လောကအပြောင်းအလဲ
Vol. 147 Ch. 2199
“ကျုပ်...”
ရွှယ်ယွမ်က ရှဲ့လင်၏ အကြည့်မှာ မှင်တက်သွား၏။
အပေါ်ယံမှာကြည့်လျှင်တော့ သူက ဆူဇီမိုကို မေးခွန်းထုတ်နေခြင်းဖြစ်၏။ သို့သော်လည်း တကယ်တမ်းမှာတော့ သူသည် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ နှစ်ပေါင်းများစွာတည်ဆောက်ထားခဲ့သော ကောင်းကင်ဘုံကိုးလွှာ၏ စည်းမျဥ်းစည်းကမ်းများကို မေးခွန်းထုတ်နေခြင်းဖြစ်၏။
သူသည် ပကတိအင်မော်တယ် ရှဲ့လင်၏ အကဲဖြတ်နိုင်စွမ်းကို သံသယဝင်နေခြင်းဖြစ်၏။
သူသည်လက်ရှိပညာရှင်များ၏ အကဲဖြတ်နိုင်စွမ်းကို မေးခွန်းထုတ်နေခြင်းဖြစ်၏။
ရှဲ့လင်၏ ပကတိအင်မော်တယ်ဖိအားအောက်မှာ ရွှယ်ယွမ်က စိတ်ထဲမှာ ရှုပ်ထွေးနောက်ကျိကာ နေရာမှာပင်မတ်တတ်ရပ်နေမိ၏။ သူ၏ မျက်နှာက နီမြန်းလာပြီး သူကစကားမပြောဆိုနိုင်တော့ပေ။
“ထိုင်နေစမ်း”
ဤတစ်ခေါက် ရွှယ်ကလန်ကိုတာဝန်ယူထားသည့်လူနှင့် ရွှယ်ယွမ်၏ စီနီယာအနေဖြင့် ရွှယ်ချန်က ဆက်လက်၍ ရပ်ကြည့်မနေနိုင်တော့ဘဲ မတ်တတ်ထရပ်ကာအော်ငေါက်လိုက်၏။
“ဦးလေး”
ရွှယ်ယွမ်က စိတ်ထိခိုက်သွားလေသည်။
“ပါးစပ်ကိုပိတ်ထား... ငါ့ကိုအရှက်မခွဲနဲ့”
ရွှယ်ချန်၏ အမူအရာက သုန်မှုန်သွားပြီး နောက်တစ်ဖန်အော်ငေါက်လိုက်၏။
ရွှယ်ယွမ်က မည်သည့်အရာကိုမှမပြောဆိုရဲတော့ဘဲ... အသာတကြည်နာခံစွာပြန်ထိုင်လိုက်ရ၏။
ရှဲ့ချင်းချန်၏ ဘေးမှာမတ်တတ်ရပ်နေသော ရှုရှောင်းထျန်က ထိုအချင်းအရာကို တွေ့မြင်သောအခါ အူမြူးအားရသွားပြီး ရယ်မောလိုက်၏။
“အရှင်မင်းသားရှဲ့လင်... ကျေးဇူးပြုပြီးစိတ်ကိုလျှော့ပါ”
ရွှယ်ချန်က သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး တောင်းပန်ကာ မလုံမလဲအမူအရာနှင့်ပြောလိုက်၏။
“ရွှယ်ကလန်က ဒီဂျူနီယာက ကျင့်ဝတ်ထုံးတမ်းတွေနဲ့ စည်းမျဥ်းစည်းကမ်းတွေကို မသိနားမလည့်လို့ပါ... သူ့ရဲ့ပေါက်တက်ကရစကားတွေက အရှင်မင်းသားနဲ့လူတိုင်းရှေ့မှာ အရှက်ရစေခဲ့ပြီ”
“ရပါတယ်... ထိုင်တော့”
ရှဲ့လင်၏ အမူအရာက ပျော့ပျောင်းသွားပြီးခေါင်းညိတ်ပြလိုက်၏။
“ဒါပေမဲ့... တာအိုရောင်းရင်းရွှယ်.. ခင်ဗျားပြန်ရောက်ရင် ခင်ဗျားတို့ကလန်က ဂျူနီယာတွေကို စည်းကမ်းတကျဖြစ်အောင် လုပ်ပေးဖို့မမေ့နဲ့”
ရွှယ်ချန်က ခပ်မြန်မြန်ခေါင်းညိတ်လိုက်၏။
“ဘာတွေဟိတ်ကြီးဟန်ကြီးလုပ်နေတာလဲ”
