ်ဆိုရင် သူက ဆူဇီမိုကို အခုလိုလာစိန်ခေါ်ပြီး အဲ့ဒီစကားတွေကို ပြောနေစရာလိုလို့လား”
“ဟုတ်သားပဲ”
မင်းသမီးသက်တံနီက တဖြည်းဖြည်းနားလည်သဘောပေါက်လာပြီး ထပ်တလဲလဲခေါင်းညိတ်လိုက်၏။
“ဂျူနီယာမောင်လေးဆူက သူ့ကိုရှုံးနိမ့်ခဲ့မယ်ဆိုရင် ယွင်ထင်ရဲ့မာန်မာနအရ သူကရှုံးထားတဲ့ပြိုင်ဘက်နဲ့ ဘာလို့နောက်ထပ်တိုက်ပွဲတစ်ခု တိုက်ခိုက်မှာလဲ”
“ဒီလိုဆိုရင်... သူတို့နှစ်ယောက််ရဲ့ တိုက်ပွဲရလဒ်က သရေရလဒ်ဖြစ်ရမယ်”
မင်းသမီးသက်တံနီက စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်၏။
ဆူဇီမိုသည် နှစ်တစ်သောင်းမှာ နံပါတ်တစ်ပြန်ဝင်စားမွန်းစတားနှင့် သရေကျအောင်တိုက်ခိုက်နိုင်ခဲ့သည့်အချက်သည် စိတ်လှုပ်ရှားစရာကောင်းသော တစ်စုံတစ်ရာဖြစ်လေသည်။ သို့သော်လည်း ရှဲ့ချင်းချန်က သူ၏ ခေါင်းကိုခါပြီး မေးလိုက်၏။
“အဲ့ဒါက သရေရလဒ်ဆိုရင် ယွင်ထင်က အဲ့ဒါကို ဘာလို့ထုတ်မပြောခဲ့တာလဲ”
“အစ်ကို... ရှင်ပြောချင်တာက..”
မင်းသမီးသက်တံနီက တုန်လှုပ်သွား၏။
ရှဲ့ချင်းချန်က ညင်သာစွာခေါင်းညိတ်၍ပြောလိုက်၏။
“ယွင်ထင်ကအဲ့ဒီတိုက်ပွဲမှာရှုံးခဲ့တာဖြစ်ဖို့များတယ်... အဲ့ဒါကြောင့် သူက ဆူဇီမိုကို ကိုယ်တိုင်လာပြီး စိန်ခေါ်နေတာပဲ”