မီးတောက်လောက
Vol. 147 Ch. 2197
ရှဲ့လင်က ထိုသို့ပြောလိုက်သည့် ခဏမှာပင် ကမ္ဘာမြေအင်မော်တယ်များစွာက ဆက်လက်၍ မစောင့်ဆိုင်းနိုင်တော့ဘဲ လေထဲရှိ အက်ကွဲကြောင်းထဲသို့ ပြေးဝင်သွားကြသည်။
ပုံရိပ်များက လေထဲသို့ တစ်ယောက်ပြီးတစ်ယောက် ပျံတက်လာပြီး မိုးကောင်းကင်ကိုးလွှာသို့ တတ်နိုင်သမျှမြန်မြန် ဝင်ရောက်ချင်ကြ၏။
တက္ကသိုလ်မှ လူတိုင်းသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလိုက်ကြ၏။ သိပ်မကြာခင် သူတို့သည် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ပြီး ပျောက်ကွယ်သွားကြ၏။
မင်းသားယွမ်ကျောသည် မိုးကောင်းကင်ကိုးလွှာသို့ ဆူဇီမို ဝင်ရောက်သွားသည်ကို စောင့်ကြည့်ပြီးမှ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
“ဒီဖြစ်စဉ်မှာ အမှားအယွင်းတချို့ ရှိခဲ့ပေမဲ့ အဲဒါက ငါတို့ရဲ့ အစီအစဉ်ကို မသက်ရောက်စေခဲ့ဘူး”
မင်းသားယွမ်ကျောက ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်၏ စိတ်ဝိညာဉ်အသိစိတ်ထံသို့ အသံတစ်ခုကို တိတ်တဆိတ် ပို့လွှတ်လိုက်၏။
ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကို ခတ်ပြီး အသံတစ်ခုကို ပြန်ပို့လိုက်၏။
“ဒီကိစ္စက ယွင်ထင်ကြောင့် ပျက်စီးတော့မလို့ပဲ… တော်သေးတာပေါ့.. ဆူဇီမိုက မောက်မာခက်ထန်ပြီးတော့ စိတ်ကြီးဝင်နေတယ်.. သူက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကို လက်မလျှော့ခဲ့ဘူး”
မင်းသားယွမ်ကျောနှင့် ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များဖြင့် ပြောဆိုနေစဉ်မှာပင် သူတို့နှစ်ယောက်သည် ရုတ်တရက် အေးစက်နေသော စိတ်ဆန္ဒတစ်ခုကို ခံစားလိုက်ရပြီး သူတို့၏ ခေါင်းမွေးများက ထောင်ထလာခဲ့၏။
သူတို့၏ ရှေ့တည့်တည့်မှာ ယွင်ထင်သည် သူ၏ ဝိုင်ကို သောက်ပြီး ပြုံးစစဖြင့် သူတို့နှစ်ယောက်ကို ကြည့်ကာ သူ၏ အကြည့်က ဓားတစ်လက်ကဲ့သို့ ထက်ရှနေ၏။
“မင်းတို့တွေမှာ ပြောစရာတစ်ခုခု ရှိတယ်ဆိုရင်လည်း အဲဒါကို ဘာလို့ ပေါ်ပေါ်ထင်ထင် ထုတ်မပြောကြတာလဲ.. မင်းတို့က ဘာလို့ နှစ်ကိုယ်ကြား တတွတ်တွတ် လုပ်နေရတာလဲ”
ယွင်ထင်က ပြုံးလိုက်၏။
“မင်းတို့ရဲ့ ညစ်ညမ်းတဲ့ ကိစ္စတွေက လျှို့ဝှက်ချက်တစ်ခုမှ မဟုတ်တော့တာ”