မင်းသားယွမ်ကျောသည် ဆူဇီမိုစောင်းကြွနေသည်ကို တွေ့မြင်လိုစိတ်မရှိဘဲ အေးစက်စွာဖြင့်ပြောလိုက်၏။
“အဆင့်တစ်ရဲ့ စမ်းသပ်ချက်က အခုထိစတောင်မစရသေးဘူး... သူကနောက်ပိုင်းကျရင် အဲ့ဒါကို တွေ့ကြုံရလိမ့်မယ်”
“လောကအပြောင်းအလဲနဲ့ ကပ်ဘေးတစ်ခုဆင်းသက်လာတဲ့အခါ သူက အဲ့လောက်ထိတည်ငြိမ်နေနိုင်ဦးမယ်လို့ ငါမယုံဘူး”
မိုးကောင်းကင်ကိုးလွှာက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား လူတိုင်း၏ ရှေ့မှောက်မှာပင် မီးတောက်များဖြင့်လောင်ကျွမ်းနေသော ဧရာမမီးလုံးတစ်လုံးကဲ့သို့ အလျှံညီးညီး နေတစ်စင်းက မိုးကောင်းကင်ထက်မှာ ရုတ်တရက်ပေါ်ထွက်လာ၏။
အလျှံညီးညီးနေက ကျင့်ကြံသူများ၏ ဦးခေါင်းထက်မှာ ရစ်ဝဲနေပြီး အချိန်မရွေးဆင်းသက်လာတော့မည့်အလား အလွန်တရာနီးကပ်နေ၏။
အပူချိန်က ထိုးတက်လာပြီး ဘေးပတ်ဝန်းကျင်မှာရှိသောမီးတောက်များက လျင်မြန်စွာ မြင့်တက်ကာ မီးတောက်များက ပို၍ပို၍ကြီးထွားလာ၏။
ဤကဲ့သို့သော ပတ်ဝန်းကျင်မှာ အင်မော်တယ်ပညာရပ်များနှင့် နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ထားသည့် ကျင့်ကြံသူများစွာ၏ အမြုတေချီများက လျင်မြန်စွာကုန်ခန်းလာ၏။
ကျင့်ကြံသူအချို့က အဲ့ဒါကိုတောင့်မခံနိုင်တော့ဘဲ သူတို့နောက်မဆုတ်နိုင်ခင်မှာပင် မီးတောက်များဖြင့် ဝါးမျိုခြင်းခံလိုက်ရ၏။
ဤအပြောင်းအလဲက အဆင့်တစ်၏ ပတ်ဝန်းကျင်ဒေသကိုတောင့်ခံဖို့အတွက် ပို၍ပင်ခက်ခဲလာစေ၏။
ကျင့်ကြံသူများစွာက နှေးကွေးသွားလေသည်။
သို့သော်လည်း ဖုန်းယင်၊ ထိုက်ဟွာ၊ ထျဲဟန်နှင့် ယွဲ့ဖုန်ကဲ့သို့ ထိပ်သီးပညာရှင်များကတော့ သူတို့၏ အရှိန်အဟုန်ကို လုံးဝလျော့ကျစေခြင်းမရှိဘဲ ရှေ့သို့ဆက်လက်တက်လှမ်းနေ၏။
ကောင်းကင်ထက်ရှိအလျှံညီးညီးနေက သူတို့ပေါ်မှာသက်ရောက်မှုမရှိပေ။
သိပ်မကြာခင် နောက်ထပ်အလျှံညီးညီးနေတစ်စင်းက မိုးကောင်းကင်ထက်တွင် ပထမနေမင်း၏ ဘေးမှာ ပေါ်ထွက်လာ၏။
ဧရာမမီးတောက်လုံးနှစ်လုံးက ကောင်းကင်ထက်မှာလွင့်မျောနေ၏။
အဆင့်တစ်နေရာလွတ်၏ အပူချိန်က နောက်တစ်ဖန်မြင့်တက်လာခဲ့၏။
ခဏနေပြီးနောက် တတိယမြောက်အလျှံညီးညီးနေတစ်စင်းက ပေါ်ထွက်လာ၏။
နာရီဝက်မကြာခင်မှာပင် အဆင့်တစ်နေရာလွတ်၏ ကောင်းကင်ထက်မှာ အလျှံညီးညီးနေကိုးစင်း ပေါ်ထွက်လာခဲ့ပြီဖြစ်ပြီး လောကကိုလောင်ကျွမ်းနေ၏။
