သူကမသမာနည်းလမ်းသုံးနေတာပဲ
Vol. 147 Ch. 2198
နန်းတော်ရင်ပြင်ရှေ့မှာ...။
“ပြန်ဝင်စားအင်မော်တယ်ဆိုတဲ့အတိုင်းပဲ ဖုန်းယင်ကအရမ်းကိုမြန်တာပဲ... သူကရှေ့ဆုံးမှာပဲ”
“အဲ့ဒါဘာလဲဟ ဖုန်းယင်ဖြတ်သွားတဲ့နေရာတိုင်း လေတွေတဝှီးဝှီးတိုက်ပြီး ဘေးပတ်လည်ကမီးတောက်တွေက ငြိမ်းသေကုန်တာလား”
လူအုပ်ကြီးက အံ့အားတသင့်ရေရွတ်လိုက်၏။
လေသည် မီးတောက်များကို အားဖြည့်ပေးနိုင်သော်လည်း ဖုန်းယင်၏ နည်းလမ်းများသည် သူ့ထံသို့ချဥ်းကပ်လာမည့် မီးတောက်များကို တားဆီးပေးထား၏။
“ဟိုမှာကြည့်စမ်း...အင်မော်တယ်ထိုက်ဟွာကလည်း အားမနဲဘူး... သူကလောလောဆယ်မှာဒုတိယပဲ”
အင်မော်တယ်ထိုက်ဟွာသည် အင်မော်တယ်ပညာရပ်တစ်ခုကို ဆင့်ခေါ်လိုက်ပြီး ကောင်းကင်ထက်ကို ထိုးညွှန်လိုက်၏။
နက်မှောင်နေသော တိမ်စိုင်တစ်ခုက သူ၏ ဦးခေါင်းထက်မှာ ပေါ်ထွက်လာပြီး သည်းထန်သောမိုးပေါက်များကို ကျဆင်းလာစေ၏။
သူက အဆင့်-၁ ၏ အလယ်ဗဟိုသို့ အပြင်းနှင်နေ၏။
နက်မှောင်နေသောတိမ်စိုင်များက သူ၏ ဦးခေါင်းထက်မှာ တစ်ချိန်လုံးရစ်ဝဲနေပြီး သည်းထန်သောမိုးများက အဆက်မပြတ်ကျဆင်းနေ၏။ ဘေးပတ်လည်မှာရှိသော မီးတောက်များက အနားသို့ချဥ်းကပ်မလာနိုင်ခင်မှာပင် သူတို့က သည်းထန်သောမိုးစက်များကြောင့် ငြိမ်းသေသွားလေသည်။
“ဘုရားရေ... နတ်ဘုရားစွမ်းအား မိုးဆင့်ခေါ်ခြင်းကို ဒီလောက်ထိတိတိကျကျထိန်းချုပ်နိုင်တာလား... ဘယ်လောက်အံ့အသင့်ဖို့ကောင်းလဲ”
“အဲ့ဒါတင်မကဘူး... ငါတို့က မိုးဆင့်ခေါ်ခြင်းကို အသုံးပြုမယ်ဆိုရင်တောင် ငါတို့က အထဲမှာရှိတဲ့မီးတောက်တွေကို ငြှိမ်းသတ်ချင်မှ ငြှိမ်းသတ်နိုင်လိမ့်မယ်”
သူတို့ပြောနေစဥ်... အခြားသောကျင့်ကြံသူများက သူတို့၏ နတ်ဘုရားစွမ်းအားများကိုထုတ်ဖော်ကာ မိုးကိုဆင့်ခေါ်လိုက်၏။ သို့သော်လည်း ကောင်းကင်ထက်ရှိနက်မှောင်နေသောတိမ်စိုင်များက စုသည်းမလာနိုင်ခင်မှာပင် မီးတောက်များကြောင့် သူတို့ကပျက်ပြယ်သွားလေသည်။
ထိုမြင်ကွင်းက ရင်ပြင်ပေါ်မှလူတိုင်းကို ရယ်မိသွားစေသည်။
ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်သည် နည်းလမ်းတချို့နှင့်အတူ ရင်ပြင်ပေါ်ရှိ အမျိုးမျိုးသောအဖွဲ့အစည်းများနှင့် ကျင့်ကြံသူများထံမှ အထင်ကြီးမှုကိုရရှိနေပြီဖြစ်၏။
ယခုအချိန်မှာ တတိယက မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ထျဲဟန်ဖြစ်၏။