မင်းသားယွမ်ကျောနှင့် ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က မှင်သေသေဖြင့် ရှိနေပြီး ဒေါသထွက်မသွားကြပေ။
သို့သော်လည်း သူတို့နှစ်ယောက်က တိတ်တဆိတ် သတိထားလာခဲ့၏။
ယွင်ထင်သည် အဆင့်-၂ ကောင်းကင်အင်မော်တယ်တစ်ယောက်သာ ဖြစ်သော်လည်း သူ၏ အာရုံခံအသိစိတ်က ထက်ရှလွန်း၏။
သူတို့နှစ်ယောက်သည် စောစောက သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များဖြင့် ဆက်သွယ်ပြောဆိုခဲ့စဉ် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်လှိုင်းများက သူတို့ကြားမှာသာ လှည့်ပတ်နေပြီး သိသာထင်ရှားမှု မရှိခဲ့ပေ။
ထိုသို့ဆိုလျှင်တောင် ယွင်ထင်သည် သူတို့ကြား အကွာအဝေးနှင့်ပင်လျှင် အဲဒါကို အာရုံခံမိလိုက်ဆဲဖြစ်၏။
အချိန်တိုအတွင်းမှာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်လိုသော ကမ္ဘာမြေအင်မော်တယ် အများစုက မိုးကောင်းကင်ကိုးလွှာသို့ ဝင်ရောက်သွားကြပြီဖြစ်၏။
တကယ်တော့ အဲဒီမှာ လှုပ်ရှားမှု မပြုလုပ်သော ကမ္ဘာမြေအင်မော်တယ် တချို့ကလည်း ရင်ပြင်ပေါ်မှာ ရှိနေသေး၏။ သူတို့သည် နောက်ဆုံး အခိုက်အတန့်မှာ နောက်ဆုတ်လိုသောကြောင့် ဖြစ်၏။
မိုးကောင်းကင်ကိုးလွှာသို့ ဝင်ရောက်ခြင်းဖြင့် သေခြင်း ရှင်ခြင်းကို ထိန်းချုပ်၍ မရနိုင်တော့ပေ။
ပြီးခဲ့သည့် မိုးကောင်းကင်ကိုးလွှာ၏ ရှုံးထွက်အဆင့်များမှာ ကမ္ဘာမြေအင်မော်တယ် ငါးပုံတစ်ပုံလောက်နီးပါးက သေဆုံးခဲ့ကြသည်ဟု ဆိုလေသည်။
ဤတစ်ခေါက်မှာ မိုးကောင်းကင်ကိုးလွှာသို့ ဝင်ရောက်သည့် ကမ္ဘာမြေအင်မော်တယ် တစ်သန်းကျော် ရှိလေသည်။
ငါးပုံတစ်ပုံဆိုသည်မှာ ကမ္ဘာမြေအင်မော်တယ် နှစ်သိန်းလောက်က အသက်ရှင်လျက် ပြန်ထွက်လာနိုင်တော့မည် မဟုတ်ဟု အဓိပ္ပာယ်ရလေသည်။ သေဆုံးနှုန်းက အရမ်းကို မြင့်မားနေ၏။
အခွင့်အလမ်းနှင့် နာမည်ဂုဏ်သတင်းက အရေးပါသော်လည်း လူတချို့အတွက် သူတို့ အသက်ရှင်မှသာ အဲဒါကို မျှော်လင့်နိုင်လေသည်။
ဒါ့အပြင် ကမ္ဘာမြေအင်မော်တယ် အများစုအတွက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ခိုက်ဖို့ အခွင့်အရေး သူတို့မှာ မရှိပေ။