မြေပြင်က အက်ကွဲသွားခဲ့ပြီဖြစ်ပြီး အရာရာတိုင်းကိုဝါးမျိုနိုင်သည့်အလား အနီရောင်မီးတောက်များလျှံထွက်နေသော ဧရာမချိုင့်ဝှမ်းများက ပေါ်ထွက်လာ၏။
လောကမှာရှိသောမီးတောက်များက ချိတ်ဆက်လုနီးပါးဖြစ်လာခဲ့၏။
ဤတစ်ခေါက်မှာ ပြန်ဝင်စားအင်မော်တယ်နှစ်ယောက်ဖြစ်သော ဖုန်းယင်နှင့် ထိုက်ဟွာ၏ အရှိန်အဟုန်ကပင် အနည်းငယ်လျော့ကျသွား၏။
ဖုန်းယင်က ဘယ်လိုလျှို့ဝှက်အတတ်တစ်ခုကို အသုံးပြုထားသလဲ မသိရပေ။ သို့သော်လည်း နက်မှောင်နေသောမုန်တိုင်းတစ်ခုက သူ၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာပြီး သူ့ကိုရှေ့သို့ဆွဲခေါ်သွား၏။
အနက်ရောင်မုန်တိုင်းဖြတ်သွားရာနေရာတိုင်းမှာ မီးတောက်များက ငြိမ်းသေသွားပြီး လောင်ကျွမ်းတူးချစ်နေသော အမှတ်အသားများသာလျှင် မြေပြင်ပေါ်မှာကျန်ရစ်ခဲ့၏။
ထိုက်ဟွာ၏ မိုးဆင့်ခေါ်ခြင်းနည်းစနစ်ကလည်း အဲ့ဒါကို တောင့်မခံနိုင်တော့သည့်ပုံရှိလေသည်။
သူက သူ၏ ခေါင်းကိုမော့ပြီး အလင်းစီးကြောင်းတစ်ခုကိုထွေးထုတ်ကာ သူ၏ ဦးခေါင်းထက်ရှိ အနက်ရောင်တိမ်စိုင်များထဲသို့ ဝင်ရောက်သွားစေ၏။
ပျက်ပြယ်သွားတော့မည့်ဆဲဆဲ အနက်ရောင်တိမ်စိုင်များပေါ်မှာ လျှပ်စီးလျှပ်ပန်းများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး သူတို့ကို နောက်တစ်ဖန် စုစည်းကာ မိုးပေါက်များကို အတောမသတ်ကျဆင်းလာစေ၏။
ထျဲဟန်၏ နည်းလမ်းများကလည်း တုန်လှုပ်စရာကောင်းလေသည်။ သူ၏ အမူအရာက ရေခဲကဲ့သို့အေးစက်နေပြီး သူ၏ ခန္ဓာကိုယ်ကို အေးစက်ချီစီးကြောင်းများဖြင့် လွှမ်းခြုံထားလေသည်။ သူ၏ ချပ်ဝတ်တန်ဆာကပင် နှင်းခဲတစ်လွှာဖြင့် ဖုံးအုပ်ခံထားရပြီး မီးတောက်များက အဲ့ဒါကိုမထိုးဖောက်နိုင်ပေ။
ကျင့်ကြံသူများစွာက ဆူဇီမိုကိုနောက်တစ်ဖန်ကြည့်လိုက်ကြ၏။
သို့သော်လည်း အလျှံညီးညီး နေကိုးစင်းဖြင့် လောင်ကျွမ်းခံရစဥ်မှာတောင် သူက မည်သည့်နည်းလမ်းကိုမှ ထုတ်ဖော်ထားခြင်းမရှိသည်ကို သိရှိလိုက်ရ၏။
သူသည် တစ်စုံတစ်ရာကိုရှာဖွေနေသည့်အလား အဆင့်တစ်နေရာလွတ်၏ ပတ်လည်မှာ လှည့်ပတ်လျှောက်သွားနေ၏။
“ဒီလူ့ရဲ့ကိုယ်ကာယက မီးတောက်တွေကိုမကြောက်ရလောက်တဲ့ထိ သန်မာနေတာလား”
“သူ့မှာ ထူးခြားတဲ့ကိုယ်ကာယတစ်ခုရှိနေတာဖြစ်ရမယ်... သူ့ကိုကြည့်စမ်း သူကချွေးတောင်လုံးဝမထွက်ဘူး... သူကသက်သက်အပျော်ရှာနေသလိုပဲ”