အဆင့်-၄ မှာ ရပ်တည်နေသည်က တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ ယွဲ့ဖုန်ဖြစ်လေသည်။
“ယန်ယန်းအင်မော်တယ်နိုင်ငံက ကြိုတင်ခန့်မှန်းထားတဲ့ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်က အတော်လေးတိကျနေတဲ့ပုံပဲ... သူတို့က မိုးကောင်းကင်ကိုးလွှာကို ဝင်ရောက်လာတဲ့အချိန်မှာပဲ အဲ့ဒီလူတွေကပဲ ဦးဆောင်နေကြပြီ”
“ဟာ.. ဟိုလူရဲ့အဆင့်သတ်မှတ်ချက်က ဘာလို့အဲ့လောက်ထိ မြန်မြန်ဆန်ဆန်မြင့်တက်လာတာလဲ”
ထိုစဥ်မှာပင် လူကြားထဲမှ အံ့အားသင့်သံတစ်သံထွက်ပေါ်လာ၏။
လူတိုင်းက လှမ်းမျှော်ကြည့်ရှုလိုက်ပြီး မီးတောက်ပင်လယ်ကိုဖြတ်ကျော်လာသည့် အနီတောက်တောက် အလင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။
ထိုအလင်းရောင်က အရမ်းကိုမြန်ဆန်ပြီး ၎င်း၏ ခန္ဓာကိုယ်သည် ဘေးပတ်ဝန်းကျင်ရှိ မီးတောက်လောကနှင့် ပေါင်းစည်းသွားသည့်အလား ပါးလွှာသောမီးတောက်များဖြင့် လောင်ကျွမ်းနေ၏။
“အဲ့ဒါက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ကိုယ်စားပြုထားတဲ့ မင်းသမီးသက်တံနီပဲ”
“မင်းသမီးသက်တံနီက... အစကတည်းက ယန်ယန်းအင်မော်တယ်နိုင်ငံရဲ့ ထိပ်တန်းကျင့်ကြံရေးနည်းစနစ် မဟာနေမင်းသုတ္တန်ကို ကျင့်ကြံထားပြီး မီးတောက်စွမ်းအားကို ထိန်းချုပ်နိုင်တယ်... အခု သူကမီးတောက်လောကရဲ့စွမ်းအားကိုအသုံးချပြီး သူ့ရဲ့အလျင်အဟုန်ကို နောက်တစ်ဆင့်မြှင့်တင်လိုက်ပဲ”
“မင်းသမီးသက်တံနီက အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးသုံးယောက်ထဲကို ဝင်ရောက်နိုင်မယ်လို့ ငါထင်တယ်”
“အဲ့ဒါကယာယီပဲ... နောက်ထပ်အဆင့်လေးဆင့်ကျန်သေးတယ်”
ကျင့်ကြံသူများစွာသည် ရှုံးထွက်အဆင့်ကိုစောင့်ကြည့်ရင်း ဆွေးနွေးပြောဆိုနေကြ၏။ သူတို့က ဆူညံ၍ သက်ဝင်လှုပ်ရှားနေကြ၏။
ကျိရွှမ်အင်မော်တယ်နိုင်ငံဘက်ခြမ်းမှာ ယွင်ထင်က အသံတိတ်နေ၏။ သူက ဝိုင်ပြင်းကိုမော့သောက်ရင်း ပေါ့ပျက်ပျက်အမူအရာတစ်ခုနှင့်အတူ မိုးကောင်းကင်ထက်ရှိ ကြေးမုံပေါ်မှ ပုံရိပ်တစ်ခုကိုစိုက်ကြည့်နေ၏။
“ဒီစမ်းသပ်ချက်က မင်းအတွက် ပျင်းစရာကောင်းနေမှာပေါ့... ဟုတ်တယ်မလား”
ယွင်ထင်က သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်၏။
ဤတစ်ခေါက် သူရောက်လာသည့် အရေးကြီးဆုံးအကြောင်းအရင်းမှာ ဆူဇီမိုကို ကိုယ်တိုင်စိန်ခေါ်ဖို့ဖြစ်၏။