အဲဒီမှာ အရေအတွက် တစ်သန်းနီးပါး ရှိသော်လည်း ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ နေရာ ၁၀၀ သာလျှင် ရှိလေသည်။ ယှဉ်ပြိုင်မှုက အရမ်းကို ပြင်းထန်ကြမ်းတမ်းလွန်း၏။
ခဏနေပြီးနောက် ရင်ပြင်ပေါ်မှာ မိုးကောင်းကင်ကိုးလွှာသို့ ဝင်ရောက်မည့် တခြားမည်သူမျှ မရှိတော့သည်ကို တွေ့ရသောအခါ ရှဲ့လင်က လေထဲမှာ မှော်စာလုံးတချို့ကို ရေးဆွဲလိုက်၏။
ဧရာမ အက်ကွဲကြောင်းက ဖြည်းဖြည်းချင်း ပိတ်ဆို့သွားပြီး ဘယ်တုန်းကမှ မပေါ်ထွက်ခဲ့သည့်အလား ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
ထို့နောက် ချက်ချင်းပင် ရှဲ့လင်က ရင်ပြင်၏ အထက်မှာ နောက်ထပ် အစစ်အမှန်အမြုတေစီးကြောင်းတစ်ခုကို ထုတ်လွှတ်လိုက်၏။
လေထဲမှာ ဧရာမ ကြေးမုံတစ်ချပ် ပေါ်ထွက်လာပြီး ကြည်လင်နေသော မိုးကောင်းကင်ကဲ့သို့ ရင်ပြင်ကို အုပ်မိုးလာခဲ့၏။
ဧရာမ ကြေးမုံက မိုးကောင်းကင်ကိုးလွှာမှ အရာရာတိုင်းကို ရှင်းလင်းစွာ ရောင်ပြန်ဟပ်ပေးနေ၏။ ရင်ပြင်ထဲရှိ လူတိုင်းက မိုးကောင်းကင်ကိုးလွှာသို့ မဝင်ရောက်ကြသော်လည်း သူတို့သည် အထဲမှာ ရှိသော အခြေအနေကို ရှင်းလင်းစွာ တွေ့မြင်နေရ၏။
အထက်ဘုံမှာ အခြားသော လောကကို ရောင်ပြန်ဟပ်ပေးသည့် နည်းလမ်းများစွာ ရှိပြီး အဲဒါက အရမ်းကို သာမန်သာဖြစ်၏။
တက္ကသိုလ်မှ အကြီးအကဲများသည် ကောင်းကင်ထက်မှ ကြေးမုံကို ကြည့်ပြီး ဆူဇီမိုနှင့် အခြားတပည့် ဆယ့်ကိုးယောက်ကို အာရုံစိုက်ထားကြ၏။ အရာရာတိုင်းက ချောချောမွေ့မွေ့ ပြီးဆုံးပြီး မည်သည့်အရာမှ ဖြစ်ပျက်မလာဖို့ သူတို့က စိတ်ထဲမှာ ဆုတောင်းနေကြ၏။
“အရှင်မင်းသား.. လူကြီးမင်းဆူက ဒီအကျပ်အတည်းကို ဖြတ်ကျော်နိုင်မယ်လို့ ထင်လား”
ယန်ယန်းအင်မော်တယ်နိုင်ငံဘက်မှ အစေခံတစ်ယောက်လို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ရှဲ့ချင်းချန်၏ ဘေးမှာ လက်ဖက်ရည် ငှဲ့ပေးရင်း တိုးတိတ်စွာ မေးလိုက်၏။
အဲဒါသည် မကြာသေးခင်ကမှ ရှဲ့ချင်းချန် ခေါ်ယူထားသော ရှုရှောင်းထျန် ဖြစ်လေသည်။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် သူသည် ဤကဲ့သို့သော ပွဲစဉ်တစ်ခုမှာ ပါဝင်တက်ရောက်ဖို့ အဆင့်မမီပေ။