“သူကအလောတကြီးရှိမနေဘူး... သူကရတနာတွေကို ရှာနေတာလား”
မိုးကောင်းကင်ကိုးလွှာမှာ...။
အလျှံညီးညီးနေကိုးစင်းက ကောင်းကင်ထက်မှာ လွင့်မျောနေပြီး ဆူဇီမိုက အနည်းငယ်ပူလာသည်ဟုခံစားရ၏။
သို့သော်လည်း သူက အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးကို အနည်းငယ် လှည့်ပတ်လိုက်ပြီးနောက် ထိုအပူက ပျောက်ကွယ်သွားလေသည်။
သူသည် အပြင်လူများခန့်မှန်းနေသလို ရတနာများကိုရှာဖွေဖို့အတွက် လှည့်ပတ်လျှောက်သွားနေခြင်း မဟုတ်ပေ။
တကယ်တမ်းမှာတော့ သူသည်မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှလူများကို ရှာဖွေနေခြင်းဖြစ်၏။
တစ်ဘက်အဖွဲ့က သူ့ကိုကိုင်တွယ်ဖို့အတွက် ပူးပေါင်းချင်သည်ဆိုမှတော့.. ဆူဇီမိုက ဤလူများကိုအရင်စတင်ရှာဖွေပြီး တစ်ယောက်ပြီးတစ်ယောက်ရှင်းထုတ်ပစ်ဖို့ ဝန်လေးနေမည်မဟုတ်ပေ။
သို့သော်လည်း သူသည် အတန်ကြာသည့်အထိ ဤနေရာမှာလှည့်ပတ်သွားလာခဲ့ပြီးပြီဖြစ်၏။ သူသည် လမ်းတစ်လျှောက််မှာ ကျင့်ကြံသူများစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း သူသည် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ ကျင့်ကြံသူများနှင့် မကြုံတွေ့ရပေ။
အဆင့်တစ်က နေရာလွတ်တစ်ခုသာဖြစ်သော်လည်း အဲ့ဒါက အတွင်းမှာ အလွန်တရာကျယ်ပြောလေသည်။
ဤနေရာသို့ ဝင်ရောက်လာသောကျင့်ကြံသူတစ်သန်းကျော်ရှိပြီး မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ တပည့်ဂိုဏ်းသားများက ဆယ်ဂဏန်းမျှသာရှိလေသည်။
သူ့အနေဖြင့် ကျယ်ပြောလှသောဤလောကမှာ ဤလူများနှင့်ကြုံတွေ့ရဖို့ကမလွယ်ပေ။
ဆူဇီမိုသည် အတန်ကြာအောင်ရှာဖွေခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရ၏။
သူက လောလောဆယ်မှာ ဤကိစ္စကို လက်လျှော့လိုက်ပြီး ရှေ့သို့အလျင်အဟုန်ဖြင့် တက်လှမ်းလိုက်၏။
သူသည် သူ၏ တံဆိပ်ပြားကို ထုတ်ယူပြီး တစ်ချက်ကြည့်လိုက်၏။
သူ၏ အဆင့်သတ်မှတ်ချက်ကိုပြသထားသော နံပါတ်က ကိုးသိန်းကျော်ဖြစ်လေသည်။
ဤအချိန်အတောအတွင်းမှာ သူသည် လှည့်ပတ်လျှောက်သွားနေခဲ့ပြီး သူ၏ အဆင့်သတ်မှတ်ချက်က သိသိသာသာလျော့ကျနေ၏။
တံဆိပ်ပြားကိုပြန်သိမ်းပြီး ဆူဇီမိုက သူ၏ ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်၏။