အဲ့ဒါအပြင် သူ့မှာနောက်ထပ်ရည်ရွယ်ချက်တစ်ခုရှိလေသည်။
သူ့အစ်မသည် လွန်ခဲ့သည့်နှစ်တစ်ထောင် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကနေ ပြန်ရောက်လာစဥ်ကတည်းက သူမသည် ဆူဇီမိုကိုအလွန်တရာမြင့်မားစွာ တန်ဖိုးချင့်တွက်ထားလေသည်။ သူမသည် သူ့ကို မကြာခဏချီးကျူးတတ်ပြီး သူ့မှာ ဝှက်ဖဲများစွာရှိကာ သူ၏ ခွန်အားအပြည့်အဝကို ဘယ်တုန်းကမှ မထုတ်ဖော်ခဲ့ဖူးဟုဆိုလေသည်။
သူ့အစ်မက သူ့ကိုခိုကပ်မနေဖို့ပြောခြင်းဖြစ်သည်ကို ယွင်ထင်သိလေသည်။ သို့သော်လည်း သူက အလွန်တရာ မခံကျိမခံသာဖြစ်နေဆဲပင်။
ထို့ကြောင့် ဤတစ်ခေါက်မှာ ဆူဇီမို၏ အင်္ကျီလက်အိုးထဲကနေ ဝှက်ဖဲဘယ်လောက်များများပေါ်ထွက်လာမလဲ သူကတွေ့မြင်ချင်နေ၏။
ယွင်ထင်က မောက်မာ၍ စိတ်ကြီးဝင်နေသော်လည်း သူသည် သူ၏ပြိုင်ဘက်ကို အထင်သေးဖို့နေနေသာ သူက တိုက်ပွဲတိုင်းမှာ ခွန်အားအပြည့်အဝနှင့် တိုက်ခိုက်တတ်ပြီး ပေါ့ပေါ့ဆဆမပြုလုပ်ရဲပေ။
သူသည် ဤတစ်ခေါက်ဆူဇီမိုကို စောင့်ကြည့်နေသည်မှာ သူ့ပြိုင်ဘက်ကို သူက ပို၍ကောင်းကောင်းနားလည်သဘောပေါက်နိုင်ဖို့ဖြစ်၏။
“ကြည့်စမ်း... လူတစ်ယောက်ကတော့ ဟိုမှာသေသွားပြီ”
ရုတ်တရက် အော်ဟစ်သံတစ်သံက လူအုပ်ကြားထဲကနေထွက်ပေါ်လာ၏။
မိုးကောင်းကင်ကိုးလွှာ၏ အဆင့်တစ်မှာ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ထုတ်ဖော်ထားသော အင်မော်တယ်ပညာရပ်က ကြေမွပျက်စီးသွား၏။ သူကဒုတိယမြောက်နတ်ဘုရားစွမ်းအားကို ထပ်ပေါင်းမထည့်နိုင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်က မီးတောက်များဖြင့်လောင်ကျွမ်းသွားပြီး နေရာမှာပင်သေဆုံးသွား၏။
“အဲ့ဒီလူက သူ့နေရာသူလုံးဝမသိဘူးပဲ...သူကဘယ်လောက်ဝေးဝေးရောက်သေးလို့လဲ.. သူကအဆင့်တစ်ရဲ့ အလယ်ဗဟိုမှာရှိတဲ့ပို့ဆောင်ရေးဝင်္ကပါနဲ့ အဝေးကြီးလိုသေးတယ်”
“အမှန်ပဲ... အဲ့ဒီလူတွေက အဆင့်တစ်ရဲ့ အစစ်အမှန်ခြိမ်းခြောက်မှုနဲ့တောင် အခုချိန်ထိမတွေ့ရသေးဘူး”
“အဲ့ဒီမှာ ကောင်းကင်ဘုံမီးတောက်တွေကလည်း ဆင်းသက်လာနိုင်တယ်... နယ်မြေဖြစ်စဥ်တွေကလည်းပေါ်ထွက်လာနိုင်တယ်... မီးတောက်တွေကနေ စုဖွဲ့ထားတဲ့ကြောက်စရာကောင်းတဲ့ သတ္တဝါတွေကလည်း ပေါ်ထွက်လာကောင်းပေါ်ထွက်လာနိုင်တယ်... အဲ့ဒါကမှ အစစ်အမှန်စမ်းသပ်ချက်ပဲ”