သို့သော်လည်း ရှုရှောင်းထျန်သည် ဆူဇီမိုကို ဂရုစိုက်၍ အထင်ကြီးလေးစားသည်ကို ရှဲ့ချင်းချန်က သိရှိထားလေသည်။ ထိုသို့ဖြင့် ဤရှားရှားပါးပါး အင်မော်တယ်ကျင့်ကြံရေး ပွဲစဉ်ကို စောင့်ကြည့်ရင်း သူ့ကို အလုပ်အကျွေးပြုမည့် အစေခံအုပ်စုနှင့်အတူ ရှုရှောင်းထျန်ကို သူက ခေါ်လာခဲ့၏။
ရှဲ့ချင်းချန်က သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
“အဲဒါတော့ ငါလည်း မသိဘူး.. ညီအစ်ကိုဆူရဲ့ နည်းလမ်းတွေက သေချာပေါက် အားမနည်းဘူး.. ဒါပေမဲ့ သူ့ရဲ့ ပြိုင်ဘက်တွေကလည်း တကယ့်ကို သန်မာတယ်”
“ပိုပြီး အရေးကြီးတာက တစ်ဖက်အဖွဲ့က ဘယ်အချိန်မှာ ဒါမှမဟုတ် ဘယ်နေရာမှာ တိုက်ခိုက်လာမယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး”
ရှုရှောင်းထျန်က နားလည်သဘောပေါက်လာပြီး ပြောလိုက်၏။
“ပြောရမယ်ဆိုရင် လူကြီးမင်းဆူက မိုးကောင်းကင်ကိုးလွှာကို ဝင်ရောက်ပြီးတဲ့နောက် သူက မိုးကောင်းကင်ကိုးလွှာရဲ့ အန္တရာယ်ကို ဂရုစိုက်ရမယ့်အပြင် မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက တိုက်ခိုက်မှုတွေကိုလည်း သတိထား စောင့်ကြည့်နေရမှာပေါ့”
“အမှန်ပဲ”
ရှဲ့ချင်းချန်က မိုးကောင်းကင်ထက်မှ ကြေးမုံကို ငေးကြည့်ရင်း တီးတိုးပြောဆိုလိုက်၏။
“သူတို့ ဘယ်နေရာမှာ တိုက်ခိုက်ကြမလဲ..”
မိုးကောင်းကင်ကိုးလွှာတွင်…
ဆူဇီမိုသည် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်လာပြီးနောက် သူ့ထံသို့ တလိပ်လိပ် တိုးဝင်လာသော အပူလှိုင်းတစ်ခုကို ခံစားလိုက်ရ၏။ ခဏမျှ ဝေဝါးသွားပြီးနောက် သူ၏ အာရုံငါးပါးကို ပြန်လည်ရရှိလာ၏။
လေထဲမှာ မတ်တတ်ရပ်နေရင်း ဆူဇီမိုသည် ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။
အဲဒါက မီးတောက်လောကတစ်ခု ဖြစ်၏။
သူ ကြည့်လေရာ နေရာတိုင်းမှာ ဒေါသူပုန်ထနေသော မီးတောက်များက လောင်ကျွမ်းနေပြီး ကောင်းကင်ထက်သို့ တလိပ်လိပ် ထိုးတက်နေ၏။ လောက၏ အပူချိန်က အခွန်တရာ မြင့်မားပြီး အပူလှိုင်းများက အဘက်ဘက်ကနေ ဝင်ရောက်နေ၏။ လေထုက ခြောက်သွေ့၍ မွန်းကျပ်ဖွယ်ရာကောင်းနေလေသည်။
ဆူဇီမိုသည် ပြန့်ကျဲကျဆင်းလာသော ကမ္ဘာမြေအင်မော်တယ် ၁၀ယောက်ကျော်ကို တွေ့လိုက်ရ၏။