သူက အလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွားပြီး အလွန်တရာမြန်ဆန်သောအလျင်အဟုန်ဖြင့် တစ်ဟုန်ထိုး ပြေးထွက်သွားလေသည်။
အခြားသူများအတွက်တော့... အဆင့်တစ်နေရာလွတ်ကို ဖြတ်ကျော်ဖို့က အင်မတန်ခက်ခဲပြီး အမြုတေချီများစွာကိုဆုံးရှုံးရပြီးနောက် သူတို့က အထဲမှာ သေပင်သေသွားနိုင်လေသည်။
သို့သော်လည်း ဆူဇီမိုအတွက်တော့ သူသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့်အတူ မည်သည့်ငဲ့ကွက်မှုမှမရှိဘဲ လွတ်လပ်စွာသွားလာနိုင်၏။
မြင့်မားသော မီးတောက်များ၏ အပူချိန်က အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို လုံးဝမသက်ရောက်စေနိုင်ပေ။
ဆူဇီမိုက အရှိန်တင်ဖို့ဆုံးဖြတ်လိုက်ပြီးနောက် သူ၏ အဆင့်သတ်မှတ်ချက်က ကြောက်စရာကောင်းသောပုံစံဖြင့် ရှေ့သို့ခုန်ပေါက်၍မြင့်တက်လာခဲ့၏။
၈၀၀၀၀၀..။
၆၀၀၀၀၀...။
၃၀၀၀၀၀...။
တစ်နာရီမပြည့်ခင်မှာပင် ဆူဇီမိုသည် ကျင့်ကြံသူထက်ဝက်ကျော်ကိုကျော်တက်လာခဲ့ပြီဖြစ်၏။
ထိုစဥ်မှာပင် နောက်ထပ်ကြီးမားသောတုန်ခါမှုတစ်ခုက လောကမှာ ပေါ်ထွက်လာခဲ့၏။
လောကက အဆက်မပြတ်လှုပ်ခါသွား၏။
အစကတော့... အက်ကွဲကြောင်းများထဲကနေ မီးတောက်များကသာ ပစ်လွင့်ထွက်ပေါ်လာ၏။
သို့သော် ယခုအခါ ချစ်ချစ်တောက်ပူလောင်သောချော်ရည်များက မြေပြင်အက်ကွဲကြောင်းများထဲကနေ စတင်စီးထွက်လာပြီး လူသားစားတောကောင်တစ်ကောင်ကဲ့သို့ အဆက်မပြတ်ဆန့်တန်းလာခဲ့၏။
ချော်ရည်၏ အပူချိန်က စောစောကထွက်ပေါ်လာခဲ့သော မီးတောက်များထက်ပင် ပို၍ကြောက်စရာကောင်းနေ၏။
ကျင့်ကြံသူအချို့သည် အဲ့ဒါကိုအချိန်မီမရှောင်တိမ်းနိုင်ဘဲ ချော်ရည်များဖြင့်ဝါးမျိုခြင်းခံလိုက်ရ၏။
တစ်ခဏချင်းမှာပင် သူတို့က အလောင်းများပင်မကျန်ဘဲ သေဆုံးသွားရ၏။
ဤကဲ့သို့သော အပြောင်းအလဲနှင့် ရင်ဆိုင်ရချိန်မှာ ကျင့်ကြံသူများစွာသည် သူတို့၏ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ပြီး သူတို့ကိုယ်သူတို့ ကာကွယ်လိုက်ကြ၏။
ကျင့်ကြံသူအများစုက လေထဲသို့ ခုန်တက်လိုက်ကြ၏။
လေထဲမှာပျံသန်းခြင်းက အမြုတေချီများစွာကို ကုန်ဆုံးစေသော်လည်း သူတို့အတွက်လောလောဆယ်မှာ အသက်ရှင်နိုင်ဖို့က ပိုပြီးအရေးကြီးလေသည်။
ကောင်းကင်က အဆက်မပြတ်လှုပ်ခါသွားပြီး မီးမိုးများက ရွာသွန်းလာခဲ့၏။
ကောင်းကင်ဘုံမီးများက ဆင်းသက်လာခဲ့လေပြီ။