မိုးကောင်းကင်ကိုးလွှာမှာ ပါဝင်ယှဥ်ပြိုင်ခဲ့ဖူးသည့် ကျင့်ကြံသူတစ်ယောက်က တည်တံ့သော လေသံဖြင့်ပြောလိုက်၏။
အချိန်တိုအတွင်းမှာ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်မက သေဆုံးသွားခဲ့လေပြီ။
ဒါ့အပြင် ကမ္ဘာမြေအင်မော်တယ်အချို့သည် ရှေ့ဆက်မတက်တော့ဘဲ နောက်သို့စတင်ဆုတ်ခွာလာကြပြီဖြစ်၏။
“ဒါနဲ့... တက္ကသိုလ်က ဟိုအဆင့်-၈ ကမ္ဘာမြေအင်မော်တယ်ကကော ဘယ်လိုနေလဲ”
“သူ့နာမည်က ဆူဇီမိုမလား”
“သူပေါ့... သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်ကအနိမ့်ဆုံးပဲ... သူက ကြောက်စရာကောင်းတဲ့ မီးတောက်တွေကိုခုခံပြီးရင်း သိပ်မကြာခင် သူ့ရဲ့အမြုတေချီက ခန်းခြောက်သွားလိမ့်မယ်”
“အဲ့လိုတော့မဟုတ်လောက်ဘူး... ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ကြိုတင်ခန့်မှန်းချက်မှာ သူက အဆင့်-၄၉ မှာ ရပ်တည်နေတာကိုငါတွေ့ခဲ့တယ်”
လူအုပ်ကြားထဲမှတစ်ယောက်က ဆူဇီမိုအကြောင်းကိုအစဖော်လိုက်ပြီး ကျင့်ကြံသူများစွာက အဲ့ဒါကိုသိချင်လာကြ၏။
အစကတော့ ဆူဇီမိုသည် လူတိုင်း၏ မြင်ကွင်းထဲသို့ မဝင်ရောက်ခဲ့ဘဲ စိတ်အာရုံများစွာကို မရရှိခဲ့ပေ။
လူတိုင်းက သူ့ကိုအာရုံစိုက်လာခဲ့သည်မှာ ယွင်ထင်က သူ့ကို ကိုယ်တိုင်ကိုယ်ကျစိန်ခေါ်ဖို့ ရောက်ရှိလာခြင်းနှင့် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းက သူ့ကိုသတ်ဖြတ်ဖို့ ပူးပေါင်းလာခဲ့သောကြောင့်ဖြစ်၏။
“ဟိုမှာပဲ”
ထိုစဥ်မှာပင် လူတစ်ယောက်က ကြေးမုံ၏ တစ်နေရာကို လက်ညှိုးထိုးပြီး အော်ပြောလိုက်၏
ကျင့်ကြံသူများစွာက ခပ်မြန်မြန်လှမ်းကြည့်လိုက်ကြ၏။
ထိုအကြည့်တစ်ချက်က ထိုနေရာမှာရှိသော ဆူညံသံများကို တိတ်ဆိတ်ငြိမ်သက်သွားစေ၏။
စောစောက ငြင်းခုံနေခဲ့ကြသော ကျင့်ကြံသူများသည် မျက်လုံးပြူးမျက်ဆံပြူးဖြင့် မိုးကောင်းကင်ကိုးလွှာမှ အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်ကို မယုံကြည်နိုင်စွာကြည့်နေကြ၏။
ဤနေရာမှာရှိသောမူမမှန်မှုက အခြားသောကျင့်ကြံသူများ၏ စူးစမ်းလိုစိတ်ကို နှိုးဆွမိသွားလေသည်။
ဆူဇီမိုကို စောင့်ကြည့်လာသော ကျင့်ကြံသူများက ပို၍ပို၍များပြားလာ၏။
ထိုသူများသည်လည်း တစ်ချက်ကြည့်ပြီးနောက် ကြက်သေသေသွားကြ၏။
သိပ်မကြာခင် ကြီးမားသောရင်ပြင်က တိတ်ဆိတ်ငြိမ်သက်သွား၏။