သူသည် တက္ကသိုလ်မှ လူတိုင်းနှင့်အတူ မိုးကောင်းကင်ကိုးလွှာသို့ တစ်ချိန်တည်းမှာ ဝင်ရောက်လာခဲ့သော်လည်း သူသည် မိုးကောင်းကင်ကိုးလွှာနှင့် အပြင်လောက၏ အာကာသစွမ်းအားဖြင့် ခွဲထုတ်ခံလိုက်ရပြီး သူတို့က လူကွဲသွားကြ၏။
အခြားသူများအတွက်လည်း ထို့အတူပင် ဖြစ်၏။ လူဘယ်လောက်များများက တစ်ချိန်တည်းမှာ ဝင်ရောက်လာသည်ဖြစ်စေ… သူတို့သည် ပိုင်းခြားခွဲထုတ်ခံရပြီး အဆင့်-၁ နေရာလွတ်၏ အပြင်ဘက်အစပ်များသို့ ရောက်ရှိသွားကြမည်ဖြစ်၏။
အဆင့်-၂ နေရာလွတ်သို့ ပို့ဆောင်ရေး ဝင်္ကပါသည် ဤနေရာလွတ်၏ အလယ်မှာ ရှိနေလေသည်။
ကျင့်ကြံသူများ အားလုံးသည် မီးတောက်လောကကို တတ်နိုင်သမျှ မြန်မြန်ဖြတ်ကျော်ပြီး အလယ်ဗဟိုသို့ ရောက်အောင် သွားရမည်ဖြစ်၏။
သူတို့သည် ပို့ဆောင်ရေး ဝင်္ကပါကို အသက်သွင်းပြီး အဆင့်-၂ နေရာလွတ်သို့ တက်လှမ်းရမည်ဖြစ်၏။
ရုတ်တရက်ဆိုသလို..
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး မိုးကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။
စိတ်ဝိညာဉ်အလင်းတစ်ခုက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး သူ့ရှေ့မှာ လွင့်မျောနေ၏။
အဲဒါက လေးထောင့်ကျကျ တံဆိပ်ပြားတစ်ခုနှင့် တူလေသည်။ ဆူဇီမိုက အဲဒါကို လက်ခံရယူပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားကာ ၎င်းပေါ်မှာ အသိစိတ် အမှတ်အသားတစ်ခုကို ချန်လိုက်လေသည်။
ထို့နောက် ချက်ချင်းပင် တံဆိပ်ပြားက တောက်ပလာပြီး အရေအတွက်တစ်ခု ပေါ်ထွက်လာ၏။
“၈ ၉ ၇ ၅ ၉ ၃”
အဲဒါသည် မိုးကောင်းကင်ကိုးလွှာ၏ ခြေရာခံ လျှို့ဝှက်အတတ်တစ်ခု ဖြစ်သည်ဟု သည့်ယခင်က မင်းသမီး သက်တံနီက သူ့ကို ပြောခဲ့ဖူးလေသည်။ ၎င်းပေါ်မှာ စိတ်ဝိညာဉ်အသိစိတ်တစ်ခုကို ချန်ထားခြင်းဖြင့် အဲဒါသည် လူတိုင်း၏ တည်နေရာကို ထောက်လှမ်းပြီး အဆင့်-၅ သို့ သွားရာလမ်းတစ်လျှောက် အဆင့်သတ်မှတ်ချက်များကို ဆုံးဖြတ်ပေးမည် ဖြစ်လေသည်။
လူတစ်ယောက်သည် အဆင့်-၅ ၏ ဆုံးမှတ်နှင့် ပို၍ နီးကပ်လာလေလေ… သူတို့၏ အဆင့်သတ်မှတ်ချက်ကလည်း ပို၍ မြင့်မားလာပေလိမ့်မည်။
ယခုအချိန်မှာ ဆူဇီမို မြင်ရသော အရေအတွက်က ရှစ်သိန်းကိုးသောင်းကျော်ဖြစ်၏။ ဆိုလိုသည်မှာ ကမ္ဘာမြေအင်မော်တယ် ကိုးသိန်းနီးပါးက ဆုံးမှတ်နှင့် သူ့ထက်ပို၍ နီးကပ်နေသည်ဟု အဓိပ္ပာယ်ရလေသည်။
မိုးကောင်းကင်ကိုးလွှာ ရှုံးထွက်အဆင့်၏ နောက်ဆုံး အဆင့်သတ်မှတ်ချက်ကို ကျောက်စာတိုင်ဆီသို့ အရင်ဦးစွာ ရောက်ရှိပြီး သူတို့၏ အမည်များကို ချန်ထားရစ်ခဲ့နိုင်မည့် အစဉ်အတိုင်း ဆုံးဖြတ်မည် ဖြစ်လေသည်။
ထို့ကြောင့် တံဆိပ်ပြားကနေ ပြပေးထားသော အဆင့်သတ်မှတ်ချက်လည်း အလွန်တရာ အရေးပါလေသည်။ လူတစ်ယောက်သည် သူ၏ ရပ်တည်မှုကို အချိန်မရွေး ကြည့်ရှုပြီး သင့်လျော်သည့် ဆုံးဖြတ်ချက်ကို ချနိုင်မည် ဖြစ်၏။
ဥပမာအားဖြင့် ကျင့်ကြံသူ အချို့သည် အခက်အခဲများစွာကို ဖြတ်ကျော်ပြီးနောက် အဆင့်-၄ နေရာလွတ်သို့ ရောက်ရှိကောင်း ရောက်ရှိလာနိုင်၏။ သို့သော်လည်း ထိုနေရာအရောက်တွင် သူတို့၏ ရှေ့မှာ လူနှစ်သိန်းကျော် ရှိနေသည်ဟု နားလည်သွားမည်ဆိုလျှင် သူတို့က အဲဒါကို လက်လျှော့ဖို့ ရွေးချယ်နိုင်၏။
ဆူဇီမိုသည် တံဆိပ်ပြားကို သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်ပြီး ခပ်လှမ်းလှမ်းမှ ကျင့်ကြံသူ အချို့ကို ကြည့်လိုက်၏။ ကျင့်ကြံသူများက နေရာလွတ်၏ အလယ်ဗဟိုသို့ တက်လှမ်းနေကြပြီး သိပ်မကြာခင် ချွေးများဖြင့် စိုရွှဲလာ၏။ အဲဒါကို တောင့်မခံနိုင်တော့ဘဲ သူတို့က ဘေးပတ်ဝန်းကျင်ရှိ ပူပြင်းတောက်လောင်သော မီးတောက်များကို ခုခံဖို့အတွက် သူတို့၏ အင်မော်တယ်ပညာရပ်များကို ထုတ်ဖော်လိုက်ကြ၏။
“ဆိုတော့.. ဒီနေရာက တောင့်ခံဖို့ ခက်ခဲတာလား”
ဆူဇီမိုက တက်လှမ်းလာသောအခါ အပူချိန်က အနည်းငယ် မြင့်မားသည်ဟုသာ သူက ခံစားရပြီး မည်သည့် ထူးခြားမှုကိုမှ အာရုံမခံမိပေ။
ဤနေရာလွတ်မှာ ရှိသော မီးတောက်များသည် မဟူရာအင်မော်တယ်များကို အလွယ်တကူ ပြာချပစ်နိုင်၏။
အဆင့်မြင့် ကမ္ဘာမြေအင်မော်တယ်များပင်လျှင် ဓမ္မရတနာများနှင့် အဆောင်လက်ဖွဲ့များ၏ ကာကွယ်မှု မရှိဘဲ ဤကဲ့သို့သော ပတ်ဝန်းကျင်မှာ ခုခံဖို့အတွက် ခက်ခဲသည်ကို တွေ့ရပေလိမ့်မည်။
သို့သော်လည်း ဆူဇီမိုက အဆင့်-၁၀ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က မူလမဟူရာအဆင့် ဓမ္မရတနာတစ်ခုထက် မနိမ့်ကျပေ။
သူသည် ဤနေရာသို့ တက်လှမ်းလာသောအခါ မည်သည့်အရာကိုမှ မခံစားရသလောက်နီးပါးပင်။