လူတိုင်း၏ အကြည့်များက အစိမ်းရောင်ဝတ်ကျင့်ကြံသူပေါ်သို့ ဆင်းသက်သွားလေသည်။
ခဏနေပြီးနောက် တိတ်ဆိတ်ငြိမ်သက်နေသောရင်ပြင်ထဲကနေ အားမပါသောအသံတစ်သံက ထွက်ပေါ်လာ၏။
“သူ..သူက ဘာလုပ်နေတာလဲ... သူကလမ်းလျှောက်နေတာလား”
ထိုစကားကိုကြားသောအခါ ရှဲ့ချင်းချန်က သူ၏ ခေါင်းကို ညင်သာစွာခါပြီး ပြုံးလိုက်၏။
တက္ကသိုလ်မှအကြီးအကဲများသည် ကျေနပ်အားရနေသောအမူအရာများနှင့်အတူ သူတို့၏ ဖန်ခွက်များကို ကိုင်မြှောက်လိုက်ကြ၏
မိုးကောင်းကင်ကိုးလွှာမှာ ဆူဇီမိုသည် သူ၏ လက်နှစ်ဖက်ကိုနောက်ပစ်ပြီး မည်သည့်နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့်အင်မော်တယ်ပညာရပ်ကိုမှ အသုံးပြုခြင်းမရှိဘဲ ဒေါသူပုန်ထနေသောမီးတောက်များထဲမှာ ဖြည်းဖြည်းချင်းလျှောက်လှမ်းနေ၏။
ကြော့ရှင်းသန့်ပြန့်သောသွင်ပြင်နှင့် အစိမ်းရောင်ဝတ်စာပေသမားတစ်ယောက်သည် မီးတောက်များပေါ်နင်းလျှောက်နေသည်ကို လူတိုင်းကတွေ့မြင်နေရ၏။ သူ၏ အနက်ရောင်ဆံပင်က ကခုန်နေပြီး သူ၏ အင်္ကျီလက်စက တဖျပ်ဖျပ်လွင့်ကာ သူသည် ဖော်မပြတတ်သောလွတ်လပ်ပေါ့ပါးမှုနှင့်အတူ အေးအေးလူလူလျှောက်လှမ်းနေလေသည်။
ခဏမျှငြိမ်သက်သွားပြီးနောက် လူအုပ်ကြီးက လျင်မြန်စွာတုံ့ပြန်လာခဲ့ပြီး ပို၍ပင်ဆူညံပွက်လောရိုက်သွားလေသည်။
“အဲ့ဒါဘာလဲဟ... အဲ့ဒီလူက အထဲမှာရှိတဲ့မီးတောက်တွေကို မကြောက်ဘူးလား”
“ကျုပ်အစီရင်ခံပါရစေ”
ရုတ်တရက် ရွှယ်ကလန်မှ ရွှယ်ယွမ်က သူ၏ ထိုင်ခုံကနေ မတ်တတ်ထရပ်ပြီး မိုးကောင်းကင်ကိုးလွှာမှာရှိသောဆူဇီမိုကို လက်ညှိုးထိုးကာ မုန်းတီးစွာဖြင့် ပြောလိုက်၏။
“သူက... မသမာနည်းလမ်းသုံးနေတာပဲ”
ရွှယ်ယွမ်က ဆူဇီမို၏ လက်ချက်ဖြင့် ဒဏ်ရာရရှိခဲ့ပြီး ယခုအချိန်ထိ မသက်သာသေးပေ။ လုံခြုံစိတ်ချရမှုအတွက် သူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ဝင်မပါနိုင်ခဲ့ပေ။
ထို့ကြောင့် သူသည် ဆူဇီမိုကို အငြိုးထားပြီး ဤအခိုက်အတန့်မှာ သူကဆက်လက်၍ သည်းမခံနိုင်တော့ပေ။
“သူဝတ်ထားတဲ့အစိမ်းရောင်ဝတ်စုံက ဓမ္မရတနာတချို့ဖြစ်ရမယ်”
“ဒါမှမဟုတ်... သူက ဓမ္မရတနာတချို့ကို တိတ်တဆိတ်ဆင့်ခေါ်ထားတာဖြစ်ရမယ်... မဟုတ်ရင် သူက မီးတောက်တွေထဲမှာ ဘယ်လိုလုပ်လမ်းလျှောက်နိုင်မှာလဲ”
ရွှယ်ယွမ်က ယုံကြည်ခိုင်မာသောလေသံဖြင့် ပြောလိုက်၏။
ရှဲ့လင်က ရွှယ်ယွမ်ကို ခပ်စိမ်းစိမ်းလှည့်ကြည့်လိုက်လေသည်။